လင်ယူချင်ယူ သားသမီး မမွေးနဲ့

PhyoNovember 16, 20111min23525

ထောင်းခနဲဖြစ်သွားတဲ့ စိတ်ကို ဖြစ်ညှစ်မျိုချပြီး ပါးစပ်ဖျားကနေ ထွက်အံကျလာတော့မယ့် စကားလုံးတွေကို အတင်းကို တားဆီးနေရတယ်။

ဒင်းလုပ်ပုံ ကြည့်ဦး။ ဒင်းဆိုတာ ကျုပ်သားမက်။ ကျုပ်ရဲ့ တစ်ဦးတည်းသော သားမက်။

ကျုပ်အေ မနက်က ဈေးသွားရင်း ငါးခူလေး ၃ဝ သား ဝယ်ခဲ့တယ်။ အိမ်ရောက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စိတ်ကူးပေါက်တာနဲ့ ငါးခူအသားကို လင်တော်မောင်အတွက် ကြော်၊ ငါးခူခေါင်းကို ပြုတ်၊ ထောင်း၊ ရေစစ်၊ နောက်ဖေးက ငှက်ပျောပင် သေးသေးတစ်ပင်ခုတ် မုန့်ဟင်းခါးချက်ဖြစ်တယ်။ ကိုယ်စားရတော့လည်း သမီးတော်ကို သတိရပြန်ရော။ ဒါနဲ့ ချိုင့်နဲ့ထည့်ပြီး သူ့အိမ်ကို ချီတက်။ သူ့အိမ်နဲ့ ကျုပ်အိမ်က ၅မှတ်တိုင်လောက်တော့ ကားစီးသွားရတယ်။ သူ့အိမ်ရောက်တော့ သမီးတော် မျက်နှာသိပ်မလှဘူး။ ဒါလည်း ကိုယ့်အလုပ်မဟုတ်ပါဘူးလေ။ သားမက်တော်ကို ကြည့်ပြန်တော့လည်း မျက်နှာက မည်းလို့။ သိလိုက်ပြီ။ အခြေအနေတွေ တင်းမာနေမှန်း။ အဲဒါနဲ့ ကျုပ်လည်း ခုံတစ်ခုံမှာ အသာထိုင်ပြီး အရိပ်အခြည် အကဲခတ်နေတာပေါ့။

“ ဒိန်း”

“အောင်မလေး သောက်ပလုတ်တုတ်”

တံခါး ဆောင့်ပိတ်လိုက်တဲ့ အသံ။ ကြည့်လိုက်တော့ သားမက်တော်။

ဟင် ယောက္ခမတစ်ယောက်လုံး ငုတ်တုတ်ထိုင်နေတာကို ဒင်းက။ ငါ့ပါးစပ်ကနေ အယုတ်အနတ္တတွေ ထွက်လာတော့မှာပဲ။ မဖြစ်ချေဘူး။ ပြန်မှ။ အုတ်ပုံ မျက်နှာမကြည့်နဲ့၊ ဂုဏ်တော် ဓါတ်တော် မျက်နှာကြည့် ဆိုတဲ့ တိုင်းရင်းသား စကားပုံ တစ်ခုလိုပဲ။ သမီးမျက်နှာကို ကြည့်ရဦးမယ်။ ငါတယ် ပြောချင်လိုက်တာများ ပါးစပ်ကို ယားလို့။

ကျုပ်လည်း အဲဒါနဲ့ မုန့်ဟင်းခါးချိုင့်ကြီး ထားခဲ့ပြီး မှီရာကားနဲ့ အိမ်ကို ပြန်ခဲ့ပါရော။

“ခံ ကောင်မ၊ ခံ ………….ညည်းထိုက်နဲ့ ညည်းကံပဲ”

အဲကောင်မ ဒီကောင်နဲ့ ကြိုက်တော့ ကျုပ်တို့ကိုတိုင်ပင်တာ မဟုတ်ဘူူး။ သူ့ဘာသာသူ ကြိုက်လာ ယူခါနီးမှ မိဘကို ပြတာ။ ကျုပ်က  ဘာမှ ကြိုတင်သိရတာ မဟုတ်ဘူး။ အိမ်ကို စလာတဲ့ နေ့ကိုလည်း ကြည့်ဦး။ စက်ဘီးလေးနဲ့။ ကျုပ်တစ်ယောက်လုံး ငုတ်တုတ်ရှိနေရဲ့နဲ့ အိမ်ထဲမှာ စက်ဘီးကို သော့ခတ်လိုက်သေး။ သိနေတယ် အဲဒီကတည်းက။ ဥစ္စာခြောက်မှန်း။ ဥစ္စာခြောက်ချက်ကတော့….သူ့ခြံထဲက သင်္ဘောသီး၊ သင်္ဘောရွက်ဆို သူများထက်ပိုကောင်း၊ ပိုချို၊ ပိုတန်ဖိုးရှိ။ သဘောင်္ရွက်နု တစ်ရွက် နှစ်ရွက်ကအစ တွန့်တိုတာရယ်။

ကျုပ်သမီးခမျာမှာလည်း သူ့လင် အကြောကိုသိထားလေတော့ ကျုပ်တို့ကို ငွေလေး ကြေးလေး ပေးချင်ရင်တောင် မသိတစ်မျိုး သိတစ်မျိုး ပေးရတာကလား။ ကျုပ်မှာ ဒီသမီးလေးတစ်ယောက်ရှိတာအေ။ အိမ်ကလည်း သိပ်မဝေးတော့ နေ့တိုင်းတွေ့ချင်တာပေါ့။ ဒါပေသိ သကောင့်သားက မိဘအိမ်သွားလို့ ကြာရင်တောင် သိပ်မကြိုက်ချင်ဘူး။ ဆောင့်ဆောင့် အောင့်အောင့် မျက်နှာရှစ်ခေါက်ချိုးနဲ့။ သူ့မိဘအိမ်လည်း သိပ်မသွားဘူးတော်ရေ။ နေနိုင်ချက်။

အဲဒီကောင်မမို့လို့သာ ဒီလင်မျိုးနဲ့ ပေါင်းနေတာ။ ကျုပ်ဆို တစ်မနက်တောင် သက်တမ်းကြာမှာ မဟုတ်ဘူး။ ကျုပ်တို့လည်း လင်ယူလာတာပါအေ။ တစ်နယ်တစ်ကြေးက မိဘအိမ် တစ်လကိုးသီတင်းပြန် လင်ပါခေါ်သွား၊ စုစုရုံးရုံးနဲ့ ပျော်စရာ။ ကျုပ်လင်က အရက်ကလေး သောက်တတ်ပေမယ့် အရည်ဝင်ရင် ပိုတောင် စိတ်ကောင်းရှိသေး၊ မျက်နှာချိုသေး။ မိဘကို ခိုးပေးစရာလည်း မလိုပါဘူး။ ဟိုခေတ်က သူ့မိဘ ၁၀၀ဝ ဆို ကိုယ့်မိဘ ၁၀၀ဝ ပဲ။ သူ့အမေ ထမီတစ်ထည်ဆို ကို်ယ့်အမေလည်း ထမီတစ်ထည်ပဲ။ ရွာက အမျိုးတွေများ ကားတစ်စီးတိုက် ဘုရားဖူးလာလို့ ငြိုငြင်ရကောင်းမှန်းလည်း မသိပါဘူး။ ချက်ဟယ် ပြုတ်ဟယ်ပါပဲ။ နှစ်ဘက်မိဘများ ပျော်လို့လားမသိ ကျုပ်တို့အိမ်မှာ အလှည့်ကျ တစ်ယောက်တက် တစ်ယောက်ဆင်းပဲ။

အခုဟာကအေ သူ့အိမ်ကို သူများသွားရင်လည်း မကြိုက်၊ သူများအိမ်ကိုလည်း မသွား။ သူ့ဗိုက်နဲ့ သူ့မိန်းမ အပြင် ဘယ်သူ့ကိုမှ သထာတာ မဟုတ်။ ဒါတောင် ကျုပ်တို့ ချီးဂရု သေးဂရု မပြုစုရသေးဘူး။ အရက်မသောက် ဖဲမရိုက်တာက လွဲရင် လူတွေနဲ့ ဆက်ဆံလို့ အံဝင်တာ ဘာရှိတုန်း။

ကိုယ်နေထိုင်မကောင်းလို့များ ဆေးခန်းသွား ဘာသွား ဒီသမီးကလေးပဲ ခေါ်သွားစရာရှိတာ။ ပြန်လာရင် သူ့လင်မျက်ခွက်ရှစ်ခေါက်ချိုးကို မြင်ရတာ စိတ်မသက်မသာတာနဲ့ ကျုပ်လည်း နောက်ဆို တစ်ယောက်တည်းပဲ သွားလိုက်တော့တယ်။

ကျုပ်ကတော့ မပြောပါဘူး။ သူတို့ကို။ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် တဲ့။ ကို်ယ့်သားသမီးမျက်နှာက ရှိသေးတယ် မဟုတ်လား။ ကျုပ်စိတ်ပေါက်လာတိုင်း ကျုပ်လင် ကိုအေးမောင်ကိုပဲ မဲတော့တာ၊ ရင်ဖွင့်တော့တာ။

“တော့် သမီးကလေ………………..တော့် သားမက်ကလေ” ဆိုပြီး

သူကလည်း ကိုအေးမောင်ဆိုတဲ့အတိုင်းပဲ။ အေးတာပဲပြောပြော အတယ်ပဲဆိုဆို ဘာမှကို ဝင်မပြောဘူး။ ထောက်လည်း မထောက်ခံဘူး။ ဟိုဘက်နားကနေဝင် ဒီဘက်နားကနေထွက် နားထောင်နေတာ နေမှာပေါ့။

သားသမီးဆို စိတ်နာတယ် တကယ်ပဲ။ ဒီခေတ်လိုများ ဆေးဝါးတွေရှိလို့ကတော့ ဒင်းလူဖြစ်မလာဘူး။ အမိုက်ခံပြီး မွေးမနေဘူး။

သူတို့ိကို ပြုစုရ ကျွေးမွေးရ စာသင်ရ ထိန်းကျောင်းရနဲ့ နောက်ဆုံးတော့ လင်ယူပြီး ဘာအကူအညီရလဲ။ အလကားဟာတွေ။ ကျုပ်လင်ဆို အခုထိ ရတဲ့လစာလေးကို တစ်ပြားမကျန် အပ်တုန်း။ လက်ဖက်ရည်ဖိုး ၅၀ဝယူဆို ၅၀ဝ ပဲယူတာ။ ကန်စွန်းရွက်ကြော်တစ်ခွက်တည်းနဲ့ ကျွေးလို့လည်း ချေးဂျွတ်မများဘူး။

အဲဒါကြောင့် ကျုပ်သမီးကိုလည်း ပြောထားတယ်။

“ညည်း ကလေးမမွေးတာ ကောင်းတယ်။ နို့မဟုတ်ရင် ညည်းလိုသမီးမျိုးထွက်လာပြီး ညည်း ကျုပ်ဝဋ်လည်နေမယ်” လို့။ ပြောသာပြောရတာ မြေးတော့ချီချင်သား။ အဲဒီကောင် မျက်ခွက်သာ မမြင်ချင်တာ။

အဲဒါပါပဲ အေ။ ဇာတ်လမ်းတွေ အများကြီးရှိသေး။ ဒင်းတို့အကြောင်းပြောရရင် တစ်ထောင့်တစ်ညပုံပြင်ထက်များလို့ မိုးလင်းသွားမယ်။ ကိုယ်ကြိုက်လို့ ကိုယ်ယူတာပဲ။ ဘယ်သူအပြစ်ပြောမှာလဲ။ ကိုယ့်မိဘ ညီအစ်ကို မောင်နှမ လိုအပ်နေတဲ့အချိန် ငွေအား မပြောနဲ့ လူအားလေးနဲ့သော်မှ အကူအညီ မဖြစ်နိုင်ရင် ဘာလုပ်တော့မလဲ ဒီလင်ယူပြီး။ မိဘတွေမှာတော့ မျှော်လင့်ချက်နဲ့။ အခုတော့ ကျုပ်မှာချည်း မျိုချထားရတာ များလွန်းလို့ ရောဂါရမှာတောင် စိုးရတယ်။

သမီးလေးတစ်ကောင် မွေးမိပါတယ်အေ။ ကိုယ့်သမီးကို ထမင်းနပ်မှန်အောင်ရှာကျွေးပြီး ကိုယ်ထိလက်ရောက် မရိုက်နှက် မဆဲဆိုတာကိုပဲ ကျုပ်မှာ အဲဒီသားမက်ကို ကြံဖန်ကျေးဇူးတင်နေရသေး။

နောက်ဆုံး ကျုပ်ပြောချင်တတာက လင်ယူချင်ယူ သားသမီးမမွေးနဲ့။ အဲဒါ ကျုပ်ကိုယ်တွေ့။ ကျုပ်ဘဝနဲ့ ရင်းပြီးမှရတဲ့ အတွေ့အကြုံ။ မယုံလို့ မွေးမယ်ဆိုရင်လည်း စိတ်မာမာထား တော်ရေ့။ ကျုပ်လိုမျိုးတွေ ကျုပ်ထက်ဆိုးတာတွေ ကြုံလာနိုင်လို့ပဲ။

(ကြီးဒေါ်ကြီးတစ်ယောက်၏ ရင်ဖွင့်ချက်အား ခံစားရေးဖွဲ့သည်။)

 

Thenanda Tun

25 comments

  • lone

    November 16, 2011 at 2:26 pm

    ကောင်းလိုက်တာ…တကယ်ဝင်ခံစားပြီးရေးနေသလိုပဲ…ယောက္ခမတွေကဒီလိုပါပဲ..သားမက်ကိုဆိုကြည့်ရတဲ့
    လူခပ်ရှားရှား…အိမ်ကအဖွားလည်းအဲ့လိုပဲ…ဟိဟိ….:)

  • Diamond Key

    November 16, 2011 at 2:26 pm

    ဖြိုး ကြီးဒေါ်ကြီး ပြောတာသာ လက်ခံကြရင်တော့ မျိုးတုံးကုန်တော့ မှာပဲ…….ဟဲ 😀

    • inz@ghi

      November 16, 2011 at 2:36 pm

      လက်ခံလို့ဖစ်မလားဗျ. ….တားတို့တိုင်းပြည်က လူဦးရေ သန်း၆ဝလေးပဲရှိတာ
      (ဒါတောင် စာရင်းအရ နော့ တကယ် ရှိမရှိ မသိဝူး)

      လုပ်နိုင်ကိုင်နိုင်တွေက သင့်သလိုနိုင်ဂျံဂါး ထွက်ကုန်ပီ
      တိုင်းပြည်ကို ဘယ်ကလူငယ်တွေနဲ့တည်ဆောက်မှာလဲ…
      ဟို နယ်စပ်က မဲမဲတွေနဲ့လို့ ဖြေနဲ့နော် ….

      မွေးရမယ်ဗျ မွေးကြရမယ် ..
      အရှေ့ကျွန်းက သန်း၁၂ဝရှိတယ် တိုင်းပြည်ဆိုက်က ကျုပ်တို့ပြည် ၃ပုံ၁ပုံ
      သည်တော့ သန်း၆ဝဆိုတာ တအားနည်းသေးတာ …

      ဘေဘီဘုန်းမ်တွေ လိုအပ်တယ် … ယူကြစမ်းဘာ မွေးလိုက်ကြစမ်းဘာ ….ရဲရဲဂျီး ….
      ခုနေကြိုးစားမှ နောင် အနှစ်၂ဝနေ မျိုး မကန်းမှာနော့်….

      • ကိုရင်စည်သူ

        November 16, 2011 at 2:47 pm

        ဟုတ်တယ်.. ကိုအင်ကြီး ပြောတာ လုံးဝထောက်ခံတယ်..
        မွေးရမယ်… မွေးကို မွေးရမယ်…. လူစွမ်းအားအရင်းအမြစ်မရှိပဲနဲ့..
        တိုင်းပြည်က ဘယ်လိုအင်အားရှိမှာလဲ… လူမျိုးပျောက်သွားမှာပေါ့..
        တပ်မတော်အင်အားရှိမှ တိုင်ပြည်အင်းအားရှိတာမဟုတ်ဘူး…
        လူထုအင်အားရှိမှ တိုင်းပြည်အင်အားရှိမှာ… တရုတ်ကြီးကိုကြည့်ပါလား..
        သားသမီးမလိုချင် လင်မယူနဲ့ပေါ့ဗျာ… ဘယ်နှယ့်
        လင်ယူရင်တော့ ကိုယ့်မျိုးဆက်မပျောက်အောင် သားမွေးရမှာပဲ…
        လူဆိုရင်တော့ လူပီသတဲ့ လင်ယူသားမွေး အလုပ်လုပ်ရမှာပဲ.. အမျိုးကို စောင့်ထိန်းရမယ်။
        လင်ယူသားမွေး… ကျုပ်တို့ ခင်ဗျားတို့ရှိနေတာ…
        ဒီပို့စ်ကို ဘာကို ရည်ညွှန်းပြီး ပြောတာလဲ သိနေဒယ်.. သိနေဒယ်..
        ကိုရင်စည် ထပ်မပြောချင်တော့ဘူး… အပုန်းက ထွက်လာတဲ့ ပို့စ်က..
        အပုန်းအားပေး ပို့စ်ပဲဖြစ်နေမှာ.. သိပြီးသား….
        ရွာသူားများလည်း နားမယောင်ကြနဲ့ ကျနော် လေးစားစွာ တိုက်တွန်းတယ်ဗျာ….

        • inz@ghi

          November 16, 2011 at 3:03 pm

          သူက ကလေးမမွေးမှတော့ hetro ယူမှ ဆိုတာမျိုး ဖြစ်စရာမလိုတော့ဘူး
          homo ယူတာကို လက်ခံလာကြမယ် ဆိုတာကို ပါးပါးလေးထည့်တာ
          ကိုရင်စည်လည်း မြင်မပေါ့

          ကျနော် ပြောချင်တာကတော့ homo ကိုလူထုလက်ခံတာ လက်မခံတာတပိုင်းပဲ
          agree to disagree ပါ အဲ့ဒါကို မဆွေးနွေးလိုပါ.
          (homo branding လုပ်ချင် တခြားနည်းနဲ့ လုပ်ကြဗျာ အောက်လမ်းနည်းတော့ မသုံးကြေး)
          homo ကိုလက်ခံဖို့ အမျိုးသားရေးဘယ်လောက် ထိခိုက် ထိခိုက်
          hetro ကို ဆန့်ကျင်တာ ကဲ့ရဲ့ ရှုံ့ချတာမျိုးဆိုရင်တော့ တိုက်ထုတ်ပစ်ရမှာပဲ

          ကျုပ်ကတော့ ရိုင်းရိုင်းပဲ ကိုယ့် ရပ်တည်မှုကိုပြမယ်ဗျ

          ဘယ်လိုမှ စီးကရက်ဗူးထွက်ကျမလာနိုင်သော vending machine ထဲသို့အကြွေစေ့ (လုံးဝ)မထည့်သော
          Marketer Inz@ghi

  • etone

    November 16, 2011 at 3:12 pm

    ဒီတစ်ခါတော့ ရင်တမမနဲ့ သာ ဖတ်လိုက်ရတာ …ရေးနေကြပုံစံမဟုတ်လို့ တော်သေးတယ် … ။
    ဖြိုးရေ … မင်းဟာလေ စာရေးကောင်းရဲ့သားနဲ့ … ပေါက်ကရမရေးပဲ ဒီလိုပို့စ်လေးတွေပဲ ရေးသင့်တာ … ။

    ကျွန်မသာ ယောက္ခမနေရာမှာဆိုလျှင် …. မထီမဲ့မြင်ပြုတဲ့ အကောင် လူကြီးသူကြီးမှန်းသိအောင် ပွဲထကြမ်းပေးလိုက်မယ် … ငါမွေးလို့ .. ငါ့သမီးကိုရတာ … တော်ပီ …ငါပဲ ပြန်ခေါ်ထားတော့မယ်လို့ 😆

    ကျွန်မသာ မိန်းမ နေရာမှာဆိုလျှင် … ယောကျာ်းဖြစ်ပြီး တွန့်တို ဘုကလန့်လုပ်တဲ့ လူ ၊ ရှင်နေချင်သလိုနေ ကျွန်မကတော့ မိဘကို ပြန်ကြည့်ရမှာပဲ ဆိုပြီး ပိုက်ပိုက်တွေ တပွေ့တပိုက်နဲ့ မိဘအိမ်မှာပဲ ပြန်နေတော့မယ် :mrgreen:

    ကျွန်မသာ သားမက်နေရာမှာဆိုလျှင် အဖွားကြီးကို တည့်အောင်ပေါင်း ၊ သူ့သမီးကို ခဏခဏ သူ့အမေအိမ်သွားလည်ခိုင်းပြီး ကိုယ်ကတော့ … ဘီယာဆိုင်ကိုပြေးမယ် 😀

    • Diamond Key

      November 16, 2011 at 3:33 pm

      အောင်မလေး တော်လိုက်တာ………………..ဒါကြောင့် ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် မှာ သဂျီးက အနားမှာ ခေါ်ပြီး တစ်အိအိ နဲ့ ဖစ်နေတာကိုး။ 😀 ဒါကိုနားမလယ်ပါးမလယ် အင်ဇာဂီက အစာနင်နေတယ် အောက်မေ့လို့ သဂျီး လည်ပင်းသွားဖိလို့ အဟောက်တောင် ခံရသေး သူ့ခမျာမှာ။ :mrgreen: တော်လိုက်တဲ့ အိ…အီ…….အီးးးးးးးးးးးးးးးးးးးးးးးးးး။ 😆 😆

      • etone

        November 16, 2011 at 3:44 pm

        အမ် .. ဟုတ်လား ဦးစိန်သော့ရေ … ကျွန်မပြေးဖတ်လိုက်ပါဦးမယ် .. ။
        အဲ့ဒီပို့စ်တွေက အစပိုင်းတော့ စိတ်ဝင်စားဖို့ ကောင်းပြီး ရယ်ရပေမယ် …အပိုင်း အများကြီးရှည်လာတော့ … ဖတ်ရတာ နည်းနည်း အီလာတယ် …. ကိုယ်ကလည်း ဉာဏ်နိမ့်တော့ ..သူတို့ပြောတဲ့ ဒါ့ပုံဒွေ ၊ ထှာတွေ ၊ ဘွတွေကို မနည်းမှတ်ပြီး ဖတ်ရတယ် … လေးငါးပိုင်းလောက်ပဲ ဖတ်ဖြစ်တယ် နောက်ပိုင်းတွေ လွတ်နေတယ် ….. ဘာတွေများရေးထားပါလိမ့် … ရှာဖတ်ဦးမှ 🙄

  • ပေါက်ဖော်

    November 16, 2011 at 3:55 pm

    တိနေဒယ်…တိနေဒယ်..တူပြောချင်ဒါ ဘာရဲဆိုဒါ
    စဂတဲက ခရေးမမွေးနိုင်တဲ့လူကို ယူပါလို ့ပေါလိုက် ပီးရော…
    ခုတော့ များကီး ဖတ်လိုက်ရဒယ်….

    • Moe Z

      November 16, 2011 at 4:08 pm

      ဘဘ ပေါက်ဖော်က တူကျောတဲ့အတိုင်းရုတ်မရို့ရား 😀 😀

      • ပေါက်ဖော်

        November 16, 2011 at 4:26 pm

        မလုပ်ပါရစေနဲ ့အေ…
        ငဖော်ရီးတို ့..အလစ်သမားမျိုး တုန်းသွားမှဖြင့်..ရဲတွေ..ထမင်းငတ်ရချေရဲ့
        😛

  • နွယ်ပင်

    November 16, 2011 at 4:03 pm

    ရွာသူားဖြိုးက ဒါမျိုးလဲရသားပဲ
    ဒီလိုစာရးကောင်းတာ ရေးစရာအကြောင်းတွေ
    တစ်ပုံကြီးပါ ဖြိုးရယ် …
    တစ်ခါလာ မဲပြာပုဆိုးကနေ ခွဲထွက်ပြီးရေးပါ အားပေးနေပါမယ့် ……

  • Gipsy

    November 16, 2011 at 4:13 pm

    ရွာသူား ဖြိုးတဲ့လား …
    အမှားက တစ်ခုပဲ ရှိတယ်..
    သားသမီးမမွေးနဲ့အဆိုကိုထောက်ခံထားခဲ့ရင် ပေါ့နော်…
    ဖြိုးဆိုတာ ရှိလာမှာ မဟုတ်ဖူး..
    Gipsy အမည်ခံ ကျုပ်လဲ ခုလို ကွန်မန့် ရေးမရေးနိုင်ဘူး…

  • aye.kk

    November 16, 2011 at 5:59 pm

    ပြောပြသူရဲ ့ခံစားချက်ကို
    ပကတိအမြင်နဲ ့ရေးဖွဲ ့ထားတာမို ့ဖတ်လို ့အရမ်းကောင်းပါတယ်…။

  • parlayar46

    November 16, 2011 at 7:12 pm

    ကလေးမမွေးနဲ့
    ကလေးမွေးတာအကျိုးမရှိဘူး မကောင်းဘူး

    ထည့်ရေးမထားတဲ့ အဓိပ္ပါယ်ဝှက်က
    ကလေးမွေးစရာမရှိတဲ့
    ကျား-ကျားချင်း မ-မ ချင်း(ယူချင်လဲ)ယူ
    အဲလိုမျိုးလား
    ကောင်လေးရေ –
    မင်းအမေ မိန်းမအစစ်နဲ့ မင်းအဖေ ယောက်ျားအစစ် ယူဖြစ်လို့ မင်းကိုမွေးလာတာလေကွယ်။
    ကလေးမွေးတာ ကောင်းပါတယ်။ လူ့ဘောင်လောကအတွက် လိုလဲလိုအပ်တယ်။
    သုံးမရတဲ့ ကောင်/ကောင်မတွေ မွေးတာသာမကောင်းတာ။

  • windtalker

    November 16, 2011 at 7:19 pm

    ဒီနေရာမှာ အခြား ၆ သော ဘာသော အသာထားလို ့
    အယူအဆ တွေ အသာထားပါလို ့
    ဖတ်ရတဲ့ အရေးအသား နဲ ့၊ ဇါတ်လမ်းလေးကတော့ ကောင်းပါကြောင်း

    • ပေါက်ဖော်

      November 16, 2011 at 7:32 pm

      ဇာတ်လမ်းကောင်းတယ်ဆိုပြီး ဇာတ်လမ်းစမယ်တော့ မစဉ်းစားနဲ ့..
      သူ ့မှာ ရည်ရွယ်ထားတဲ့လူရှိတယ်..
      အဲတာက…တက်ချုပ်ချီးပုံနဲ ့လူပဲ……..

      အားလုံး..တတိ..
      ချုပ်ချီးကိုလေးပု…အဲ..လေးပြု..

      😀

  • Shanma TUmdy

    November 16, 2011 at 9:49 pm

    အော်..ယောက်ျားတွေများ..ယောကျာ်းတွေများ..

  • အီးတီ

    November 17, 2011 at 3:37 am

    လင်ယူချင်ယူ သားသမီး မမွေးနဲ ့ဆိုတော့ တစ်မျိုးပဲနော်။ အိမ်ထောင်ပြုပါတယ်ဆိုမှ ကလေးယူမယ့်သူများ
    ပါတယ်။ ကိုယ်ချစ်တဲ့သူနဲ ့ ကိုယ့်ရင်သွေးလေးကို ဘယ်မိန်းကလေးမဆို လိုချင်မှာဘဲ။ လင်နဲ ့မယားပါဆို
    ကလေးယူဖို ့ ကြိုးစားကြမှာပါ။ ဘယ်လောက်ပဲ ရန်ဖြစ်ထား ရန်ဖြစ်ထား ကလေးယူဖို ့ ကြိုးစားကြချိန်မှာ
    တဲ့ကြမယ်လို ့ထင်ပါတယ် :mrgreen: ဖြိုးကြည့်ရတာ ခေါင်းစဉ်ပေး နဲနဲလောသွားတယ်ထင်တယ်။ အများ
    လက်မခံတဲ့ ကိစ္စဖြစ်နေလားလို ့။ 🙂 စိတ်ဆိုးနဲ ့နော် မြင်တာလေးပြောကြည့်တာပါ။

  • small cat

    November 17, 2011 at 7:27 am

    စပါယ်က အရေးအသားတော့တော်တော်ကောင်းတာပဲ
    သူတို့ဘာတွေပြောနေတာလဲတော့ မသိဘူး
    နောက်ကြောင်းလေးတွေရှိမလားပဲ

  • Pearl May

    November 17, 2011 at 10:20 am

    Phyo ရဲ့ Facebook account က Thenanda Tun လားဟင်၊ Thenanda Tun ရဲ့ Notes မှာလည်း ဒီ Post ကို မနေ့ကတင်ထားတာဖတ်ရလို့ပါ။

    http://www.facebook.com/notes/thenanda-tun/%E1%80%9C%E1%80%84%E1%80%B9%E1%80%9A%E1%80%B0%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%9A%E1%80%B0-%E1%80%9E%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%99%E1%80%B1%E1%80%99%E1%80%BC%E1%80%B8%E1%80%94%E1%80%B2%E1%82%94/312967798713634

  • ba gyi

    November 17, 2011 at 1:40 pm

    ဖြိုးရေ — တော်တော်အရေးအသားကောင်းပါပေ့၊ ကာရိုက်တာပါ ပေါ်အောင်ရေးတတ်ပါပေတယ်၊
    ဖြိုးစာလေးဖတ်ပြီး ကိုယ်တွေ့ကလေးသတိယပါတယ်၊
    ကျုပ် သားကလေး ကိုယ်ဝန်နဲ့တုန်းက၊ ကျုပ် မဒမ်ကို အာထရာဆောင်းသွားရိုက်ရတယ်၊
    သူ့ရှေ့ကဝင်ရိုက် တဲ့ ဗိုက်ဗိုက်က ကုလားမကြီးတစ်ယောက်၊ အသက်(40)လောက်ရှိရော့မယ်၊ ခပ်နွမ်းနွမ်းပါပဲ အဲ သူနဲ့ အဲသည် အာထရာဆောင်း ရိုက်ပေးတဲ့ ဆရာဝန်မကြီးက တော် တော် ရင်းနှီးနေပြီးတဲ့ပုံပါပဲ၊ သူဝင်သွားပြီးတစ်အောင့်ကြာတော့ ၊ ဆရာဝန်မကြီးက အာထရာဆောင်းရိုက် ချက် ကိုကြည့်ပြီး၊ ဟဲ့ နင်ခုလည်း အမွှာပူးပဲ ဆိုတော့ သူနဲ့ အဖေါ်လိုက်တဲ့ မိန်းမကထရယ်ပါလေရော-အပြင်မှ ထိုင်စောင့်ကြတဲ့ ဗိုက်ဗိုက်များကလည်း ပါးစပ်မစေ့တမ်းဝိုင်းရယ်ကြတာ။
    သူ့ အလှည့်မရောက်ခင် အပြင်မှာထိုင်စောင့်ရင်း ဗိုက်ဗိုက်အချင်ချင်းစကားစမြည်ပြောကြရာမှာ သူ့ ကိုယ်ဝန်က တတိယမြောက်ဆိုပဲ ၊ အဲဒါ ပထမ၊ဒုတိယ နှစ်ကြိမ်စလုံးမှာ အမွှာတွေပဲ မွေးခဲ့တာတဲ့၊
    ခု တတိယ အကြိမ်တော့ အမွှာမဖြစ်ပါစေနဲ့လို့ တောင်၊ သူက ဆုတောင်းနေတာလေ ၊ အဲသူ့ဆုတောင်း
    ကမပြည့်တော့ ရယ်သူတွေဘက်လှည့်ပြီး သူပြောလိုက်ပုံက- ဝက်ဖြစ်မှတော့- မစင်မကြောက် တော့ပါ
    ဘူး ဟယ် တဲ့ ဗျား။

  • TheSun

    November 30, 2011 at 4:22 pm

    ဒီNote ကို ရေးတဲ့လူက ဖြိုးမဟုတ်ပါဘူး.. သူကူးယူလာတဲ့ Note ရဲ့အောက်ခြေမှာ Thenanda Tun လို့ ပါပါတယ်.. အဲ့ဒီ Thenanda Tun ဆိုတဲ့တစ်ယောက်က Facebook မှာ ရေးထားတာပါ.. မူရင်းရေးသားသူ နာမည်လေးထည့်ထားပေးဖော်ရလို့ ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် Facebook က ဘယ်သူဘယ်ဝါ့ဆီက ကူးယူတာပါလို့ ရေးထားရင် ပိုအဆင်ပြေမယ်ထင်ပါတယ်.. ဖြိုးက မတင်ခင်မှာ မသဲနန္ဒာဆီက ခွင့်ပြုချက်ရော တောင်းပြီးပြီလားဟင်.. မတောင်းရသေးဘူးထင်တယ်နော်.. ကာယကံရှင်ခမျာ အခုမှ သူများပြောလို့ သိရပြီး တအံ့တဩဖြစ်နေရှာတယ်..

  • TheSun

    November 30, 2011 at 4:42 pm

    အက်ဒမင်ခင်ဗျား.. တစ်ခုခုကြည့်စီစဉ်ပါဦး.. ဒီကိစ္စ FaceBook မှာ တင်နေပါပြီ.. အကျယ်အကျယ် အငြင်းပွားကြရင် Mandalay Gazette ရဲ့သိက္ခာကိုလည်း ထည့်တွက်ပါဦး.. ကျေးဇူးပြုပြီး ဒီ Comment ကို မြင်သူများ အက်ဒမင်အဖွဲ့ကို အကြောင်းကြားပေးကြပါဦးခင်ဗျ.. ဒီပုဂ္ဂိုလ်လေးတင်နေတဲ့ စာအများစုက ကာယကံရှင်အမည်တွေကို အောက်ခြေမှာ ဖော်ပြထားပေမယ့် တိုက်ရိုက်ခွင့်တောင်းမှုတော့ မရှိထားပါဘူး.. ခုလိုအိုင်တီခေတ်ကြီးထဲ ကာယကံရှင်ဆီက ခွင့်တောင်းရတာ ခက်ခဲတဲ့အရာမဟုတ်ပါဘူး.. အွန်လိုင်းပေါ်တင်တဲ့စာတွေ ဘယ်သူကူးကူးပေါ့ ကာယကံရှင်နာမည် ဖော်ပြထားတာပဲ ကျေးဇူးတင်ပါဦးလို့ ဆိုသော်ငြား.. Mandalay Gazette လို နာမည်ရှိ သိက္ခာရှိ ဆိုဒ်တခုအနေနဲ့ ခုလိုတွေ ဖြစ်နေတာ သိပ်မသင့်တော်ပါဘူး… Mandalay Gazette ရဲ့ Rules for writers ရဲ့ No.(8) မှာလည်း ခုလိုရေးထား တွေ့ပါတယ်… 8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များမတင်ရ။.. စာတပုဒ်ဖြစ်အောင် အားထုတ်ရေးသားရတဲ့ ကာယကံရှင်ကိုလည်း ကိုယ်ချင်းစာပေးကြပါဗျာ..

  • koyinmaung

    November 30, 2011 at 9:45 pm

    ဒီလိုစိတ်မျိုးသာမင်းမိဘတွေမှာရှိယင်ဖြိုရေမင်းလူ့ပြည်မှာလူဖြစ်ခွင့်
    ဘယ်ရှိမှာလဲ……

Leave a Reply