မန ္တလေးက ငြိမ်းချမ်းရေးဆရာတော်များ ဒုတိယနေ့တွင်မစိုးရိမ်က ခွာရပြီ

DaveNovember 16, 20111min16010

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးမှ မန္တလေး၊ ၈ရ လမ်း၊ ၃၆x၃ရ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ရွှေ့ပြောင်းကာ တစ်ညတာသီတင်းသုံးခွင့်ရခဲ့သော ဆရာတော် ဦးသောပါက အပါအဝင် သံဃာငါးပါး၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ကြည်ညိုထောက်ခံသော ဒါယိကာ၊ဒါယိကာမများစုပေါင်း၍ နိုဝင်ဘာ ၁၆ရက်နေ့တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထိုသို့ ဆွမ်းဆက်ကပ်သည်မှာ မည်သည့် နိုင်ငံရေးအမြတ်ထုတ်မှုအတွက်မျှလည်း မဟုတ်ကြောင်း ထင်ရှားသည့်တိုင် တာဝန်ရှိသော ဆရာတော်များက ကြည်ဖြူပုံမပေါ်ကြောင်း တက်ရောက်ကြည်ညိုသူမန္တလေးဒေသခံတစ်ဦးက ပြောသည်။

သံဃာငါးပါး၏ ငြိမ်းချမ်းရေးတရားပွဲဒုတိယနေ့အဖြစ် မစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ထိုနေ့ မွန်းလွဲတစ်နာရီတွင် ကျင်းပရာ ပရိသတ် ၃၀ဝ ခန့် တက်ရောက်ပြီး နေ့လယ် ၂ နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။အခမ်းအနားကို မေတ္တာသုတ်သံပြိုင်ရွတ်ဖတ်ခြင်း၊မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားအပြီးတွင် သမ္မတကြီးထံတောင်းဆိုထားသည့် အချက်သုံးချက်အပေါ် သဘောတူထောက်ခံကြသော ငြိမ်းချမ်းရေးလိုလားသူ သံဃာတော်များနှင့် တကာ၊ တကာမများ၏ လက်မှတ်များကို ငြိမ်းချမ်းရေး ဆရာတော်များက ကောက်ခံခဲ့ကြသည်။

ယင်းကဲ့သို့ အခမ်းအနားပြီးဆုံးခဲ့သည့်နောက် သီးခြားအဆောင်တစ်ဆောင်တွင် ဒေသခံ သတင်းမီဒီယာသမားများနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။ တိုက်အာဏာပိုင် ဆရာတော်ကြီးများက (၃၀)မိနစ်သာ ကြာခွင့်ပြုသော ထိုသတင်းစာရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေး ဆရာတော်ငါးပါးက မစိုးရိမ်တိုက်ဟောင်းတွင် ဆက်သီတင်းသုံးခွင့်မရတော့ကြောင်း၊ မည်သည့်ကျောင်းသို့ ရွှေ့ရမည်ကို မသိသေးကြောင်း၊မူလဘူတ ရည်မှန်းချက်အတိုင်းပင် ဆက်လက်တောင်းဆိုသွားမည်၊ ဟောပြောသွားမည်ဖြစ်ကြောင်း၊ သတင်းမီဒီယာကို ယုံကြည် အားထားကြောင်း၊ မေတ္တာရှေ့ထားကာ လုပ်ဆောင်သွားမည်သာဖြစ်ကြောင်း ပြောကြားသည်။

မိနစ်(၃၀)ကျော်သောအခါ သတင်းစာရှင်းလင်းပွဲလုပ်နေသော အဆောင်ထဲသို့ အာဏာပိုင် ဘုန်းကြီးနှစ်ပါးဝင်လာကာ ငြိမ်းချမ်းရေး ဆရာတော်ငါးပါးကိုရော သတင်းသမားများကိုပါ နှင်ထုတ်သည်။ မထသ အဝေးပြေးတံဆိပ်ကပ်ထားသော မှန်လုံကားတစ်စင်း အသံချဲ့စက်နှင့် အခြား အထုပ်အပိုးများတင်ထားသော Light Truck ကားတစ်စင်းဖြင့် တစ်နေရာသို့ ပို့ပေးပါသည်။သတင်းထောက်တချို့က ဘယ်ကို ပြောင်းမှာလဲဟု မေးသောအခါ အသက်ကြီး ကြီး မချေမငံ ဆရာတော်ထေရ်ကြီးဝါကြီးတစ်ပါးက သူတို့သွားချင်တဲ့နေရာအထိ ပို့ပေးမှာပဲကွာ ဟု ပြန်ဖြေသည်။

ကာယကံရှင် ဆရာတော်ငါးပါးကိုမေးသောအခါ သူတို့ ဘယ်သွားရမည်မှန်းမသိဟုပြောသည်။ မထသ တံဆိပ်ကပ်ထားသောကားသမားကတော့ သူသွားရမည့်လမ်းကို သိထားသည့်ပုံပေါ်သည်။ ဆရာတော်လေးများ၏ ပစ္စည်းပစ္စယများကို ကားဖြင့်လိုက်ပို့သူများထဲတွင် ယခင်က ကြံ့ထောက်ဟု ခေါ်သူ တချို့ပါသည်။ ပထမနေ့ကလည်း မစိုးရိမ်တိုက်ဟောင်းထဲတွင် ထိုကြံ့ထောက်များ ခြေချင်းလိမ်နေခဲ့သည်ကို သတိပြုမိသူများက စစ်အစိုးရ၏ လက်ကိုင်တုတ် လူမိုက်လုပ်ခဲ့ပြီး ယခုလည်း ဒီမိုကရေစီရပြီ၊ အစိုးရပြောင်းပြီ၊ကြံ့ခိုင်ရေးအသင်းဆိုတာကြီးလည်း ပါတီပြောင်းပြီဟု ဆိုသည့်တိုင် တရားမဝင်အစိုးရအလိုတော်ရိသဖွယ် မျက်နှာပြောင်တိုက်ကာ ဆက်ရှိနေသော ကြံ့ထောက်များ လှည့်ဖြားခေါ်ဆောင်သည့်နေရာသို့ ထိုဆရာတော်များပါသွားမည်ကို စိုးရိမ်ခဲ့ကြသည်။

နောက်ဆုံးရရှိသော ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုအရ ငြိမ်းချမ်းရေးဆရာတော်များသည် ဘုရားကြီး တောင်ဖက်ရှိ ရေတော်ကျောင်းတိုက်တွင် ရှိနေကြောင်း သိရသည်။

10 comments

  • cobra

    November 16, 2011 at 8:50 pm

    သူတောင်းစားကြံ့ဖွတ်တွေနေရာတကာပါတယ်။
    သင်အားရကျွန်ပါးဝနေတဲ့ခွေးတွေ….

  • မှော်ဆရာ

    November 16, 2011 at 10:20 pm

    ရဟန်းတော်များသည် နဲပါးသော အမှုကိစ္စ ရှိရမည်
    မြတ်စွာဘုရား …
    ရဟန်းတော်များသည် နိုင်ငံရေး ဝင်ရောက် မဆောင်ရွက်သင့်
    နိုင်ငံရေးသမားပေါက်စ ကိုအောင်ဆန်း ဂျူဗလီဟောတွင် ပြောကြားခဲ့ ….

    • မိုးချမ်းမြေ့

      November 18, 2011 at 1:29 pm

      မြှောက်ပေးတာမဟုတ်ဘူးဗျို့…။ နိုင်ငံရေးမဟုတ်ရင်ပြီးရော..။ ဒါပေမယ့် နိုင်ငံ့အရေးဆိုရင်တော့
      လုပ်ပေးရမှာပေါ့..။ နိုင်ငံ့အရေး…၊ လူမှု့အရေး…ဆိုရင်…ဘုန်းဘုန်းတို့ဆိုတာ..မြန်မာအတွက်
      မဟုတ်တဲ့…စင်္ကြဝဠာအတွက်ကိုတောင် ရည်ရွယ်ပြီး လုပ်ပေးသင့်တယ်လို့ထင်တယ်…။ ကျိတ်ပေးထားပါဘုရား။ တပည့်တော်တို့ အားပေးပါတယ်…။

  • ဆူး

    November 17, 2011 at 8:59 am

    သတင်းရေးတဲ့ လူကလည်း သတင်းရေးတာ ဘက်လိုက်သလိုပဲ..
    ရဟန်းက ရဟန်း အလုပ်ပဲလုပ်တာ ကောင်းမယ်ထင်တယ်။ သင်္ကန်းဝတ်နဲ့ လုပ်တာတော့ မကောင်းဘူး ဝါဒ ဖြန့်ဖို့ သီးသန့် ကြွလာပြီး နောက်တော့မှ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ရင် နောက်ဆုံး သူတို့ ရှိနေခဲ့တဲ့ ကျောင်းတိုက်ကို ပြသနာ ရှာခဲ့သော် မဆိုင်တဲ့ ရဟန်းပျိုများ နဲ့ ရဟန်းအိုများ သာသနာ အလုပ် မလုပ်နိုင်ပဲ ဟိုမရောက် ဒီမရောက် ဖြစ်ကုန်မှာပေါ့.. နှင်ထုတ်တာ မှန်တယ်လို့ ယူဆပါတယ်။

    တလောက သတင်းမှာ ကြားလိုက်တယ် အကျဉ်းထောင်က လွတ်လာတဲ့ သံဃာတော်များကို သိက္ခာထပ် ပြီးတော့ ရဟန်းဝတ်ပြန်ဝတ်နိုင်အောင် လုပ်ပေးတဲ့ ဆရာတော် ဦးပါမောက္ခ ဆိုလား အဲဒီ သတင်းကြားတော့ တော်တော် ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။

    ဇဂနာ က ပြောဖူးတယ် ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ အကုန်လွတ်လို့ ဘာမှ ပြသနာ မဖြစ်ဘူး အသက်နဲ့တောင် အာမခံတယ် ဆိုပြီး ပြောတာ သွားသတိရမိတယ်။ အထဲက လူတွေတောင် မလွတ်သေးဘူး အပြင်က လူတွေ အထဲ ရောက်အောင် စည်းရုံးဖို့တော့ မသင့်ဘူး။

    ဆွမ်းကပ်တဲ့ ဒကာတွေ အိမ်မှာသာ တလှည့်စီ သတင်းသုံးပြီး နေသင့်ပါကြောင်း လျှောက်ထားပါသည်။

  • inz@ghi

    November 17, 2011 at 9:22 am

    သည်တိုင်းသွားရင်တော့ …သံဃာတွေ ဂိုဏ်းကွဲမယ့် ကိန်းတော့ ဆိုက်တော့မှာပဲ …

  • xman

    November 17, 2011 at 10:15 am

    သံဃာ ဆိုရာမှာ မဂ်ဆိုက်ပြီးသား အရိယာ ၈ မျိုးဟာ အရိယသံဃာ ဖြစ်ပါတယ်။
    လက်ရှိ သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးတွေကတော့ “သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှာ ….” ဆိုပြီး ရဟန်းပြုပေးဘို့တောင်းပန်ပြီး ရဟန်းဝတ်ထားတဲ့ သမုတိသံဃာတွေပဲဖြစ်ပါတယ်။ သမုတိသံဃာတွေရဲ့ ပဓါနအလုပ်က ဘုရားရှင်ရဲ့ သာသနာတော်သုံးရပ်ကို စောင့်ရှောက်ထိန်းသိမ်းဘို့ပဲ ဖြစ်ပါတယ်။ အဲသည်လိုထိန်းသိမ်းဘို့အတွက် ပဓါနလုပ်စရာ လေးမျိုးရှိပါတယ်။ စာသင်၊ စာချ၊ တရားဟော၊ တရားကျင့် ဘို့ပဲဖြစ်ပါတယ်။ ဘုန်းကြီးတွေအဖို့ အဆိုပါလေးမျိုးမှအပ အခြားကိစ္စတွေကို အားထုတ်လုပ်ဆောင်နေရင် ဝိနည်းသီလတွေနဲ့ အိန္ဒြိယ သံဝရ သီလ ပျက်ပြားဘို့အကြောင်းဖြစ်ပါတယ်။

    ဒါကြောင့် ရဟန်းတွေ လူ့ကိစ္စလုပ်တာကို ဘုရားရှင်က ဝိနည်းပညတ် တားမြစ်တော်မူထားပြီးဖြစ်ပါတယ်။

    ဒါဖြင့် ရဟန်းတွေ ကောင်းတဲ့ကိစ္စတွေဖြစ်တဲ့ ဆေးကုပေးတာ၊ ဆေးပေးတာ၊ ရပ်ရွာနိုင်ငံကိစ္စတွေ ဆောင်ရွက်တာ လုပ်သင့်တာတွေပဲမဟုတ်လား ဆိုခဲ့ရင် – ဟုတ်ပါတယ်။ လုပ်သင့်တာတွေပါ။ ဒါပေမယ့် အဲဒါတွေလုပ်ဘို့ ရဟန်းဝတ်ထားစရာမလိုပါဘူး။ လူဝတ်နဲ့လုပ်လို့ရတယ်လေ။ ဘာကြောင့် ဘုရားကိုယ်တိုင်မလုပ်တဲ့ကိစ္စကို ဘုရားသတ်မှတ်ပေးတဲ့ သင်္ကန်းအရှိန် အလွဲသုံးစားလုပ်ပြီး အသုံးချရမှာလဲ။ အဲသလို အသုံးချရင် ရိုးသားရာရောက်ပါ့မလား။

    ရဟန်းတွေလုပ်ရမယ့် ပဓါနအလုပ်တွေကတော့ ရဟန်းဝတ်နဲ့သာ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ပါတယ်။

    လူအလုပ်ကိုလုပ်တဲ့ဘုန်းကြီးတွေ လူကြိုက်များလာရင် ဘုန်းကြီးအလုပ်ကိုလုပ်တဲ့ဘုန်းကြီးတွေ အလကားဖြစ်ကုန်မပေါ့။ အဲဒါ သာသနာပျက်ကြောင်းပေါ့။ သူများနိုင်ငံတွေမှာ ထေရဝါဒအမည်ခံပြီး အမည်ခံသက်သက်ဖြစ်ကုန်ပြီ။ သတိရကြဘို့သင့်ပါပြီ။

    အမေစုတို့ ကိုမင်းကိုနိုင်တို့ ကိုဇာဂနာတို့ ကိုကျော်သူတို့ နိုင်ငံရေးလူမှု့ရေးလူပ်ကြရာမှာ လူဝတ်နဲ့ပဲ စွမ်းစွမ်းတမံလုပ်နိုင်ကြပါတယ်။ သီလရှင်ဝတ် ဘုန်းကြီးဝတ်စရာ (သင်္ကန်းကိုတလွဲအသုံးချစရာ) မလိုပါဘူး။

  • ကိုရင်စည်သူ

    November 17, 2011 at 10:23 am

    ဘုန်းကြီးက ဘုရားအဆုံးအမအတိုင်း သာသနာကို
    ထိန်းသိမ်းကြပါ။ မဆိုင်တာတွေ လုပ်မနေပါနဲ့..
    ဒီလို ဆန္ဒပြမှုမျိုးကို လုံးဝမထောက်ခံပါ…
    အဲ့ဒီ ဘုန်းဘုန်း ၅ ပါးလုံး တကယ့် ဆန္ဒပြချင်ရင်
    ပြရဲရင်… လူဝတ်လဲပြီး ပြကြပါ…
    သံဃာဝတ်ကြီးတွေနဲ့တော့ မလုပ်ကြဖို့..
    တောင်းဆိုပါတယ်..
    (ဒီအချိန်သည် ဆန္ဒပြသင့်သော အချိန်သို့ မကျရသေးပါ…
    ဘာကြောင့် ဘာရည်ရွယ်ချက်နဲ့ ပြနေလဲဆိုတဲ့…
    ရှောင်လင်သိုင်းကွက်တွေ ထိုဘုန်းကြီးတွေဆီမှာ ရှိနေတယ်လို့ထင်ပါတယ်ဗျာ)

  • Pearl May

    November 17, 2011 at 10:34 am

    ဒီကိစ္စမှာ ဆူး နဲ့ ကျမတော်တော် အမြင်ချင်းတူတယ်။ သတင်းတွေက အမျိုးမျိုးချဲ့ကားပြီး ဇာတ်နာအောင်ရေးနေကြတာ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။

  • inz@ghi

    November 17, 2011 at 11:32 am

    အဲ့ရာကျောရာပေါ့
    မန ္တလေးမှာ ငါးပါးမှောက် သွားပီ ဆိုတာ …

  • aungnng87

    November 17, 2011 at 12:44 pm

    အထက်ကကောမန့်တွေပေးသလို တခါတလေမှာသတင်းသမားတွေဟာသူတို့လိုချင်တဲ့ဘက်ပဲစောင်းပေးပြီးဖော်ပြတာတွေတွေ့ရတတ်တယ်။ အစိုးရကိုဆန့်ကျင်ချင်တာနဲ့ဘဲလောကသဘာဝကိုဆန့်ကျင်နေတာကိုမြင်ရက်နဲ့တောင်မမြင်ချင်ယောင်
    ဆောင်နေကြပါတယ်။ ဒီလိုသတင်းသမာမျိုးများတော့အထင်မကြီးပါဘူး။ လူ့အလုပ်လူလုပ်၊ဘုန်းကြီးအလုပ်ဘုန်းကြီးလုပ်တာဘဲကောင်းပါတယ်။ ဘုန်းကြီးတွေလုပ်နိုင်သလောက်
    လူတွေကလည်းလုပ်နိုင်တယ်ဆိုရင်အဲဒီဘုန်းကြီးတွေကိုနောင်ဆိုရင်ဦးချဖို့တောင်ခဲယဉ်းလာပါလိမ့်မယ်။

Leave a Reply