စကားလုံးများရဲ ့ ရာဇဝင်(၁)

TTNUNovember 18, 20112min13810

စကားလုံးများရဲ ့ ရာဇဝင် (၁)

ကျမ်းကိုး         Lock, Stock and Barrel: Past Times Oxford.

 

ကျမတို့ တွေ နေ့စဉ် စကားတွေပြောကြတဲ့ အခါ မှာ စကားလုံးတွေ စကားစုတွေ များစွာ ကို

အလျင်းသင့်သလို သုံးကြတယ်။ မိမိတို့နေထိုင်ရာဒေသအလိုက် ၊လူမျိုးအလိုက်၊ ပတ်ဝန်းကျင်

အသိုင်းအဝိုင်းအဆင့်အလိုက်၊ အဆင်ပြေသလိုသုံးကြတယ်။

 

ဒီစကားလုံးတွေ စကားစုတွေ ဟာ မိမိသုံးနေတဲ့ ဘာသာစကားထဲကို ဘယ်လို စတင်ရောက်ရှိ

လာသလဲ၊ တကယ့်မူရင်းအဓိပ္ပာယ်ဘာလဲ၊ ဆိုတာတွေ မသိဘဲ မတွေးဘဲ  သုံးခဲ့ကြတာများပါတယ်။

ဘာသာစကားဆိုတာ အမြဲပြောင်းလဲရှင်သန်နေပါတယ်။ နေ့စဉ်သုံးကြတဲ့ စကားတွေထဲကို

စကားလုံးအသစ်တွေ အဆန်းတွေ အမြဲ ရောက်လာနေကြတယ်။ ဒီစကားလုံးတွေဟာ ကျမတို့

ရှင်သန်ရာဘဝ၊ လှုပ်ရှားနေထိုင်ကြရာ လောကဝန်းကျင်က တုန့်ပြန်လာတဲ့ စကားလုံးတွေ ဖြစ်တယ်။

တစ်ချိန်တည်းမှာပဲ တစ်ချို ့ စကားလုံးတွေ တစ်စ တစ်စ မှေးမှိန် အသုံးကျဲသွားကြပါတယ်။

 

ဥပမာ…..၁၉၆၂-၆၃ ဝန်းကျင်က  တစ်ခုခု အရမ်းလှ၊ အရမ်းကောင်းနေရင် …(စံပါပဲ) လို့ ပြောကြတယ်။

၁၉၇၂-၇၃  လောက်ကျတော့…( ဖလားပဲ)။

လတ်တလောကာလမှာတော့…( အလန်းပဲ)။ (အငြိမ်ပဲ)။

ကျမ နမူနာသဘောတရားပြောတာပါ။ ဒီစကားတွေအားလုံးကို စာရင်းပြုစုမလို့ မဟုတ်ပါဘူး။

 

တကယ်တန်း ကျမ ဆွေးနွေးတင်ပြချင်တာကတော့အင်္ဂလိပ်စကာလုံးလေးတွေပါ။ ဒီစကားလုံးလေးတွေ

နောက်မှာ စိတ်ဝင်စားစရာ သမိုင်းကြောင်းလေးတွေ၊ မူရင်းဖြစ်စဉ်လေးတွေ

ရှိနေတာကို လေ့လာတင်ပြသွားမှာဖြစ်ပါတယ်။

 

ဒီတစ်ခေါက်ရွေးထားတဲ့ စကားလုံးလေးတွေကတော့….

(1) Achilles heel

(2) Acid test

(3) Adam’s apple

(4) All at sixes and sevens

(5) At the end of one’s tether      စသောစကားလုံးများဖြစ်ပါတယ်။

 

 

(1) Achilles heel: မမြင်လောက်ပေမဲ့ အရေးကြီးတဲ့ အားနည်းချက်

 

*Breaking promise is a businessman’s Achilles heel.

ကတိစကားချိုးဖေါက်ခြင်းဟာ စီးပွားရေးသမားတစ်ယောက်ရဲ ့ ဆိုးဝါးလှတဲ့ အားနည်းချက် ဖြစ်တယ်။

 

*A misbehaving minister is regarded as a government’s Achilles heel and is expected

to resign.

အနေအထိုင်မဟုတ်တဲ့ ဝန်ကြီးတစ်ယောက်ကို အစိုးရရဲ ့ အားနည်းချက်လို့ သတ်မှတ်ပြီး သူ

ကိုတာဝန်မှ အနားယူဖို့မျှော်လင့်ကြတယ်။

 

*The desire for publicity became her Achilles heel.

လူသိထင်ရှားဖြစ်ချင်လှတဲ့ ဆန္ဒက သူမရဲ ့ အားနည်းချက်ပဲ။

 

ဒီစကားလေးက ရှေးဂရိ ဒဏ္ဍာရီ ကလာပါတယ်။ Achilles လေးကို သူ့အမေက ဘေးရန်

အန ္တရာယ် ဒဏ်ခံနိုင်စေဖို့ Styx မြစ်ထဲမှာနှစ်ပါတယ်။ သားငယ်လေးကို ခြေထောက်တစ်ဖက်

ကကိုင်နှစ်ရတာမို့အဲဒီဘက်ခြေဖနောင့် တစ်ဖက် ရေထဲ မရောက်ခဲ့ပါဘူးတဲ့။

 

ဒီလိုနဲ့ Achilles လေး ကြီးပြင်းလာေတော့ Trojan စစ်ပွဲတွေ မှာ ရဲဝံစွာတိုက်ပွဲဝင်နိုင်တဲ့

စစ်သူရဲကောင်းဖြစ်လာခဲ့ပေမဲ့ အဲဒီဖနောင့်တစ်ဖက်ကို မြားမှန် ဒဏ်ရာရပြီး ကျဆုံးခဲ့ရတယ်။

အဲဒီကစပြီး သေးငယ်ပေမဲ့ သေလောက်အောင် ဖြစ်စေတဲ့ အားနည်းချက်ကို Achilles heel

လို့ စကားလုံးထား သုံးစွဲခဲ့ကြပါတယ်။

 

(2) Acid Test  : မှတ်ကျောက်တင်ခြင်း

 

*The acid test of a good driver is whether s/he remains calm in an emergency.

ကားမောင်းသမားကောင်းတစ်ယောက်ဆိုတာကို မှတ်ကျောက်တင်ဖို့  အရေးကြုံရင် တည်တည်ငြိမ်ငြိမ် မောင်းတတ် မမောင်းတတ် ဆိုတဲ့ အချက်ပေါ် ကြည့်ရတာပဲ။

 

* It looks good, but will people buy it? That’s the acid test.

ပစ္စည်းကတော့ ကောင်းပုံပဲ၊ ဒါပေမဲ့ လူတွေဝယ်ကြပါ့မလား။ ဒီအချက် နဲ့ မှတ်ကျောက်တင်ရမှာပဲ။

 

ဒီစကားလုံးလေး လာရာလမ်းက အလယ်ခေတ် အဂ္ဂိရတ်ပညာထွန်းကားစဉ်က

အဂ္ဂိရတ်လုပ်ငန်းမှာ သုံးတဲ့  နိုက်ထရစ်နဲ့ ဟိုက်ဒြိုကလိုရစ် အရော ကို သတ္တုတွေ စစ်ရာမှာ

သုံးခဲ့ကြပါတယ်။ ( လက်တင်အမည် Aqua Regia) Royal Water လို့အဓိပ္ပါယ်ရပါသတဲ့။

ဘာကြောင့်လဲဆိုတော့ ဘုရင်ပိုင် သတ္တုရတနာများကိုတောင် အရည်ပျော်နှိုင်ခြင်းကြောင့် ပါတဲ့။

 

(3) Adam’s apple :  အမျိုုးသားများ၏ လည်ပင်းစလုတ်

 

သမ္မာကျမ်းစာအရ (အာဒမ်) က ဧဒင်ဥယျာဉ်ထဲတွင် (အေးဝ) ပေးတဲ့ (Forbidden Fruit)

ပန်းသီးကို စားသုံးမိရာ လည်ပင်းထဲတွင်နင်နေခဲ့တယ်။ အဲဒီကစပြီး အမျိုးသားများ၏ စလုတ်

ဟာ ဒီပုံစံမျိုးဖြစ်နေခဲ့တယ်။ ဒါကြောင့် ကိုအာဒမ်ရဲ ့ ပန်းသီး ဆိုပြီး အမျိုးသားများရဲ ့ စလုတ်

ကို Adam’s apple လို့ ဘာသာစကားမှာသုံးခဲ့တယ် လို့ဆိုပါတယ်။

 

(4) All at sixes and sevens : ဖရိုဖရဲ၊ အိုးနင်းခွက်နင်း

 

*The household is all at sixes and sevens at the moment.

လောလောဆယ်တော့ တစ်အိမ်လုံး ဖရိုဖရဲ ပွစာတက်နေတာပဲ။

 

(၁၅)ရာစု လန်ဒန်မြို ့တော်မှာ လုပ်ငန်းကြီး နှစ်ခု အားပြိုင်ခဲ့ကြတယ်တဲ့။

Merchant Taylors နှင့် The Skinners တို့ဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီက

ဆဋ္ဌမနေရာ ဘယ် ကုမ္ပဏီက သတ္တမနေရာ နေရာလုအငြင်းပွားခဲ့ ကြတယ်။

မပြေလည်တဲ့အဆုံး တစ်ဖွဲ့ ဒီနှစ်အမှတ်စဉ် (၆)။ နောက် တစ်ဖွဲ့က အမှတ်စဉ်(၇)။

နောက်နှစ် နေရာပြန်လဲကြ။ ဒီလိုနဲ့ ဒီလုပ်ငန်းကြီးနှစ်ခုလုံး ဘယ်သူက နံပါတ်(၆)

လား (၇)လား ကြာတော့ မပြောတတ်တော့ဘူးတဲ့။

 

(5) At the end of one’s tether :  စိတ်ကုန်သွားလျက်။ ခြေကုန်လက်ပန်းကျလျက်။

 

*I’ve been looking after four young children all day and I really am

at the end of my tether.

တစ်နေကုန် ကလေးလေးယောက်ကို ထိန်းရတာ ခြေကုန်လက်ပန်းကျသွားတာပဲ။

 

ဒီစကားလေးရဲ ့ လာရာလမ်းကတော့ တိုင်မှာလံကြိုးနဲ့ လံထား၊ကြိုးချည်ထားခံ

ရတဲ့  တိရစ ္ဆာန်တစ်ကောင် ဟာ ကြိုးအကုန်ထိတိုးသွားပြီး ဆက်မသွားနှိုင်၊

မတိုးနှိုင်တဲ့အခါ စိတ်အရမ်းတို၊ အားကုန်နေတတ်တာကို တင်စားခြင်းဖြစ်ပါသတဲ့။

 

နိဂုံးချုပ်ကတော့….

Achilles heel အားနည်းချက်၊

Acid Test နဲ့ မှတ်ကျောက်တင်၊

လည်ပင်းနင်နေတဲ့စလုတ်က Adam’s apple ၊

All at sixes and sevens မှာ အိုးနင်းခွက်နင်းဖြစ်ရ ၊

နောက်ဆုံးခြေကုန်လက်ပန်းကျတာ at the end of my tether.

ဒီတစ်ပတ် (၅) ခုနဲ့သာ ကျေနပ်ပါလေ ဂဇက် မိတ်ဆွေ။

 

 

 

10 comments

  • blackchaw

    November 18, 2011 at 2:30 pm

    မတင်တာ အတော်ကြာသွားပြီနော် တီချယ်ကြီး။
    ကျေးဇူးပါခင်ဗျာ။

  • inz@ghi

    November 18, 2011 at 3:18 pm

    အားပေးပါသည် တီချယ်ကြီးချင်ဗျား…

    အနှီ အာခိလိ မြှားမှန်သေတဲ့နေရာက calf muscles တွေရဲ့ အရွတ် tendon
    (အလွယ်ပြော ဖနောင့်ကျော ပေါ့) ကို tendo archilles ဒါမှမဟုတ် archilles tendon လို့ခေါ်တယ်လို့
    ဖတ်ဖူးပါတယ် ခည…

  • pooch

    November 18, 2011 at 6:57 pm

    တီချယ်ရေ ကူးထားလိုက်တယ်နော် သိမ်းထားချင်လို့
    အနော့်အတွက်တော့ အဖိုးတန်တယ်… ….

    • windtalker

      November 18, 2011 at 8:00 pm

      အနော် တဲ့လား
      စိုးရိမ်တယ် ညီလေးရေ စိုးရိမ်တယ်

  • windtalker

    November 18, 2011 at 7:59 pm

    After AungKyuu @ big cat ‘s wedding , micheal johny aung pu cries loudly and he become at the end of his thether !
    အဲဒါဆိုရင် မှန်သလား ဟင် ဆရာမ

  • thit min

    November 19, 2011 at 8:15 am

    ဆရာမကြီး တီတီနု စာမသင်တာ ကြာပေါ့လို့တွေးမိနေသေးတာဗျ။ဟုတ်ကဲ့ ဝမ်းသာပါတယ်ခင်ဗျ။

  • MaMa

    November 19, 2011 at 9:18 am

    နည်းနည်းချင်းမှ မှတ်နိုင်မှာမို့ တပတ်ကို စကားလုံး ၅ လုံးပဲ သင်တာ ကျေနပ်တာပါတယ် ဆရာမကြီး။
    ဒါပေမယ့် ထပ်တော့ သင်ပေးပါဦးနော်။ 😀

  • kyawthetaung

    November 29, 2011 at 12:02 pm

    ကောင်းပါတယ် တီချယ် အထူးသဖြင့် ကျွန်တော်တို.လို အင်္ဂလိပ်စာ ဖတ်ရမှာပျင်းတဲ့သူတွေအတွက်ပေါ့ 😀

  • Shwe Ei

    November 29, 2011 at 12:21 pm

    idiom တွေလို့ထင်ပါတယ် တီချယ်ရေ။ ဒါမျိုးလေးတွေက သိတဲ့လူတယောက်ပြန်ပြောပြမှ အထူးအဆန်းအနေနဲ့ လိုက်မှတ်ရတာမို့ ဗဟုသုတလဲရ အကျိုးလဲရှိပါတယ်။ ကျေးဇူးတင်ပါတယ်တီချယ်ရေ။

Leave a Reply