ငါတို့ သူကြီး…

(စကားချပ်။ ။ ဤ ဆောင်းပါးလေးသည် ကျန်းမာရေးဆောင်းပါးချည်း အလျဉ်းမဟုတ်ပါ။ အဆုံးထိ ဖတ်ရှုပြီးမှ ဆုံးဖြတ်ဝေဖန်ပေးကြပါ။ ရည်ရွယ်သည်မှာ ခေါင်းဆောင်ကောင်းတစ် ဦး ၏ အရည်အသွေး နှင့် အရည်အချင်းကို ဖော်ကျူးခြင်းဖြစ်သည်။ )

‘ ဘာ… သူကြီးက အဲ့လိုပြောလား… မဖြစ်ဘူး… လုံးဝ သဘောမတူဘူးကွ.. ဒီလိုကိစ္စက ငါတို့ ဘိုးဘွားဘီဘင်ကတည်းက ကျင့်သုံးလာ တာ… သူ ပြောမှ …. အို…. မဖြစ်ဘူးကွာ…လုံးလုံးကြီးကို သဘောမတူတာ…’
ချက်ကြီး ၏ စကားကို အားလုံးနားထောင်ရင်း မှင်သက်နေသည်။ သတင်းပို့သူ ခွေးပုက တော့ သူ့နံဘေးမှာ ဇက်ကလေးပုလို့ မျက်လုံးကလေး ကလယ်ကလယ်နှင့်။
‘ဟုတ်တယ်…. ငါလည်း ထောက်ခံတယ်… ဒါမျိုးက သူတစ်ယောက်တည်းဆုံးဖြတ်ချက်နဲ့ လုပ်လို့ရတာမှမဟုတ်တာ.. ငါတို့ သဘောတူမှ ဖြစ်မှာ.. အားလုံး ဝိုင်းဆန့်ကျင် ရင် သူ့အစီအစဉ်ပျက်လောက်တယ်…’ ဘကြီး ကောင်း၏ စကားကို ရွာသားများက ခေါင်းတညိတ်ညိတ်နှင့်နားထောင်နေသည်။ ရွာသားများစုဝေးရာ ရွာထိပ်က ကုက္ကိုလ်ပင်အောက် ရှိ ခုံတန်းလေးမှာ ကပိုကယိုသာ ရိုက်ထားပေးမယ့် ဘကြီးကောင်း လို ပိန်ပိန်သေးသေး ခန္ဓာကိုယ်မျိုးဆို ၅ ယောက်လောက် ထိုင်၍ ရသည်။ ယခုတော့ ချက်ကြီးလို ဖက်တီးပါ ဝင်ထိုင်နေတော့ ကျန်ရွာသားများက အောက်မှာထိုင်သူက ထိုင် မက်တပ်ရပ် သူက ရပ် နှင့် အစည်းအဝေးသဖွယ် ဖြစ်နေသည်။ လယ် ကိုင်း ဆင်းလက်စ နှင့် ပေါက်တူးပေါက်ပြားထမ်းကာ စကားလက်ဆုံကျရာ နားဆင်နေကြသော ရွာသားများ ကြောင့် ဖြတ်သွားဖြတ်လာ ရွာသူ/သားများ ပင် စိတ်ဝင်တစားကြည့်ရှုမိ ကြသည်။ ထို့နောက် အတန်ကြာတော့မှ ချက်ကြီးထံမှ စကား တစ်ခွန်းထွက်လာသည်။
‘ခွေးပု…’ ‘ဗျာ.. ‘ ‘ အေး… မင်းရွာထဲမှာ သူကြီးနားထဲ ရောက်အောင် သတင်းပြန်ဖြန့်လိုက်… ချက်ကြီးနဲ့ ရွာသားတွေ က သူကြီး ယင်လုံအိမ်သာဆောက်မှာ သဘောမတူဘူးလို့… ကြားလား.. သေချာ ဖြန့်ခဲ့နော်… ‘ ‘ဟုတ်…ဟုတ်…’ ခေါင်းတစ်ချက် နှစ်ချက် ညှိတ်ပြီး ဖုန်ထူအောင် ပြေးသွားသော ခွေးပု ကျောပြင်မှာ ခြေရာများပင် ဟပ်လို့…..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
‘ဟင်း……………’
‘ဟူး…………….’
သက်ပြင်းတွေ ထပ်တလဲလဲ ချပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော သူကြီး ဘသေး ကို သူ့မိန်းမ ဒေါ်ကောက် မျက်စိဆံပင်မွေးဆူးချေပြီ။
‘တော် စတဲ့ဇာတ် လေ..တော် နိုင်အောင် ကပေါ့… အခုမှ မျောက် ငပိကိုင်သလိုလုပ်မနေနဲ့… တော့ ဒူးမနာသားတွေက လက်မခံဘူးတဲ့.. အကြောင်းသိနေလည်း မလုပ်ပါ နဲ့ ရှင် …. ကျမတို့ လည်း ခြုံတိုးတာက အလေ့အထ တစ်ခု လိုဖြစ်နေပြီ ပဲ… ယင်လုံလုံ မလုံလုံ ပေါ့… ပိုက်ဆံတောင် အကုန်သက်သာသေးတယ်…’
‘ အေး… အဲ့ဒါကြောင့် မင်းတို့ မတိုးတက်သေးတာကွ…’ သူကြီး နှုတ်ကတော့မထွက် ရဲ၊ စိတ်ထဲက သာရေရွတ်ရင်း ရွာသားများကို မည် သို့မည်ပုံ တိုက်တွန်းရမည် မသိဖြစ်နေသည်။ မြို့မှာ ကျန်းမာရေးဟောပြောပွဲ သွားပြီးမှ ယင်လုံအိမ်သာ ရဲ့ ကောင်းကျိုးတွေကို သိရှိပြီး ရွာသူ ရွာသားများအတွက် ယင်လုံအိမ်သာ ဆောက်ရမယ် ဆိုသော အမိန့် ထုတ်မယ် ကြံသေးတယ် သတင်းက ပေါက်ပြီး ကန့်ကွက်တာက အရင်ဖြစ်နေသည်။
”ဟင်း…. ဒီရွာသားတွေတော့ ငါ ပညာထုတ်သုံးမှဖြစ်တော့မယ်…” သူကြီးညည်းလည်း ညည်း၊ သက်ပြင်းလည်းချ နှင့် ခေါင်းတညိတ်ညိတ်လုပ်နေသည်။ ထို့နောက်…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
‘ဒူ…’ နောက်ဆုံး မောင်းသံဆုံးသည် နှင့် ခြေတံရှည် အိမ်တစ်လုံးအပြင်ဘက် ၌ လူများ စုစုရုံးရုံး နှင့်ရောက်နှင့်နေကြပြီ ဖြစ်သည်။
သူကြီးဖြစ်ဟန် သက်ကြီးလူတစ်ဦး မှ ဆေးတံခဲလျက် အိမ်ပေါ်မှ ဆင်းလာသည်။ အားလုံး၏ မျက်လုံးအစုံသည် ထိုသူပေါ်သို့ရောက်နေကြသည်။ ထို့နောက် တီးတိုးစကားများဖြင့် တွတ်ထိုးနေကြပြန်သည်။ သူကြီးနောက် မှ သူကြီး မိန်းမကလည်း ကော့တော့ ကော့တော့ နှင့် ဆင်းလာသည်။ ထို့နောက် သူကြီးက အိမ်ရှေ့ တွင် ချထားသော စားပွဲနားသို့ တစ်လှမ်းချင်းလျှောက် သွားသည်။ သူကြီးမိန်းမ ကတော့ သူကြီးနောက် က ထိုင်ခုံမှာ နေရာဝင်ယူလိုက်ပြီး နားစွင့်ဟန်ပြုနေသည်။ သူကြီးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ရွာသားများကို ဝေ့ကြည့်လိုက်သည်။ ရွာသားများကတော့ ချက်ကြီးနားမှာ ပုရွက်အုံလို ခဲလျက် သူကြီး စကားကို ဆန့်ကျင်ရန် စောင့်နေကြသည်။ အတန်ကြာတော့…
‘ အားလုံးကို ဒီနေ့ ဝမ်းနည်းစရာကိစ္စတစ်ခု ပြောစရာရှိတယ်… အဲ့ဒီကိစ္စကို အရင်ကတော့ နားမလည်ခဲ့ဘူး… နောက်ပြီး မစဉ်းစားခဲ့ဖူးဘူး… ကျူပ် မြို့က ကျန်းမာရေးမှူး နဲ့တွေ့မှ ပဲ စဉ်းစားဖြစ်ပြီး ဝမ်းနည်းခဲ့ရတာ.. အဲ့ဒါကိုလည်း ရွာသားတွေကို သိစေချင်လို့ ပြောပြချင်လို့ ခေါ်လိုက်တာ.. ‘ ခေါင်းငုံ့ပြီး နားစွင့်နေသော ရွာသားများ မော့မတက် ဖြစ်သွားကြသည်။ ထို့နောက် သူကြီးစကားကို နားမလည်သလို နားထောင်သလို ပြုနေကြသည်။ အချို့က ဘယ်လိုနိဒါန်းပါလိမ့် ဟု ကျီးကြောင် ်ကြောင် ကြည့်နေကြသည်။
‘ကျုပ် တို့ ရွာက အခြေမရှိ အမြစ်မရှိ ရာဇဝင်မရှိတဲ့ ရွာငယ်ဇနပုပ် လေး မဟုတ်ဘူး… ကျူပ်တို့ ရွာ က ဟိုးအရင် မြန်မာ့ ဘုရင်တွေ ခြေချခဲ့တဲ့ ရာဇဝင်မြေ၊ နယ်ချဲ့တော် လှန်ရေးဆိုရင်လည်း သွေးနဲ့ ရင်းပြီး တည်ခဲ့တဲ့ မျိုးချစ် မြေ၊ အဲ့လို ရာဇဝင်တွေ သမိုင်းတွေ ထုံးမွှန်းထားတဲ့… ဌာပနာ ထားတဲ့ ကျုပ်တို့ ရွာလေးမှာ နေနေကြ တဲ့ ရွာသူရွာသားတွေ ကလည်း တို့ဘိုးဘွား ဘီဘင်ကတည်းက အလေ့အထ အယူအဆ ထုံးတမ်းအစဉ်အလာတွေ ကို ရင်မှာထားပြီး ထိန်းသိမ်းလာတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် တွေက ဆင်းသက် လာတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ… ဒါပေမယ့် အဲ့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ် မျိုးတွေက…. ‘ စကားစကို ဖြတ်ပြီး ဝမ်းနည်းဟန် ခေါင်းငိုက် ကျသွားသည်။ မြင့်သထက် မြင့်နေသော ဘဝင်များ နှင့် ရွာသားများလည်း သူကြီး၏ ဖြတ်လိုက်သော စကားစ နှင့်အတူ တိုးလိုတန်းလန်း ဖြစ်နေကြ၏။ အဲ့လို ပုဂ္ဂိုလ် မျိုးတွေက ဘာဖြစ်လဲ ဟူသော စိတ်အတွေး မေးခွန်းများဖြင့် သူကြီး ၏ စကားကို စောင့်ဆိုင်းနေကြသည်။ ထို့အတူ သူကြီး ၏ ရေအိမ်ပြဿနာ ကိုလည်း မေ့လျော့ နေကြပြီ ဖြစ်သည်။ သူကြီးက ဆက်၍ ‘အဲ့လိုပုဂ္ဂိုလ် မျိုးတွေက မစင်စားနေကြရတယ်ဗျာ..’
သူကြီး၏ စကားဆုံးသည် နှင့် ‘ဟာ..’ ‘ ဟင် ‘ ‘ဘာ..’ စသဖြင့် အာမေဋိတ် များက ညံစီသွားကြသည်။
အားလုံးက မေးခွန်း မမေးကြမီ သူကြီးက စော ဦးစွာဖြေလိုက်သည်။ ‘ အဖြစ်က ဒီလို… ကျူပ်တို့ က အဲ့လို ပုဂိ္ဂုလ် မျိုးတွေ ဖြစ်ပေမယ့် ကျုပ်တို့မှာ မစင်ကို စွန့်ဖို့ နေရာမရှိဘူး… တွေ့ကရာနေရာမှာ စွန့်တယ်.. ချုံကြားတွေ တောစပ်တွေမှာ စွန့်တယ်… ဒါပေမယ့် ကျုပ်တို့ စွန့်တာတွေကို ယင်ကောင်တွေ မှတ်၊ ခြင်တွေ က ချောင်းနေ ကြတာ.. ကျူပ်တို့လည်း သွားရော သူတို့ က အဲ့ မစင်တွေကို သွား နားတယ်.. နောက် စားတယ်.. သူတို့ စားပြီး လို့ ကျန်တာတွေကျတော့ ပိုးကောင် တွေ ပိုးဟပ်တွေက စားတယ်.. သူတို့ က စားပြီးရော ကျုပ်တို့ စားသောက်နေတဲ့ ထမင်းဝိုင်းတွေ မုန့် တွေ လက်သုတ်စာတွေ ဆီကို လာပြန်ရော.. အဲ့အကောင်တွေက အဲ့မှာ လာနားပြီး စားပြန်ရော… အဲ့အခါကျတော့ သူတို့ ကိုယ်မှာ ကပ် ပါလာတဲ့ မစင်တွေက ကျုပ်တို့ စားသောက်စရာတွေမှာ ကပ် ကျန်ခဲ့ရော.. ကျုပ်တို့ က မသိပဲ စားတော့ ကျုပ်တို့ မစင် ကျုပ်တို့ ပြန်စားသလိုဖြစ်နေရော…’ သူကြီးလည်း အရှိန်ရတာ နဲ့ တဆက်တည်းသာ ပြောချလိုက်၏။ မြို့က ကျန်းမာရေးမှူးပြောသလို ဘက်တီးရီးယားတွေ ပိုးမွှားတွေ ကို ဆေးပညာနည်းကျ ပြောပြရင် သူကြီးရဲ့ ရွာသားတွေ အဖို့ နားလည် ဖွယ်ရာ မရှိ။ ထို့ကြောင့် မစင်စား သည်ဟုသာ လှည့်ပြောလိုက် ခြင်းဖြစ်သည်။
‘သူကြီး.. အဲ့လိုမစားရအောင် ဘယ်လိုလုပ်ရမလဲ ‘ ပထမကတော့ အပြင်းအထန် ဆန့်ကျင်ရန် ဆိုင်းပြင်နေသော ချက်ကြီးက ထပြီး ဦးဆောင်မေးလိုက်သည်။
‘ ကျုပ်လည်း အဲ့ဒါကို စဉ်းစားတာ.. ယင်တွေ ခြင်တွေကို ဖမ်းသတ်လို့တော့ မရဘူး.. သူတို့ အများကြီးပဲ… ပြဿနာအရင်းအမြစ်ဖြစ်တဲ့.. ကျုပ်တို့ မစင်တွေကို သူတို့ မဝင်နိုင်အောင် တစ်နေရာတည်းမှာ စုထည့် စွန့် မှ ဖြစ်မယ်.. ‘
‘ အဲ့ဒါကို ဘယ်လိုလုပ်မလဲ..’ ရွာသားတစ်ဦးမှ မချိကဲတင် ထ မေးလိုက်သည်။
‘ ကျုပ်တို့ စုပြီးတစ်နေရာတည်းမှာ စွန့် ဖို့ အိမ်သာဆောက်ရမယ်.. ရေအိမ်ဆောက်ရမယ်..’ ရွာသားများ တစ်ဦးစ နှစ်ဦးစ မှ စ ၍ အကုန်လုံး ခေါင်းတညိတ် ညိတ်နှင့် သဘောတူလိုက်ကြသည်။ ထို့နောက် နှုတ်မှလည်း …
‘ ဟုတ်တယ်…. ရေအိမ်ဆောက်ရမယ်… အိမ်သာဆောက်ရမယ်… အဲ့ဒါမှ မစင်မစားရတော့မှာ…’ ဟူ၍တည်း..။ ။

6 comments

  • lulinmg

    December 10, 2011 at 4:44 pm

    ညစ်ပတ်တယ်ကွာဘယ်လိုလူကြီးလဲ

  • မောင်ရေချမ်း

    December 10, 2011 at 4:51 pm

    စာအသွားကြောင့် ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်.. အဲ့လိုမဆိုလိုပါဘူး… ခေါင်းဆောင်တစ်ယောက် ရဲ့ စည်းရုံး နိုင်မှု နဲ့ ဦးဆောင်နိုင်မှု စွမ်းရည်ကို ပြောပြချင်လို့ပါ။

  • MaMa

    December 10, 2011 at 5:40 pm

    ဒီရွာသားတွေနဲ့ ဒီရွာသူကြီးနဲ့ တူနေပြီ ထင်တယ် မောင်ရေချမ်းရေ့ …….

  • char too lan

    December 10, 2011 at 5:45 pm

    သူကြီးတွေရဲ့လေသံတွေကတော့
    တူသားပဲနော့်………………….

  • naywoonni

    December 10, 2011 at 6:15 pm

    နာတို့ သူာကီးကိုပြောတာလားလို့ ပြီးတော့ သူတို့ ဟို ဝှာ စားတဲ့ အကြောင်းပြောသွားတာပဲ…။ ဟီးးးးးး 😛

  • kotun winlatt

    December 10, 2011 at 6:59 pm

    ခေါင်းဆောင်မှု အရည်အချင်းကိုပြသွားတာ ကောင်းလွန်းနေပါ၏..။
    ဟီးးးးးး

Leave a Reply