ကမ္ဘာပေါ်တွင် လူသားချင်းအတူတူဖြစ်လာကြသော်လည်း လူမျိုးချင်းမတူကြခြင်းကြောင့် တိုင်းနိုင်ငံများ ကွဲပြားခြားနားခဲ့ရပါတယ်။ အဲဒီလို မိမိတို့လူမျိုးတိုင်းပြည်ဆိုပြီး အသီးသီး ကွဲပြားသွားသလို နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့အချက်များလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပေ။ မိမိတို့လူမျိုးနိုင်ငံ ကောင်းစားရေးများကို နိုင်ငံအုပ်ချုပ်သူများနှင့် တိုင်းသူပြည်သား များဟာ အားသွန်းကြိုးပမ်းဆောင်ရွက်လေ့ရှိကြပါတယ်။ သို့သော် တချို့နိုင်ငံများတွင် စည်းစနစ် မမှန်ကန်မှုကြောင့် တိုးတတ်သင့်သလောက် မတိုးတတ်ဘဲဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းပြည် တစ်ခုတိုးတတ်ဖို့ရန် သတ်မှတ်ကျင့်သုံးရမဲ့ နည်းစနစ်များကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။

တိုင်းပြည်တစ်ခု လှပတိုးတတ်ဖို့ရန်အတွက် ဘယ်လိုနည်းစနစ်များ သတ်မှတ်ကျင့်သုံး ရမလဲ။ အုပ်ချုပ်သူများရဲ့ အဓိကလိုအပ်ချက်ဟာ ဘာလဲ။ အုပ်ချုပ်သူများနှင့်ပြည်သူများဟာ ဘယ်လိုပြုမှုနေထိုင်ရင် တိုင်းပြည်တိုးတတ်အောင်မြင်မလဲစတဲ့အချက်များကို စဉ်းစားကြည့်တဲ့ အခါ မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အခါက အဖက်ဖက်မှ တိုးတတ်အောင်မြင်ခဲ့တဲ့ ဝေသာလီပြည်အကြောင်းကို သတိရလိုက်ပါတယ်။ ရှေးယခင်က ဝေသာလီပြည်မင်းများ တိုးတတ် အောင်မြင်ရန်အတွက် ကျင့်သုံးခဲ့တဲ့ နည်းစနစ်များကို အတုယူကျင့်သုံးမယ်ဆိုရင် မလွဲဧကန် တိုးတတ်အောင်မြင်မှာပါ။ အဲဒီလိုလိုက်နာသုံးခြင်းကြောင့် တိုင်းပြည်အုပ်ချုပ်သူများ စည်းလုံး ညီညွတ်မှုရှိနေမယ်ဆိုရင် တခြားတိုင်းပြည်များက မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတတ်မှုကို မနာလို ဝန်တိုစိတ်ဖြစ်ကာ အနှောက်အယှက်ပေးမည့်ဘေးမှလည်း ကင်းလွတ်ပါလိမ့်မယ်။ အဲဒီလို အဖက်ဖက်မှပြည့်စုံပြီး ဖွံ့ဖြိုးတိုးတတ်ရန်အတွက် လိုက်နာကျင့်သုံးရမည့်အရာများကတော့

၁။ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အဖွဲ့အစည်းများဟာ အချင်းချင်းမကြာခဏ စည်းဝေး တိုင်ပင်ရပါမယ်။ အစည်းဝေးလုပ်တယ်ဆိုတာ ကောင်းတဲ့အကျင့်တစ်ခုဖြစ်သလို လုပ်သင့်တဲ့အလုပ် တစ်ခုလည်း ဖြစ်ပါတယ်။ များပြားလှတဲ့ တိုင်းသူပြည်သားများအတွက် လိုအပ်ချက်များကို ဦးခေါင်းတစ်လုံးတည်းနှင့်စဉ်းစားတာထက် ဦးခေါင်းအများကြီးများနှင့် စဉ်းစားတိုင်ပင်ပြုလုပ်တာ က ကောင်းသောအကြံများ ဖြစ်ပေါ်လာနိုင်ပါတယ်။ အများနှင့်စည်းဝေးတိုင်ပင်ခြင်းကြောင့် တိုင်းပြည်အတွက်လိုအပ်ချက်များကို အားလုံးက ဝိုင်းဝန်းတင်ပြကြသဖြင့် တိုင်းပြည်တိုးတတ်ရေး အတွက် လုပ်ဆောင်ရမဲ့အရာများကိုသိရှိနားလည်ပြီး လုပ်ဆောင်ပေးမှသာ တိုင်းပြည်ဟာ တိုးတတ်မှာပါ။ စည်းဝေးတိုင်ပင်ခြင်းမရှိရင် တိုင်းပြည်မှာနေ့စဉ်ဖြစ်ပျက်သမျှတို့ကို မသိရှိလို့ ပြုလုပ်မပေးနိုင်ဘူးဆိုရင် တိုးတတ်တဲ့တိုင်းပြည် ဖြစ်လာမည်မဟုတ်ပေ။

၂။ အစည်းအဝေးကျင်းပတဲ့အခါ လူကြီးများဟာ တက်ညီလက်ညီနှင့် ဆွေးနွေးတိုင်ပင် ပြောဆိုကာ တိုင်းပြည်အတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးရပါမယ်။ ဒါဟာလည်း အထူးလိုအပ်တဲ့ အချက်ပါ။ အဖွဲ့အစည်းအားလုံး တစ်ဦးနှင့်တစ်ဦး ညီညွတ်မှုရှိမှသာ တိုင်းပြည် အတွင်း လိုအပ်တဲ့ပြုပြင်စရာများကို တက်ညီလက်ညီနဲ့ ပြုလုပ်နိုင်မှာပါ။

၃။ ရှေးယခင်က ပဋ္ဌာန်းထားတဲ့ ဥပဒေများကို ပြုပြင်ပြောင်းလဲမှုမလုပ်ဘဲ အဲဒီစည်းကမ်း များကိုသာ မင်းနှင့်ပြည်သူများဟာ စနစ်တကျ လိုက်နာကျင့်သုံးရပါမယ်။ ခုစည်းကမ်းတစ်မျိုး ထုတ်လုပ် တော်ကြာ ပြောင်းသွားလိုက်ဖြစ်နေရင် တိုင်းသူပြည်သားများဟာ ဘာလုပ်လို့ဘာကိုင် ရမှန်းမသိဘဲဖြစ်နေခြင်းကြောင့် တိုင်းပြည်တိုးတတ်ရေးလုပ်ငန်းများ နှောင်နှေးနေပါလိမ့်မယ်။ အလုပ်တစ်ခုဟာ သေချာကျနစွာ သိရှိနားလည်ပြီး လုပ်ကိုင်ဆောင်ရွက်မှသာ အောင်မြင်တာပါ။ ခု ဟိုဟာ လုပ်မယ်၊ တော်ကြာ ဒါလုပ်မယ်ဆိုပြီး ဗျာများနေပါက တစ်ခုမှမပြီးမြောက်ခြင်းကြောင့် တိုင်းပြည်တိုးတတ်လာလိမ့်မည် မဟုတ်ပေ။
စည်းကမ်းတစ်ခု ထုတ်တော့မယ်ဆိုရင် ဒီစည်းကမ်းဟာ အများပြည်သူလိုက်နာ ကျင့်သုံးနိုင်မဲ့အရာ ဟုတ်မဟုတ်ကို အများနှင့်တိုင်ပင်ပြီး ဥပဒေထုတ်ရပါမယ်။ အဲဒီလိုမဟုတ်ဘဲ မိမိတို့ထုတ်ချင်တဲ့စည်းကမ်းထုတ်နေမယ်ဆိုရင် အဲဒီဥပဒေကို ဘယ်သူမှလည်း လိုက်နာကျင့်သုံးမှု မရှိပါက ထိုတိုင်းပြည်ဟာ တိုးတတ်အောင်မြင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမည်မဟုတ်ပါ။ ဒါကြောင့် ရှိခဲ့ပြီးသော စည်းကမ်းများကိုသာ အားလုံးက လိုက်နာကျင့်သုံးနိုင်အောင် ဆောင်ရွက် ပေးရပါမယ်။

၄။ တိုင်းပြည်အုပ်ချုပ်သူများဟာ မိမိတို့ထက် အသက်ကြီးသော အရာရှိများအား ရိုသေလေးစားပြီး ပြောစကားကိုလည်း နားထောင်ရပါမယ်။ မိမိထက်ကြီးသူများက ဒါလုပ်ဆိုရင် တိကျမှန်ကန်စွာ မခိုးမကပ်ဘဲ လုပ်ရမှာပါ။ အဲဒီလိုမဟုတ်ဘဲ ခိုင်းတာတစ်မျိုး လုပ်တာတစ်မျိုးဖြစ်နေပါက တိုင်းပြည်လိုအပ်ချက်များ မပြီးမြောက်သဖြင့် ဆုတ်ယုတ်ပျက်စီးမှုများ ဖြစ်နေပါမယ်။ အထက်လူကြီးနှင့်အောက်လူငယ်များဟာ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ကိုယ်ချင်းစာမှုရှိပြီး ဆရာကတပည့်ကို စေတနာထားသလို တပည့်ကလည်း ဆရာကို ရိုသေလေးစား ပြောစကားနားထောင်ရပါမယ်။ ဒါမှလည်း ဆရာတပည့် ချစ်ခင်ညီညွတ်မှုရှိသဖြင့် အလုပ်တိုင်းဟာ အောင်မြင်မှာပါ။ ကြီးတဲ့သူများကလည်း အောက်လက်ငယ်သားများဟာ မိမိခိုင်းသလို လုပ်မလုပ်ဆိုတာကို သေချာလေ့လာ စစ်ဆေးပေးရပါမယ်။ ခိုင်းသာခိုင်းပြီး ပြန်လည်စစ်ဆေးခြင်း မရှိဘူးဆိုရင် အောက်လက်ငယ်သားများရဲ့ ကျွမ်းကျင်မှုအားနည်းလို့ဖြစ်စေ၊ အလုပ်ကို ခိုးကပ်လုပ်လို့ဖြစ်စေ၊ ပြောစကားနားမထောင်ဘဲ သူတို့လုပ်ချင်တာလုပ်လို့ဖြစ်စေ ချွတ်ယွင်းချက်များ ရှိနိုင်ပါတယ်။ အဲဒီလို ဖြစ်လာနိုင်တဲ့ချွတ်ယွင်းချက်များကို အထက်လူကြီးက လိုက်လံစစ်ဆေးမှုမရှိဘဲ ဒီတိုင်းသာ ထားလိုက်မယ်ဆိုရင် ထိုတိုင်းပြည်ဟာ တိုးတတ် အောင်မြင်သော တိုင်းပြည် ဖြစ်လာမည်မဟုတ်ပေ။

၅။ မိမိတို့တိုင်းပြည်မှာရှိတဲ့ အမျိုးသမီးများအား အနိုင်ကျင့်ခြင်း၊ နှိပ်စက်ခြင်း၊ သိမ်းပိုက်ခြင်းများ မပြုလုပ်ရပါ။ အဲဒီလိုမဖြစ်အောင်လည်း အုပ်ချုပ်သူများက စည်းကမ်းစနစ်နှင့် တင်းကြပ်ပေးရပါမယ်။ အားငယ်တဲ့ မိန်းမသားများအား မိမိတို့က အားမာန်ကြီးတယ်ဆိုပြီး အနိုင်ကျင့်တာဟာ မကောင်းမှုတစ်မျိုးပါ။ အားနွဲ့တဲ့အမျိုးသမီးများအား အနိုင်ကျင့်သော သူယုတ်မာများရှိနေမယ်ဆိုရင် ထိုတိုင်းပြည်ဟာ တိုးတတ်မည်မဟုတ်ပေ။ ဒါကြောင့် တိုင်းပြည်တွင်းရှိ အမျိုးသမီးများအား နိုင်ထက်စီးနင်းမလုပ်ဘဲ ယောက်ျားများနှင့် တန်းတူအခွင့်ရေးပေးကာ တက်နိုင်သမျှ ဖေးမကူညီခြင်းဖြင့် နိုင်ငံတော်ကြီးတိုးတတ်အောင် ပြုလုပ်ပေးရပါမယ်။

၆။ တိုင်းသူအုပ်ချုပ်သူများဟာ ရှေးယခင်ကမင်းတို့ရဲ့ နတ်ကွန်း (စေတီ)တို့ကို အရိုအသေ အလေးအမြတ် ပူဇော်ကြရပါမယ်။ တိုင်းပြည်အကျိုးရှိအောင် အသက်စွန့်လုပ်ဆောင်ပေးခဲ့သော ပုဂ္ဂိုလ်များအား ကျေးဇူးဆပ်သည့်အနေဖြင့် ရှေးယခင်က ပြုလုပ်ခဲ့တဲ့အတိုင်း အထိမ်းအမှတ် ပူဇော်မှုများ ပြုလုပ်ပေးရပါမယ်။ ဒါမှလည်း လူကြီးသူမများကို ရိုသေခြင်းကြောင့် ကျေးဇူးသိတတ်သော နိုင်ငံတော်ကြီးဖြစ်ကာ တိုးတတ်အောင်မြင်မှာပါ။ ပူဇော်သင့်တာကို မပူဇော်ဘဲ မပူဇော်သင့်တဲ့အရာများကို ပူဇော်ပသအားထားနေမယ်ဆိုရင် ထိုတိုင်းပြည်ဟာ ဆုတ်ယုတ်ပျက်စီးခြင်းနှင့်သာ ရင်ဆိုင်ရဖွယ် ရှိပါတယ်။

၇။ မိမိတိုင်းပြည်သို့ မကြွလာသေးသော ရဟန်းသံဃာတို့ကို ကြွလာစေအောင် တိုင်းပြည် အတွင်းမှာရှိနေသော ရဟန်းသံဃာများကို ချမ်းသာစွာနေရအောင် ပြုလုပ်ပေးရပါမယ်။ ဒါမှသာ တိုင်းပြည်တစ်ခုဟာ သူတော်ကောင်းတို့ရှိနေခြင်းကြောင့် အစစအရာရာ ပြည့်စုံပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်ချမ်းသာနေမှာပါ။ အုပ်ချုပ်သူရော ပြည်သူပြည်သားများကပါ သူတော်ကောင်းတရား မရှိကြဘူးဆိုရင် ထိုတိုင်းပြည်ဟာ အန္တရာယ်အပေါင်းကျရောက်ပြီး ပျက်စီးမှုများနှင့်သာ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် တိုင်းပြည်တွင်း သူတော်ကောင်းတရား ထွန်းကားအောင် ပြုလုပ်ပေးရပါမယ်။

ဒီ(၇)ချက်ဟာ တိုင်းပြည်တိုးတတ်ခြင်းရဲ့ နည်းလမ်းများဖြစ်ခြင်းကြောင့် ဒီမိုကရေစီလမ်းစဉ်လို့ ဆိုနိုင်ပါတယ်။ ယခုခေတ် သတ်မှတ်နေတဲ့ ဒီမိုကရေစီနည်းလမ်း များစွာရှိပေမဲ့ ဒီ(၇)ချက်သာ ပြည့်စုံအောင် ကျင့်သုံးမယ်ဆိုရင် ထိုတိုင်းပြည်ဟာ တိုးတတ်မှာ အမှန်ပါ။ အဲဒီနည်းလမ်းများကို မကျင့်သုံးဘဲ တိုင်းပြည်ရှိ လူသားအားလုံးက တစ်ဦးနှင့်တစ်ဦး နားလည်မှုမရှိ၊ လိုက်လျော့မှုမရှိဘဲ တင်းမာနေကြမယ်ဆိုရင် ဘယ်သောအခါမှ တိုးတတ်တဲ့နိုင်ငံ ဖြစ်လာမှာမဟုတ်ပါ။ တိုင်းပြည်အုပ်ချုပ်သူများကလည်း ငါတို့က အုပ်ချုပ်သူတွေဆိုပြီး လုပ်ချင်တာ လုပ်နေမယ်။ တိုင်းပြည်တွင်းရှိ ပြည်သူနှင့်အဖွဲ့အစည်းများကလည်း သူတို့အုပ်ချုပ် တာ နည်းလမ်းမကျဘူးဆိုပြီး ပြစ်တင်မှုတွေ တိုက်ခိုက်မှုတွေ ဖြစ်နေကြမယ်ဆိုရင် တစ်ဦးနှင့်တစ်ဦး ညီညွတ်နားလည်မှုမရှိခြင်းကြောင့် ထိုတိုင်းပြည်ဟာ တိုးတတ်မှုမရှိဘဲ ပျက်စီးမှုများနှင့်သာ ရင်ဆိုင်ရမှာ သေချာပါတယ်။

မိမိနိုင်ငံသားချင်း မကျေမနပ်ဖြစ်ပြီး ရန်ငြိုးများထားကာ တိုက်ခိုက်မှုများလုပ်နေကြမည် ဆိုပါက တိုင်းပြည်ဘဏ္ဍာငွေများဟာ တိုက်ခိုက်မှုအတွက် သုံးလိုက်ရခြင်းကြောင့် အလဟဿဖြစ်သွားပါတယ်။ အဲဒီလို တိုင်းပြည်အတွက် အကျိုးမရှိဘဲ တိုင်းပြည်ဘဏ္ဍာငွေများ ဆုံးရှုံးနေမယ်ဆိုရင် တိုင်းပြည်ဟာ ဆင်းရဲပြီးဆင်းရဲဖြစ်နေမှာပါ။ ဒါပြင် တိုင်းပြည်အတွင်း တိုက်ခိုက်မှုများဖြစ်နေရင် ပြည်သူပြည်သားများဟာ အသက်အန္တရာယ်နှင့်ရင်ဆိုင် နေရခြင်းကြောင့် စီးပွားရေးအလုပ်ကိုင်များပျက်စီးကာ တိုင်းပြည်ကြီး ပျက်စီးသထက် ပျက်စီးနေပါလိမ့်မယ်။

ဒါကြောင့် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုဟာ တိုင်ပင်သင့်တာ တိုင်ပင်ပြီး လုပ်သင့်တာကိုလည်း ညီညွတ်စွာဖြင့် မိမိလူမျိုးတိုင်းပြည်တိုးတတ်အောင် မာန်မာနတွေ တင်းမာမှုတွေမရှိကြဖို့ လို်ပါတယ်။ တိုင်းပြည်တွင်းရှိ အဖွဲ့အစည်းအားလုံးဟာ တစ်ဦးနှင့်တစ်ဦး နားလည်ညီညွတ်မှုရှိပြီး တိုင်းပြည်အတွက် ပြုလုပ်စရာရှိတာကို ဖေးမကူညီလုပ်ကိုင် ဆောင်ရွက်ကြမယ်ဆိုရင် တိုးတတ်တဲ့နိုင်ငံတစ်ခု ဖြစ်လာမှာပါ။ အဲဒီလိုမဟုတ်ဘဲ တိုင်းပြည်တွင်းရှိ အဖွဲ့အစည်းအားလုံးဟာ မိမိကောင်းစားဖို့ တစ်ခုတည်းသာကြည့်ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်ဓာတ်များရှိနေလျှင်တော့ ထိုတိုင်းပြည်ဟာ ဘယ်သောအခါမှ တိုးတတ်လာလိမ့်မည်မဟုတ်ပေ။

တိုင်းပြည်တွင်းရှိ လူသားအားလုံးဟာ မိမိတိုင်းပြည်ကို လှပစေချင်တယ်ဆိုရင်တော့ အုပ်ချုပ်သူများကလည်း ဝေသာလီမင်းသားများ အုပ်ချုပ်သလို စည်းစနစ်တကျအုပ်ချုပ်ကာ တိုင်းပြည်လိုအပ်ချက်များကို ပြုပြင်ဆောင်ရွက်ပေးရပါမယ်။ ပြည်သူများကလည်း မိမိတိုင်းပြည် တိုးတတ်ရေးအတွက် စည်းကမ်းများလိုက်နာကာ လုပ်စရာရှိတာကို မခိုးမကပ်ဘဲ ပြုလုပ် ဆောင်ရွက်သွားမယ်ဆိုရင် ဘက်စုံဖွံ့ဖြိုးတိုးတတ်တဲ့ နိုင်ငံတော်ကြီးတစ်ခုအဖြစ် ကမ္ဘာပေါ်မှာ ရပ်တည်နိုင်ပြီး မော်ကြွားနိုင်မှာ အမှန်ပါ။

ဒီဆောင်းပါးလေးကို လွန်ခဲ့တဲ့(၃)လလောက်က တက္ကသိုလ်ကျောင်းသူတစ်ဦးကနေ စာစီစာကုံးရေးခိုင်းတာကြောင့် ရေးပေးလိုက်ပါတယ်။ နောက်ပိုင်းကျတော့ ဂျာနယ်တစ်ခုကနေ တိုင်းပြည်တိုးတတ်ရန်အတွက် လိုအပ်တဲ့အချက်အလက်များကို မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ နည်းလမ်းများနဲ့ ရေးသားပေးပါလို့ တောင်းဆိုတာနဲ့ ဒါကိုပဲ အချောသတ်ပြန်ရေးပေးလိုက်ပါတယ်။ အဲဒီဂျာနယ်က ထည့်မထည့်တော့ ဦးဇင်းကို အကြောင်းမပြန်လို့ သေချာမသိရသေးပေ။ အခု ဦးဇင်းလည်း ဝက်ဆိုဒ်တင်ဖို့ ရေးချိန်လည်း မအားသေးတာနဲ့ ဘာများတင်စရာရှိလဲလို့ လိုက်ကြည့်လိုက်တဲ့အခါ ဒီဆောင်းပါးလေးတွေ့တာနဲ့ အင်တာနက်မှာ မတင်ရသေးတာမို့ ဦးဇင်းစာဖတ်ပရိသတ်များ လုပ်ငန်းခွင်မှာဖြစ်စေ၊ တိုင်းပြည်အတွက်ဖြစ်စေ အသုံးဝင်တဲ့အကြောင်းအရာလေးများ ပါနေခြင်းကြောင့် အသုံးတည့်က အသုံးပြုနိုင်ရန် အင်တာနက်ပေါ်သို့ တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

About ဆန်နီနေမင်း

has written 64 post in this Website..
