ဟုတ်တယ်၊ ဟုတ်ဖူး


ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား… :(
ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်နဲ့ သံမဒဂျီးဦးသိန်းစိန် အင်တာဗျူးမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တို့နဲ့ဆိုင်တဲ့ ကောက်နုတ်ချက်ပါ။ သံမဒဂျီးက ဘာတခုမှ အာမခံချက်ပေး မသွားဘူးနော်။ ဒီမိုကရေစီလမ်းကြောင်းဖော်ဆောင်နေပါတယ်ဆိုသူက ယုံကြည်ချက်ကြောင့် အဖမ်းခံရသူဆိုတာ လက်မခံဘူးတဲ့။ နိုင်ငံရေးအကျဉ်းသားဆိုတာ ခိုးဆိုးလုယက် ရာဇဝတ်သားတွေနဲ့ အတူတူပဲလား။ မီးတုတ်မရှို့ရလို့ ကျနော် စကားနာ ထိုးနေတာ မဟုတ်ဘူးနော်။ စစ်အုပ်စုရဲ့ ခြေလှမ်းတွေကို ပြောပြနေတာ။ နောက်ဆုံး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တောင် ဥပဒေချိုးဖောက်ထားသူ များအနေနဲ့ လွှတ်ပေးမှာ။ နိုင်ငံရေးမှာ အသိအမှတ်ပြုမှုသည် အရေးကြီးဆုံးပဲ။ အရင်ကတော့ စစ်ယူနီဖောင်း ဝတ်ထားလို့ လုပ်ချင်တာလုပ်တာ မတားနိုင်ဘူးဆိုရင် အခုလို အရပ်သားအစိုးရပုံစံဖမ်းနေချိန်မှာ ဒီစကားမျိုး ပြောတာ အရမ်းထူးဆန်းနေတယ်။ အကြောင်းမဲ့ ပြောတာမဟုတ်ဘူး။ အဓိပါယ် အများကြီးရှိတယ်။ အရင်က သူတို့ အားသာနေတော့ နိုင်ငံရေးသမားတွေကို ခံဝန်ချုပ်နဲ့လွှတ်ပေးတယ်။ အခုအချိန်မှာ လုပ်ခွင့်မသာဘူး။ ခြွင်းချက်မဲ့ ပြန်လွှတ်ပေးရဖို့များတယ်။ သို့သော် အသိအမှတ် မပြုဘူး။ အကျိုးဆက်က ဘာဖြစ်မလဲ။ နောင်ဖြစ်လာတိုင်း တည်ဆဲဥပဒေ ချိုးဖောက်မှုနဲ့ အလွယ်တကူ ဖမ်းခွင့်ရှိတယ်။ ရာဇဝတ်သားများလို ဆက်ဆံလိမ့်အုံးမယ်။ အန်အယ်ဒီအနေနဲ့ ကိုယ်လုပ်ရမဲ့ အဆင့်တွေကျော်ပြီး လုပ်ခဲ့လို့ နောင်ပေးဆပ်ရမှာ တပုံကြီး ဖြစ်နေပြီ။
ဒီကြားထဲ သပ်ရှိုသွေးခွဲမှုများနဲ့ နိုင်ငံရေး ကစားလိမ့်အုံးမယ်။ ပြုပြင်ပြောင်းလဲရေးများ တိုးတက်မှု မရှိအောင် လွှတ်တော်နိုင်ငံရေး ကစားကွက်များနဲ့ ဆန့်တငင်ငင် လုပ်ထားလိုက်ရင် အန်အယ်ဒီအဖွဲ့အတွင်း အက်ကြောင်းပိုကြီးလာမယ်။ အခုပဲကြည့်လေ အန်အယ်ဒီဖက်က လျော့လိုက်ရမှန်းသိတော့ အရူးကွက် စနင်းပြီ။ တကွက်ထဲမကဘူး၊ နောက်ထပ် အကွက်တွေနင်းပြလိမ့်အုံးမယ်။ လွှတ်တော်တွင်း နိုင်ငံရေးဆိုတာ နည်းဥပဒေ၊ လုပ်ကွက်တွေနဲ့ အဆင့်ဆင့်သွားတာ။ မတရားဘူး တရားတယ် ပြောလို့မရဘူး။ သူ့သဘော သဘာဝကိုက အဲသလိုရှိနေတယ်။ ကိုယ်က အင်အားမရှိတဲ့ အနည်းစုဆိုရင်တော့ ခံပေတော့။ ပြည်တွင်း ငြိမ်းချမ်းရေးလည်း သည်လိုပဲ လက်နက်ချပြီးမှ ဆွေးနွေးလို့ ဖြစ်နိုင်မယ်။ စစ်တပ်အနေနဲ့ မဖြစ်နိုင်တာတွေ တောင်းမယ်။ နောက်တဆင့် အယောင်ပြ လိုက်လျောမှုအချို့ပြုပြီး ကိုယ့်ဖက်က အပိုင်ချည်တုပ်ထားမယ်။ သူတို့ဂွင်ထဲဝင်တဲ့ အတိုက်အခံတွေ လုပ်နိုင်တာ တခုပဲရှိမယ်၊ အမေရိကန်ကိုသာ အပိုင်ကပ်ထားပေတော့။ သူကလွဲရင် ဘယ်သူ့ကိုမှ စစ်တပ်က မကြောက်ဘူး။ ပြည်ပအားကိုး ပုဆိန်ရိုးလို့ ပြောလည်း ပြုံးပြုံးကြီးသာ ခံကြ။ ကိုယ်က ဖြစ်ဖြစ်မြောက်မြောက် ဘာမှမလုပ်နိုင်ဘဲကိုး။။။။ :(

ဗွီအိုအေ မြန်မာပိုင်း အင်တာဗျူး

ဒေါ်ခင်စိုးဝင်း။ ။ “မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အရေးပါလှတဲ့ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွှတ်ပေးရေးနဲ့ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့သဘောထားကို အခုလို ပြောပြပါတယ်။”

ဦးသိန်းစိန်။ ။ “ယုံကြည်ချက်ကြောင့် ဆိုတဲ့ဟာကတော့ ပြောရမှာခက်တယ်။ ကျနော်တို့ကတော့ ယုံကြည်ချက်ဆိုတာကိုတော့ လက်မခံဘူး။ ဥပဒေတစ်ခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က အရေးယူထားတာ။ အဲဒီတော့ သူ့လိုပဲ ဥပဒေတစ်ခုခုတွေ ကျူးလွန်ထားတဲ့သူတွေ ထောင်ထဲမှာ အများကြီးရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေပဲ ပြောမယ်ဆိုရင်တော့ ကျန်တဲ့အဖွဲ့အတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာရာ ကျတယ်။ ကျနော်တို့ကတော့ အားလုံးအတွက် စဉ်းစားပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံကလည်း သမ္မတကို လုပ်ပိုင်ခွင့်အပ်နှင်းထားတာက ခုနကလို pardon ပေးလို့ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့် amnesty ကျနော်တို့က ပေးလို့ရတယ်။ အဲဒီတော့ အချိန်မရွေး အချိန်အခါအပေါ်မှာ ကြည့်ပြီးတော့ပဲ ကျနော်တို့ ဒါကို လုပ်သွားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “ဆက်လက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်တာတွေ ရပ်စဲသွားအောင်၊ ငြိမ်းချမ်းရေးရအောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေတဲ့အကြောင်းကိုလည်း ဦးသိန်းစိန်က အခုလို ပြောပါတယ်။”

ဦးသိန်းစိန်။ ။ “ထာဝရ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့က အဓိပ္ပါယ်ဖွင့်တာကတော့ ဥပဒေဘောင်ထဲကို ကျနော်တို့အားလုံး ၀င်ရောက်ပြီးတော့မှ ဥပဒေတခုတည်းရဲ့အောက်မှာ နိုင်ငံသားအားလုံးက နေထိုင်လုပ်ကိုင် စားသောက်၊ သွားစရာရှိတဲ့နေရာတွေ သွားပြုပြီးတော့ ဒီလိုဖြစ်ရေးဟာ ခုနကလို ကျနော်တို့အတွက် ထာဝရ ငြိမ်းချမ်းရေးဖြစ်တယ်။ သို့သော်လည်း အချိန်တော့ ယူရမယ်။ ဒီအထဲမှာလည်း ကျနော်တို့ ညှိရပြုရတာ ခေါင်းဆောင်ပိုင်းတွေမှာလည်း စာတတ်တဲ့ ပေတတ်တဲ့သူတွေ ပါသလို စာမတတ်ပေမတတ်တွေကလည်း ပါနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုလည်း တဘက်က ကျနော်တို့က သူတို့နဲ့ တည်ဆောက်၊ သူတို့ကိုလည်း နားလည်အောင် ပြောထားတယ်။ မင်းတို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာတော့ ဥပဒေဘောင်ထဲကို အားလုံးဝင်ရောက်လာပြီးတော့မှ ဒီဥပဒေတခုတည်းရဲ့ အောက်မှာ ပါတီဖွဲ့ချင်တဲ့သူတွေက ဖွဲ့။ စီးပွားရေးလုပ်ချင်တဲ့သူက လုပ်။ ပြီးရင် ခုနကလို လွှတ်တော်ထဲရောက်လာရင်တော့ အကုန်လုံး တို့တိုင်းရင်းသားတွေဟာ တန်းတူရည်တူနဲ့ ဆက်ဆံကြရမှာပဲ ဆိုပြီး ရည်ရွယ်ထားတာကတော့ အဲဒီလို ရည်ရွယ်ထားတယ်။”

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး

   Send article as PDF