နရီ

 

တစ်ချက်မွန်းပြီး နှာခေါင်းပေါ်ခဲ့တာတောင်

မြောင်းထဲမှာ ပျော်နေတုန်း

ရေစီးထဲမှာ မျောနေတာတောင်

တက် ကို မြင်ယောင်နေမလား…

အတွေးက ချုံးပွဲချ

ခန္ဓာက ဟားတိုက်လှောင်ပြောင်

အလင်းရောင်ကို မမြင်ရသေး

ဘယ်တော့မှလည်း မမေးတတ်တဲ့ အသိ

ရင်ဘတ်ကို လှစ်ဟလိုက်တော့

ရင့်ကျက်မှုက သုည

ဘဝင်စိတ်တွေ ခုန်ချသွားတဲ့

အတ္တ ချောက်ကမ်းပါးထဲ

ဆင်ခြင်တုံတရားတွေ အရည်ပျော်ဆင်း

တစ်ခုခု လစ်ဟင်းနေသလား…

အတိတ်ကို စီးနင်းခဲ့တာတောင်

အနာဂါတ်ကို ယုန်ထင်ကြောင်ထင်

ပစ္စုပ္ပန်ကို မငြိုငြင်ဖို့

အိပ်မက်တွေကို မြှုပ်နှံဖို့ လိုပြီ….

တစ်စက္ကန့်ဆိုပေမယ့်လည်း

ပဉ္စလက်လို…

ခြေဖဝါးတွေ သွေးခြေဥခဲ့ပေမယ့်

အတွေးတွေက မနုခဲ့ဘူး

မျှောလင့်ချက်ကို ခေါ်ဆောင်လို့

အနားမှာ ကယောင်ကတမ်း

အာရုံတွေနဲ့ မှန်းဆနေရတာနဲ့တင်

ဇရာဆိုတာက နီးသထက်နီးလာ

ဤခရီးမှာလေ….

ဘယ်သူတွေပဲ ဟန်ဆောင် ဟန်ဆောင်

ကိုယ်တိုင်က အဓိက ဇာတ်ကောင်ပါပဲ…။ ။

 

လေးစားလျှက်

တောက ကိုရင်

၁၇.၁၁.၂၀၁၁

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…