အနုပညာရှင်တစ်ယောက်ဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင်ထက်ထက်မိုးဦးနှင့် စာနယ်ဇင်းသမားတစ်ယောက်ဖြစ်သည့် 7 Day News Journal မှ သတင်းထောက်မအေးသူစံတို့၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အများပြည်သူသိရှိစေရန် တင်ပြလာခဲ့သည့် စာနယ်ဇင်းများဖြစ်သည့် The Voice Weekly နှင့် The First Music ဂျာနယ်တို့ကို စာပေစိစစ်ရေးက ခေတ္တဆိုင်းငံ့ပြစ်ဒဏ်ပေးလိုက်ကြောင်းကို ယနေ့(၂၃-၅-၂၀၁၀)တွင် အဆိုပါဌာန၌ အတည်ပြုကြေငြာထားကြောင်းသိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စာနယ်ဇင်းလောကတွင် အငြင်းပွားခြင်း၊ ထင်မြင်ချက်ကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

“စာပေစိစစ်ရေးအနေနဲ့အခုလိုဆုံးဖြတ်တာဟာ ဘာ့ကြောင့်ဆိုတာတော့သေချာမသိပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ဖော်ပြတဲ့အတွက် လုပ်တာဆိုတော့ သိပ်ပြီးတရားနည်းလမ်းမကျဘူးလို့ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီသတင်း၊ ဒီကိစ္စက လုပ်ကြံထားတဲ့သတင်းမှမဟုတ်တာ။ လူအများရှေ့မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ကိစ္စပဲ။ ဒါကို ဖော်ပြလို့ ထုတ်ဝေခွင့်ဆိုင်းငံ့တယ်ဆိုရင် အများပြည်သူအတွက် ရေးသားဖော်ပြနေတဲ့ စာနယ်ဇင်းကောင်းတွေဟာ ထိခိုက်စရာဖြစ်လာပါတယ်။ ဒီကိစ္စတစ်ခုတည်းကိုပြောတာမဟုတ်ဘူး။ အများပြည်သူသိသင့်ရဲ့နဲ့ မသိရ၊ သိခွင့်မပေးတဲ့အခြားဖြစ်ရပ်မှန်သတင်းတွေလည်း ခုလိုပဲ တင်ပြခွင့်မရှိလို့ တိမ်မြုပ်သွားတာတွေရှိနေပါတယ်။ တကယ်တမ်းက စာနယ်ဇင်းတွေအနေနဲ့ နိုင်ငံတော်သိက္ခာထိပါးပျက်ပြားစေမယ့် အရေးအသားမျိုး၊ သတင်းမျိုးကလွဲရင် အများပြည်သူသိရှိသင့်တယ်လို့ထင်တဲ့ သတင်းတွေကို လွတ်လပ်စွာ တင်ပြခွင့်ရှိသင့်ပါတယ်။ အဲလိုတင်ပြလို့မှ သတင်းဟာမှားနေမယ်ဆိုရင် တင်ပြတဲ့မီဒီယာက တာဝန်ယူရဲဖို့ပဲလိုပါတယ်။ ခုလိုဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်မှာ ပိုပြီးတော့တောင် သတင်းလွတ်လပ်ခွင့်ကို ပေးသင့်ပါတယ်´´ ဟု ၀ါရင့်စာနယ်ဇင်းဆရာတစ်ဦးက သုံးသပ်ပြောကြားသည်။

ထိုသို့ ဆိုင်းငံ့ခံရမှုနှင့်ပတ်သက်၍ စာနယ်ဇင်းသမားတစ်ဦးကလည်း“ဆိုင်းငံ့ခံရတာထက်စာရင် ခုလို့ဖြစ်ရပ်မှန်ကိုတင်ပြခွင့်ရလိုက်တာက အမြတ်လို့တောင်ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလိုဖြစ်ရပ်မျိုးတွေက နောက်လည်း မကြုံနိုင်ဘူးလို့မပြောနိုင်ဘူး။ အနုပညာအသိုင်းအ၀ိုင်းနဲ့ စာနယ်ဇင်းအသိုင်းအ၀ိုင်းဆိုတာ ကင်းတာမှမဟုတ်တာ။ အဲဒီတော့ နောက်လည်းဒါမျိုးကြုံလာလို့ရှိရင် ရှေ့ကအဖြစ်အပျက်ကိုပဲကြည့်ကြတော့မယ်။ ရှေ့မှာဖြစ်တယ်။ ငြိမ်နေလိုက်တယ်။ ပြီးသွားတယ်။ အဲလိုဆိုရင် နောက်ကျရင်လည်း ခုလိုဖြစ်လာမယ်။ ခုလိုအများသိအောင်တင်ပြလိုက်တော့ နောက်ပိုင်းမှာ အမှားအမှန်နဲ့ မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ကြတော့ဘူးပေါ့။ စာနယ်ဇင်းနဲ့ အနုပညာလောကဆိုတာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီတွေပါ။ ခုလိုဖြစ်တာကတော့ မကောင်းဘူးပေါ့။ အနုပညာရှင်ဘက်က ဒါကိုသိသင့်တယ်။ ဆင်ခြင်သင့်ပါတယ်။ လိုအပ်မှ စာနယ်ဇင်းကို သုံးမယ်။ မလိုအပ်ရင် စာနယ်ဇင်းကို ဂျောင်ထိုးထားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကတော့ အောက်ကျလွန်းတယ်လို့ထင်ပါတယ်။ ခုဖြစ်ရပ်မှာလည်း ထက်ထက်မိုးဦးက “စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြားလစာကို သနားလို့ ဖြေနေခြင်း ဖြစ်တယ်လို့ပြောပြီး သတင်းထောက်ကို ဆံပင်ဆွဲပြီး ပါးရိုက်ခဲ့တယ်လို့ သိရတယ်။အဲဒါမျိုးက လုပ်ငန်းကိုပါစော်ကားရာရောက်ပါတယ်။ ဒါမျိုးမလုပ်သင့်၊ မပြောသင့်ပါဘူး´´ဟုသုံးသပ်ပြောကြားသည်။

ယခုလို ဂျာနယ်များဆိုင်းငံ့ခံရသည်နှင့်ပတ်သက်၍လည်း ထိုသို့လုပ်ဆောင်ခြင်းသည် နည်းလမ်းကျသည့်လုပ်ဆောင်မှုမျိုးမဟုတ်ကြောင်း၊ သတင်းမှန်ကို သတင်းမှန်အတိုင်းတင်ပြခြင်းဖြစ်သည့်အတွက် သတင်းလွတ်လပ်ခွင့်ပေးသင့်ကြောင်း၊ ကာယကံရှင်ဂျာနယ်များအနေနှင့်လည်း ထိုသို့ဆိုင်းငံ့ထွက်မလာမီကပင် ယင်းသတင်းကိုထည့်သွင်းပါက ဆိုင်းငံ့ခံရမည်ကို သိရှိသော်လည်း နောက်နောင် ထိုဖြစ်ရပ်မျိုးမဖြစ်စေရေးနှင့် အများပြည်သူသိရှိနိုင်ရေးအတွက်ရှေ့ရှု၍ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့သော စာနယ်ဇင်းမျိုး၊ မီဒီယာမျိုးများစွာပေါ်ပေါက်ရန်လိုအပ်ကြောင်းဖြင့် စာနယ်ဇင်းလောကတွင် ပြောကြားလျက်ရှိကြောင်း သိရသည်။

The First Music ဂျာနယ်တွင် ဖော်ပြပါရှိသည် ထက်ထက်မိုးဦးနှင့် အေးသူစံဖြစ်စဉ်…

About သတင်းလူသား

သတင်း လူသား has written 12 post in this Website..