စွန့်နေရင်းနဲ့ စွန့်လိုက်ပါတယ်။

who whoNovember 23, 20111min1116

ဘာရယ်မဟုတ် လုပ်ရင်း ကိုင်ရင်း ဉာဏ်ပေါ်ခိုက် ပေါ်လာရတဲ့ feeling လေးတစ်ခု ပြန် share ချင်တာနဲ့ ။
ကျနော် အခုတလော အချိန်ပြည့်ကိုပဲ စွန့်လွှတ်နေရတယ်လို့ နှလုံးသွင်းနေမိတယ်။

ထိုင်နေရင်းနဲ့ကိုပဲ ဪ..ငါ့ ခန္ဓာထဲက နာမ်တရားတွေဟာ (၁)စက္ကန့်မှာ ကုဋေ (၁)သိန်းပျက် ပျက်နေလို့ ထိုင်နေရင်းနဲ့ သူတို့ကို စွန့်နေရပါလား။ ရုပ်တရားတွေဟာလည်း (၁)စက္ကန့်မှာ ကုဋေ (၅၀၀၀)ကျော် ပျက်နေကြလို့ စက္ကန့်နဲ့အမျှကိုပဲ ဒီရုပ်၊နာမ်တွေကို စွန့်နေရပါလား။

အခုထိုင်ရင်းနဲ့လည်း စွန့်နေရတယ်။ သွားရင်းလာရင်း၊ စားရင်း သောက်ရင်းနဲ့ သူတို့တွေဟာ တပျက်တည်းပျက်လိုက်နေသမျှ ကိုယ်ကလည်း တစွန့်ထဲစွန့်နေရပါလားနော်။

နောက် ကိုယ်ရှင်သန်နေရတာတွေဟာ အချိန်တွေလည်း တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးကုန်လို့ အချိန်တွေကိုစွန့်နေရတယ်။

နောက် အလုပ်လုပ်လို့ ပင်ပန်းတဲ့အခါလည်း ငါ့ရဲ့ခွန်အားတွေ စွန့်နေရပါလား။

လှူတန်းတဲ့အခါမှာတော့ ငွေကြေး၊ ဥစ္စာတွေကို စွန့်လွှတ် နေတယ် ပေါ့။ ဒီလိုကြီးချည်း ဘာလုပ်လုပ် တွေးမိနေ ပြန်ပြီနော်။

အချိန်တွေကို စက္ကန့်နဲ့အမျှ စွန့်လွှတ်နေရတယ်။

ဒီလိုနဲ့ ဒီနေ့ရောက်တော့ မနေ့ကဆိုတာကို စွန့်လွတ်လိုက်ရပြီနော်။

ဒီနေ့တောင်မှ အခု ၅ နာရီဆိုရင် မနက်ကစလို့ ၄ နာရီ ၅၉ မိနစ်ထိ စွန့်လွတ်နေပြီးပြီ။
တော်တော်လေးတော့ ထူးဆန်းတာပဲ။ ဒီလို အတွေးတွေ တွေးမိနေတာလေ။

အိမ်ပေါ်က အောက်ကိုဆင်းရင်းနဲ့လည်း အင်း.. လှေကားထစ်တွေ တစ်ထစ်ပြီး တထစ်ကို စွန့်စွန့် သွားရ ပြန်ပြီ လို့ နှလုံးသွင်းနေပြန်ရော။

အခု ဒီစာတွေကို ရေးနေတဲ့အချိန်မှာကိုပဲ ကျန်တဲ့ အကြောင်းအရာတွေအားလုံးကို စွန့်ထားပြီးသား အလိုလိုဖြစ် နေတယ်ဆိုတာကို သိနေပြန်ပါတယ်။

အင်း တွေးရင်းနဲ့တောင် အတွေးတွေ တစ်ခုပြီးတစ်ခုကို စွန့်စွန့်သွားရပြန်ပြီနော်။

နောက် ကုသိုလ်လုပ်တိုင်း ဒီကုသိုလ်တွေကို ကိုယ်နဲ့နီးစပ်ရာတွေ အားလုံးကို share လုပ်မိခြင်းသည်လည်း ကုသိုလ်တွေကို စွန့်လှူနေရသလိုပဲ တွေးမိပြန်တယ်။

ဒီလို နှလုံးသွင်းမိတဲ့အခါ ဘာတွေထူးခြားပြီး ကောင်းလာသလဲဆိုတော့ အတိတ်ကို ခဏခဏ ပြန်တွေး မိတတ်တဲ့အပေါ်မှာ brakeလေး နင်းလိုက်သလို ဖြစ်သွားတယ်သိလား။

ကျနော်တို့ဟာ ဘာပဲဖြစ်ဖြစ် အတိတ်က အကြောင်းအရာတွေကိုပဲ ပြန်ပြန် ခေါ်မိနေကြတာလေနော်။ မတွေ့ တာကြာတဲ့ လူတစ်ယောက်ကို တွေ့ရင်ပဲ ဟယ်.. အရင်လိုမဟုတ်ပါလား။ အခု ပိန်သွားလိုက်တာဆိုတာနဲ့ အရင်က ငါနဲ့ ဘယ်လိုခင်တာကစပြီးနင်မှတ်မိသေးလား၊ ဘယ်တုန်းက ဘယ်လိုဆိုတာတွေက တစီတတန်းကြီးကို မပြီးနိုင် မစီးနိုင်တော့ဘူးနော်။

အင်း.. အခုတော့ တွေးမိပါတယ်။ အတိတ်ကို။
ဒါပေမယ့် တွေးရင်းနဲ့ပဲ ဒါတွေက စွန့်ပြီးသားတွေပဲ။ ဘာလို့ ပြန်ကောက်နေမှာလဲ ဆိုပြီး ဆက်မတွေးတော့ဘူး ပေါ့နော်။

တကယ်တော့ အတိတ်တင်ပဲလားဆိုတော့ အနာဂတ်သည်လည်း မရောက်သေးတဲ့အတွက် အလိုလို ကြိုတင် စွန့်ထားပြီးသားပါနော်။

အင်း.. ငါတို့ဟာလေ တစ်ရက်တစ်ရက် စွန့်ပြီးသားအတိတ်နဲ့ အနာဂတ်အပေါ်မှာပဲ တဝဲ လည်လည် နေလာ ခဲ့ကြတာ၊ ဒါသည်ပင် တကယ်စွန့်ထားရမှာပါလားဆိုတာလေး တွေးမိတော့၊ ပစ္စုပ္ပန်တည့်သွား တာပေါ့နော်။

ခုလည်းဘာထူးလဲနော် ကျနော့ရဲ့ ဒီလို အတွေးလေးတွေနဲ့ နှလုံးသွင်းမိနေတာလေးတွေကို အားလုံးကို ဝေမျှရင်းနဲ့ ခုပဲ စွန့်နေရပါပြီလေ။

အားလုံးလည်း ဒီစာလေးကို ဖတ်လိုက်ရပြီးနောက် နေ့စဉ် အားတိုင်း သွားသွား လည်ပတ်နေရသော အတိတ်နဲ့ အနာဂါတ်အတွေးများကို စွန့်နိုင်လို့ ငြိမ်းချမ်းသောဘဝပိုင်ရှင်များ ဖြစ်ကြပါစေလို့ ဒီကနေပဲ ဆုတောင်းလေးတွေ စွန့်လှူလိုက်ရပါတော့သည်။

6 comments

  • windtalker

    November 23, 2011 at 7:16 pm

    “ ငြိမ်းချမ်းသော ဘဝပိုင်ရှင်များ ” ဆိုတာ ဖြစ်ချင်ပါတယ် ဗျာ
    သားတို ့လို လောကီသားတွေ ဖို ့တော့
    အတိတ်ဆိုတာ သင်္ခန်းစာယူစရာ တွေဘဲမို ့၊ စွန် ့လွှတ်ဖို ့မလွယ်သေးကြောင်းရယ်ပါ

  • TTNU

    November 24, 2011 at 12:41 am

    မလွယ်တာကို ပယ်ခွာနှိုင်ဖို့ လေ့ကျင့်ရမှာပါ။
    အချိန်၊ ဇွဲ ၊ သဒ္ဓါတရား ၊ ပေါင်းစည်းမှ။

  • True Answer

    November 24, 2011 at 9:28 am

    ကျွန်တော်နားလည်သလောက်တော့ …
    တရားအလုပ်ဟူသည်-
    သမုတိ သစ္စာ ပညတ်တရားများကို တိုက်ရိုက် ပယ်ခြင်း ၊ စွန့်ခြင်းကို မဆိုလိုပါ။

    စွန့်တယ်ဆိုရာမှာ စိတ်ထဲက ပညတ်တရားများအပေါ်…
    (လှေကားထစ်ဖြစ်စေ၊ အချိန်ဖြစ်စေ၊ ငွေကြေးဖြစ်စေ၊ အိုးတွေ၊ အိမ်တွေ၊ မိမိနားလည်နေတဲ့ စိတ်တွေ၊ အတွေးတွေ၊ ဝေဒနာတွေ စသည်ဖြင့်)
    အဟုတ်ထင်…ငြိတွယ်…စိတ်ထဲ အဓိကထားနေမှု (အစွဲ) ကို စွန့်ရပါမယ်။

    ပညတ်တရားများဟူသည် ပယ်ဖို့၊ မဟုတ်သလို တွယ်ဖို့လည်း မဟုတ်ပါ။
    ပညတ်တရားများဟူသည် အသုံးချရုံသက်သက်၊ တွေ့ကြုံရုံသက်သက် ဖြစ်စေဖို့သာ။
    ပညတ်တရားများအပေါ် အဟုတ်ထင်၊ တကယ်ထင်၊ ဆုပ်ကိုင်ပြီးမှ စွန့်ရသည်မဟုတ်။

    ပညတ်တရားများအပေါ် (စိတ်ထဲ) အဟုတ်ထင်၊ ငြိတွယ်၊ အဓိကထားနေမှု (အစွဲ)ကို စွန့်ရပါမယ်။
    ———————————————-
    မှန်မှန်ကန်ကန် စွန့်လွှတ် တတ်ခြင်း တရားတော်အချို့
    http://realenlightenment.multiply.com/music

    • ကြောင်ကြီး

      November 24, 2011 at 11:39 am

      who who က ငါဆိုတာ စွဲကိုင်မရကြောင်း၊ မရှိကြောင်းကို ပညတ်တင် ပြောတာဖြစ်ပါလိမ့်မယ်။
      ဟူးဟူး ဟူးဟူး
      ထူးဘူး ထူးဘူးနဲ့
      မြူးထားလိုက်တာ
      နိဗ္ဗာန်ရောက်ဖို့နီး…။ 🙂

  • Sonny

    November 24, 2011 at 12:56 pm

    who whoခင်ဗျာ..
    သေးသေးနည်းနည်း လေးတွေ စွန့် ကြည့်နေပါတယ်။ စွန့် ရတဲ့အရသာ က ဘာနဲ့မှမတူပါဘူး။
    ွgive up or give away ကိုဆိုလိုတာပါ။ ဒါပေမဲ့ မသိပဲ စွန့်ပြီး ရင်းစွန့်နေ ရတာ ဒီခန္တာပါ။
    မစွန့်ချင်လည်းစွန့်ကြရမှာ။ ပြင်ထားကြရမှာပေါ့။ စွန့် ရင်းပြင်ထားကြရမှာပေါ့။
    ချစ်ခြင်းအားဖြင့် … ကိုဆန်နီ….

  • whowho

    November 25, 2011 at 9:14 am

    ဟုတ်ကဲ့ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တင်တဲ့ပို့စ်နဲ့ပတ်သက်လို့ နားလည်မှုတွေ အမျိုးမျိုးဖြစ်နိုင်မယ်ဆိုတာ နားလည်ထားပြီးသားပါ။ တကယ်တော့ စွန့်လိုက်မှသာ လွတ်မြောက်သွားရတဲ့ လွတ်မြောက်မှုချမ်းသာစစ်ကို ကိုယ်တွေ့ကြုံဖူးသူတိုင်း နားလည်သဘောပေါက်ကြမှာပါနော်။ အဲလိုခံစားဖူးသူတိုင်းကလည်း အဲဒီအရသာလေးလောက်ကောင်းတာမရှိပါလားဆိုတာ နားလည်သွားမှာ ဖြစ်သလို တချိန်က မသိပဲစွဲထားတာတွေကို လွတ်ချနိုင်တဲ့ဉာဏ်လေးရမှ ချမ်းသာမှာပါ လားဆိုတာ သိလာရပါတယ်။ နောက်တစ်ခုက အရာရာရဲ့ အနှစ်မဲ့နေတာကိုပါ ခံစားမိလာတာကြောင့် စွန့် ပြီးရင်း စွန့်လို့သာ လွတ်မြောက်မှုရဖို့ အချိန်ပြည့်ချောင်းနေပါတော့တယ်။ ကိုယ်လွတ်ချနိုင် သမျှတွေကို နိုင်သလောက် လွတ်ချနေရင်း အနှောင်အဖွဲ့တွေအပေါ် ကြောက်တတ်လာပါမယ်နော်။
    အင်း ပြောရတာတော့ခက်သား။ ကိုယ်တိုင်စွန့်ကြည့်မှ လွတ်ချဖို့ ခက်တာတွေက တပုံကြီးဆိုတာ တွေ့လာပါ လိမ့်မယ်နော်။ တကယ့်ကို စွန့်နိုင်သွားတဲ့အခါမှာရလာတဲ့ လွတ်မြောက်မှုအရသာလေးကို အမြည်းလေး ရစေချင်တဲ့စေတနာတွေကြောင့်သာ ဒီပို့စ်လေးကို ပြန်လည် ဝေမျှလိုက်ရခြင်းဖြစ်ပါကြောင်း…

Leave a Reply