သင်္ဂါဟက(တောင်သာ)၏ ပစ္စုပ္ပန်ကမ္မဝါဒ ဘာလဲ၊ ဘယ်လဲ ရေးသားချက်များ

shwemyintinNovember 23, 20111min11210

စာရေးသူ၏ သုံးသပ်ချက်ပါရှိပါသည်။

 

သင်္ဂါဟက(တောင်သာ)ရေးသားသော ပစ္စုပ္ပန်ကမ္မဝါဒ ဘာလဲ ဘယ်လဲ စာအုပ် စာမျက်နှာ (၂)တွင် အောက်ပါအတိုင်းရေးသားထားပါသည်။

        ဤသို့လျှင် သမ္မာဒိဋ္ဌိကတို့၏ အသိဉာဏ်အရာမှာမူ အဓိပ္ပာယ်(အမှန်) ရှိနေခြင်းကြောင့် အဆိုပါ မေးခွန်းမျိုးကို(ဘုရားမဖြေသော မေးခွန်း ၁ဝပုဒ်) သမ္မဒိဋ္ဌိက တို့ကလည်း မေးမည်မဟုတ်ကြပေ။ ဟု ရေးသားထားပါသည်။

 

စာရေးသူ၏ မေးလျှောက်သုုံးသပ်ချက်

သင်္ဂါဟက(တောင်သာ)အား မေးလျှောက်လိုပါသည်။ အသျှင် မာလုကျပုတ္တမထေရ်၊ အသျှင် အနုရာဓတို့သည် မိစ္ဆာဒိဋ္ဌိကလော၊ သမ္မာဒိဋ္ဌိကလော။ ထိုအရှင်နှစ်ပါးသည်လည်း မြတ်စွာဘုရားအား အဗျာကထန(၁၀)ပါးနှင့်စပ်၍ မေးမြန်းထားသည်ကို ပါဠိတော်များတွင် တွေ့ရှိရပါသည်။ အဗျာကထန(၁၀)ပါးကို သမ္မာဒိဋ္ဌိကတို့သည် မေးမည်မဟုတ်ဟု အခြားသော ဝါဒီတို့ကို အနိုင်လို(နှိပ်ကွပ်)ချင်သော စိတ်ပြင်းပြမှုဖြင့် ရေးသားခြင်းမှာ ထေရဝါဒ သာသနာအတွက် အလွန်အရုပ်ဆိုး အကျည်းတန်ပါတယ်။

 

သင်္ဂါဟက(တောင်သာ)ရေးသားသော ပစ္စုပ္ပန်ကမ္မဝါဒ ဘာလဲ ဘယ်လဲ စာအုပ် စာမျက်နှာ (၄)တွင် အောက်ပါအတိုင်းရေးသားထားပြန်ပါသည်။

        သမ္မာဒိဋ္ဌိက မှန်သမျှသည်-

                “လောက-ဒုက္ခတို့သည် မမြဲကုန်။ လောကဒုက္ခတို့သည် အဆုံးရှိကုန်၏။ သတ္တဝါတို့တွင် (၁) “ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ဖြစ်မူ” သေသည်မှ နောက်၌ ဖြစ်ကြကုန်သေး၏။ (၂) ”ဘုရား၊ ရဟန္တာတို့ဖြစ်မူ” သေသည်မှ နောက်၌ မဖြစ်ကြကုန်” ဟူ၍ သိကြပြီးပါပြီ။ ဟု ရေးထားသည်ကို တွေ့ရှိရသည်။

စာရေးသူ၏ သုံးသပ်ချက်

ထို စာပိုဒ်ကို ပြောင်းပြန်နိယာမဖြင့် အကျဉ်းသိစေသော် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါန်၊ အနာဂါမ် တို့သည် သေသည်မှ နောက် ဖြစ်ကြကုန်သေး၏၊ ဘုရား၊ ရဟန္တာတို့သည်  သေသည်မှ နောက် မဖြစ်ကြကုန်” ဟု သိရှိသူတို့သာ သမ္မာဒိဋ္ဌိ( အမြင်မှန်) သူဟု ဆိုလိုခြင်းဖြစ်ပေသည်။

သင်္ဂါဟက(တောင်သာ)သည် မိမိစိတ်ဖြင့် ကြံစည်ပြောဆိုခြင်းကို အလွန်နှစ်သက်သူ ဖြစ်ပေသည်။ ဘုရားရှင်သည် သေသည်မှ နောက်နှင့်စပ်သော အမေးများအားလုံးကို မည်သည့်ပုဂိ္ဂိုလ်မှ မေးမေး မဖြေကြားဘဲ ထားပြီး၊ ထိုသို့ မဖြေကြားရုံကာမျှမဟုတ် ထို အရာစုများသည် အကျိုးနှင့်မစပ်၊ တပ်မက်ခြင်းကင်းခြင်းငှာမဖြစ်၊ လောကုတ္တရာ တရားနှင့်မစပ် စသည်ဖြင့် ဆိုးပြစ်များစွာကိုပါ ထုတ်ဖော်ဟောကြားထားသည်ကို မသိလေရော့သလား။

သင်္ဂါဟက(တောင်သာ)သည်  ၎င်းရေးသားသော စာမျက်နှာ (၄ နှင့် ၅) တို့တွင်မူ ထိုသို့ မြတ်ဗုဒ္ဓဖြေကြားသည်မှာ မိစ္ဆဒိဋ္ဌိကတို့မှ မေး၍သာ တန်ရုံမျှ ဖြေကြားသည်ဟု ရေးသားထားပြီး စာမျက်နှာ (၆)တွင်မူ  မဟာဝဂ္ဂသံယုတ်ပါဠိတော် (၁၂) သစ္စသံယုတ် (၁) သမာဓိဝဂ်၊ (၈) စိန္တသုတ်မှ စာပိုဒ်အမှတ် (၁၀၇၈)ကို ထုတ်နုတ် ဖော်ပြထားပြန်ပါသည်။

သင်္ဂါဟက(တောင်သာ)သည် အခြားသောသူကို ရန်လိုတုန့်ပြန်လိုသော ဆန္ဒများစွာဖြင့် ရေးသားထားသည်မှာ လွန်စွာရုပ်ဆိုးလှပါသည်။ စာမျက်နှာများစွာ မဟုတ်ပါဘဲ စာမျက်နှာ ၁၉ဝသာ ပါရှိသော စာအုပ်ငယ်တစ်အုပ်ကိုပင် စာမျက်နှာ ကပ်၍ပင် ရှေ့တစ်မျိုး နောက်တစ်မျိုးရေးသားထားသည်မှာ ဗုဒ္ဓဘာသာသာသနာ အတွက် မရှိသင့်သည်မှာ အမှန်ပင်ဖြစ်ပါသည်။

တဖန် အဆိုပါစာအုပ်၏ စာမျက်နှာ (၄၃)တွင် ထိုသို့ ရေးထားပြန်ပါသည်။

လယ်သမားသည် လယ်မှာပျိုးမချခင်လည်း စပါးရမှ ရပါ့မလားဟု ပူပန်နေလိမ့်မည်။ ဤသည်မှာလည်း တဏှာပေတည်း။

        ထိုတဏှာကြောင့် လယ်ထွန်ခြင်း၊ ပျိုးချခြင်း၊ ရေသွင်းခြင်း စသည်များကို ပြုလုပ်သည်။ ဤသည်ကား ဒုက္ခပေတည်း။ တဏှာကြောင့် ဒုက္ခဖြစ်ရပေသည်။

        စပါးမှည့်သောအခါ ရိပ်ပြီးသိမ်းပြီး ယူသည်။ ဤသည်လည်း လောဘပေတည်း။ ဤလောဘကြောင့် ကုန်သွယ်မှု လဲလှယ်မှု စသည်များကိုလည်းပြုသည်။ ကိုယ်တိုင်စားမှု သားမယားကျွေးမှု၊ လှူဒါန်းမှု စသည်တို့ကိုလည်း ပြုသည်။ ဤသည်တို့ကား ဒုက္ခတို့ပေတည်း။

အလွန်မှပင်ရက်စက်လှသော ရေးသားချက်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ဆိုလျှင် ထေရဝါဒ သာသနာ၏ ဟောပြောချက်အရ လှူဒါန်းမှုဒါန ကို ကောင်းသောလုပ်ရပ်ဟု တိုက်တွန်းနှိုးဆော်ပြီး အလှူခံမှုပြုနေသူကိုများသည် လှူဒါန်းသူများကို တဏှာ မပွားပွားအောင် ပြုသူများပင် ဖြစ်ပါလိမ့်မည်။

ထိုကဲ့သို့ တဏှာများပွားသည်ထက်ပွားအောင် ပြုသူများထဲတွင် သင်္ဂါဟက(တောင်သာ)သည် ထိပ်ဆုံးမှပါဝင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော ယခု ရေးသားသော စာအုပ်၏ ရှေဆုံးမှပင် အနုမောဒနာ ဂုဏ်ပြုလွှာဟု ဖောပြပါရှိပါသည်။

ထို့ကြောင့် သင်္ဂါဟက(တောင်သာ)တို့သည် လိုလျှင်တစ်မျိုး၊ မလိုလျှင်တစ်မျိုး ရေးသူ၊ ပြောသူဖြစ်နေသည်ကို ဤစာအုပ်ပါ စာသားများမှ သက်သေထူလျက်ရှိပါသည်။

ထပ်မံ ကောက်နုတ်ပြသရမည်ဆိုလျင် စာမျက်နှာ (၆၇)တွင် သင်္ဂါဟက(တောင်သာ) ဤသို့ ရေးသားထားပြန်ပါသည်။

ပရမတ္တသစ္စာနည်းအရ မှန်တာသိလျှင် တရားရနိုင်သည်သာ ဖြစ်ပါသည်။ ပရမတ္တသစ္စာနည်းအမှန်နှင့် အရိယသစ္စာနည်းအမှန်ဟူ၍ ခေါင်းစီးကွဲနေစေကာမူ အတူတူသာ ဖြစ်၍ တစ်ခုတည်းပင်တည်း။ ဟု ဖော်ပြထားပါသည်။

ဤသို့ဆိုခြင်းသည် အခြားသော ရဟန်းပညာရှိ၊ လူပညာရှိတို့၏ ပြောကြားချက်များကို လစ်လျူရှုခြင်းသာဖြစ်ပြီး တစ်ဖက်သူကို အနိုင်ရယူလိုသော စိတ်ဖြင့်သာ မစဉ်းစားဘဲ ပြောခြင်းဖြစ်ပါသည်။ ဆရာတော် ဦးဉာဏိဿရ ဟောထားသော တရားတစ်ခုတွင် နာယူဖူး ပါသည်။ ပရမတ္တသစ္စာ နှင့် အရိယသစ္စာ ကွဲပြားချက်အကြောင်းပါ။

“အရှေ့က နေထွက်သည်၊ အနောက်က နေမထွက်ပါ” ဆိုသည်ကား အရှေ့ အနောက် စသည်တို့သည် ဒိသာပညတ်သာဖြစ်၍ သမုတိသစ္စာ နည်း(အမှန်)များသာ ဖြစ်ပါသည်။ ပရမတ္တသစ္စာနည်းအရဆိုလျှင် အရှေ့ဟူ၍ မရှိပေ။ အနောက်ဟူ၍လည်း မရှိပေ။ ဟု ရေးသားထားပါသည်။

စာဖတ်ပရိသတ်တို့ စဉ်းစားကြပါကုန်။ ပရမတ္ထသစ္စာအမှန်သည် မှန်ရုံမျှသာ ဖြစ်ပြီး အသုံးမဝင်၊ လူ့အသိကို ပိုမို၍တိုးတက်ဖွံ့ဖြိုးစေမှုကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပါ။ အဘယ် ကြောင့်ဆိုသော အထက်ပါ သင်္ဂါဟက(တောင်သာ)ရေးသားချက်အရ ပရမတ္ထသစ္စာ အရဆိုလျှင် အရှေ့မရှိ၊ အနောက်မရှိဟု ဆိုထားပါသည်။

ထိုသို့သာ သမုတိသစ္စာကို ပရမတ္ထသစ္စာမှ ရပ်တည်၍ ပယ်မည်ဆိုလျှင် ပရမတ္ထသစ္စာ ဆိုသော အသုံးအနှုံး သတ်မှတ်ချက်ကိုပင် ပြောရန်လိုမည်မဟုတ်၊ ဘာမျှမပြောပါနှင့် သင်္ဂါဟက(တောင်သာ) ပြောဆိုရေးသားသော အကြောင်းအရာ မှန်သမျှသည် သမုတ်ချက်(သမုတိသစ္စာ)များသာ ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် ပရမတ္ထသစ္စာပေါ်တွင် ရပ်တည်နေသော ပုဂိ္ဂုလ်များ အားလုံးသည် ပြောဆိုနေချိန်တွင်သာ ငါမရှိ၊ သူမရှိ၊ အိမ်မရှိ၊ ကျောင်းမရှိ လုပ်နေကြပြီး အချိန်တန်တော့လည်း သည်မရှိဘူးပြောသော အရာတွေကိုပင် ပြောဆိုသုံးစွဲနေသည်ကို တွေ့ရှိရပါသည်။

သတ်မှတ်ချက်(သမုတ်ချက်)ဖြစ်သော သမုတိသစ္စာကို မလိုလျှင်ပယ်၊ လိုလျှင်ယူသုံး လုပ်နေကြပါသည်။ ထို့ကြောင့် ယခုဖားဖြစ်လိုက်၊ တဖန် ငါးဖြစ်လိုက်နှင့် ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်းအဖြစ်သို့ ရောက်ရှိနေပါသည်။

အမှန်တကယ်လေ့လာကြည့်ကြပါ။ မြတ်စွာဘုရားသည် သမုတိသစ္စာကိုလည်း မပယ်ပါ။ ပရမတ္ထသစ္စာကိုလည်း မပယ်ပါ။ ထိုသစ္စာနှစ်ရပ်လုံးသည် လူ့ငြိမ်းချမ်းမှုကို တိုက်ရိုက်ပေးစွမ်းနိုင်ခြင်း မရှိပါ။ သို့သော် ၎င်းသစ္စာတို့၏ အထောက်အပံ့ဖြင့် လူ့ငြိမ်းချမ်းမှုကို လမ်းညွှန်သော အရိယသစ္စာဒဿနကို ထုတ်ဖော် ဟောပြောခြင်းဖြစ်ပါသည်။  သမုတိသစ္စာနှင့် ပရမတ္ထသစ္စာနှစ်ရပ်သည် သစ္စာတစ်ခုတည်း ရပ်တည်၍ မရပါ။ ပရမတ္ထသစ္စာ ရှိ၍ သမုတိသစ္စာရှိသလို၊ သမုတိသစ္စာရှိ၍သာ ပရမတ္ထသစ္စာရှိခြင်းဖြစ်ပါသည်။ ဆိုလိုရင်းမှာ ပရမတ္ထသစ္စာဟု ပြောဆိုသုံးစွဲနေခြင်းသည်ပင် သမုတိသစ္စာပင်ဖြစ်ပါသည်။

ထို့ကြောင့် သင်္ဂါဟက(တောင်သာ)၏ ရေးသားချက်များသည် လွန်စွာ မသေသပ်၊ မသပ်ရပ်မှုများပင်ဖြစ်ပြီး ထေရဝါဒ သာသနာထုအတွက် အလွန်အရုပ်ဆိုးသည်အဖြစ်သို့ ရောက်ရှိပါသည်။

သင်္ဂါဟက(တောင်သာ)ဤမျှ ပရမတ္ထသစ္စာကို ကြိုက်နှစ်သက်ပါက ပရမတ္ထသစ္စာ၏ လမ်းညွှန်မှုကို အပြည့်အဝခံယူရပ်တည်ကြည့်ပါ။ အရှေ့မရှိ၊ အနောက်မရှိ၊ စသည်ဖြင့် သတ်မှတ်ချက်(သမုတ်ချက်) သမုတိအားလုံးမရှိဆိုလျှင် (ကုဋေရှစ်ဆယ် သူဌေးသား)ထက်ပင် ဆိုဖွယ်ရာရှိပြီး ထို့ထက် မည်မျှဆိုးမည်ကို စဉ်းစား၍တောင် မရနိုင်သော ဆိုကျိုးများဆီသို့သာ ဦးတည်နေပေလိမ့်မည်။

ယနေ့ စာပေအတတ်ပညာများ သင်ကြားလေ့လာနေခြင်းသည်ပင် သမုတိသစ္စာကို သင်နေခြင်းပင် ဖြစ်သည်ကို သင်္ဂါဟက(တောင်သာ) မသိရှိလေရော့သလား။

 

တဖန် စာမျက်နှာ(၆၈)တွင် မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ်က တရားရကြသူ (ရှင် ကောဏ္ဍည အစ – ရှင်သုဘဒ္ဒ အဆုံး ရဟန်းအားလုံးနှင့် မိထွေးတော်ဂေါတမီ၊ သုမနဒေဝီ- အနာထပိဏ်- ဝိသာခါ စသော) အရိယာပုဂိ္ဂုလ် မှန်သမျှသည်လည်း ပရမတ္ထသစ္စာနည်းခေါ် အရိယသစ္စာနည်းဖြင့် ဘာဝနာဘိရတဖြစ်၍ နိဗ္ဗာန် မဂ်ဖိုလ် တရားထူးတို့ကို ရကြကြောင်း ယုံမှားဖွယ် လုံးဝမရှိချေ။ ဟု ရေးသားထားပါသည်။

ထိုစဉ်က အခြားသော ရဟန်းများနှင့် လူပုဂ္ဂိုလ်တို့ မည့်သည့်တရားဖြင့် အရိယာအဖြစ်သို့ ရောက်ရှိသည်ကို စာဖတ်သူတို့အများစု မသိကြသော်လည်း ရှင်ကောဏ္ဍည အရိယာအဖြစ်သို့ ရောက်ရှိစေသော တရားမှာ တရားဦးဖြစ်တော်မူသော ဓမ္မစကြာသုတ်တော် ဖြစ်သည်ဆိုတာတော့ အများသိပါလိမ့်မည်။ ထို ဓမ္မစကြာဒေသနာတော်ထဲတွင် ပရမတ္ထသစ္စာ ဆိုသော စကားစု မည်သည့်နေရာတွင် ပါသည်ကို သင်္ဂါဟက(တောင်သာ) ထုတ်နုတ်ပြသနိုင်လိမ့်မည် မဟုတ်ပါ။

တဖန် အရိယသစ္စာကို နားလည်သူ၊ သိသူ၊ ကျင့်သူ၊ ကျင့်ပြီးသူစသော ရဟန်းများနှင့် လူပဂ္ဂိုလ်တို့ကို အရိယာအဖြစ်သို့ ရောက်ရှိသူ၊ အရိယာများဟုသာသုံးနှုံးပါတယ်။ ပရမတ္ထာ ဖြစ်သွားသူများဟု မသုံးနှုံးပါ။ ပရမတ္ထသစ္စာကို နားလည်သူ၊ သိသူ၊ ကျင့်သူ၊ ကျင့်နိုင်ပါက ကျင့်ပြီးသူများကတော့ ပရမတ္ထာအဖြစ်သို့ ရောက်ရှိမှာ ဧကန်မလွဲပါ။

 

 

ထပ်မံ ထုတ်နုတ် တင်ပြပါအုံးမည်။ ထင်မြင်ချက်၊ အသိမှတ်ချက်များ ရေးပေးကြပါရန်။

10 comments

  • True Answer

    November 24, 2011 at 1:56 pm

    သမုတိသစ္စာ များသည် ပယ်ဖို့ မဟုတ်သလို အဟုတ်ထင် ငြိတွယ်နေရမှာလည်းမဟုတ်။
    ပစ္စပ္ပါန်မှ ပစ္စပ္ပါန်။
    လူမှလူ။
    လူ့ငြိမ်းချမ်းရေးမှ လူ့ငြိမ်းချမ်းရေး လုပ်နေသမျှတော့ – ငြိမ်းချမ်းမည်မထင်ပါ။

    လူ့ငြိမ်းချမ်းရေးအတွက်။
    ဒါနဲ့ ပစ္စုပ္ပန်ကမ္မဝါဒ အရ တိရစ္ဆာန်တွေကို သတ်ရင်အပြစ်ဖြစ်သလားဗျ။

    ဥပမာ တရုတ်ပေကျင်းအိုလံပစ်မတိုင်ခင်က လူတွေ အနှောက်အယှက်ကင်းဖို့ ကြောင်တွေကို အစုံအလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်မှုမျိုးပေါ့ဗျာ။

    http://myanmargazette.net/64548/creative-writing

    • mrkokopar

      December 5, 2011 at 9:58 pm

      ပစ္စုပ္ပန်ကမ္မဝါဒ အရ လား ဘာလားတော့မသိဘူးဗျ။ ကြက်ငှက်၊ တုတ်ကွေးရောဂါ ဖြစ်နေတဲ့ ကြက်တွေကို ဘယ်သူတွေရှင်းသလဲ၊ အဲဒီကြက်တွေ ဒီအတိုင်း တာဝန်မဲ့ထာရင်း ဘာတွေဖြစ်လာမလဲ၊ ပလိပ်ရောဂါတွေဖြစ်တော့ ကြွက်တွေ ဒီအတိုင်း ထားသလား။ လယ်သမားတွေ စပါးပိုးကျတာကို ဒီအတိုင်းထိုင်ကြည့်နေရင် ဘာတွေဖြစ်လာမလဲ၊
      အပြစ်ကြောက်တယ်ဆိုပြီး တစ်ကိုယ်ကောင်းဆန်ဆန်နေကြတာ တရားလား။ တာဝန်သိသူမှာ တာဝန်ရှိတယ်၊ တာဝန် မသိသလိုနေတာ သီလပျက်တာပဲ။ စပါးပိုးကျတာကို ဒီအတိုင်းထိုင်ကြည့်နေရင်တော့ တာဝန်မဲ့တာမို့ ဒါ သီလပျက်တာပဲ။

  • djman

    December 1, 2011 at 5:21 pm

    shwemyintin ရေ မိုးပြာဂိုဏ်း (ပစ္စုပ္ပန်ကမ္မဝါဒ) အတွေးအခေါ်ကိုဖေါ်ပြထားတဲ့ စာအုပ်ကိုဖတ်ခဲ့ရဖူးပါတယ်။ အဲဒီစာအုပ်မှာ မည်သည့်အယူဝါဒ၊ မည်သည့်ယုံကြည်ကိုးကွယ်မှု၊ မည်သည့်ဒဿနတို့ထဲမှ ထုတ်နှုတ်ထားတဲ့စာမဟုတ်၊ မျက်ယမ်းမှန်းဆ ယုံကြည်ချက်ပေါ် အခြေခံထားသည့် ကိုယ်ကျင့်တရားတို့၏ နေရာတွင် မျက်မြင်ဒိဌအသိပညာပေါ်တွင်အခြေခံသည့် ကိုယ်ကျင့်တရားကို အစားထိုး ဖေါ်ဆောင်ထားသည်ဆိုပြီး ရေးထားတာကို သေချာမှတ်သားခဲ့ရဖူးပါတယ်။ နောက် တစ်ခုကကိုယ်တိုင်သိမြင်၊ ကျင့်ဆောင်နေကြသော ပုဂ္ဂိုလ်များ၏ အသိအမြင်များကို ဖေါ်ပြထားတယ်ဆိုပြီး ရေးထားတာကို မှတ်မိနေပါတယ်။ စိတ်ဝင်စားမယ်ဆိုရင် စာအုပ်ပြန်ရှာပြီး တစ်ပိုင်းစီတင်ပေးပါမယ်။

  • shwemyintin

    December 2, 2011 at 8:25 am

    djman ပြောတဲ့စာအုပ်ကို စိတ်ဝင်စားပါတယ်ဗျာ။ ကျနော်တို့က ဘယ်ဝါဒ၊ ဘယ်ဆရာတော်ဆိုပြီး အယူမသီး ပါဘူး။ လက်လှမ်းမီသော စာအုပ်၊ အသိပညာရသောစာအုပ်အားလုံးကို စိတ်ဝင်စားပါတယ်။
    ကျနော်တို့ ဆရာတစ်ဦးပြောခဲ့ဘူးပါတယ်။ ကဗျာလေးပါ။

    သင့်သော်ယူစေ
    မသင့်ပေမူ
    ရှာဖွေပါဦး
    ဤခေတ်ထူး၌
    ဆည်းပူးနိုင်မှ
    လွန်တိကျလိမ့်။
    ဆရာပြောသလိုပါပဲ။ လေ့လာရတာပေါ့ဗျာ။ အရမ်းစိတ်ဝင်စားပါတယ်။ တင်ပေးပါဗျာ။ တောင်းဆိုပါတယ်။

  • blank

    December 2, 2011 at 9:09 am

    မိုးပြာဂိုဏ်း (ပစ္စုပ္ပန်ကမ္မဝါဒ) ကို ဘဝနေထိုင်နည်းတစ်ခု၊ အတွေးအခေါ်ဂိုဏ်းတစ်ခုသာ ဖြစ်ကြောင်း ကို အဖြောင့်စဉ်းစားခြင်းနည်းအကြောင်းနဲ့တွဲပြီး ကျွန်တော် ပို့စ် တင်ထားခဲ့ဖူးပါတယ်။ အဲဒီအမြင်ကလည်း ကျွန်တော်၏ အမြင်သက်သက်သာ ဖြစ်ပါတယ်။ djman ပြောတဲ့စာအုပ်ကို ဖတ်ကြည့်ချင်ပါတယ်။ မိုးပြာဂိုဏ်း ရဲ့အတွေးအခေါ်ကို ပိုနားလည်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ ဖြစ်နိုင်ပါက Title အသစ်ဖွင့်ပြီး တင်ပေးစေလိုပါတယ်။

  • djman

    December 2, 2011 at 12:55 pm

    blank ရေးထားတာတွေ့ပါတယ်။ ဒါကြောင့်ဒီစာအုပ်ကိုတင်ဖို့ စဉ်းစားဖြစ်တာပါ။ တင်ပေးရမယ့်စာအုပ်က စာမျက်နှာ ၁၀ဝ ကျော်နေတယ်ဗျ။ စာအုပ်က ပုံနှိပ်တိုက်ထုတ်စာအုပ် မောင်သာမညရေးနဲ့ ကွန်ပြူတာဖိုင် ကရှင်ဉာဏရေးဆိုပြီး နှစ်ခုဖြစ်နေတယ်။ စာအုပ်ကိုကောက်နှုတ်ချက်လုပ်ပြီး ဖြစ်အောင်တင်ပေးပါမယ် ခင်ဗျာ။ စာအုပ်မူရင်းအတိုင်းတင်ပေးချင်ပါတယ်။ ဘယ်လိုတင်ရမှန်းမသိလို့ပါ။ ဖွင့်ထားသောနှလုံးသား များနဲ့ လေ့လာကြဖို့ကြိုတင်ပြောချင်ပါတယ်ခင်ဗျာ။

  • djman

    December 3, 2011 at 1:31 pm

    ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ အတွေးအမြင်မျိုးစုံရှိနေပါတယ် လက်ခံခြင်း၊ ငြင်းပါယ်ခြင်း စည်းဝိုင်းအတွင်းသို့ ဝင်ရောက်လာသော အတွေးအမြင်များကို ပိုင်နိုင်စွာလက်ခံခြင်း၊ ပိုင်နိုင်စွာငြင်းပါယ်ခြင်းများ ပြုလုပ်နိုင်ဖို့ အထောက်အပံ့ဖြစ်ရန် ရည်ရွယ်ပါတယ်။
    မောင်သာမည၏ သမာသမတ်သဘောတရားကျမ်းစာအုပ်မှ ကောက်နှုတ်ချက်များကို တင်ပြချင် ပါတယ်။ ဒီစာအုပ်ကို နှစ်ကြိမ်ပုံနှိပ်ခဲ့ပါတယ်။ ဒုတိယအကြိမ်က ၁၉၉၈ မှာထုတ်ဝေခဲ့တာပါ။ ဒီစာအုပ် ကိုစိတ်ဝင်စားမိတာ အချက်နှစ်ခု ရှိပါတယ်။ ပထမအချက်က စာအုပ်ရေးသားသူက မောင်သာမည လို့ပဲ သိခဲ့တာပါ။ ၂၀၀၉ မှာ သာမညသဘောတရားကျမ်း ဆိုတဲ့ Ebook တစ်ခုကိုရပါတယ်။ ရေးသူ ရှင်ဉာဏ ၁၉၈၃ အောက်တိုဘာလ လို့ဖေါ်ပြထားတာပါ။ ဖတ်ကြည့်လိုက်တော့ မောင်သာမည ရဲ့သမာသမတ် သဘောတရားကျမ်းနဲ့ ရှင်ဉာဏရဲ့ သာမညသဘောတရားကျမ်းဟာ ရှေ့အဖွင့်ရေးထားတာကလွဲလို့ အားလုံးတူနေတာကို တွေ့ရပါတယ်။ ဒုတိယအချက်က ရှင်ဉာဏဆိုတာ ပစ္စုပ္ပန်ကမ္မဝါဒခေါ် (မိုးပြာဂိုဏ်း) ခေါင်းဆောင်ဆိုတာကို နောက်မှသိခဲ့ရတာပါ။ စာအုပ်မှာက စာမျက်နှာ (၁၁၈) မျက်နှာရှိပြီး၊ Ebook မှာ (၁၂၉) မျက်နှာရှိပါတယ်။ ဒီကောက်နှုတ်ချက်ကို ရေးရာမှာ ဆိုလိုချက်အစအဆုံး ခြုံငုံနားလည်နိုင်ရန် အဓိကထားသည့်အတွက် တချို့စာပိုဒ်များကိုချန်ထားမှု၊ ရှေ့နောက် အစီအစဉ်အနည်းငယ် ပြောင်းလဲမှုများ ရှိသော်လည်း မူရင်းဆိုလိုချက်ကို မပြောင်းလဲအောင် ကျိုးစားထားပါတယ်။ အကယ်၍များယူဆချက် လွဲမှားတာရှိပါက ကောက်နှုတ်ချက်ရေးသူ၏ အားနည်းချက် ညံ့ဖျင်းချက်သာ ဖြစ်ပါသည်။

    သမာသမတ်သဘောတရားကျမ်း ကောက်နှုတ်ချက်
    ရှေ့၌ရှိသော အတွေးအခေါ်များ၊ ဘာသာတရားများနှင့် ကိုက်ညီရမည်ဟုအာမမခံနိုင်သော်လည်း တကယ့်အစစ်အမှန် အရှိတရားတို့နှင့်တသားတည်း တိုက်ဆိုင်ကိုက်ညီစေရမည်ဟုသာ အာမခံချက်ပေး မည်ဖြစ်၏။ မျက်ရမ်းမှန်းဆ ယုံကြည်ချက်အပေါ်အခြေခံနေကြသည့် ကိုယ်ကျင့်တရား၏ နေရာတွင် မျက်မြင်ဒိဌအသိပညာအပေါ် အခြေခံသောကိုယ်ကျင့်တရားကို အစားထိုးဖေါ်ဆောင်မည့် အသိအမြင် ဖြစ်၍ လူသားအားလုံး၏ ငြိမ်းချမ်းရေးဖိတ်ခေါ်သံဖြစ်ပါသည်။
    အဟုတ်အမှန်ရှိသော အရှိတရားများကို သိရှိနိုင်ရန် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် နှင့် သဘောတရားအာရုံခံ အင်္ဂါ(ဘဝင်) ဟူသော အသုံးပြုရမည့် အာရုံခံအင်္ဂါ (၆) မျိုးရှိသည်။ အာရုံခံအင်္ဂါကို ပြည့်ပြည့်ဝဝအသုံးချပါက တယောက်မကျန်အတူအညီ သိခွင့်ရနိုင်သော အရှိတရားသည်သာ အဟုတ် အမှန်ရှိသော အရှိတရားဖြစ်သည်။ ထိုအာရုံခံအင်္ဂါ (၆) မျိုးတွင် သဘောတရား အာရုံခံ အင်္ဂါ (ဘဝင်) သာ သိမြင်ရန်ခက်ခဲမည်ဖြစ်၍ အနည်းငယ်ရေးသားပါမည်။ ဘဝင်ဟူသည် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ နှင့်သက်ဆိုင်ရာ အာရုံခံအင်္ဂါတို့ထိတွေ့ပြီးဖြစ်ပေါ်လာသည့် မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျှက်သိစိတ်၊ တွေ့သိစိတ်တ်ို့၏နောက်၌ ဆက်လက်ဖြစ်ပေါ်စရာများ ဖြစ်ပေါ် လာပြီးနောက် အားစိုက်တုံ့ပြန်စိတ်များ၏ အကျိုးစိတ်အချို့ဖြစ်သည်။ မျက်စိနှင့်အဆင်းတို့ ထိတွေ့ပါက မြင်သိစိတ်ဖြစ်၏။ မြင်သိစိတ်နောက်တွင် လက်ခံစိတ်၊ စုံစမ်းစိတ်နှင့် ဆုံးဖြတ်စိတ်များဖြစ်၏။ ထို့နောက် ၎င်းအားစိုက်တုံ့ပြန်စိတ်များကို သဘောကျကျေနပ်သော အကျိုးဝိပါတ်ဘဝင်စိတ်သည် တဆက်တည်း ဖြစ်၏။ ၎င်းဘဝင်စိတ်သည် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့တို့မှ ကြွင်းသော ကျန်အာရုံ အားလုံးကို ခံယူနိုင်သည့် သဘောတရားအာရုံခံဘဝင် ဖြစ်ပေသည်။

    အမှန်တကယ်ရှိသော အရှိတရား (၃) မျိုးရှိသည်။
    (၁) ပရမသစ္စာအရှိတရား
    (၂) သမုတိသစ္စာအရှိတရား
    (၃) ဘဝသစ္စာအရှိတရား တို့ဖြစ်သည်။

    (၁) ပရမသစ္စာအရှိတရား
    ကြမ်းမှု၊ ပူမှု၊ အေးမှု၊ ပူမှု၊ တွန်းဆွဲမှု၊ လှုပ်မှု၊ ငြိမ်မှု၊ သိမှု၊ မှတ်မှု၊ ခံစားမှု အစရှိသည်တို့သည် ပရမသစ္စာ အရှိတရားများ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခြေအနေမှ ပေါင်းစပ် တည်ဆောက် ထားသည့် အရာ များမဟုတ်ကြပါ။ အရှိတရားများထဲ၌ ပရမသစ္စာသည် အဆင့်အနိမ့်ဆုံးဖြစ်သည်။ အကြောင်းမှာ ကလေး သူငယ်လူမမယ်ဘဝကပင် ပရမအရှိတရားများကို သိနိုင်ခဲ့ကြသောကြောင့် ဖြစ်သည်။ ပရမ အရှိတရားတွင် ရုပ် နှင့် နာမ် ဟူ၍ နှစ်မျိုးရှိသည်။ ရုပ်သည် ရုပ်သက်သက်အဖြစ်၎င်း၊ နာမ်နှင့်တွဲ၍၎င်း ရပ်တည်နေပြီး၊ နာမ် သည်ကား နာမ်သက်သက်အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ရုပ်နှင့် တွဲ၍သာရပ်တည် နိုင်ပေသည်။ နာမ်ချည်းသက်သက်ရှိသည် ဟူသောအယူအဆသည် မှားယွင်းပေသည်။ ပရမသစ္စာကို သိရှိရန် ဘဝင်ဟူသော အာရုံခံအင်္ဂါကိုအသုံးပြုရသည်။

    (၂) သမုတိသစ္စာအရှိတရား
    ကြမ်းနုမှု၊ ပူအေးမှု အစရှိသောအခြေအနေများ အဆင့်ဆင့်ပေါင်းစပ်တည်ဆောက်ထားမှု ကြောင့် အသစ် ဖြစ်ပွါးတည်ရှိလာသော လူ၊ တိရစ ္ဆာန်၊ တောတောင်၊ ရေ၊ မြေ အစရှိသည့် အရှိတရားတို့သည် သမုတိ သစ္စာအရှိတရား ဖြစ်သည်။ သမုတိသစ္စာ တို့ကိုသိရန် ဘဝင်ဟူသော အာရုံခံအင်္ဂါကို အသုံးပြု ရသည်။ သူတပါးမှ တခြားဖြစ်သော ကိုယ့်ကိုယ်ကို ငါ မဟုတ်ဟုလည်းကောင်း၊ ကိုယ်တိုင်လုပ်ကိုင်၍ ပိုင်ဆိုင်ရရှိ ထားသော ပစ္စည်းဥစ္စာတို့ကို ငါ့ဥစ္စာမဟုတ်ဟုလည်းကောင်း ငြင်းဆိုကြသူများသည် စိတ်ရော ကိုယ်ပါ နှစ်ဖြာသော ချမ်းသာများပျက်ပြားကြသည်မှာ လောက၌ အထင်အရှားဖြစ်သည်။ လူ့ချမ်းမြေ့မှု တည် ဆောက်သူက လူကိုမသိခြင်းသည် အမှန်ရှိသော သမုတိသစ္စာကိုမသိခြင်းဖြစ်၍ သက်ဆိုင်ရာ ချမ်းမြေ့မှု ကို မတည်ဆောက်နိုင်ဖြစ်ရသည်။ တိုက်အိမ်သည် အုတ်ချပ်များဖြင့်ဖွဲ့စည်း တည်ဆောက်၍ ဖြစ်ပေါ်လာသောအရာဖြစ်သော်လည်း တိုက်အိမ်နှင့်အုတ်ချပ်ကို အတူတူသိမြင်၍ မရသကဲ့သို့ ဖြစ်သည်။

    (၃) ဘဝသစ္စာအရှိတရား
    ဘဝသစ္စာအရှိတရားဆိုသည်မှာ သမုတိသစ္စာအရှိတရား တို့၏ အရည်အချင်းဖြစ်သည်။ ရေ၊ မြေ၊ လေ ဟူသော ပရမသစ္စာများဖြင့် ဖွဲ့စည်းထားသော သစ်ပင်ဟူသည့် သမုတိသစ္စာတွင် သီးပွင့်မှု၊ အရိပ် အာဝါသ ပေးမှု စသော သစ်ပင်၏ အရည်အချင်းများကို တွေ့ရပေမည်။ ထိုအရည်အချင်းတို့ သည် သစ်ပင်၏ ဘဝသစ္စာအရှိတရားပင်ဖြစ်ပေသည်။ ထို့အတူ လူတွင် မြေ၊ ရေ၊ လေ၊ မီး ဓါတ်ကြီးလေးပါး ဟူသော ပရမသစ္စာအရှိတရားတို့နှင့် အတူ လူ၏ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု ဟူသော လူ့လှုပ်ရှားမှု (ဝါ) လူ့အရည် အချင်းကိုလည်း တွေ့ရမည်ဖြစ်သည်။ ထိုလူ့အရည်အချင်းသည်ပင် လူ့ဘဝသစ္စာအရှိတရား ဖြစ်ပေ သည်။ လူသည် လူ့ဘဝမဟုတ်သကဲ့သို့ လူ့ဘဝသည်လည်း လူ မဟုတ်ချေ။ လူ့ဘဝသည် လူ၏ လှုပ်ရှားမှု၊ လူ၏အလုပ်၊ လူ၏အရည်အချင်းဖြစ်သည်။ လှုပ်ရှားမှုမရှိသော၊ အလုပ်မရှိသောသူသည် လူ့ အရည်အချင်းချို့တဲ့သော လူဖြစ်သည်။ ဤသို့လျှင် လူသာရှိပြီးလူ့ဘဝမရှိခြင်းကိုကြည့်ပါက လူနှင့် လူ့ ဘဝ သီးခြားစီဖြစ်ကြောင်း သိနိုင်ပါသည်။

  • djman

    December 4, 2011 at 8:33 pm

    သမာသမတ်အသိတရား
    သမာသမတ်အသိတရားသည် သမာသမတ်အရှိတရားကို အမှန်အကန်သိခြင်းဖြစ်သည်။ အရှိတရား (၃)မျိုးရှိသလို ပရမအသိတရား၊ သမုတိအသိတရား နှင့် ဘဝသစ္စာအသိတရားဟူ၍ အသိတရား (၃)မျိုးရှိသည်။ အသိတရားတွင်လည်း အသိမှန်နှင့် အသိမှားဟူ၍ ရှိသည်။ အာရုံနှင့် အာရုံခံတို့ အမှန်တိုက်ဆုံ၍ ဖြစ်ပွါးသောအသိတရားသည် အသိမှန်ဖြစ်ပြီး၊ အာရုံနှင့် အာရုံခံတို့ တိုက်ဆုံခြင်းမရှိပဲ ဖြစ်ပွါးသောအသိတရားသည် အသိမှားဖြစ်သည်။ လောက၌ အသိတရားမှန်လျှင် အာရုံနှင့်အာရုံခံတို့ တိုက်ဆုံရာမှဖြစ်ပွါးသော သဘောချည်းဖြစ်ရာ၊ အာရုံနှင့် အာရုံခံအင်္ဂါတို့ အမှန် တကယ် မတိုက်ဆုံပဲ ဖြစ်ပွါးသောအသိတရားသည် မှားယွင်းသောအသိတရားများ ဖြစ်ကြသည်။ မှန်ကန်သောအသိတရား ဆိုသည်မှာ အဟုတ်အမှန်ရှိသောအာရုံနှင့် အသိတရား၌ရှိသော အာရုံတို့ တထပ်တည်းကျသော အသိတရားမျိုးဖြစ်သည်။ အရည်အချင်းသိသည် အသိတရားအားလုံးတွင် မကိုဋ် သရဖူဖြစ်သည်။ အရည်အချင်းသိ တွင်မှ လူ့ဘဝကိုသိသော အရည်အချင်းသိသည် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံး အရည်အချင်းသိ ဖြစ်သည်။ လူ့ဘဝအရည်အချင်းသိဟူသည် မိမိတို့ကိုယ်တိုင်၏ အရည် အချင်းကို သိသောအသိတရား ဖြစ်သည်။ လူ၏လှုပ်ရှားမှုသည် လူ့ဘဝသစ္စာဖြစ်သည်။ လူ၌ ကိုယ်၊ နှုတ်၊ စိတ် ဟူသောလှုပ်ရှားမှု (၃) မျိုးရှိသည်။ ထိုလှုပ်ရှားမှု (၃)မျိုးကို ဘဝမြောက်သောလှုပ်ရှားမှု၊ ဘဝ မမြောက် သောလှုပ်ရှားမှု ဟူ၍ခွဲခြားနိုင်သည်။ လှုပ်ရှားမှုများ၌ ရည်ရွယ်ချက်မဲ့ခြင်း၊ ရည်ရွယ်ချက်မပါခြင်း သည် မတော်တဆဖြစ်ပွါးမှုသာ ဖြစ်၍ ဘဝမမြောက်သော လှုပ်ရှားမှုဖြစ်သည်။ ရည်ရွယ်ချက် ပါသော လှုပ်ရှား မှုသည် ဘဝမြောက်သော လှုပ်ရှားမှုဖြစ်သည်။ ဘဝမြောက်သောလှုပ်ရှားမှုတွင်လည်း ရည်ရွယ် ချက် မှန်သောလှုပ်ရှားမှု၊ ရည်ရွယ်ချက်လွန်သော လှုပ်ရှားမှုဟူ၍ နှစ်မျိုးရှိသည်။

    ရည်ရွယ်ချက်လွန်လှုပ်ရှားမှု
    လှုပ်ရှားမှုတစ်ခုသည် ၎င်းနှင့်လျှော်ညီသော ဖြစ်ထွန်းမှုများကို ပေါ်ပေါက်စေသည်မှာ ဓမ္မတာ ဖြစ်သည်။ ထို့ကြောင့် လှုပ်ရှားမှုကိုပြုသူသည် လျော်ညီသောဖြစ်ထွန်းမှုများကို ရည်ရွယ်၍သာလျှင် ပြုမူအပ်သည်။ အမှန်တကယ်ဖြစ်ပေါ်လာနိုင်သော ဖြစ်ထွန်းမှုထက်ကျော်လွန်၍သော်၎င်း၊ မပေါ်ပေါက် လာနိုင်သော ဖြစ်ထွန်းမှုများကို မျှော်လင့်ရည်ရွယ်ပြီးပြုလုပ်သော ကိုယ်၊ နှုတ်၊ နှလုံး လှုပ်ရှားမှုမျိုးသည် ရည်ရွယ်ချက်လွန် လှုပ်ရှားမှုများဖြစ်ကြသည်။ ရည်ရွယ်ချက်လွန်လှုပ်ရှားမှုများသည် အမှန်မသိ၍ပြုလုပ်၊ ပြုလုပ်သည်ကိုသဘောကျ၊ သဘောကျသောကြောင့် ပြုလုပ်ချင် ထိုသို့ အချက်သုံးခုဖြင့်အဆက်မပြတ် လည်ပါတ်နေသည်။ ထိုသို့လည်ပါတ်နေခြင်းသည် ဝဋ်လည်ခြင်းသံသရာ ပင်ဖြစ်သည်။ ထိုသို့ ရည်ရွယ် ချက်လွန်လှုပ်ရှားမှုများတွင် ရည်ရွယ်ချက်လွန်ကောင်းသောလှုပ်ရှားမှုနှင့် ရည်ရွယ်ချက်လွန် မကောင်း သောလှုပ်ရှားမှု ဟူ၍နှစ်မျိုးရှိပါသည်။ ဤနေရာ၌ ကောင်းမှု နှင့် မကောင်းမှုသရုပ်များကို ဖေါ်ပြပါမည်။
    မကောင်းမှုသရုပ်(၁၀) မျိုး
    (၁) သတ်မှု
    (၂) ခိုးမှု
    (၃) အာရုံကျူးမှု
    (၄) လိမ်မှု
    (၅) ဆဲရေးမှု
    (၆) ကုန်းတိုက်မှု
    (၇) အဖျင်းပြောမှု
    (၈) အချောင်ကြံမှု
    (၉) အဖျက်ကြံမှု
    (၁၀) အထင်လွှဲမှားမှု တို့ဖြစ်သည်။

    ကောင်းမှုသရုပ် (၉) မျိုး
    (၁) ပေးကမ်းလှုဒါန်းမှု
    (၂) တာဝန်အမျှပေးဝေမှု
    (၃) တာဝန်မျှယူမှု
    (၄) မကောင်းမှု ၁ဝ မျိုးကိုမပြုလုပ်မိစေရန်စောင့်ထိမ်းခြင်း
    (၅) ရိုသေကိုင်းရှိုင်းမှုရှိခြင်း
    (၆) ကိစ္စွကြီးငယ်ဆောင်ရွက်ခြင်း
    (၇) သဘောတရားလေ့လာခြင်း
    (၈) သဘောတရား ညွှန်ပြခြင်း
    (၉) သဘောတရားအတိုင်းကျင့်ကြံခြင်း ဟူ၍ (၉) မျိုးကိုဖေါ်ပြထားပါသည်။
    **မှတ်ချက် ကောင်းမှုသရုပ် (၁၀) မျိုးဖြစ်မည်ဟု ယူဆပါသည်။ သို့သော် စာအုပ်နှစ်အုပ် စလုံးတွင် ထိုကဲ့သို့ (၉) မျိုးသာဖေါ်ပြထားပါသည်။**

    ရည်ရွယ်ချက်လွန်ကောင်းသောလှုပ်ရှားမှု
    ပေးကမ်းလှုဒါန်းမှု၊ တာဝန်အမျှပေးမှု တို့သည်ကောင်းမှုများဖြစ်၍ လူမှုဆက်ဆံရေး၌ ချမ်းမြေ့ ငြိမ်းအေးမှု အကျိုးတရားကိုဖြစ်ပွါးစေသော်လည်း ထိုအကျိုးတရားကို မသိမြင်ပဲ ဤလှုပ်ရှားမှု တို့သည် တစ်ကိုယ်တော်ကောင်းစားရေးကို ဖြစ်ပွါးစေလိမ့်မည်ဟု လည်းကောင်း၊ ဂြိုလ်နက္ခတ်နှင့် ဒေဝါနတ်များ ဖမ်းစားခြင်းမှ ကင်းဝေးစေနိုင်သည်ဟုလည်းကောင်း၊ သေလွန်ပြီးသောအခါ၌လည်း ကောင်းကျိုးချမ်းသာ များကို အဆပေါင်းများစွာဖြစ်ပွါးစေလိမ့်မည်ဟု လည်းကောင်း ပိုကဲမှားယွင်းစွာ သိမြင်တတ်ကြသည်။ ဤသိမြင်ချက်ဖြင့် ကောင်းမှုကိုပြုခြင်းသည် ဖြစ်ပေါ်လာမည့် အကျိုးကိုမရည်ရွယ်ပဲ မဖြစ်ပေါ်နိုင်သည့် အကျိုးကို လွန်ကဲရည်ရွယ်ပြုလုပ်ခြင်းကြောင့် ရည်ရွယ်ချက်လွန်ကောင်းမှုဖြစ်သည်။
    ရည်ရွယ်ချက်လွန်မကောင်းသောလှုပ်ရှားမှု
    သတ်မှု၊ ခိုးမှု စသော ကိုယ်၊ နှုတ်၊ နှလုံး လှုပ်ရှားမှုသည် လူမှုဆက်ဆံရေး၌ ငြိမ်းအေးမှုကို မဖြစ် စေပဲ ပူဆာလောင်မြိုက်မှုကိုသာ ဖြစ်ပေါ်စေသော်လည်း ဤဖြစ်ပွါးမည့် အကျိုးတရားအမှန်ကို မသိပဲ ဤလှုပ်ရှားမှုများသည် လူမှုဆက်ဆံရေး၌ အထစ်အငေါ့ဖြစ်မှုများ၊ အောက်ကျနောက်ကျ ဖြစ်မှုများ၊ ဆင်းရဲဒုက္ခများကို ဖယ်ရှားပေးပြီး ချမ်းသာသုခများဖြစ်ပွါးစေနိုင်သည် ဟူ၍လည်းကောင်း လွဲမှားစွာ ထင်မြင်မိ၍ အမှန်ဖြစ်ပွါးမှုကိုကျော်ကာ အမှန်မဖြစ်ပွါးမှုများကို ရည်ရွယ်ခြင်းဖြစ်၍ ရည်ရွယ် ချက်လွန် မကောင်းသော လှုပ်ရှားမှုဖြစ်သည်။
    ဝေဒနာကောင်းနှင့် သစ္စာကောင်း
    အဆင်းကောင်း၊ အသံကောင်းများကို ကြည့်ရှုနားထောင်ပြီးချိန်၌ ခံစားမှုဝေဒနာကောင်းများ ဖြစ်ပွါးရမည်မှာ ဓမ္မတာဖြစ်သည်။ သတ်မှု၊ ခိုးမှုတို့ပြုလုပ်ပြီး၍ ခံစားမှုဝေဒနာကောင်းဖြစ်ပွါးခြင်းသည် သစ္စာမြင်အရ လွဲချော်ထင်မြင်နေခြင်းဖြစ်သည်။ အရှိကိုအရှိအတိုင်း သိမြင်ခြင်းမဟုတ်ပဲ ကိုယ့်အစွဲဖြင့် ထင်မြင်ခြင်းသာဖြစ်၍ ထိုအသိကို စိတ္တဇသိဟုဆိုရပေမည်။

    ရည်ရွယ်ချက်လွန်ပွါးများမှု
    ရည်ရွယ်ချက်လွန်ရုပ်သဘောတရားပွါးများသူသည် ပါတ်ဝန်းကျင်ရုပ်တို့ကို စုစည်းသိမြင် နေသောကြောင့်သာ ဆင်းရဲဒုက္ခများဖြစ်ပွါးနေရသည်ဟု ထင်နေ၏။ ထို့ကြောင့် ထိုသို့မစုစည်း မပေါင်းစပ်မိအောင် မြေအာရုံ၊ ရေအာရုံ၊ အပုပ်ကောင်အာရုံ၊ အရိုးစုအာရုံ တို့တွင် မိမိ၏စိတ်ကို ရုပ်အာရုံတစ်ခုခု၌ ထိန်းသိမ်းချည်နှောင်ထားရမည် ဟုထင်၏။ အမှန်တွင် စိတ်ကိုထိုသို့ ရုပ်အာရုံ တစ်ခုခု၌ မလှုပ်ရှားနိုင်အောင်ချည်နှောင်ထားခြင်းသည် အဆုံး၌ စိတ်မကူးတတ်ခြင်း၊ အကောင်းအဆိုး အကျိုးအပြစ်ကို မခွဲခြားနိုင်သူဘဝသို့ ကျရောက်ရမည်သာဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်လာမည့် အကျိုး တရားကိုမသိပဲ ရုပ်အာရုံ၌ဖြည့်ကျင့်မှုကို ရည်ရွယ်ချက်လွန်ရုပ်သဘော တရားပွါးများမှုဟု ခေါ်သည်။
    ရည်ရွယ်ချက်လွန်ရုပ်မဲ့ပွါးများသူသည် ရုပ်တို့သည်အမှန်တကယ်မရှိ၊ စိတ်က ဖန်ဆင်းထားသော အရာသာဖြစ်သည်ဟုခံယူ၏။ ရုပ်တို့တကယ်ရှိသည်ဟုခံယူသောကြောင့်သာ ဆင်းရဲဒုက္ခများခံစား နေရ သည်။ ရုပ်များ တကယ်မရှိဟုသိမြင်မှသာ ချမ်းသာသုခရရှိလိမ့်မည် ဟုထင်သည်။ ထို့ကြောင့် ရုပ်မဲ့ဝါဒီ သည် လဟာပြင်အာရုံ၊ အသိအာရုံ၊ မရှိသည့်အဖြစ်အာရုံ တို့၌မိမိ၏စိတ်ကိုနှစ် မြှုပ်ထားရမည် ဟုထင် သည်။ ထို့ကြောင့်ရုပ်များကို တစ်စမကျန်အောင် ခွဲချမ်းစိတ်ဖြာမှုပြုပြီး ရုပ်ကိုလွန်အောင်ကြည့် လေသည်။ အမှန်တွင် ထိုကဲ့သို့အမှန်ရှိသောရုပ်များကို ဖြောက်ဖျက်၍ ရုပ်ကိုလွန်မြောက်အောင်ကြည့် ခြင်းဖြင့် အဆုံး တွင်ရုပ်ပိုင်းဆိုင်ရာ စုစည်းကြည့်ရှုမှု အမှတ်သညာများပျောက်ပျက်၍ သုည ကိုသိမှတ်မှု သာကျန် တော့၍ အကောင်းအဆိုး၊ အကျိုးအပြစ် တို့ကိုခွဲခြားနိုင်စွမ်းမရှိတော့သည့် ဘဝသို့ကျရောက် ရမည်ဖြစ် သည်။ ယင်းဘဝသည် မွေးကင်းစကလေးငယ်ထက် နိမ့်ကျသော မိခင်ဝမ်းတွင်းမှ သန္ဓေသားငယ် နှင့် အလားတူ သော ဘဝဖြစ်ပေသည်။

    ရည်ရွယ်ချက်မှန်ကောင်းမှု
    လှုပ်ရှားမှု၏ လုပ်သင့်လုပ်ထိုုက်သောအနေအထားနှင့် မလုပ်သင့်မလုပ်ထိုက်သော အနေအထား ကိုခွဲခြားသိခြင်း၊ မိမိနှင့်တကွ လူ့ဘောင်လောက၏ငြိမ်းချမ်းရေးကို တည်တံ့တိုးတက် အောင်ရည်ရွယ် ခြင်းသည် ရည်ရွယ်ချက်မှန်ခြင်းပင်ဖြစ်သည်။ ရည်ရွယ်ချက်မှန်ဖြင့်ပြုလုပ်သူသည် ပြုလုပ်မှု၏ အကျိုးတရား မှန်ကို ရည်ရွယ်၍ အတိုင်းအတာသိသိဖြင့်ပြုလုပ်ခြင်းဖြစ်သောကြောင့် ပြုလုပ်မှု၌သာယာ ငြိကပ်မှုမရှိပေ။ ဤလှုပ်ရှားမှုတို့ကို ပြုလုပ်ခြင်းဖြင့် ပြုလုပ်သူတွင် ခံစားမှုအကောင်း သော်၎င်း၊ ခံစားမှုအဆိုးသော်၎င်း လျှော်ညီစွာခံစားရမည်ဖြစ်သော်လည်း သူသည် ခံစားချက်ကို ဦးစားပေးသူ မဟုတ်တော့ပဲ အသိအမြင် ကိုသာ ဦးစားပေးသူဖြစ်သောကြောင့် ၎င်းခံစားမှုတို့ ၌နှစ်မွန်းခြင်းလည်း မရှိတော့ပေ။

  • djman

    December 4, 2011 at 8:38 pm

    သမာသမတ်ကိုယ်ကျင့်တရား
    ဆင်ရဲဒုက္ခခံရန်အတွက် လူဖြစ်နေရခြင်းသည် သေလွန်ခြင်းထက်ပင်ဆိုးဝါးလှပေသည်။ သေလွန်ခြင်း၌ ခံစားမှုဝေဒနာမရှိ၊ ဆင်းရဲစွာအသက်ရှင်ရခြင်း၌ ခံစားမှုဝေဒနာရှိသည်။ သေလွန်ခြင်း၌ မိမိကိုကိုယ် အစိုးရမှုမရှိ၊ ဆင်းရဲစွာအသက်ရှင်ရခြင်း၌ ကိုယ့်ကိုယ်ကိုအစိုးမရမှုရှိ၏။ သေလွန်ခြင်း၌ အလားအလာမရှိ၊ ဆင်းရဲစွာအသက်ရှင်ရခြင်း၌ အလားအလာဆိုး နိမိတ်ဆိုးများရှိ၏။ ထို့ကြောင့် ဆင်းရဲစွာအသက်ရှင ်ရခြင်း သည်သေလွန်ခြင်းထက် သာလွန်ရန်အကြောင်းမရှိပေ။ သေလွန်ရခြင်း၌ ဆင်းရဲစွာအသက်ရှင်နေ ထိုင်ရခြင်း ထက်ပို၌ ဆုံးရှုံးစရာမရှိပေ။ ထို့ကြောင့် လူ့တန်ဖိုးများ နိမ့်ကျလျှက် လူအဖြစ်ဖြင့်အသက်ရှင် နေထိုင်ရခြင်းသည် လူဖြစ်ရှုံးခြင်းပင်ဖြစ်သည်။ လူ့တန်ဖိုးများကို မြင့်တက် စေသော လူ့အရည်အချင်း ကောင်းများကိုရရှိရန်အတွက် လူသားအချင်းချင်း အနိမ့်အမြင့်၊ အယုတ် အမြတ်၊ အထင်ကြီးအထင် သေးခြင်းများကို ဝေးစွာဖယ်ရှား၍ သမာသမတ်အမြင်ဖြင့် အရှိကို အရှိအတိုင်း မြင်ရမည်ဖြစ်သည်။ သူတော်စင်ဖြစ်၍ အလွန်အထင်ကြီးစရာဟူ၍၎င်း၊ သူယုတ်မာဖြစ်၍ အလွန်အထင် သေးစရာဟူ၍၎င်း မသိမြင်အပ်ပေ။ သူတော်စင်သည် သူတော်စင်ကျင့်ဝတ်သိက္ခာ များဖြည့်ကျင့်၍ သူတော်စင်ဖြစ်ရသည်။ သူယုတ်မာသည် သူယုတ်မာကျင်ဝတ်သိက္ခာများဖြည့်ကျင့်၍ သူယုတ်မာ ဖြစ်ရ သည်။ သူတော်စင်သည် သူတော်စင်ကျင့်ဝတ်သိက္ခာများကို စွန့်ပစ်၍ သူယုတ်မာ ကျင့်ဝတ်များကို ပြောင်းလဲဖြည့်ကျင့်ပါက သူယုတ်မာဖြစ်ရပါမည်။ သူယုတ်မာသည်လည်း သူတော်စင်ကျင့်ဝတ်ကို ပြောင်း လဲဖြည့်ကျင့်ပါက သူတော်စင်ဖြစ်ရပါမည်။ ဤသို့လျှင် သမာသမတ် အမြင်ဖြင့် ကြည့်မြင်ရပါမည်။

    သမာသမတ်ပုဂ္ဂိုလ်များ
    (၁) သမာသမတ်တရားကို ကိုယ်တိုင်နားလည်သိမြင်သူ
    (၂) သမာသမတ်တရားကို နားလည်သည့်အတိုင်း ကိုယ်တိုင်ရရှိအောင် လေ့ကျင့်သူ
    (၃) သမာသမတ်တရားကို ကိုယ်တိုင်ရရှိပြီးသူ ဟူ၍ သမာသမတ်ပုဂ္ဂိုလ် (၃) မျိုးရှိသည်။

    အောက်ဆုံးသမာသမတ်ပုဂ္ဂိုလ်၏အသိ
    အကောင်းကိုဆောင်စရာဟု၎င်း၊ အဆိုးကိုရှောင်စရာဟု၎င်း၊ အကျိုးကိုရစရာဟု၎င်း၊ အပြစ်ကိုသင်ခန်းစာယူစရာအဖြစ်၎င်း သိသော အသိဉာဏ်ကိုရရှိသူဖြစ်သည်။ (က) လူ့အဖြစ်အပျက် များသည် လူအဖြစ်မမွေးဖွါးမီကတည်းက ပြုလုပ်ခဲ့သောအကြောင်းများကြောင့် ဖြစ်ရသည် ဟူသော အမြင်မှားများကို၎င်း (ခ) လူ့အဖြစ်အပျက်များသည် ဖန်ဆင်းရှင်၊ တန်ခိုးရှင်၊ ဂြိုလ်နက္ခတ် စသည်တို့၏ ဖန်ဆင်းပြုစားမှုကြောင့်ဖြစ်သည်ဟု၎င်း (ဂ) လူ့အဖြစ်အပျက်များသည် အကြောင်းရင်း အတိအကျမရှိပဲ ပါတ်ဝန်းကျင်အခြေအနေအလျှောက် ဖြစ်ချင်သလိုဖြစ်နေပြီး ဘာမှရေရေရာရာ မရှိဟူသော အမြင်မှားများ ကို ဖယ်ရှားသုတ်သင်ပြီးသူဖြစ်သည်။ လောက၌ ဆင်းရဲကိုဖြစ်စေသည့် သဘောတရားမှန်သမျှသည် ချုပ်ငြိမ်းအောင်ကျင့်နိုင်သည့် အရာများသာဖြစ်သည်ဟု သိမြင်သူ ဖြစ်သည်။ အညစ်အကျေး၊ အစွန်းအ ထင်းများအတွက် စိတ်ပျက်သူမဟုတ် လျှော်ဖွပ်သန့်စင်ရန် အားသစ်နေသူ၊ ရိုးသားပွင့်လင်းသူ ဖြစ်ပေ သည်။

    အလယ်အလတ်သမာသမတ်ပုဂ္ဂိုလ်
    အလယ်အလတ်သမာသမတ်ပုဂ္ဂိုလ် ပွါးများလေ့ကျင့်ရာ၌ နှစ်ပို်င်းရှိသည်။ ပထမပိုင်း၌ သမာသမတ် တရားနှင့် မကိုက်ညီသော မိမိ၏ပိုင်ဆိုင်မှုနယ်တွင်မဟုတ်ပဲ ဖြစ်ပေါ်သည့် အမြင်အကြား အတွေ့များ အပေါ်၌ စွဲမက်နှစ်သက်ခဲ့သည်များကို ဖယ်ရှားသုတ်သင်ရေးလုပ်ငန်းတွင် အတော်အတန် စွမ်းဆောင် မှုပြုသည်။ ကျန်ရှိနေသေးသော မြင်စရာ၊ ကြားစရာ၊ တွေ့စရာများ၌ အထင်ထား၍ စွဲမက် နှစ်သက်မှု များကို သမာသမတ်တရားနှင့်အညီသိမြင်နိုင်အောင် ကြိုးစားလေ့ကျင့် သံဝေဂ ယူသည်။ ဒုတိယပိုင်း၌ အမြင်အကြားအတွေ့ အာရုံများ၌ (မိမိပိုင်နက်အပါအဝင်) တပ်မက်စွဲလမ်းမှု အားလုံးကို ကျော်လွန် နေသူဖြစ်သည်။ အလယ်အလတ်သမာသမတ်ပုဂ္ဂိုလ်သည် မိမိ၌လိုအပ် နေပါက စားချင်စိတ်၊ ဝတ်ချင်စိတ်၊ သုံးဆောင်ချင်စိတ်များ ပေါ်ပေါက်မည်သာဖြစ်သည်။ စားခြင်း၊ ဝတ်ခြင်း၊ သုံးဆောင်ခြင်းကို ပြုသောအခါ၌လည်း အကောင်းအဆိုး ဝေဒနာများကိုခံစားရသူဖြစ်သည်။ တပ်မက်စွဲလမ်းခြင်း အကြောင်း ကြောင့်ကား စားဝတ်သုံးဆောင်ခြင်းမပြုသူဖြစ်သည်။ ဥပမာ အနာပါသောသစ်သီးကို အနာနှင့်တကွ အားလုံးဝါးမြိုစားသောက်သူ၊ အနာပါသောကြောင့် လုံးဝမစားသူ၊ အနာကိုဖယ်၍ ကောင်းသောအပိုင်းကို စားသောက်သူတို့တွင် နောက်ဆုံးစားသုံး သူသည် အသုံးဆောင်တတ်ဆုံး ဖြစ်သကဲ့သို့ အလယ်အလတ် သမာသမတ်ပုဂ္ဂိုလ်တို့သည်လည်း အာရုံတို့ကို အလိမ္မာဆုံးသုံးဆောင် ခံစားတတ်သူများဖြစ်သည်။ မေထုန်မှုပြုရန်အတွက် အိမ်ထောင်သားမွေးသူ မဟုတ်၊ အိမ်ထောင်သားမွေးရန်အတွက်သာ မေထုန်မှု ပြုသူဖြစ်သည်။ စိတ်ဆုတ်နှစ်ခြင်း၊ တက်ကြွခြင်းကင်းသူ၊ အပူအပင်ကင်းသူ၊ အမျှော်အမြင်ရှိသူ ဖြစ်ပေ တော့သည်။

    ထိပ်ဆုံးသမာသမတ်ပုဂ္ဂိုလ်
    ထိုပုဂ္ဂိုလ်သည် အမြင်၊ အကြား၊ အတွေ့အာရုံ များ၌တပ်မက်စွဲလမ်းမှုများကို ဖယ်ရှားပြီး သည့် အပြင်၊ အတွေးအာရုံများ၌တပ်မက်စွဲလမ်းမှု၊ အတွေးအာရုံမရှိရာ၌တပ်မက်စွဲလမ်းမှု အလုံးစုံသော တပ် မက်စွဲလမ်းမှုများ ကို ကျော်လွန်ပြီးသူဖြစ်သည်။ သူသည်ဥတု၊ အဟာရ၊ ပယောဂကြောင့် ဆင်းရဲများ ကို ခံရစရာရှိသော်လည်း ကံကြောင့်ဖြစ်သောဆင်းရဲများ လုံးဝကင်းသူ ဖြစ်သည်။ အမြင့်ဆုံးသမာသမတ် ပုဂ္ဂိုလ်သည် မာနကင်းသည်။ ထိုပုဂ္ဂိုလ်သည် စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ ကမှုခုန်မှု၊ အနုပညာများနှင့် အလှအပရသများကို ချီးမွမ်းသူဖြစ်သည်။ ချစ်မှု၊ ခင်မှု၊ ကြင်နာ မြတ်နိုးမှုတို့ကို တန်ဖိုးထားသူဖြစ်သည်။ စီးပွါးဥစ္စာ၊ အသိပညာ၊ အတတ်ပညာများ ဖြစ်ပွါးအောင် ကြိုးပမ်းသူတို့ကို လေးစားသူဖြစ်သည်။ လူမှု စည်းလုံးညီညွှတ်မှုများကို အရေးထားသူဖြစ်သည်။ အိမ်ထောင်သားမွေးမှုကို အပြစ်မတင်သော်လည်း၊ လူတစ်ဦးကအခြားလူတစ်ဦးကို သိမ်းပိုက်ခြင်း သဘော သက်ဝင်သဖြင့်ချီးမွှမ်းမှုလည်းမပြုပေ။ လူတစ်ဦး သည် အခြားလူတစ်ဦးကို သိမ်းပိုက်မှု မပြုအပ်ဟု၎င်း၊ လူတစ်ဦးသည် အခြားလူတစ်ဦး၏ သိမ်းပိုက်မှုကို ခံယူရန်မသင့်ဟူ၍၎င်း သိမြင်နေသူ ဖြစ်သည်။ ပစ္စည်းဥစ္စာများနှင့်ကင်းအောင်နေသူ မဟုတ်သော်လည်း ရွှေငွေဥစ္စာများကို သိမ်းပိုက် သိုမှီးသူလည်းမဟုတ်ပေ။ အနုပညာ၌ဖေါ်ပြသော ရသကိုးပါးကိုခံစားနိုင်သူ ဖြစ်၍ ထိုးကြိတ်သတ်ဖြတ်၊ ရက်စက်ခန်းများကိုစိတ်ကူးကြည့်လျှင် ကြောက်ရွံ့မှုများဖြစ်ပွါးသူဖြစ်သည်။ မူးယစ်လိုသော ရည်ရွယ်ချက်ဖြင့် အရက်သေစာ၊ မူးယစ်ထုံထိုင်းဆေး၊ ဆေးလိပ်၊ကွမ်းယာကိုမျှပင် မသုံး ဆောင် တော့သူဖြစ်သည်။ မတော်တဆ သောက်စား၊ ရှုရှိုက်မိသော် မူးယစ်မည်သာဖြစ်၏။ စိတ်ဆိုး စိတ် ဆာများ မရှိသောကြောင့် ရမ်းကားသောင်းကျမ်းမှုကားမရှိပေ။ သူသည် သစ်သားရုပ်၊ ဝါးရုပ်များ ကဲ့သို့ မလှုပ်မရှားမခံစားတော့သူမဟုတ်။ ကံကြောင့်မဟုတ်ပဲ စိတ်ကြောင့်သော်ကား ကြောက်ခြင်း မက်ခြင်း များဖြစ်ကာ ယင်းသို့ဖြစ်ရခြင်းကြောင့် ကိုယ်လက်တောင့်တင်းခက်တရော်ခြင်း များလည်း ဖြစ်ပွါးနိုင် မည်သာဖြစ်သည်။ နက်ရှိုင်းသော ချောက်ကမ်းပါးတို့ကိုကြည့်ပြီး ရင်ဖိုမည့်သူ သာဖြစ်သည်။ အိမ်မက် မက်တတ်သူလည်းဖြစ်၍ ကျန်းမာရေးအားလျှော်စွာ သုတ်ထွက်နိုင်သူ ဖြစ်သည်။ သူသည် သားမျိုးစေ့ မခန်းသူသာဖြစ်သည်။ လူအပီသဆုံး လူသားစစ်စစ်သာဖြစ်ပေသည်။ လူချင်းတူသူများ ဝတ်စားသကဲ့သို့ ဝတ်စားနိုင်ပြီး၊ ထိုသို့ဝတ်စားဆင်ယင်မှုကြောင့် အသက်ဆုံးပါး ရခြင်းမဖြစ်ပွါးသူဖြစ်၏။ သက်တမ်းစေ့၍ သေဆုံးသောအခါ၌လည်း ပုပ်ဟောင်ဆွေးမြေ့သွားမည့်သူ သာဖြစ်၏။ ဘယ်လိုအထူး အဆန်းမျှ မဖြစ်ပွါးမည့်သူသာ ဖြစ်ပေတော့သည်။ ဤသို့လျှင်ထိပ်ဆုံးသမာသမတ်ပုဂ္ဂိုလ်သည် ကမ ္ဘာလောက၌ လူအပီသဆုံး၊ လူစဉ်အမီဆုံး၊ လူ့ကိုယ်ကျင့်တရားနှင့် အပြည့်စုံဆုံး၊ လူ့စည်းကမ်းဥပဒေများကို တဖက် ကမ်းခပ် တတ်မြောက်သူဖြစ်ပြီး အန္တရာယ် အကင်းဆုံး၊ မင်္ဂလာအရှိဆုံး၊ မြတ်နိုးဖွယ်အကောင်းဆုံး သမာသမတ်အကျဆုံး ပုဂ္ဂိုလ်မွန်ကြီး ဖြစ်ပါပေသည်။
    မူရင်းစာအုပ်အား လင့် တင်ပေးနိုင်ရန်ကျိုးစားပါမည်။

  • True Answer

    December 6, 2011 at 9:41 am

    သင်္ဂါဟက(တောင်သာ)၏ ပစ္စုပ္ပန်ကမ္မဝါဒ ဘာလဲ၊ ဘယ်လဲ ရေးသားချက်များ မူရင်းစာအုပ်ကော ဘယ်မှာ ရနိုင်မလဲခင်ဗျ။

    နှစ်ဖက်မျှ ပြီး ဖတ်ကြည့်မှ အမှန်ကို မိမိကိုယ်ပိုင်ဉာဏ်နဲ့ ချိန်ဆနိုင်မယ်လို့ ထင်လို့ပါ။

    တစ်ဖက်တည်းက စာကို ချည်းဖတ်ရင် ပုဂ္ဂိလဓိဌါန်နဲ့ မိမိ လိုရာစွဲ ချည်းပြောတတ်တဲ့စာတွေ ဖြစ်နေတတ်လွန်းလို့ပါ။

Leave a Reply