သောတာပန်နဲ့ပတ်သတ်၍ သိကောင်းစရာများ အပိုင်း(၂)

မေး။ ။ တစ်ခုထပ်မံလျှောက်ထားလိုသည်မှာ “ဘုံစဉ်စံ”ဟူသော စကားလုံး ဖြစ်ပါတယ်။ ထိုစကားလုံးဟာ သောတာပန်တည်ပြီးသူတို့ကို ဆိုလိုသောစကားလုံးသာဖြစ်ပါသလားဘုရား။ ထိုသို့ဖြစ်သည်ရှိသော် လူသောတာပန်အရိယာသေပြီးလျှင် အထက်ဘုံတို့ကိုသာ ဘုံစဉ်စံ တက်သွားမည်ဖြစ်၍ လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေ မဖြစ်ရတော့ဟူ၍ မှတ်ယူရမည်လော။ ရှင်းလင်းပြသပေးတော်မူပါအရှင်ဘုရား။

သန်းထိုက်ထွန်း၊ စင်္ကာပူ

ဖြေ။ ။ သောတာပန်အမျိုးအစားတွေက အများကြီးရှိပါတယ်။ ဥပမာ-လူ့ဘဝမှာပဲ (၇)ကြိမ်လုံးဖြစ်ပြီး နောက်ဆုံးဘဝမှာမှ ရဟန္တာဖြစ်မဲ့သူ၊ နတ်ပြည်မှာပဲနေပြီး ရဟန္တာဖြစ်မဲ့သူ၊ လူပြည်လာပြီး နတ်ပြည်မှာ ရဟန္တာဖြစ်မဲ့သူ။ နတ်ပြည်ကနေ သကဒါဂါမ်ဖြစ်ပြီး သုဒ္ဓဝါသဗြဟ္မာပြည်မှာ ရဟန္တာဖြစ်မဲ့သူစတာတွေ အမျိုးမျိုးရှိကြပါတယ်။ ဘာဖြစ်လို့ ဒီလိုကွဲပြားရသလဲဆိုတော့ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာ (၇)ဘဝတိတိ ကြိုက်တဲ့ဘုံတွေမှာ ကြိုက်သလိုသွားလာနိုင်ခွင့်ရှိလို့ မိမိနှစ်သက်တဲ့ဘဝတွင် အဆင့်တတ်ပြီး ရဟန္တာဖြစ်နိုင်ပါတယ်။ သောတာပန်ဖြစ်ပြီးတဲ့ဘဝကနေ နောက်ထပ်(၇)ဘဝထိပဲ သံသရာထဲမှာ ကျင်လည်ရမှာပါ။ ဒါဟာလည်း မိမိတို့ အားထုတ်မှုအပေါ်မှာ မူတည်ပါတယ်။ တချို့ကျတော့လည်း တစ်ဘဝပဲကူးပြီး နောက်ဘဝမှာ ရဟန္တာဖြစ်အောင် လုပ်ကြပါတယ်။

တချို့ကျတော့ နှစ်ဘဝနေတယ်။ တချို့ကျတော့လည်း (၇)ဘဝထိနေထိုင်ကြကာ (၇)ဘဝနောက်ဆုံးမို့ နောက်ဆုံးဘဝကျမှ ရဟန္တာဖြစ်အောင် အားထုတ်ကြပါတယ်။ ဒီလို ကွာခြားရတဲ့အကြောင်းကတော့ ဝိပဿနာအားထုတ်မှု အားကောင်းမကောင်းပေါ်မှာ မူတည်သလို ပါရမီနည်းများပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့် ဝိပဿနာအားထုတ်မှုအားကောင်းတဲ့သူ၊ ပါရမီကောင်းတဲ့သူဟာ တစ်ဘဝကူးပြီး ရဟန္တာဖြစ်သလို အားမကောင်းတဲ့သူကတော့ (၇)ဘဝထိနေထိုင်ပြီးမှ ရဟန္တာဖြစ်ပါလိမ့်မယ်။
ဘုံစဉ်ကတော့ သောတာပန်တည်သူများရဲ့ ကြိုက်နှစ်သက်ရာအလိုက် ဖြစ်လို့ရပါတယ်။ ဝိသာခါကျောင်းအမကတော့ နတ်ပြည်ကနေ ဗြဟ္မာ့ပြည်ဘုံစဉ်စံဖြင့် ရဟန္တာဖြစ်ပြီး အထက်ကပြောခဲ့တဲ့ သိကြားမင်းကတော့ လူ့ပြည်မှာလာပြီး သကဒါဂါမ်ဖြစ်ကာ ဗြဟ္မာ့ပြည်မှာ ရဟန္တာဖြစ်မယ်တဲ့။ အဲဒီတော့ ဘုံစဉ်စံဆိုတာ တချို့သော သောတာပန်များအတွက်ဖြစ်ပြီး တချို့သော သောတာပန်များအတွက် မဟုတ်ပါလို့ မှတ်ယူရပါမယ်။

သောတာပန်ပုဂ္ဂိုလ်ဟာ ကိလေသာများ ကြွင်းကျန်သေးသော်လည်း အပါယ်လားကြောင်း မကောင်းမှုတို့ကို ပြုလုပ်ခြင်းမရှိတာကြောင့် အပါယ်သို့လားရခြင်း သဘောမရှိတော့ပါ။ ဒါပြင် အောက်သို့လျှော့ကျရိုးထုံးစံမရှိဘဲ အထက်မဂ်ကိုသာ တက်ကြလေ့ရှိပါတယ်။ ယခင်ဘဝက သောတာပန်ဖြစ်ပြီးသူများဟာ ယခုဘဝတွင် သကဒါဂါမ်စတဲ့ အထက်မဂ်ဖိုလ်ကိုသာ ရဖို့အကြောင်း ရှိပါတော့တယ်။ ယခင်ဘဝက သောတာပန်ဖြစ်ပြီးသူဟာ မဂ်ရဲ့နိယာမသဘောအရ မွေးကတည်းက သောတာပန်အဖြစ် မွေးဖွားလာသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားလက်ထက်က တရားတစ်ပုဒ်ဟောပြီးတိုင်း သောတာပန်ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တို့တွင် ယခင်ဘဝက သောတာပန်ဖြစ်ပြီးသူများ မပါပါ။

အရင်ဘဝက သောတာပန်ဖြစ်ခဲ့သူများဆိုရင်လည်း အထက်မဂ်ဗိုလ်ဖြစ်တဲ့ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ ဖြစ်ကြပါလိမ့်မယ်။
ဘဝတစ်ခုကနေ သောတာပန်ဖြစ်ပြီးသူများရဲ့ လက်ရှိဘဝတွင် ထူးခြားတဲ့လက္ခဏာများကို သိရှိရန်အတွက် တင်ပြပေးရမယ်ဆိုရင် အဲဒီလို သောတာပန်ဖြစ်ခဲ့သူ၊ ဖြစ်ပြီးသူများဟာ အမိသတ်ခြင်း၊ အဘသတ်ခြင်း၊ ရဟန္တာသတ်ခြင်း၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာကွဲပြားအောင်ပြုခြင်း၊ ဘုရားမှတပါး အခြားဆရာကို ကိုးကွယ်ရာဟု မိမိကိုယ်တိုင်လည်း မပြု၊ သူတစ်ပါးကိုလည်း မညွှန်ပြခြင်း (ဘာသာပြောင်းခြင်း)ဆိုတဲ့ အဘိဋ္ဌာနခြောက်မျိုးကို ယခုဘဝတွင် မိမိရဲ့သောတာပန်အဖြစ်ကို မသိသော်လည်း မဂ်ရဲ့ မပြောင်းမလဲတည်မြဲတဲ့ နိယာမသဘောအရကြောင့် အထက်ပါအချက်တို့ကို မပြုလုပ်ပေ။

ယခုဘဝတွင် ရတနာသုံးပါး ထင်ရှားရှိရင် ဘာသာခြားမှာမွေးဖွားခဲ့ရင်သော်မှလည်း အရွယ်ရောက်တဲ့အခါ ရတနာသုံးပါးကိုသာ ယုံကြည်ကိုးကွယ်လာမှာပါ။ မိမိရဲ့ သဘောဆန္ဒအရသော်လည်းကောင်း၊ သူတစ်ပါးရဲ့ တိုက်တွန်းချက်ကြောင့်သော်လည်းကောင်း ပါဏာတိပါတစတဲ့ မကောင်းမှုတို့ကို မပြုလုပ်ပါ။ အဲဒီလို ငါးပါးသီလမြဲခြင်း၊ အယူမမှားခြင်းတို့အပြင် သောတာပန်အဖြစ်မွေးဖွားလာတဲ့ပုဂ္ဂိုလ်ဟာ သမ္မာအာဇီဝနည်းဖြင့်သာ စီးပွားရှာခြင်း၊ သူတစ်ပါး ကြီးပွားချမ်းသာသည်ကို မနာလိုငြူစူတဲ့ ဣဿာ၊ မိမိစီးပွား မိမိရပိုင်ခွင့်များကို နှမြောတွန့်တိုတဲ့ မစ္ဆရိယများမရှိခြင်း၊ အဂတိလေးပါး မလိုက်စားခြင်း၊ ရတနာသုံးပါးနဲ့ပတ်သတ်ပြီး ဒေါမနဿမဖြစ်ခြင်း၊ လွန်ကျူးမိတဲ့အပြစ်များကို ဖုံးကွယ်ထားမှုမရှိခြင်း စတဲ့အချက်များနဲ့လည်း ပြည့်စုံပါတယ်။

ဒါပြင် သောတာပန်ဟု တိုက်ရိုက်သိနိုင်တဲ့အချက်များကို ထပ်မံတင်ပြပေးရမယ်ဆိုရင်
၁။ လောဘ ဒေါသ မောဟပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိခြင်း။
၂။ သိတာနဲ့တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်း။
၃။ သာသနာတွင်းမှတစ်ပါး အခြားမှာ ငြိမ်းချမ်းမှုချမ်းသာကို ရနိုင်တဲ့လမ်းလုံးဝမရှိဘူးဟု ယုံကြည်မှုရှိခြင်း။
၄။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်းကုသလိုတဲ့စိတ်ရှိပြီး ကုသိုလ်နဲ့ ပြန်လည်ကုသခြင်း။
၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လည်း သီလ သမာဓိ ပညာ အပျက်မခံ၊ အထိခိုက်မခံခြင်း။
၆။ တရားတော်နာတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ ကောင်းမွန်စွာနာယူခြင်း။
၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတဲ့အခါ ဝမ်းမြောက်လို့မဆုံး၊ ကြည်ညိုမဆုံး၊ ကျေးဇူးတင်မဆုံးဖြစ်ခြင်း။
ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ အဲဒီလူဟာ သောတာပန်လို့ ခေါ်လို့ရပါတယ်တဲ့။ အဲဒီတော့ သောတာပန်ဆိုတာ ဘယ်လိုဟာလဲဆိုတာလည်း သိနားလည်ပြီး ဘယ်သူက သောတာပန်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာလည်း ခန့်မှန်းလို့ရလောက်ပြီလို့ ထင်ပါတယ်။ သောတာပန်တစ်ယောက်ရဲ့ အင်္ဂါများနဲ့ သောတာပန်ဟုတ်မဟုတ်ကို စစ်ဆေးကြည့်လို့ရပြီဆိုရင် ကျန်တဲ့အထက်မဂ်ဗိုလ်ရတဲ့ပုဂ္ဂိုလ်တွေအကြောင်းကို ပိုပြီး စစ်ဆေးကြည့်လို့ ရနိုင်ပါပြီလေ။

ဒီနေရာမှာ ဆက်စပ်မိတာနဲ့ ရဟန္တာများ ယခုမျက်မှောက်ခေတ်မှာရှိလားလို့ မေးလာကြတဲ့လူတွေအားလုံးပါ သိရှိနားလည်အောင် ပြောပြပေးလိုက်ပါမယ်။ မြတ်ဗုဒ္ဓက သာသနာတည်းဟူသော သူတော်ကောင်းတရားထွန်းကားနေသမျှကာလပတ်လုံး ရဟန္တာမဆိတ်သုဉ်းပါလို့ သုဘဒ္ဒရဟန်းကို ဟောတော်မူခဲ့တဲ့ မဟာပရိနိဗ္ဗာနသုတ်တွင် မိန့်တော်မူခဲ့တဲ့အတွက် သာသနာရှိနေရင် သောတာပန်ကနေ ရဟန္တာထိပါ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ မိမိတို့ဖြစ်ချင်ရင် ဖြစ်အောင်လုပ်ရမဲ့နည်းလမ်းများကို စနစ်တကျလိုက်နာပြီး ကျင့်ကြံဖို့သာ လိုပါတယ်။

ဒါပြင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ သူများကိုလည်းကောင်း အရိယာပုဂ္ဂိုလ်ဟုတ်မဟုတ်ကို အထက်ကသောတာပန်အင်္ဂါများနဲ့ ကိုက်ညီကြည့်ကာ ဆုံးဖြတ်ယုံကြည်ကြပါလေ။ ကိုင်း အပိုင်း(၂)ကို မျှော်နေကြတယ်ဆိုလို့ ချက်ခြင်းပဲ အချိန်ပေးပြီး ရေးဖြေပေးလိုက်ပါတယ်။ အများအတွက် အချိန်ပေးခြင်းကို ဒီမှာတော့ ဒီမျှနဲ့ပဲ ရပ်တန့်ရင်း စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်…။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

www.sanninaymin.com

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

2 comments

  • ကြောင်ကြီး

    November 24, 2011 at 12:50 pm

    ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား။။
    သောတာပန် တယောက်ဖြစ်သွားရင် စိတ်ပြောင်းသွားလို့ သိသာပါမယ်။ သို့သော် ကာယကံရှင်တောင် ပညတ်တင် သိဖို့ခက်လို့ အပြင်ကနေ စာအုပ်ကြည့်ဆုံးဖြတ်သူများ ပို၍ပင်မှားနိုင်ပါတယ်။ အမှန်ကတော့ အရိယာဆိုတာ အသိစိတ် ပြောင်းလဲဖြစ်ပေါ်သွားပုံ အဆင့်ဆင့်ကို ရည်ညွှန်းတယ်လို့ မှတ်သားထားပါတယ်။ လူတွေက ပညတ်အမျိုးမျိုးတပ်ခေါ်တဲ့အခါ ဘိုးတော်ဝိဇ္ဇာများလို့ တခုခု ထူးပြနိုင်စွမ်းရှိသလို မှတ်ကုန်ကြပါတယ်။ အလွယ်ဆုံးခွဲနည်းကတော့ ပညတ်အာရုံထက် ပစ္စုပ္ပန်ဆတ်ဆတ် ပရမတ် စိတ်ကလေးအပေါ် တည်နေမနေ သတိကပ်နေနိုင်ခြင်း ဖြစ်ပါမယ်။ ပညတ် အာရုံပေါ်တိုင်း မစွန့်နိုင်ပေမဲ့ ပရမတ်သဘော ဝိဇ္ဇာအသိကို ကပ်နေနိုင်လား၊ နောက်ကြပြီးမှ ကပ်နေသလား၊ ကိလေသာအာရုံပျောက်သွားမှ ဝိဇ္ဇာအသိဝင်လာသလား လို့ လက်တွေ့ သတိထားမြင်နိုင်ပါတယ်။ ဒါတောင် သမာဓိအားကောင်းရင် ပညတ်သတိက ဝိဇ္ဇာအသိကို ဖုံးလွှမ်းသွားလို့ အမှတ်မှားနိုင်ပါသေးတယ်။ သို့သော် စာလို လိုက်တွေးတာထက် ခန္ဓာညဏ်ရောက် စိုက်ကြည့်တာမို့ ပိုနီးစပ်နိုင်မယ်ထင်ပါတယ်။ တပည့်တော်တို့ ပုထုဇဉ်များကသာ ဟိုဟာဒီဟာ လိုက်တွေးနေကြတာ၊ တကယ်ဖြစ်သူ အရိယာများကတော့ ဖြစ်လည်း ဖြစ်တာပဲရှိပါမယ်။ သူတို့ရဲ့ ကိလေသာ နည်းပါး၊ ကင်းစင်နေတဲ့ စိတ်ကို ထုတ်ပြလို့မရ၊ သာမန်လူများ လိုက်ခံစားလို့ မရနိုင်ပါဘူး။ ပြောပြလည်း စာအုပ်ထဲကစာလိုပဲ ဖြစ်သွားမယ် ထင်ပါတယ်။

  • chityimhtoo

    November 24, 2011 at 4:29 pm

    အင်းတပည့်တော်တို့နဲ့နီးစပ်တဲ့ လူကြီးသူမတွေကိုကြည့်ရင် တောင် သူတို့တွေအားလုံးသောတပန်ဖြစ်
    ချင်ကျတာကြီးဘဲ။တရားတွေနာလိုက်တာလည်း ကက်ဆက်တွေတောင်အမြှုပ်ထွက်တယ်။တစ်ကယ့်
    တစ်ကယ်တော့ လောဘဒေါသတွေတောင်မလျှော့နိုင်ပါဘူး။စာဖတ်ရုံနဲ့တော့သောတပန်မဖြစ်နိုင်ပါဘူး။
    တရားနာရုံနဲ့လည်းသောတပန်မဖြစ်နိုင်ပါဘူး။ဗုဒ္ဓမြတ်စွာဘုရားလက်ထက်က တရားနာရုံနဲ့သောတပန်
    ဖြစ်တယ်ဆိုတာ ဟောကြားပြသတဲ့လူကလည်းတစ်ခြားမဟုတ်ပါဘူး ဗုဒ္ဓမြတ်စွာဘုရား နာတဲ့လူတွေ
    ကလည်းအင်မတန်မှဉာဏ်စဉ်မြင့်တဲ့ ပုဂိုလ်တွေပါ။ခုခောတ်မှာတပည့်တော်တို့ ကိုတရားအပုဒ်တစ်ရာ
    တစ်ထောင်ဟောလည်း မိမိကိုယ်တိုင်ကျင့်ကြံမှူ့မရှိဘဲမဖြစ်နိုင်ပါဘူး။
    သောတပန်ဖြစ်နိုင်လောက်တဲ့ကျင့်ကြံမှူ့မျိုးရှိမှသာသောတပန်ဖြစ်နိုင်မှာပါ။
    ခုလိုတန်ဘိုးရှိတဲ့စာတွေတင်ပေးတဲ့အတွက်အရှင်ဘုရားကိုမြောက်များစွာကျေးဇူးတင်ရှိပါတယ်။

Leave a Reply