“ပျက်အစဉ် ပြင်ခဏ” ပါ

naungNovember 24, 20111min903

Diamond Key ရဲ့ ပိုစ့်လေးကို ဖတ်မိပြီး ကျွန်တော်လည်း ပြောချင်တာလေး တစ်ခုရှိပါတယ်။ မန္တလေးရဲ့ လမ်းတွေ အကြောင်းပါ။ ကျွန်တော်က မြို့သစ်ဖက်မှာ နေတာဆိုတော့ မြို့သစ်ထဲမှာ တွေ့ရတာလေးပါ။

မြို့သစ်ရဲ့ မိန်းလမ်းမကြီး ဖြစ်တဲ့  မနော်ဟရီလမ်းကို မြို့တော်စည်ပင်ကနေ ပြန်ပြီး ပြုပြင်ပေးထားပါတယ်။ အရှေဘက်မှာ ၄၃လမ်းက ထင်ပါတယ်၊ အဲဒီကနေ အနောက်ဘက်ကို ၇၃လမ်း (အား/ကာသိပ္ပံကျောင်းရှိတဲ့လမ်း)အထိကို ပြင်ပေးထားတာပါ။

ဒီလပိုင်းမှာဘဲ ၅၈လမ်း နဲ့ ၅၉လမ်းကိုလည်း သိပ္ပံလမ်းနဲ့ မနော်ဟရီလမ်း ကြားမှာ ပြန်လည်း ပြင်ဆင်နေပါပြီ။ ၅၈လမ်းကတော့ အခု အသုံးပြုလို့ရနေပါပြီ။ လမ်းတွေပြင်ပေးထားလို့ သွားလာရတာလည်း အဆင်ပြေလာပါပြီ။ အဲဒီလိုပြင်ပေးတဲ့အတွက်လည်း မြို့သစ်လူထုကိုယ်စား ကျေးဇူးလည်း တင်ပါတယ်။

အဲဒီမှာ အဆင်မပြေတာက ရေနုတ်မြောင်းကိစ္စပါ။ လမ်းတွေကို ပြင်ဆင်ပေမယ့်လည်း ရေနုတ်မြောင်းကိစ္စကိုတော့ မေ့တာလား၊ လမ်းခင်းတဲ့ဌာန နဲ့ ရေမြောင်းဖောက်တဲ့ဌာန မတူလို့ ပြင်တဲ့ထဲ မပါတာလားတော့ ကျွန်တော်လည်း မသိဘူး။ လမ်းတွေပြင်ထားပေမယ့်လည်း ရေနုတ်မြောင်းတွေက ရေစီး၊ရေလာ မကောင်းတော့ လမ်းပေါ်မှာဘဲ ရေတွေပြန်တင်ပါတယ်။ အဲဒီတော့ ပြင်ထားတဲ့ လမ်းတွေက သက်တမ်းမရှည်ဘဲ မြန်မြန် ပျက်စီးသွားကြပါတယ်။

ကျွန်တော်တွေ့ရသလောက် မနော်ဟရီလမ်းတလျောက် မှာ ရေမြောင်းတွေက ပိတ်နေတာများပါတယ်။ အရင်လမ်းခင်းတော့ ၆၂လမ်းနဲ့ နဒီမြောင်းအကြားကို လမ်းမြောက်ဘက်ခြမ်းမှာ မြေထိုးစက်နဲ့ မြောင်းဖော်တာတွေ့တော့ ဒီတစ်ခါတော့ လမ်းတစ်လျောက် မြောင်းထိုးတော့မှာဘဲလို့ ထင်ခဲ့ပါတယ်။ အဲဒီနား ဖော်ပြီးတော့ ပြီးသွားတယ်။ နောက်ထပ် တစ်ခြားနေရာတွေ မလုပ်တော့ဘူး။

အခု ၅၉လမ်းကို ပြန်ခင်းနေတော့ နဒီမြောင်းအရှေ့ဘက်ကနေပြီး ၅၉လမ်းထိ မြောင်းပြန်တူးနေပါတယ်။ အဒီနားမှာ နဒီမြောင်းနဲ့ သံလမ်းကြားက နေရာမှာ မြောင်းအဟောင်းရှိပါတယ်။ အဲဒီကြားက ဆိုင်တွေက ရေနုတ်မြောင်းအဟောင်းကို ကွန်ကရစ်တွေနဲ့ သေသေချာချာ ဖို့ပြီး ပိတ်ပြစ်လိုက်ပါတယ်။ သံလမ်းရဲ့ အောက်မှာ မြောင်းဖောက်ဖို့အတွက် ကွန်ကရစ်မြောင်းလုပ်ထားတာရှိနေပါသေးတယ်။ အဲဒီကနေ အရှေ့ဖက်ကိုတော့ မြောင်းဖော်နေပါပြီ။ မရှိတဲ့ နေရာတွေလည်း ပြန်ဖော်နေကြပါတယ်။ အခုလို မြောင်းဖော်နေတုန်းမှာ ကြပ်ကြပ်မတ်မတ်နဲ့ ရေစီးရေလာကောင်းအောင် ဆောင်ရွက်နိုင်ရင် လမ်းလည်း သက်တမ်းပိုရှည်ပြီး ကောင်းမွန်စွာ အသုံးပြုနိုင်မှာပါ။

၅၈လမ်းကလည်း ပြန်ကောင်းသွားတော့ လမ်းနဲ့ အတူ မြောင်းဖောက်တာ တွေ့ရပါတယ်။ လမ်းရဲ့ အရှေ့ဖက်ခြမ်းနဲ့ အနောက်ဖက်ခြမ်းတွေမှာပါ။ ဒါပေမယ့် မနောဟရီလမ်းနဲ့ ခိုင်ရွှေဝါလမ်းကြားမှာ မြောင်းဖောက်ထားတာ မတွေ့ရပါဘူး။ ဘာဖြစ်လို့ မဖောက်တာလည်းဆိုတော့ အဲဒီလမ်းပေါ်က စက်သုံးဆီတွေ ဝယ်ရောင်း လုပ်နေတဲ့ အိမ်က သူ့အိမ်ရှေ့မှာ မြေကြီးကို လမ်းထက်မြင့်အောင်ခင်းထားတဲ့အတွက် မြောင်းမတူးအောင်လို့ မြေတူးအဖွဲ့ကို ပိုက်ဆံပေးပြီး မတူးခိုင်းတာပါတဲ့။ အဲဒီအိမ်နားကနေ မနော်ဟရီလမ်းအထိ မြောင်းမတူးထားပါဘူး။ (အဲဒီအိမ်က ခိုင်းမခိုင်း သေချာမသိရပေမယ့် ပတ်ဝန်ကျင်ကတော့ အဲဒီအိမ်နားကနေ ဆက်မတူးတော့တာ ဖြစ်တဲ့အတွက် ခိုင်းတယ်လို့ဘဲထင်နေကြပါတယ်။)

မြေတူးအဖွဲ့ဆိုတာက ကာယလုပ်သားတွေပါ။ ငွေပေးပြီး ခိုင်းတာဖြစ်တဲ့အတွက် ရေစီးရေလာ ကောင်းတာမကောင်းတာ ထည့်မတွေးတတ်ပေမယ့်၊ အိမ်ရှင်တွေနဲ့ တာဝန်ခံ အင်ဂျင်နီယာတွေကတော့ နားလည်သင့်တယ်လိုု့ထင်ပါတယ်။ နောက်ပြီး မနော်ဟရီလမ်းထိပ်မှာ လည်း ၅၈လမ်းကို ဖြတ်ပြီးအရင်က မြောင်းရှိပါတယ်။ အခု ပြန်လည်းတူးဖော်ထားတာမတွေ့ရပါ။

အဲဒီစက်သုံးဆီ ရောင်းတဲ့ အိမ်ရဲ့ ဘေးက လမ်းကြားထဲက ရေမြောင်းဟာ အရင်လမ်းဟောင်းမှာကတည်းက မြောင်းရေတွေ ၅၈လမ်းပေါ်ကို ဖြတ်ပြီး အရှေ့ဖက်ကို စီးနေတာ အဲဒီလမ်းကို အသုံးပြုရသူတိုင်း သိကြပါတယ်။ အနောက်ဖက်က (၅၈×၅၉ကြား၊ မနော်×ခိုင်ရွှေဝါလမ်းကြား) ရပ်ကွက်ကလည်း အတွင်းမှာ မြောင်းတွေက ရေထွက်လမ်းမရှိဘဲ ပိတ်နေကြပါတယ်။ အဲဒီလိုပိတ်နေလို့လည်း ၅၈လမ်း အရှေ့ဖက်ကို လမ်းပေါ်ကနေ ရေတွေဖြတ်စီးနေတာပါ။

အခု ၅၉လမ်းအထိ မနော်ဟရီလမ်းဘေးမှာ မြောင်းဖောက်နေပြိီဆိုတော့ ၅၉လမ်းကနေ အရှေ့ဖက်ကို ဆက်ပြီး မြောင်းဖော်သင့်ပါတယ်။ အဲဒီမှာလည်း မြောင်းအဟောင်းတွေကိုသာ ပြန်ဖော်ဖို့လိုပြီး စာရေးကိရိယာ အရောင်းဆိုင်ရဲ့ အရှေ့ဖက်က အထည်ဆိုင်ကတော့ ရှေ့မှာ မြောင်းမရှိပါဘူး။ ၅၈လမ်းအထိတော့ မြောင်းဟောင်းတွေကိုဘဲ ပြန်ဖော်ဖို့လိုတော့တာပါ။ မနော်ဟရီလမ်းရဲ့ တောင်ဘက်ခြမ်းကလည်း မြောင်းတွေ တစ်ဆက်တည်း မရှိတဲ့ အတွက် အကုန်လုံးကို တစ်ဆက်တည်းဖြစ်အောင် တူးဖော်ပေးရမှာပါ။ျ

၅၈လမ်း ကနေ (မြို့သစ်အခေါ်) တံတားဖြူအထိ မြောင်းတွေက တစ်ဆက်တည်းမရှိပါဘူး။ သေသေချာချာ ပြန်ဖော်ဖို့လိုအပ်ပါတယ်။ ၅၆လမ်းတစ်လျောက် သိပ္ပံလမ်းအထိလည်း လမ်းကောင်းနေပေမယ့် မြောင်းတွေမကောင်းပါဘူး။ ၅၆လမ်း ပေါ်က အောင်ပင်လယ် ဈေးကနေ မနော်ဟရီလမ်းအထိက ဆည်တော်ကြီး ရေလွှတ်ရင် ပရန်တော်ချောင်း ရေလျှံ ပြီး ရေဝင်တာက နှစ်တိုင်းလိုလိုပါ။ ဘယ်တော့မှတော့ ၅ရလမ်းအထိ မရောက်ဘူးပါ။ မနှစ်ကတော့ ၅၈လမ်းအထိကိုရေတွေဝင်တာပါ။ ချောင်းဘေးမှာ ရေပြန်ကျသွားပေမယ့်လည်း ၅၇၊ ၅၈ လမ်းကြားတွေကတော့ ရေတွေ ဝပ်နေခဲ့ပါတယ်။ အဓိကကတော့ ရေထွက်စရာ မြောင်းတွေမရှိလို့ပါ။

တံတားဖြူ အရှေ့ဖက်ကတော့ အခုမှ လမ်းတွေ ကောင်းလာတာကလည်း မကြာသေးတာရယ်၊ အိမ်မြေအလွတ်တွေများတာရယ်ကြောင့် လမ်းတစ်လျောက် မြောင်းတွေ တစ်ဆက်တည်း မရှိသေးပါဘူး။ ပြန်လည်း ဖော်ထားရင်တော့ ရေစီးရေလာကောင်းပြီး လမ်းလည်း ပျက်စီးမှု နည်းပါးသွားမယ်ထင်ပါတယ်။

ကျွန်တော်ပြောသွားတဲ့ အထဲမှာ ၆၂လမ်း အရှေ့ဘက်နဲ့ ပရန်တော်ချောင်း ကြားထဲဘဲ အဓိကပါပါတယ်။ ဘာလိုလည်းဆိုတော့ မိုးရာသီ ရေလျှံတဲ့အခါ အဲဒီနေရာတွေကဘဲ လမ်းပေါ် ရေတင်တာများလို့ပါ။ ၆၂လမ်း အနောက်ဖက်ခြမ်းကတော့ ရေမြောင်းတွေ ပုံမှန်စီးနေတဲ့အတွက် ရေဝပ်ခြင်း သိပ်မရှိလို့ပါ။ ရေဝင်ခဲ့ရင်လည်း နာရီပိုင်းအတွင်းဘဲ ပြန်ကျသွားတတ်ပါတယ်။

အခုဆို ပွင့်လင်းရာသီကို ရောက်လာပါပြီ။ မကြာခင်မှာ ပူပြင်ခြောက်သွေ့တဲ့ နွေရာသီနဲ့ မီးဘေးအန္တရာယ်များတဲ့ အချိန်ကို ရောက်လာပါတော့မယ်။ အရင် မြရည်နန္ဒာမြို့သစ် မီးလောင်တုန်းက ၆၂လမ်းမကြီးနဲု့ မနော်ဟရီလမ်း တစ်ခုသာ ကောင်းမွန်တဲ့  အတွက် မီးသတ်ယာဉ်တွေ အရောက်နှောင့်နှေးခဲ့ကြပါတယ်။ အဲဒီအတွက်လည်း ဆုံးရှုံးမှု များခဲ့ရပါတယ်။ အခု ၅၆၊ ၅၈၊ ၅၉ လမ်းတွေကို ကောင်းအောင်ပြုပြင်ပြီး ဖြစ်တဲ့အတွက် မီးသတ်ယာဉ်တွေ၊ ဆေးရုံပို့ရမယ့် အရေးကြီးလူနာတင်ယာဉ်တွေအတွက် အချိန်တိုစွာ ဆောင်ရွက်နိုင်တော့မှာပါ။ အဲဒီအတွက် စည်ပင်ဌာနကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

ပြင်တဲ့သူကလည်း ပြင်ပေးထားတဲ့အတွက် လမ်းဘေးတလျေက်အိမ်တွေကလည်း အတ္တမကြီးဘဲနဲ့ လမ်းရေရှည်တည်တံ့ကောင်းမွန်နေရေးအတွက် လမ်းပေါ်ရေမဝပ်အောင် ရေနုတ်မြောင်းတွေတူးဖော်ခြင်း၊ မြောင်းမပိတ်အောင် သန့်ရှင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ရေနုတ်မြောင်းများ မရှိတဲ့ နေရာတွေမှာ မဖြစ်မနေတူးဖော်ခြင်း၊ အိမ်ရှင်များကလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်ပေးသင့်ပါတယ်။

ပျက်အစဉ်၊ ပြင်ခဏဆိုသလိုဘဲ ပြုပြင်ထားသည်က ခဏတာဘဲ ဖြစ်မနေအောင် ပူးပေါင်းဆောင်ရွက်၊ ထိန်းသိမ်းသွားကြဖို့ကလည်း အလွန်အရေးကြီးပါလှတယ်။

(အမှားများ ပါသွားရင် ခွင်လွှတ်ကြပါလို့တောင်းပန်းရင်း – ဘယ်တော့မှ  မမှန်ခဲ့တဲ့ – မြို့သစ်သားလေး – နောင်နောင်)

3 comments

  • ကြောင်လတ်

    November 24, 2011 at 7:33 pm

    ရေနှုတ်မြောင်းတွေ ကို မဖြစ်မနေ စနစ်တကျလုပ်သင့်ပါတယ်။
    တချို့အိမ်ရှင်တွေက ကိုယ့်အိမ်ရှေ့မှာရေအိုင်မှာစိုးလို့ လမ်းဘက်ကိုအစောင်းထားပြီးအိမ်ရှေ့မှာမြေဖို့ကြတယ်၊တချို့အိမ်တွေဆို ကွန်ကရိသေချာလောင်းထားသေးတယ်၊
    ရေက ဘေးအိမ်ရှေ့မှာသွားဝပ်နေတော့ ဘေးအိမ်ကလိုက်လုပ်တယ်။ ဒီလိုနဲ့ ကတ္တရာလမ်းက ရေမြောင်းဖြစ်သွားတာ ကျနော်တို့မြို့မှာ လမ်းတော်တော်များများရှိတယ်။
    စည်ပင်နဲ့ အာဏာပိုင်တွေကလည်း အဲဒီအိမ်တွေကိုုနိုင်အောင်မပြောနိုင်ကြဘူး။မိုးတွင်းမှာလမ်းလယ်က ရေအိုင်တွေကိုရှောင်ရင်းလမ်းလုကြလို့ ယာဉ်တိုက်မှု ခဏခဏဖြစ်တယ်။

  • kosharshi

    November 24, 2011 at 10:35 pm

    ပို့စ်နဲ့သိပ်ပြီးမဆိုင်လှပေမဲ့ မြို့သစ်လမ်းဆိုတော့နဲနဲတော့ဝင်ပွားပါရစေ. ၆၂ လမ်းမကြီးဟာ မြို့သစ်ရဲ့ အထင်ကရ ကျောရိုးလမ်းမကြီးပါ.. ဆိုတော့ မနက်ခင်း၊ ညနေခင်း ရုံး သွား/ပြန်၊ ကျောင်း သွား/ပြန် လူတန်းစားစုံ အသုံးပြုနေတဲ့လမ်းမကြီးပါ၊ လမ်းအသုံးပြုသူများနဲ့ လမ်းမကြီးဟာ စနစ်တကျသုံးစွဲကြမယ် ဆိုရင်တော့ အဆင်ပြေနိုင်ကောင်းပါတယ်၊ သံလမ်း(အဆင့်မြင့်ရဲစခန်း) နဲ့ မင်းကြီးရန်နောင်လမ်း (တွတ်ပီကွေ့) ကြားမှာတော့လမ်းက အတန်ငယ်ကျဉ်းပါတယ်၊ လမ်းကျဉ်းရတဲ့အပြင် လမ်းဘေးဝဲယာ အုတ်၊ထုံး၊သဲ ဘိလပ်မြေ၊ သံပင် ရောင်းဝယ်ရေးသမားများ အရောင်းဆိုင်များက လမ်းမကြီးပေါ်ရောက်သည်ထိ စုပုံထားကြခြင်း၊ ယာဉ်ကြီးများ ကိုလမ်းမပေါ်တွင်ရပ်တန့်ပြီး တင်/ချ ပြုလုပ်ကြခြင်း၊ ရံဖန်ရံခါ လမ်းမပေါ်မှာ ယာဉ်တစ်စီးနှင့်တစ်စီး ရွှေ့ပြောင်းခြင်းများကို လမ်းမအလယ်ဗဟိုမျဉ်းပိတ်ရောက်သည့်တိုင်အောင် မိမိကိုယ်ပိုင်မြေလို သဘောထားပြီးအသုံးပြုနေကြလေတော့ လမ်းအသုံးပြုသူများ(ကား၊ဆိုင်ကယ်၊စက်ဘီး) မှာ အတော်အခက်တွေ့နေ ကြရပါတယ်၊ ဒီလိုလမ်းမကြီးပေါ်ကိုအတင့်ရဲစွာ အသုံးပြုနေကြတာဟာ သက်ဆိုင်ရာ စည်ပင်ဌာနကိုပဲ မထီရော့လေသလား၊ ဒါမှမဟုတ် သက်ဆိုင်ရာကပဲ ခွင့်ပြုထားလေသလား ဆိုတာတော့ကာယကံရှင်တွေပဲ သိကြမှာပါ၊ နောက်ပြီးတော့ ကြီးကြပ်သူ ထိမ်းသိမ်းသူမဲ့ မြို့သစ်ဂျက်လေယာဉ်စက်တပ် ထော်လာဂျီများ၊ မထသ ကကြိုက်သလိုမောင်းနှင်ခွင့်ပြု ထားတဲ့(ယာဉ်ထိန်းများလက်ဆွဲနှုတ်ဆက်လေ့ရှိတဲ့)ကျည်ဆန်လိုင်းကားများရဲ့ လမ်းပြောင်းပြန်ပြိုင်ပွဲဝင် မောင်းနှင်မှုများကိုလည်းနေ့စဉ် ရှောင်တိမ်းရင်းသွားလာရတဲ့ဒုက္ခ အရသာကို ဒီစာကိုဖတ်မိသူတွေ သိရှိသူတွေ လာရောက်မြည်းစမ်းကြဘို့ဖိတ်ခေါ်ပါရစေ၊ အထက်ကပို့စ် ပိုင်ရှင်ကတော့ တဝကြီးခံစားဘူးမယ်ထင်ပါတယ်၊ နောင် အဆင်သင့်ရင်တော့ ဓါတ်ပုံနှင့်တကွကြိုးစားတင်ပြသွားပါမည်။

  • Gipsy

    November 24, 2011 at 11:23 pm

    မင်းမနိုင် ဆင်မနိုင် ဘယ်သူမှ မကယ်နိုင်တဲ့ ဒုက္ခတွင်းကြီးထဲမှာနေကြရ တဲ့ ငရဲသားတွေပါဗျာ..။
    သေလွန်ပြိီးတော့မှ မဟုတ်ပါဘူး…။ အရှင်လတ်လတ်ကို ခံစားနေကြရတာ…။

Leave a Reply