GSM တာဝါတိုင် စိုက်ထူရန် မြေတူးရာမှ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များနှင့် ရတနာများတွေ့ရှိ

chityimhtooNovember 24, 20111min934

နိုဝင်ဘာ  ၁၇  ရက် ။  ။ နိုဝင်ဘာလ ၁၄ ရက်နေ့  နေ့လည် ၁၁ နာရီ မိနစ် ၄ဝ အချိန်က ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်း ရပ်ကွက် မင်းလမ်းမှာရှိတဲ့ စာတိုက်ဝင်း အတွင်းမှာ ရတနာပုံတယ်လီပို့ ကုမ္ပဏီ အစီအစဉ်နဲ့  (အင်တီဂရေးလ် ကုမ္ပဏီ) က တာဝန်ယူ ဆောက်လုပ်မယ့် GSM တယ်လီဖုန်း တာဝါတိုင် စိုက်ထူရန် မြေများ တူးဖေါ်စဉ် ပျူခေတ် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များနဲ့ ရတနာပစ္စည်း အချို့ကို တူးဖေါ်တွေ့ရှိတယ်လို့ သိရပါတယ်။

အဲဒီ GSM တာဝါတိုင် စိုက်ထူရန်အတွက် (အင်တီဂရေးလ် ကုမ္ပဏီ) က လုပ်သား (၆)ဦးနဲ့ ခေါင်းဆောင် (၁)ဦး တို့ကို တာဝန်ပေး ခိုင်းစေခဲ့ရာမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁ဝ နာရီခန့်မှာ မြေတွင်းများ တူးရန် အဖွဲ့ခေါင်းဆောင် “မောင်ဝေယံမျိုး” က ပန်းရံအဖွဲ့ နှစ်ဦးစီခွဲပြီး မြေတွင်း သုံးတွင်းတူးဖေါ်ခိုင်းရာ “ဦးတင်ဝင်း” နဲ့ အဖွဲ့တူးဖေါ်သည့် မြေတွင်းမှ သုံးပေခန့်အနက် ရောက်ရှိစဉ်မှာ အဆိုပါ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များနဲ့ ရတနာပစ္စည်းများ တွေ့ရှိခဲ့ရာတွင် “ဦးတင်ဝင်း” တို့ စတွေ့တာက နေ့လည် ၁ဝ နာရီ ကျော်ကျော်လောက်မှာပါ တွေ့တွေ့ခြင်း ဘာတွေလဲလို့ ကြည့်လိုက်တော့ လှိုဏ်ခေါင်းထဲက ပထမဦးဆုံး ဘုရားဆင်းတုတော် ကြီးထွက်လာတာပါ နောက်ဆက်ပြီး နှိုက်ကြည့်တော့ ကျန်တဲ့ ပစ္စည်းတွေနဲ့ ဘုရားလေးတွေ တွေ့လို့ ကျွန်တော်တို့ရွံ့တွေကို ရေဆေးပြီး စာတိုက်မှုး “ဒေါ်ယုယု” ကို သတင်းပို့လိုက်ပါတယ်လို့ အဖွဲ့ခေါင်းဆောင်  “မောင်ဝေယံမျိုး” က ပြောပြပါတယ်။

အဆိုပါ တူးဖေါ်တွေ့ရှိမှုများကို စာတိုက်မှုး “ဒေါ်ယုယု” က သက်ဆိုင်ရာ ဒေသအာဏာပိုင်များကို သွားရောက် သတင်းပို့ခဲ့ရာ ကျောက်တန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှု  “ဦးကျော်ဇေယျ”  နဲ့ တာဝန်ရှိ သူအဖွဲ့များမှ လာရောက်ကြည့်ရှု စစ်ဆေးပြီး တူးဖေါ်တွေ့ရှိတဲ့ ရှေးဟောင်း ရုပ်ပွားတော်များနဲ့ ရတနာပစ္စည်းများကို ကျောက်တန်းမြို့နယ် သံဃမဟာနာယက ဥက္ကဌဆရာတော် “ဘဒ္ဒန္တပညာ” သီတင်းသုံးရာ စိတ္တသုခကျောင်းကို နေ့လည် ၁၁ နာရီ ၄ဝ မိနစ်မှာ ပင့်ဆောင် အပူဇော်ခံခဲ့ကြတယ်လို့လဲ ပြောပါတယ်။

 

တူးဖေါ်တွေ့ရှိခဲ့ရတဲ့ ရှေးဟောင်း ပစ္စည်းများမှာ (၁) အလေးချိန် ၂ဝ ပိဿာ ၆၅ ကျပ်သားရှိ ကြေးလို့ယူဆရတဲ့ ၃ ပေခန့် အရွယ် ဗုဒ္ဓဆင်းတု မတ်ရပ် (၁)ဆူ၊ (၂) အလေးချိန် ၈၅ ကျပ်သားရှိ ကြေးလို့ ယူဆရတဲ့ ၁ဝ လက္မအရွယ် ဗုဒ္ဓမတ်ရပ် ဆင်းတု (၁)ဆူ၊ (၃) အလေးချိန်  ၈ဝ ကျပ်သားရှိ ကြေးလို့ ယူဆရတဲ့ ၈ လက္မအရွယ် တင်ပလ္လင်ခွေ ဗုဒ္ဓဆင်းတု (၁)ဆူ၊ (၄) အလေးချိန် ၁၅ ကျပ်သားရှိ ကြေးလို့ ယူဆရတဲ့ ရ လက္မအရွယ် ဗုဒ္ဓဆင်းတု (၁)ဆူ၊ (၅) အလေးချိန် ၁ ပိဿာ ၁၅ ကျပ်သားရှိ ကြေးလို့ ယူဆရတဲ့ ၅.၆ လက္မအရွယ် တင်ပလ္လင်ခွေ ဗုဒ္ဓဆင်းတု (၂)ဆူ၊ (၆) အလေးချိန် ၁၅ ကျပ်သားရှိ ကြေးလို့ ယူဆရတဲ့ ၃ လက္မအရွယ် တင်ပလ္လင်ခွေ ဗုဒ္ဓဆင်းတု (၁)ဆူ၊ (၇) ရွှေသားအလေးချိန် ၄ ကျပ် ၅  ပဲသားရှိ ရ လက္မအရွယ် ရွှေပြားကပ် တင်ပလ္လင်ခွေ ဗုဒ္ဓဆင်းတု (၁)ဆူ၊ (၈) ရွှေသားအလေးချိန် ၁ ကျပ် ၁၄ ပဲသားရှိ ၆ လက္မအရွယ် ရွှေပြားကပ် ဗုဒ္ဓဆင်းတု (၁)ဆူ၊ (၉) ရွှေသားအလေးချိန် ၃ ကျပ် ၁၃ ပဲသားရှိ ၈ လက္မအရွယ် ရွှေပြားကပ် တင်ပလ္လင်ခွေ ဗုဒ္ဓဆင်းတု (၁)ဆူ၊ (၁၀) အုတ်နဲ့ ထုလုပ်ထားတဲ့ ၂ လက္မအရွယ် တင်ပလ္လင်ခွေ ဗုဒ္ဓဆင်းတု (၁)ဆူ၊ (၁၁) အလျား ၁ဝ လက္မ အနံ ၅ လက္မ အလေးချိန် ၂ ကျပ် ၈ ပဲ ၄ ရွေးသားရှိ ရွှေပြား (၁)ပြား၊ (၁၂) အလေးချိန် ၁ ကျပ် ၁၁ ပဲ ၄ ရွေးသားရှိ အလျား ရ လက္မ၊ အနံ ၄ လက္မရှိ ရွှေပြား (၁)ပြား၊ (၁၃) အလေးချိန် ၂ ကျပ် ၄ ပဲ ၄ ရွေးသားရှိ လျား ၆ လက္မ၊ အနံ ၄ လက္မရှိ ရွှေပြား (၁)ပြား၊ (၁၄) ၃ လက္မ ပတ်လည်ခန့်ရှိ အုတ်ဘုရား (၁)ဆူ၊ (၁၅) အလေးချိန် ၃ ပိဿာ ၅ဝ ကျပ်သားရှိ ကြေးလို့ ယူဆရတဲ့ ၈ လက္မ ပတ်လည် ကလပ် (၁)ခု၊ (၁၆) အလေးချိန် ၇၅ ကျပ်သားရှိ ကြေးလို့ ယူဆရတဲ့ အချင်း ၅ လက္မ၊ အမြင့် ၃ လက္မရှိ ကလပ် (၁)ခု၊ (၁၇) အလေးချိန် ၈ဝ ကျပ်သားရှိ အလျား ၄ လက္မ၊ အနံ ၃.၆ လက္မ၊ အမြင့် ရ လက္မရှိ ကြေးလို့ ယူဆရတဲ့ ပလ္လင် (၁)ခု၊ (၁၈) အလေးချိန် ၂ဝ ကျပ်သားရှိ ကြေးလို့ ယူဆရတဲ့  အလျား ၅.၆ လက္မ၊ အနံ ၃ လက္မရှိ နဂါးခေါင်းပုံ (၁)ခု၊ (၁၉) အချင်း ၁၁ လက္မ၊ အမြင့် ၅ လက္မရှိ ကျောက်ခွက် (၁)ခု၊ (၂၀) အချင်း ၆.၆ လက္မ၊ အမြင့် ၁၃ လက္မ အဖုံးပါ အုတ်နဲ့ ပြုလုပ်ထားတဲ့ အိုး(၁)လုံး၊ (၂၁) ကျောက်ခွက် အပိုင်းအစများ တူးဖေါ် တွေ့ရှိခဲ့ပါတယ်။

အဆိုပါ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များနဲ့ ရှေးဟောင်း ရတနာပစ္စည်းများကို ရှေးဟောင်း သုတေသနက ဒုတိယ ညွှန်ကြားရေးမှုး “ဦးသန်းဝင်း” က ပြောကြားရာမှာ ဉာဏ်တော် ၃၆ လက္မ အမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ ရွှေ-ငွေ- ကြေး-သံ-သွပ် တို့နဲ့ ပေါင်းစပ် သွန်းထု ပူဇော်ထားတာဖြစ်ပြီး၊ ပဉ္စမလောဟာ၊ အဘယမုဒြာ ပုံတော်  ရုပ်ပွား ဆင်းတုတော် ဖြစ်ပြီး ပျူခေတ် အနှောင်းပိုင်းလက်ရာ ဘုရားတစ်ဆူ ဖြစ်ကြောင်းနဲ့ သဲကျောက် အရိုးအိုးများဟာလဲ ပျူခေတ် အနှောင်းပိုင်း လက်ရာများ ဖြစ်ကြောင်း အတည်ပြု ပြောဆိုသွားကြောင်း သိရပါတယ်။

4 comments

  • chityimhtoo

    November 24, 2011 at 6:37 pm

    ဓါတ်ပုံတွေပါ upload တင်တာပါမလာဝူး။

    • windtalker

      November 24, 2011 at 8:02 pm

      upload လုပ်ပြီးရင် အက်ဒစ်photo ဆိုတာမှာ insert into post ကို ပြန်ရွေးပေးရသေးတယ်လေ ။
      အပ်လုပ် လုပ်ပြီးရင်တော့ ပုံတွေက ဆိုက်ထဲမှာဘဲ ရှိနေမှာပါ ၊ မီဒီယာဂလာရီ ထဲ မှာ ပြန်ရှာကြည့် ပါလား

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 24, 2011 at 6:50 pm

    တွေ့ရှိသူတွေကို
    ပစ္စည်းတွေတွက် တန်ဖိုးတွေ အတိကျသတ်မှတ်ပြီး
    အပြည့်ဝပေးအပ်သင့်ပါတယ်
    ဘာသာရေးပစ္စည်းတွေဆိုတော့ သက်ဆိုင်သူ ( တွေ့ရှိသူများ ) ရဲ့ဆန္ဒမှာလည်းမူတည်ပါမယ်
    အလွန်အရေးကြီးတာကတော့
    တာဝန်ရှိသူတွေကို သတိထားပါ ( ဘာကောင်တွေ ညာကောင်တွေ )
    ဘယ်သူယုံယုံ ကျုပ်မယုံဘူး
    ဒီပစ္စည်းတွေကို တွေ့ရှိသူတွေရဲ့ပစ္စည်းလို့ သဘောထားရမှာဖြစ်ပြီး
    ၎င်းတို့ရဲ့ သဘောထားများနှင့် ညှိနှိုင်းသင့်ပါကြောင်း
    ဟုတ်လားမဟုတ်လားတိဝူး ကျုပ်ကတော့ စွတ်ပြီးထောက်ခံလိုက်ပြီ
    ပုံလေးဘာလေးတင်ပါဦးလား

  • ကြောင်လတ်

    November 24, 2011 at 7:41 pm

    ကိုပု…….. မြန်မာပြည်မှာ ဒါမျိုးကထုံးစံမရှိဘူးထင်တယ်
    သိမ်းပစ်လိုက်တာကများတယ်၊
    တကယ်ပေးမယ်ဆိုရင်တော့ ဆင်းဆင်းရဲရဲလုပ်ကိုင်စားနေရတဲ့ အခြေခံလူတန်းစားတွေအတွက်တကယ်ကိုကောင်းပါတယ်။
    သူတို့ ကံနဲ့ ရတာ ဆိုတော့ သူတို့အကျိုးခံစားသင့်ပါတယ်။

Leave a Reply