မြန်မာတိုင်း(မ်) ဂျာနယ်၊ သရော်စာကဏ္ဍမှ စာမူတစ်ပုဒ်အား ခံစားမိခြင်း

KingNovember 24, 20111min26617

ဒီနေ့ တစ်နေ့လုံး အလုပ်တွေလည်းရှုပ် လူလည်း ငြီးစီစီဖြစ်လာသောကြောင့် ယနေ့ထုတ် ဂျာနယ်တစ်စောင်ကို လန်လောကာ သတင်းလေးများ ပုံမှန်အတိုင်းပဲ ဖတ်ကြည့်မိပါတော့တယ် … ကိုယ်ပဲ သည်ဂျာနယ်ကို မဖတ်တာကြာလို့လား မသိဘူး ထပ်တိုးလာတဲ့ ကဏ္ဍာကို အမှတ်တမဲ့ပါပဲ … ယခုဖတ်မိမှာပဲ သည်ကဏ္ဍလေးကို သဘောလည်း ကျမိပါရဲ့ဗျာ … ခေါင်းစဉ်တင်ပဲ တော်တော်စိတ်ဝင်စားဖို့ ကောင်းတာနဲ့ပဲ ဆက်ဖတ်ဖြစ်ခဲ့တယ်ဗျ .. ခေါင်းစဉ်ကတော့ ဆက်သွယ်ရေးမှ လူကြီးမင်းများ ခင်ဗျား .. ဆိုပြီးပေးထားလေရဲ့ ….. ကျွန်တော်လည်း အခုတစ်လော ဆက်သွယ်ရေးနဲ့ပတ်သက်လို့တော်တော်လေး စိတ်ညစ်နေတာဆိုတော့ …. စိတ်ညစ်ဆိုဗျာ အင်တာနက်လိုင်းသုံးလို့ရတဲ့အချိန်မှာ ဖွင့်လိုက်လို့ရှိရင် Notice စာကို အရင်ဖတ်ပဲ ဖတ်နေရတယ် ဒီစာက ဆက်သုံးဖို့ စိတ်ဓာတ်ကျစေတယ်ဗျာ …. အဲဒီစာလေး ပေါ်လာတာကိုပဲ ကျေးဇူးတင်ရမလိုပဲ ဘာလို့လဲဆိုတော့ ကျွန်တော်ထိုင်တဲ့ ကွန်ပျူတာနဲ့ချိတ်ထားတဲ့ လိုင်းက လုံးဝကို သုံးလို့မရလို့ပဲ DSL မီးလေးလင်းပါလို့ ပြုခဲ့သမျှ မကောင်းမှုတွေကို တိုင်တည်ကာ သစ္စာပြုပေမယ့်လည်း ဘယ်တော့မှ မလင်းတဲ့ လမ်းထဲက ဓါတ်မီးတိုင်တစ်ချို့လို ဘယ်တော့မှ မလင်းခဲ့လို့ပါဘဲ။ ကွန်ပလိန်းဌာနကို ဆက်သွယ်ပြောဆိုခဲ့သော်လည်း ဟိုဟာလုပ်ခိုင်း ဒီဟာလုပ်ခိုင်းနဲ့ (လုပ်ခိုင်းသလိုလုပ်ခဲ့တော့လည်း မရခဲ့) … နောက်ဆုံးစိတ်လျော့ပြီး နောက်လိုင်းတစ်ခုနဲ့ ချိတ်ထားတဲ့ တစ်ဖက်ခန်းက ကွန်ပျူတာကိုပဲ သုံးနေရပါတော့တယ် … အခုလည်း ရေးသာရေးရတာ လိုင်းကျသွားရင်တော့ ငါတော့ ဒုက္ခပဲဆိုတဲ့ စိတ်က အခုမှပဲ ဝင်လာတော့တယ် …. 😀 .. စာရေးသူရေးထားတဲ့ စာထဲမှာပါတဲ့

ယခု ကျွန်တော်တင်ပြလိုသည်မှာ တယ်လီဖုန်းဆက်သွယ်မှုခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးရန် ဖြစ်ပါသည်။

လူကြီးမင်းတို့ဌာနမှ နိုင်ငံတကာနှင့်ယှဉ်လျှင် မြန်မာနိုင်ငံသည် ဖုန်းခေါ် ဆိုမှုနှုန်းထား သက်သာသည်ဟု ပြောဆိုထားသည်ကို ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရပါသည်။

သို့သော် ကျွန်တော်တို့၏ဝင်ငွေများမှာလည်း နိုင်ငံခြားကို မမီပါဟု ပထမအချက်အနေဖြင့် တင်ပြလိုပါသည်။

ထိုထက် အရေးကြီးသောအချက်မှာ တယ်လီဖုန်းခေါ်ဆိုခများကို လေးပုံ တစ်ပုံခန့်အထိ လျှော့ချပေးစေလိုပါသည်။ 

စာရေးသူရဲ့ တင်ပြချက်ကို ထောက်ခံကြောင်းလည်း ထပ်လောင်းပြောကြားလိုပါတယ် … ကျွန်တော်တို့လို သာမန်လခစားဝန်ထမ်းတွေအနေနဲ့ လိပ်ခေါင်းထွက်မတက် အော်ဟစ်လိုက် ခလုပ်မတိုက်မိအောင် သတိထားရင် ဟိုရွှေ့ဒီရွှေ့ ပြေးရင်းပြောကာ လိုရင်းပြောဆိုဖို့ အချိန်တွေအများကြီး သုံးစွဲခဲ့ရပါတယ် …. (စာကြွင်း။ တစ်ချို့ကလည်း ပြောကြမှာပေါ့ မင်းတို့ သုံးတဲ့ ဟန်းဆက်တွေက ဈေးပေါတာတွေသုံးတာလို့ … ပြောလဲမတက်နိုင်ဘူး ဒါလေးတစ်ခုတောင် လစာထက်တောင် ကျော်နေသေးတယ်ဗျ… …….. ဆက်သွယ်ရေးဌာနကလည်း … တာဝါတိုင်တွေ တည်ဆောက်နေပါတယ် … မလုံလောက်သေးတော့ အခက်အခဲတွေရှိမှာပေါ့ … အစပိုင်းဆိုတော့ အခက်အခဲတွေရှိနိုင်တယ် နောက်ပိုင်းလည်း မသေချာသေးဘူးဆိုပြီး … 😀 )

နောက်တစ်ချက်ကတော့ အင်တာနက်မြန်နှုန်းကိစ္စနဲ့ ဖော်ပြထားတာပါ … အင်တာနက်ကိစ္စကိုတော့ အပေါ်မှာ ကိုယ်တွေ့အနည်းအကျဉ်းရေးပြထားတော့ ဆက်မရေးတော့ဘူးဗျာ စာရေးသူရဲ့ စာမူကို အောက်မှာ ဆက်လက်ဖော်ပြပေးလိုက်ပါ့မယ် ….. ကျွန်တော်အကြိုက်ဆုံး စကားစုကတော့ စာရေးသူရဲ့ စာကြွင်းဆိုပြီး ကွင်းစ ကွင်းပိတ်နဲ့ နောက်ဆုံးဖော်ပြခဲ့တာကိုပါပဲ … ဆောင်းပါးတစ်ခုလုံးအပြီးမှာ စာရေးသူက ကျေးဇူးတင်စကားပြောပါတယ် ကျေးဇူးတင်စကားပြီးတော့ ဒီအောက်က စာသားလေးနဲ့ စာကြွင်းဆိုပြီး နိဂုံးချုပ်သွားပါတယ် …………

(စာကြွင်း၊ ကျေးဇူးတင်ပါတယ်ဆိုသောစကားမှာ ဈေးအလွန်ပေါသော၊ ကုန်ကျစရိတ် အသက်သာဆုံးသော စကားဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက ကျွန်တော့အား အငေါ်တူးပြီး ပြောဖူးသော်လည်း ကျွန်တော်တို့အနေဖြင့် ထိုစကားမှလွဲပြီး တခြားပြောစရာ စကား မရှိ သေးသဖြင့် သည်းခံပေးပါခင်ဗျား)။

အားလုံးကို လေးစားလျှက်

KING 😀 🙂 😛

——————————————————————————————————————————————————————-
မူရင်းစာကိုတော့ မြန်မာတိုင်း(မ်)ဂျာနယ်၊ အတွဲ(၂၈) အမှတ် (၅၄၅) (၂၅၊၁၁-၁၊၁၂၊၂၀၁၁) သရော်စာကဏ္ဍ စာမျက်နှာ(၈)မှာ ဖော်ပြထားပါတယ် …

အွန်လိုင်းက ဖတ်ရှုနိုင်ဖို့အတွက် .. http://www.myanmar.mmtimes.com/2011/news/545/satire.html

အပြည့်အစုံကို ဒီမှာ ဖတ်သွားလို့လည်း ရပါတယ် ….

ဆက်သွယ်ရေးမှ တာဝန်ရှိလူကြီးမင်းများခင်ဗျား၊ နိုင်ငံအတွင်း တစ်ခုတည်းသော ဆက်သွယ်ရေးဌာနဖြစ်သည့် လူကြီးမင်းတို့၏ ဝန်ဆောင်မှုလုပ်ငန်းများကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအပေါင်း သုံးစွဲနေရ သည်မှာ ငြင်းမရသောအချက် ဖြစ်ပါသည်။

ယခုအခါ တယ်လီဖုန်းများ ပေါလာသည်နှင့်အမျှ ခေါ်ဆိုရခက်ခဲမှုများ ကြုံတွေ့လာရပါသည်။

သူငယ်ချင်း တစ်ဦးကမူ ယခုအယူအဆမှာ မှားကြောင်း၊ ဖုန်းများ ရှားပါးပစ္စည်းဘဝကလည်း ဆက်သွယ်ရခက်ကြောင်း ပြောပါ သည်။

ထိုကိစ္စမှာ ယခုတင်ပြမည့်အထဲ မပါသဖြင့် နောင်မှ ဆွေးနွေးပါတော့မည်။

ယခု ကျွန်တော်တင်ပြလိုသည်မှာ တယ်လီဖုန်းဆက်သွယ်မှုခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးရန် ဖြစ်ပါသည်။

လူကြီးမင်းတို့ဌာနမှ နိုင်ငံတကာနှင့်ယှဉ်လျှင် မြန်မာနိုင်ငံသည် ဖုန်းခေါ် ဆိုမှုနှုန်းထား သက်သာသည်ဟု ပြောဆိုထားသည်ကို ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရပါသည်။

သို့သော် ကျွန်တော်တို့၏ဝင်ငွေများမှာလည်း နိုင်ငံခြားကို မမီပါဟု ပထမအချက်အနေဖြင့် တင်ပြလိုပါသည်။

ထိုထက် အရေးကြီးသောအချက်မှာ တယ်လီဖုန်းခေါ်ဆိုခများကို လေးပုံ တစ်ပုံခန့်အထိ လျှော့ချပေးစေလိုပါသည်။

အဘယ်ကြောင့် ယခုကဲ့သို့ အရေးဆို တင်ပြရသည်ကို ရှင်းလင်းလိုပါသည်။

ကိစ္စတစ်ခုကြောင့် လက်ကိုင်ဖုန်းကို အသုံးပြု ဆက်ပါက ပထမခေါ်ဆိုမှုတွင် ကျွန်တော်၏အသံကို တစ်ဖက်မှကြားရ ပါသည်။

သို့သော် တစ်ဖက်မှအသံကို ကျွန်တော်မကြားရပါ။

ထို့ကြောင့် ဖုန်းကိုဒုတိယအကြိမ် ပြန်ခေါ်ရပါသည်။

ယခုတစ်ကြိမ်တွင်မူ တစ်ဖက်မှအသံကို ကျွန်တော်ကြားရပါသည်။

သို့သော် ကျွန်တော်၏အသံကို တစ်ဖက်မှ မကြားရပါ။

သို့နှင့် တတိယမိ္ပ ကြိုးစား ကြည့်သောအခါ ဟိုဘက် ဒီဘက်အသံ ကောင်းစွာကြားပြီး ပြောဆိုနိုင်ပါသည်။

သို့သော် ပြော၍မှ လိုရင်းမရောက်မီ တီ တီ တီ တီ ဟု အော်မြည်သံပေးကာ ဖုန်း ပြုတ်ကျသွားပါသည်။

တစ်ခါတစ်ရံ မည်သည့်အသံမှ မမြည်ဘဲ အသံပျောက် သွားတတ်ပါသည်။

တစ်ခါတစ်ရံ ပြောရင်း အသံတဖြည်းဖြည်း တိမ်ဝင်သွားတတ်ပါသည်။

ထို့ကြောင့် အဆိုပါ ပြောလက်စကိစ္စတစ်ခု ပြီးမြောက်ရန်အတွက် စတုတ္ထအကြိမ် ထပ်မံခေါ်ရပါသည်။

အနည်းဆုံး လေးခါခေါ်မှ အလုပ်ကိစ္စ တစ်ခု ပြီးမြောက်သည့်သဘော ဖြစ်နေပါသည်။

ထို့ကြောင့် တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများကို လေးပုံတစ်ပုံ လျှော့ချ ပေးသင့်ကြောင်း တင်ပြလိုပါသည်။

ဒုတိယတင်ပြလိုသည်မှာ လူကြီးမင်း တို့ဌာနမှပင် ဝန်ဆောင်မှုပေးနေသော အင်တာနက်ကိစ္စဖြစ်ပါသည်။

အင်တာနက်ကို ယခင်ခေတ်က လျှပ်စစ်မီး အလှည့်ကျပေးနေသကဲ့သို့ ဆာဗာများ အလိုက် အလှည့်ကျပေးနေသည်ထင်ကြောင်း မိတ်ဆွေတစ်ဦးက ပြောပါသည်။

ထိုအချက်မှာ မဖြစ်နိုင်သော်လည်း ယခုအခါ ကျွန်တော်ပင်လျှင် ယုံချင်သလိုလို ဖြစ်လာပါသည်။

အဘယ်ကြောင့်ဆိုသော် အလုံတွင်နေသော ကျွန်တော်သည် ညဘက် အင်တာနက်သုံးရန်အတွက် ကွန်ပျူတာကိုဖွင့်ပြီး အနည်းဆုံး ၁ဝ မိနစ်ခန့် စောင့်ရပါသည်။

DSL မီး မှိတ်တုတ်မှိတ်တုတ် အခြေအနေမှ ဘဝကူးပြီး တစ်သမတ်တည်း ငြိမ်သွားအောင် ဘုရားစာများ ရွတ်ဆိုပြီး အင်တာနက် ဆက်သွယ်မှုသေတ္တာ မိုဒန်းကို မေတ္တာပို့ရပါသေးသည်။

၁ဝ မိနစ်ခန့်အကြာတွင် မီး အစိမ်း ငြိမ်သွားသည်နှင့် ဖွင့်လိုသော ဝက်ဘ်ဆိုက်ကို အမြန်ဖွင့်ရပါသည်။

သို့သော် မိမိကြည့်လိုသောဝက်ဘ်ဆိုက် မပွင့်မီမှာပင် DSL မီးသည် နဂိုဘဝ ပြန်ပြောင်းကာ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဆက်သွယ်မှု ပြန်လည်ပြတ်တောက် သွားပါသည်။

ခုတစ်မျိုး တော်ကြာ တစ်မျိုး၊ ခု စာကလေး၊ ခုဆီထမင်းကြော် ဆိုသည့်စကားများမှာ အင်တာနက်ကို ရည်ညွှန်းပြောဆိုထားသည် လားဟု စဉ်းစားစရာပင် ဖြစ်ပါတော့သည်။

အင်တာနက်သုံးစွဲရရန်မှာ ပါဝါမီး လင်းရမည်။ DSL မီးလည်းလင်းပြီး ငြိမ်နေရမည်။ ETH/ACT မီးစိမ်းလေးက တဖျတ်ဖျတ် လှုပ်နေရမည်ဟု သိထားသော်လည်း ယခုအခါ ငြိမ်ရမည့် DSL မီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး မှိတ်တုတ် မှိတ်တုတ် ဖြစ်ရမည့် EHT/ACT မီးက ငြိမ်နေသဖြင့် ဟိုဟာပြုရမယ့်ဟာက ဟိုဟာမပြုဘဲ ဟိုဟာမပြုရမယ့်ဟာ ပြုနေတယ်ဟု ပြောရမလို ဖြစ်နေပါသည်။

တစ်ခါတစ်ရံ မီးသုံးလုံးစလုံးက ထေရ်ကြီးဝါကြီးများသဖွယ် ဣန္ဒြေသိက္ခာအပြည့်ဖြင့် လင်းပြီး ခဏငြိမ်နေပါကလည်း သုံးမရပြန် တော့ပါ။

ထို့ ကြောင့် ဆင်ခြေဆင်လက်ပေးရန်ဟု ရမ်းသန်း ဘာသာပြန်လိုက်သော ကွန်ပလိန့်ဌာနသို့ ဖုန်းဆက်ရပြန်ပါသည်။

အဆိုပါဖုန်းမှာလည်း သုံးလေးကြိမ်ခေါ်မှ လိုရင်းရောက်ပြီး တစ်ဖက်မှ အခြေအနေကို မေးပါသည်။

ထို့နောက် ယင်းတို့ညွှန်ကြားသည့် အင်တာနက် အဝင်ကြိုးကို စစ်ဆေးခြင်း၊ ညွှန်ကြားသည့်ပင်နံပါတ်များရိုက်ထည့်ခြင်းများ လုပ်ရ ပါသည်။

ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သော်လည်း မထူးသော် (ညွှန်ကြားချက်အတိုင်း လုပ်သဖြင့် တစ်ခါမှလည်း ပြန်ကောင်းလာခြင်းမျိုး မရှိဖူးပါ) ကွန်ပလိန့်နံပါတ်ဟုဆိုကာ နံပါတ်တစ်ခုမှတ်ခိုင်းပြီး နောက်နေ့ ရုံးချိန်တွင် ဆက်သွယ်ရန်ဖုန်းနံပါတ် တစ်ခု ပေးပါသည်။

နောက်နေ့ရုံးချိန်တွင် မဆက်သွယ်မီ အင်တာနက်ဖွင့် ကြည့်သောအခါ သူမဟုတ်သလိုဖြင့် ကောင်းနေသောကြောင့် အဆိုပါဌာနသို့ မဆက်သွယ်ဖြစ်တော့ပါ။

သို့သော် နောက်တစ်နေ့တွင် ယခင်အတိုင်း ရောဂါပြန်ဖောက်လာသဖြင့် ကွန်ပလိန့် လုပ်ရပြန်ပါသည်။

နောက်ဆုံးတွင် ကွန်ပလိန့်နံပါတ်များ တစ်ပြုံကြီးဖြင့်သာ ကျွန်တော့မှာ သုံးရလိုက် သုံးမရလိုက်ဖြင့် လုံးလည်လိုက်နေပါတော့သည်။

ထို့ထက်ပိုဆိုးသည်မှာ အီလက်ထရွန်း နစ်စာတိုက်ပုံးဟုခေါ်သော အီးမေးလ် ကို အင်တာနက်ဆိုင်တွင် ဖွင့်သုံးနေစဉ် ကွန်နက်ရှင် ကျသွားခြင်းဖြစ်ပါသည်။

မိမိ၏စာတိုက်ပုံးမှာ ပြန်မပိတ်ရသေးသဖြင့် မိမိ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များ မပေါက်ကြားစေရန် အလို့ငှာ အဆိုပါ ဆိုင်တွင် သုံးလက်စ ကွန်ပျူတာရှေ့၌ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပြီး စောင့်ဆိုင်းရသည့်ဒုက္ခမှာ မသေးလှပါခင်ဗျား။

တစ်ခါကလည်း အင်တာနက်ဆိုင်တစ်ဆိုင်တွင် အသုံးပြုနေစဉ် မနေ့က ချိန်းတဲ့အချိန်လာပါတယ်၊ အင်တာနက် လိုင်းကျနေလို့ပါ၊ ဘယ်မှအလေလိုက် နေတာမဟုတ်ပါဘူး၊ ဘုရားစူး၊ မိုးကြိုး ပွတ်ရစေရဲ့ဟု လူငယ်တစ်ဦး ငိုသံပါကြီးဖြင့် ထုချေလွှာတင်သွင်း နေသည်ကို သနားစဖွယ် ကြားလိုက်ရပါသေးသည်။

ဗုဒ္ဓဘုရားရှင်သည် အိမ်ရှေ့စံဘဝတွင် သူအို၊ သူနာ၊ သူသေတည်းဟူသော နိမိတ်ကြီးများကိုမြင်ပြီး အနိစ္စမမြဲပါလားဟု သံဝေဂရ တောထွက်ခဲ့သည်ဟု သိရပါသည်။

အကယ်၍သာ ထိုခေတ်တွင် အင်တာနက်သာရှိခဲ့ပါက ကွန်နက်ရှင် တက်လိုက်ကျလိုက်ကိုကြည့်ပြီး ကွန်နက်ရှင်မမြဲပါလားဟု တစ်ထိုင်တည်း အနိစ္စ မတည်မြဲခြင်းသဘောကို သိသွားနိုင်မည်ဟု ထင်မိပါသည်။

လွန်ခဲ့သော ဆယ်နှစ်မှစ၍ အင်တာနက်သုံးစွဲခဲ့သော ကျွန်တော်သည် မိမိ၏ အသက်အပိုင်းအခြားကို အင်တာနက်မှ အကြိမ်ကြိမ် ခိုးယူသည့်ဘေးနှင့် ကြုံတွေ့နေရပါသည်။

ထို့ကြောင့် မိမိ အလုပ်ပြီးမြောက်စေရန် အင်တာနက်ရှေ့တွင် သုံးရမည့် အချိန်လျှော့ချနိုင်ရေးအတွက် အင်တာနက်မြန်နှုန်းများ မြှင့်မပေးနိုင်လျှင်သော်မှ အသုံးပြုနေစဉ် ကွန်နက်ရှင်ပြတ်တောက်မသွားစေရေး ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။

ကျွန်တော်၏တင်ပြချက်များနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးမည်ဆိုပါက လူကြီးမင်းတို့အပေါ် ကျွန်တော် သာမက တစ်ပြည်လုံးရှိ အင်တာနက် သုံးစွဲသူများ၊ တယ်လီဖုန်းသုံးစွဲသူများက အထူးကျေးဇူးတင်ရှိမည်မှာ အမှန်ပင် ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါသည်။

(စာကြွင်း၊ ကျေးဇူးတင်ပါတယ်ဆိုသောစကားမှာ ဈေးအလွန်ပေါသော၊ ကုန်ကျစရိတ် အသက်သာဆုံးသော စကားဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက ကျွန်တော့အား အငေါ်တူးပြီး ပြောဖူးသော်လည်း ကျွန်တော်တို့အနေဖြင့် ထိုစကားမှလွဲပြီး တခြားပြောစရာ စကား မရှိ သေးသဖြင့် သည်းခံပေးပါခင်ဗျား)။

17 comments

  • windtalker

    November 24, 2011 at 9:53 pm

    စဉ်းစားပေးပါမယ် ၊ အားနာပါတယ် ဆိုသော စကားမှာ သူရို ့လက်သုံးစကား ဖြစ်သဖြင့် သည်းခံပေးပါ ခင်ဗျား ။ ( မှတ်ချက် ။ အငှားပြောပေးချင်းဖြစ်သည် )

    • king

      November 24, 2011 at 10:03 pm

      အငှားပြောပေးတယ်ဆိုတော့ …. အင်း …
      ကိုပေနဲ့ တယ်လီပို့က ကောင်မလေးနဲ့ .. အဟွင်း ဟွင်း … 😀
      ;P

      • windtalker

        November 24, 2011 at 10:08 pm

        လုံးဝ မပြောပြနိုင်ဘူး ဗျာ
        အသေ သပ်ချင် သပ်သွား
        ဘီယာမတိုက်မချင်း ကျွန်ုပ် မောင်ပေ မဖြေနိုင်ဘူး ဆိုတာ ဘဲ
        ဟီဟိ

        • king

          November 25, 2011 at 9:17 am

          ဘီယာဆိုတော်ပီလား ….
          ဘီယာတိုက်ပြီး အပီသာနှိုက်လိုက်လို့ရှိရင် မောင်ပေတစ်ယောက် ခံနိုင်ရိုးလားဗျ …
          စာကြွင်း။ အပီနှိုက် = သတင်းအပီနှိုက်ခြင်းကို ဆိုလိုခြင်းဖြစ်၏ …. 😀

        • ပေါက်ဖော်

          November 25, 2011 at 10:30 am

          တော်သေးတယ်..
          အပီနောက်မှာ အောက်ကမြင့် (–့) ထည့်လိုက်ရင်….
          မလွယ်ကြောပဲ….

  • thit min

    November 24, 2011 at 10:23 pm

    “Posted by king on Nov 24, 2011 in Aha! Jokes, Satire, Mandalay Gazette, Myanma News, Other – Non Channelized, Think Different |”
    ……………………သေချာအောင် ဒိတ် ကိုစစ်ရတယ်။
    ပျောက်သွားလိုက်တာ ဆရာကင်းရယ်။
    (တစ် နဲ့ ကိုး လဲ မရှိပါဘူး။ ရှိလို့ရပါတယ်၊ နားမရှင်းသူများကျော်ဖတ်ပါ)
    အားလုံးနဲ့ ကင်းအောင် နေသွားပြီလားလို့။
    ပြန်ပေါ်လာတာရယ်၊ ခုလိုစာပြန်ရေးလို့ ဝမ်းသာပါသည် ခင်ဗျ။

  • small cat

    November 25, 2011 at 7:38 am

    ရေးစမ်းဘာဗျာ များများလေး၊ ဆက်သွယ်ရေးရဲ့အားနဲချက်တွေကို
    ဂျာနယ်တွေမှာပြောလိုက်ရင် ဆောင်ရွက်နေပါတယ်၊ ဆောင်ရွက်နေပါတယ်နဲ့ ဘာမှလဲဖြစ်မလာဘူး။
    ဘယ်ဆောင်ကိုရွက်နေတာလဲမသိ

  • nozomi

    November 25, 2011 at 10:06 am

    ကိုကင်းလဲ အင်တာနက်လို ပေါ်လိုက် ပျောက်လိုက်ပါလား
    မူရင်း စာရေးသူ ရော ကိုကင်း ရော အမှန်ပြောတာတွေ အတွက် ကျေးဇူးပါ
    အဲဒီလို သရော်စာလေးဖတ်ရင်း တွေးရင်းနဲ့မှ နေ့ရက်တွေကို ကျော်နေရတာပါ

    • inz@ghi

      November 25, 2011 at 10:09 am

      မူရင်း စာရေးသူ ရော ကိုကင်း ရော အမှန်ပြောတာတွေ အတွက် ကျေးဇူးပါ
      အဲဒီလို သရော်စာလေးဖတ်ရင်း တွေးရင်းနဲ့မှ နေ့ရက်တွေကို ခွနရတာပါ
      (ကျော်တာနဲ့ ခွတာ တူတူဘဲ နာတိဒယ် ဆြာရုပ်ရဲ့ :D)

      • king

        November 25, 2011 at 3:00 pm

        စတုတ္ထမဏ္ဍိုင်ပုံကြီးနဲ့ ပြောတော့လည်း
        ဘာမှပြန်ပြောတော့ဘူး … တော်ကြာ ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ကြီးတင်မဟုတ်ဘဲ
        ဇာတ်ကြီး (၁၀)ဘွဲ့ အကုန်လုံး ………….
        အင်း …..
        😀 🙂 😛

  • လင်းဝေကျော်

    November 25, 2011 at 10:29 am

    ဆက်သွယ်ရေးက လျှော့ပေးချင်ပါတယ်။
    ဆက်သွယ်ရေးမှာ လုပ်တဲ့ သူတွေနဲ့ ဆက်သွယ်ရေးနဲ့ ပေါင်းစားနေတဲ့ ကုမ္ပဏီ တွေက မလျှော့ချင်တာပါ။
    ပိုတောင်တိုးယူနေချင်သေးတယ်၊ သူဌေးဖြစ်နောက်ကျမှာစိုးလို့။
    ဆက်သွယ်ရေးဝန်ထမ်းကြီးများနဲ့ ပေါင်းစားကုမ္ပဏီများ ရှယ်ယာခွဲပြီး အမြတ်ထုတ်နေကြတဲ့ တယ်လီဖုန်းဆက်သွယ်ရေး ဈေးကွက်ကြီး မြန်မာပြည်မှာ ဖြစ်နေကြောင်းပါ။

  • pyanhlwar315

    November 25, 2011 at 11:01 am

    အခုရေတွင်းတူးအခုရေကြည်သောက်ချင်လို့တော့ဘယ်ရမလဲလူကြီးမင်းတို့ရယ် အခုလိုရေးချင်တာရေးလို့ရတာဘဲကျေးဇူးတင်ကြည့်အုံး(ပေါက်ကရ) အချိန်တန်တော့နပိန်ကန်လိမ့်မပေါ့ ဈေးပေါတာဈေးကြီးတာခဏထား ခါးကြားမှာဖုန်းချိတ်ပြီး စတိုင်ထုတ်နိုင်တာဘဲ ကျေးဇူးတင်ကြည့်အုံး ကျေးဇူးတင်တက်ရင် တင်ဖို့ကောင်းပါတယ်(သည်အန်း)

  • အခုတော့ ကျနော်သိသွားပြီ။
    ကျေးဇူးတင်တယ်လို့ပြောတာ ဈေးအပေါဆုံးဆိုပဲ။
    နောက်တစ်ခါကျေးဇူးတင်တယ်ပြောရင် ငွေ200အနည်းဆုံးပေးမှလက်ခံမယ်။
    ဒီဈေးပေါတဲ့ကျေးဇူးကြီးကို။

  • Thanlwinoo

    November 25, 2011 at 8:55 pm

    ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမှ အချိန်နှင့်တပြေးညီ စောင့်ကြည့်လျက်ရှိပြီး သင့်တော်အဆင်ပြေမည့်အချိန်တွင် (ဘယ်တော့လည်းမသိ) လိုအပ်သလို အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း..။
    (လွှတ်တော်တွင် သက်ဆိုင်ရာဝန်ကြီးမှ ပြန်လည်ဖြေရှင်းသည့် လေသံဖြင့်…)

  • Shanma TUmdy

    November 25, 2011 at 9:27 pm

    နဂိုကဖုန်းကဒ်ဝယ်ရတာဈေးကြီးပါတယ်ဆိုမှ .. ဖုန်းခလည်းဈေးမနည်းပါဘူး..
    ကျနော့်မာတာမိခင်ကျေးဇူးရှင်တော့ပြောပါတယ်.. နင့်ကို တစ်ထောင်တန် GSM ထွက်ရင်..ငါကိုယ်တိုင် ဆက်သွယ်ရေးရုံးမှာ နေ့မနားညမအားဘဲ .. သွားတန်းစီပေးမယ်တဲ့.. (ကျနော်တို့က မူဆယ်ကကိုး တရုတ်ဖုန်းတွေပေါပါ့) 😛

  • winkyawaung

    November 25, 2011 at 9:50 pm

    ဗြောင်လိမ် ဗြောင်စားလုပ်နေတာကတော့ မြန်မာ့ဆက်သွယ်ရေးက ဟန်းဖုန်းတွေပါဘဲ။ ကာတွန်းတစ်ကွက် ကိုဖတ်လိုက်ရပါတယ်။ လူတစ်ယောက်က ဟန်းဖုန်းနှစ်လုံးကို ဘယ်၊ညာ လက်မှာ ကိုင်ထားပါတယ်။ ဘယ်ဘက်ဖုန်းကနေ ညာဘက်ကဖုန်းကို ခေါ်ပါတယ်။ အဲဒါကိုပဲ ( လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်နေပါတယ်ရှင်..) တဲ့။
    ဖုန်းကိုင်ထားတဲ့လူကအော်ပြီးပြောပါတယ်..။ (ဟဲ့ကောင်မ ငါ့ကို ဗြောင်လိမ် ဗြောင်စား လုပ်ပြီးပြောနေတယ်..။ ဒီဘက်က ဟန်းဖုန်းက ဟိုဘက်ကဟန်းဖုန်းကိုခေါ်နေတာလေ….၊ နင်လင်တွေက ဘယ်လိုလုပ်ပြီး ဧရိယာ အပြင်ဘက်ရောက်ရမှာလဲ….။ဆိုပြီး ဒေါပွပွနဲ့ အော်ပြောနေပါတယ်။

  • E.T

    November 26, 2011 at 3:22 am

    ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ တောင်းပန်ပါတယ် ခင်ဗျာ၊ ကျွန်တော် မှားသွားပါတယ် ခင်ဗျာ စတဲ့ စကားလုံးလေးတွေက လူတစ်ဖက်သားကို စိတ်ကျေနပ်မှုနဲ ့ နားဝင်ပီယံ ရှိစေတဲ့ စကားလုံးလေး တွေပါ။ ဈေးအလွန်ပေါသော၊ ကုန်ကျစရိတ် အသက်သာဆုံးသော စကားဖြစ်တယ်ဆိုပေမယ့် လူတိုင်းမပြောနိုင်ကြပါဘူး။

Leave a Reply