အောင်ဆန်း ၏ အထုပ္ပတ္တိ (ဗိုလ်ချုပ်အောင်ဆန်း)

ကျွန်တော် ငါးနှစ်သားအရွယ်ရောက်သောအခါ ညီကလေးတယောက် ရပါသည်။
ထိုနေ့ကို ကျွန်တော်မှတ်မိပါသေးသည်။ ကျွန်တော်သည် ခါတိုင်းညများတွင် မိခင်နှင့်အတူအိပ်ပြီးအိပ်ရာထဲ၌သေးပေါက်လေ့ရှိပါသည်။ ထိုညတွင်ကား ဖခင်နှင့်အတူအိပ်ပြီးဆီသွားလို သဖြင့်နိုးလာကာ “ဖေဖေ..သေးပေါက်ချင်တယ်…“ ဟုပြောရာ ဖခင်က “ထပေါက်“ဟုပြန်ပြောပါသသည်.. ထိုညမှစပြီး ကျွန်တော်သည် အိပ်ရာထဲတွင် သေးမပေါက်တော့ပါ။ ။
မိုးလင်းသောအခါ ဘန်းကြီးထဲ၌သိပ်ထားသော ညီကလေးကို မြင်သဖြင့် ကိုင်ကြည့်မည်ပြုရာ အစ်ကိုကြီး ( ဦးဘဝင်း) က“ ဟေ့..မကိုင်နဲ့ လက်ပြတ်တယ်“ ဟုပြောသဖြင့် မကိုင်ဘဲ ကျွန်တော်လက်ကိုပြန်ဆုတ်လိုက်ပါသည်။ အစ်ကိုကြီးကား ဟက်ဟက် ပက်ပက် ရယ်ပစ်လိုက်ပါသည်.။ သို့တစေလည်း ကျွန်တော်သသည် ညီကလေးကို မကိုင်ရဲပဲ ဘေးမှ လှည့်ပတ်ကြည့်ရုံသာ ကြည့်ဝံ့ပါသည်။ ။
ညီကလေး တစ်နှစ်ကျော် အရွယ်ရောက်လာသောအခါ နာမည်ပေးရန်စဉ်းစားကြပါသည်။ကျွန်တော်က “ကျုပ်က အောင်သန်းဆိုတော့ သူက အောင်ဆန်းပေါ့ဗျာ“ ဟု ပြောလိုက်ရာ အားလုံးက လက်ခံကြပါသည်။ “ထိန်လင်း“ ဆိုသောနာမည်သည် ဇာတာထဲက နာမည်သာဖြစ်ပါသည်။ “အောင်ဆန်း“ ဟုသာ လူသိများပါသည်။။
ကျွန်တော်နှင့် အောင်ဆန်းမွှေးသော အိမ်ကြီးသည် မရှိတော့ပါ ။ ယခု နတ်မောက် မြို့သည် အောင်ဆန်းမွှေးပြီးနောက် နှစ်နှစ်လောက်နေမှ ပြောင်းရွှေ့နေထိုင်သော အိမ်ဖြစ်ပါသည်။
ကျွန်တော်တို့ ဘေး ဦးရွှေနီသည် နတ်မောက်မြို့ သူကြီးဖြစ်ပြီး အဖိုး ဟုရေးသားပြောဆိုနေသော “ ဦးမင်ရောင်“ခေါ် “ရွှေလှရောင်“ သည် ဘေးမကြီး မယ်စိုး၏တူ အဖွား“မယ်သူဇာ“၏မောင်တဝမ်းကွဲဖြစ်ပါသည်။ ကျွန်တော်တို့ ဘေး ဘီ ဘင် များသည် အလောင်းမင်းတရားကြီး၏ “ရဲဘော်ခြောက်ကျိပ်ရှစ်“ အပါအဝင် ပင်းမင်းကြီး “ဦးမြ( ဦးမြတ်)“ မှ ဆင်းသက်ကြသည်ဟု လူကြီးသူမများပြောသံကြားဖူးပါသည်။
အောင်ဆန်း သည် နာမည်နှင့်လိုက်အောင် “ဆန်း“ သူဖြစ်ပါသည်။အမေးအမြန်းထူပြီး လူကြီး များပြန်မဖြေနို်င်အောင်မေးတတ်ပါသည်။ဥပမာ မိုးတွင်း ဆောင်းတွင်း ရှိပြီး ဘာလို့ နွေတွင်း မရှိတာလဲဟုမေးရာ လူကြီးများ မဖြေနိုင်ပဲ ရယ်နေကြရပါသည်။ “ညီအစ်ကို ဝမ်းကွဲ ရှိပြီး ဘာလို့ လင်မယားတဝမ်းမရှိသလဲ“ ဟုမေးသောအခါတွင်လည်း လူကြီးများမှာ ပြန်မဖြေနိုင်ပဲ ရယ်ပဲနေကြရပါသည်။ အမေးအမြန်းထူသလောက် အောင်ဆန်း သည် စဉ်းစားတွေးတောငေးမောတတ်ပါသည်။
အငယ်ဆုံးဖြစ်သည့်တိုင် မိဘများသာမက အစ်ကို အစ်မ များကပါ အလိုလိုက်ကြသည်ဖြစ်ရာ အောင်ဆန်းသည် ကလေး ဆိုးကြီးကဲ့သို့ဖြစ်နေပါသည်။ ။ လိုချင်သည် ကို် မရမနေ ငိုရို တောင်းတတ်ပါသည် ။ ရလည်း ရပါသည်။ ကြီးလာသည့်အခါ မိမိပြောလိုရာ ဇွတ်ပြောတတ်ခြင်း လုပ်လိုရာ ဇွတ်လုပ်တတ်ခြင်းတို့သည် ငယ်စဉ်က အလိုလိုက်ခံလို့ ထင်ပါသည်။
(( မှတ်ချက်။ ။ ။ ။ တချိန်က မိတ်ဆွေတစ်ယောက်က “ကျွန်တော်တို့ ဗိုလ်ချုပ်နှင့် သုံးသပ်ကြည့်ကြသည်။ ဗိုလ်ချုပ်သည် မိမိပြောလိုရာ လုပ်လိုရာ ဇွတ်ပြောဆို လုပ်ကိုင်ခြင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့်အာဏာ ရလို့“ ဟု သုံးသပ်ကြသည်။ စိတ်ဘက်ဆိုင်ရာ ပါရဂူများရဲ့ အဆိုအရာ လူတစ်ယောက်ဟာ ငယ်စဉ်ကဆိုးသော မိဘများ၏ နှိပ်စက်ခြင်းသော်၎င်း အခြားသူများ၏ နှိပ်စက်ခြင်းသော်၎င်း ခံရပါက ကြီးလာသောအခါ မယုံသင်္ကာဖြစ်တတ်ခြင်း ကြောက်ရွ့တတ်ခြင်းဖြစ်တတ်ပါသည်။ထိုသူတွင် အရူံးပေးတတ်သော စိတ်ဝင်နေတတ်သည်။။မိမိနိုင့်လှည့်ကြုံလာပါကလည်း ရက်ရက်စက်စက် ပြုကျင့်တတ်သည်။ ငယ်စဉ်က အလိုလိုက်ခံရသော လူမျိုးသည် မိမိလုပ်ချင်သည့် အတိုင်းလုပ်တတ်သည်။ တနည်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မူများတတ်သည် ။ရန်သူကို အထင်သေးပြီး နောက်ဆုံးမိမိပင် ခံရတတ်သည်။))
အလိုလိုက်ခံရသော်လည်း အောင်ဆန်းတွင် မတရားလုပ်လိုသောစိတ်မရှိပါ။အောင်ဆန်းသည် အလွန်ရိုးသားပြီး စားချင်လျှင် စားချင်သည် လိုချင်လျှင်လည်း လိုချင်သည် ကြောက်လျှင် ကြောက်သည် စသည်ဖြင့်ပွင့်လင်းစွာ ဝန်ခံတတ်သည်။ မည်သည့်အခါမှ လိမ်မပြောတတ်ပေ။
ကျွန်တော်တို့ ငယ်စဉ်က နတ်မောက် ဆွမ်းကြီးလောင်း အသင်းက ကြီးမူး၌“ ဝါတွင်း တွင် အပတ်စဉ် အိုးစည် ဗုံမောင်းဖြင့် ဆွမ်းခံထွက်ပါသည်။ လူတစ်ယောက်က ဖိုးသူတော် အရုပ်ထဲဝင်ပြီးကပါသည် ။ထိုအရုပ်အားအောင်ဆန်း အလွန်ကြောက်ပါသည်။ အရုပ်ကို ကြောက်ရကောင်းလားဟု ဖခင်က ဆူပူသောအခါ “ ဖင်ခေါင်းထဲသွင်းထားဘယ်နဲ့ လုပ်မလဲဗျ“ ဟုပြန်ဖြေပါသည်။ခေါင်းတုန်တုန် လည်တုန်တုန်ဖြစ်နေသော မယ်ရွှေမယ် ဆိုသည့်အမယ်ကြီုးကိုလည်း သူကြောက်သဖြင့် ကြောက်ကြောင်းကိုလည်း ဝန်ခံပါသည်။ ညအိပ်လျှင် မိခင်ကို ဖက်အိပ်လေ့ရှိပြီး မိခင်ကိုလည်း သူ့ဘက်ကို အမြဲ လှည့်အိပ်စေချင်သည်။
အိမ်နားက ကာကာဆိုင်ကိုလည်း မသွားရဲပါ။ တစ်နေ့ တွင်ကာကာဆိုင်သို့သွားပြီး ဘီ-ဒီဆေးလိပ်များဝယ်ပြီးလျှင် ချိုးကြည့်ပါသည်. မိခင်သိသောအခါ ကလေးအားဆေးလိပ်ရောင်းလိုက်သော ဆိုင်ရှင်အား သွားရောက်ရန်တွေ့သဖြင့် ဆိုင်ရှင်က တောင်းပန်ကာ “ ဆောင်ဆန်း ဘက်လှည့်ပြီး နောက်တစ်ခါလာရင် ဘန်ဘူးပေးမယ်ဟု ” ပြောလိုက်ရာ အောင်ဆန်းက ဘန်ဘူးဆိုတာ ဘာလဲဟု မိခင်ကိုမေးရာ မိခင်က “ ဘန်ဘူး ဆိုတာ ရိုက်မယ်လို့ပြောတာ” ဟုပြောလိုက်ရာ အောင်ဆန်းသည် ထိုနေ့မှ စပြီး ကာကာဆိုင်သို့မသွားတော့ပေ။
နေမကောင်းလျှင် ပိုက်ဆံပေးမှ ဆေးသောက်မည်ဟု အကြပ်ကိုင်တတ်သဖြင့် အောင်ဆန်း သည် နေမကောင်းတိုင်း မိခင်ထံမှ ငွေ ဒင်္ဂါ းသုံးလေးဆယ်ရပါသည်။( ထိုခေတ်က ငွေစက္ကူ ပေါ်ဟန်မတူသေးပါ။)
နတ်မောက်ရှိ တစ်ဆိုင်တည်း ရှိသော ကာကာဆိုင်သို့မသွားရဲသဖြင့် သူလိုချင်သည်များကို ကျွန်တော်က ဝယ်ပေးရပါသည်။ ကျွန်တော်လိုချင်သည်များကို လည်း သူ့ပိုက်ဆံဖြင့် ဝယ်ခွင့်ပေးပါသည်။ ညီ အစ်ကိုချင်းရန်ဖြစ်သည့်အခါ သူ့ပိုက်ဆံများကို ပြန်တောင်းတတ်ပါသည်။ မိခင် က “နင်အစက ဘာလို့ပေးလဲ” ဟုမေးသောအခါ ” အိုသူက ညီအစ်ကိုချင်းပဲကွာ ဘာညာနဲ့တောင်းတာကိုဗျ” ဟုုပြန်ဖြေသဖြင့် အားလုံးရယ်ကြရပါသည်။ အောင်ဆန်းသည် မည်သည့်အခါမှ လုပ်ကြံ လည်ဆယ်ပြီး မပြောတတ်ပါ။ ပေးခဲ့လျှင် ပေးခဲ့သည် လုပ်ခဲ့လျှင်လုပ်ခဲ့သည် ဟုပွင့်ပွင့်လင်းလင်း ဝန်ခံတတ်သည်။
ကျွန်တော်တို့ မိခင်သည် အလွန်ပညာလိုလားရကား ကျွန်တော်တို့ ငါးနှစ်ခြောက်နှစ် အရွယ်ရောက်လျှင် ကျောင်းထားပါသည်။ အောင်ဆန်း သည်ကျောင်းနေရာမှာ ကြောက်သဖြင့် “ အမေနေမှ နေမယ်”ဟုမိခင်ကိုပြောပါသည်။ အထွေးဆုံး သားကလေးကို အလွန်ချစ်သောမိခင်ကလည်း အောင်ဆန်းကို ကျောင်းမပု့ိရက်ပဲ ခွင့်လွတ်ထားပါသည်။
ကျွန်တော် ၁၁နှစ်သားအရွယ်ရောက်သောအခါ ရှင်ပြုပြီး ကိုရင်ဝတ်ပေးပါသည်။ ရနှစ်ကျော်ပြီ ဖြစ်သောအောင်ဆန်းသည် ကျောင်းမနေသေးသော်လည်း ကျွန်တော်ထံနေ့စဉ် လာပါသည်။ ထိုသို့လာရင် းကိုရင် ဝတ်ချင်စိတ်ပေါက်လာသဖြင့် မိခင်ကို ပူဆာရာ အခွင့်ကောင်းကိုစောင့်နေသောမိခင်က “ ကိုရင်ဝတ်တာလွယ်တာမဟုတ်ဘူး စာတတ်မှ ဝတ်ရတာ မင်းလိုစာမတတ်တဲ့သူက ကိုရင်ဝတ်လို့ ဘယ်ဖြစ်မလဲ” ဟု ဆွပေးလိုက်ပါသည်။ “ ဒီလိုလား ဒီလိုုဆို ကျောင်းနေမယ်” ဟုပြောပြီး အောင်ဆန်းသည် ထိုအချိန်မှစပြီး ကျောင်းနေပါတော့သည်။
(( မှတ်ချက်။ ။ ၁၉၃၂- ၃၃ ခု ကောလိပ်ကျောင်း ရောက်စ ပထမ နှစ်တွင် အောင်ဆန်းသည် သင်္ကန်းဝတ်ပြီး အီတာလီယံ ဘန်းတော်ကြီး ဦးလောကနာထ နှင့် အတုူလိုက်ကာ သာသနာပြုလိုစိတ်ရှိသဖြင့် မိခင်ကို ခွင့်တောင်းရာ မိခင်က မပေးသဖြင့် မလိုက်ဖြစ်ခဲ့ပေ။))
ထိုသို့ဖြင့် အောင်ဆန်းသည် နတ်မောက်ရှိ ဒီပင်္ကရာကျောင်းခေါ် ဦးသောဘိတ ကျောင်းသားဖြစ်လာပါသည်။
ဦးသောဘိတ ကျောင်းသည် ဘုန်းတော်ကြီးကျောင်းဖြစ်သော်လည်း အတန်းကျောင်းဖြစ်ပါသည်။ထိုခေတ်က ထိုကျောင်းမျိုးကို “ လောကဓါတ်ကျောင်း” ဟုခေါ်သည်။ ရှေးစာသက်သက်သင်သည့် ဘုန်းကြီးကျောင်းနဲ့ခြားနားစေရန်အတွက် ထိုသို့ခေါ်ခြင်းဖြစ်ပါသည်။ လက်ထောက်ဆရာများသည် လူဝတ်များဖြစ်ကြပြီး ထိုခေတ်က လစာမရကြပဲ နှစ်ကုန်မှ ဆုကြေး သာရကြပါသည်။ ပညာရေး ကျောင်းမှ ပညာအုပ်တစ်ယောက်လာပြီး စာမေးပွဲစစ်ခါ အတန်းတင်ချင်းများ အတန်းချချင်းများ ပြုလုပ်ပေးပါသည်။ ဘုန်းတော်ကြီးများ ဆရာများက အတန်းတင်ပေးခြင်း အတန်းချခြင်းပြုလုပ်လို့မရပါ။
အောင်ဆန်း သည် ကျောင်းနေသည့် အချိန်မှစပြီး အတန်းထဲတွင် အမြဲ ပထမ ရပါသည်။ ဆရာများနှင့်တကွ ဘုန်းတော်ကြီးများကို ချစ်ကြောက်ရိုသေခြင်း တာဝန်သိတတ်ခြင်း စည်းကမ်း သေဝပ်ခြင်း လုံလဝိရိယ ရှိခြင်းများသည် အောင်ဆန်း ၏ ဗီဇ ပင်ဖြစ်ပါသည်။
ထိုဗီဇ ကို မိဘများထံမှ ရသည် ဟု ဆိုချင်က ဆိုနိုင်ပါသည်။ မိဘများမှာ အလွန်ရိုသားသူများဖြစ်ပြီး မတရားလုပ်ဖို့ ဝေးစွ မတရားလုပ်သည်ဟု အထင်ခံရမည်ကိုပဲ ကြောက်ကြပါသည်။ စိတ်နေသဘောထား အားဖြင့် အောင်ဆန်း သည် ဖခင်နှင့်ပိုပြီး တူပါသည်။ဖခင်သည် ရှားမှ ရှားသော လူရိုးတစ်ယောက်ဖြစ်ပါသည်။ မည်သူ့ကိုမှ ရန်မမူ မည်သူကမှလည်း သူ့ကိုရန်မူမည်ဟု ထင်ထားသူမဟုတ်ပါ။ အိမ်တွင်၎င်း လမ်းသွားရာတွင်၎င်း မိမိကိုယ်ကို ကာကွယ်ဖို့ မည့်သည့်လက်နက်မှ ကိုက်ဆောင်လေ့မရှိပါ။ မှတ်မိသလောက် မည်သူနှင့်မျှ ရန်မဖြစ်ပါ။
မှတ်မိပါသေးသည်။ ။ ပထမ ကမာ္ဘစစ်ကြီး( ၁၉၁၄-၁၉၁၈)အတွင်းက ကျွန်တော်တို့ ဖခင်သည် စစ်သည်တော်များသက်သာချောင်ချိရေးအဖွဲ့တွင် ငွေထိန်းအဖြစ်ဆောင်ရွက်ရပါသည်။ တနေ့တွင် လူတစ်ယောက်သည် ( နာမည်မှတ်မိသော်လည်း ၎င်း၏ အဆက် အနွယ်များအား ငဲ့ညှာသောအားဖြင့်နာမည်မဖော်ပြတော့ပါ။)အတွင်းရေးမူးလက်မှတ် အတုဖြင့် ငွေလိမ်ထုတ်ရာ ဖခင်က ထုတ်မပေးပဲ ငြင်းဆိုလိုက်သည်။ ထိုသူသည် ရှက်လည်း ရှက် ဒေါသကဖြစ်ပြီး အရက်သောက်ကာ အိမ်ပေါ်သို့တာလာ ”ခင်ဗျားက စစ်ကြေးထိန်းရလို့မောက်မာတာလား” စသည်ဖြင့်ရန်စ စော်ကားပါတော့သည်။ ဖခင်သည် မိမိအိမ်ပေါ်တတ်ပြီး စော်ကားနေသူကို ဘာမျှမလုပ်ပါ။လှည့်ပြီးတော့တောင်မကြည့်ပါ။ဤမျှလောက် သည်းခံစိတ်မွှေးသူပင်ဖြစ်သည်။ ထက်သော အမေက နင်ဘာလုူပါး ဝတာလဲဟု ကြိမ်းမောင်းကာ ဖိနပ်ဖြင့်ရိုက်မည် ပြုသဖြင့် အမူးသမားသည် ထိုင်ရှိခိုးတောင်းပန်သောကြောင့် သက်သာရာရသွားပါသည်။
မိခင်သည် မည်သည့်အခါ မှ အမူမဲ့ အမှတ်မဲ့နေတတ်သူမဟုတ်ပါ။ ခရီးသွားရာတွင် နှုတ်က သမ္ဗုဒ္ဓေ ရွတ်လျှက် လက်က ဓါးကိုင်ထားလေ့ရှိပါသည်။
အောင်ဆန်းသည် ဖခင်ကဲ့သို့ မမူမဲ့ အမှတ်မဲ့နေတတ်သူဖြစ်ပါသည် ။ ငယ်ကစဉ်အခါကတပါးသူ ရိုက်နှက်ခြင်းကို ခံရပြီး ကြီးလာသောအခါ ငယ်ငယ်ရွယ်ရွယ်နှင့် ရေတိမ်တွင် နှစ်ရပါသည်။ မိခင်ကဲ့သို့ သတိ ဝိရိယ ရှိပါမူ ရေတိမ်တွင် နှစ်ရမည်မဟုတ်ပါ။
ငယ်စဉ်အခါ က ဆိုင်းတီးနေသည်ကို စိတ်ဝင်စားစွာနားထောင်နေသော အောင်ဆန်းကို ကလေးငယ်တစ်ယောက်က ခဲဖြင့်ပေါက်ပြီးထွက်ပြေးရာ အောင်ဆန်း သည် နဖူးတွင်ဒဏ်ရာ ရဖူးပါသည်။ မှတ်မိပါသေးသည် တစ်နေ့တွင် “အေးမောင်” ဆိုသော အောင်ဆန်းထက်အနည်းငယ်ကြီးသောကောင်လေးက အောင်ဆန်း ကို ထိုးကြိတ်ရိုက်နှက်ပါသည်။ ကျွန်တော်သိသောအခါ ထိုကောင်လေးကို အခွင့်ကောင်းစောင့်ပြီး လက်သီးဖြင့် ထိုးကြိတ် ခြေထောက်နှင့်ရိုက်နှက်ကာ အတော်လေးနှံလိုက်ပါသည်။ ထိုကောင်လေးက “ တော်တော့ကွာ မင်းညီ ငါ့လောက်မနာဘူးဟု” ပြန်ပြောသံကို ယခုစာရေးနေရင်းကြားယောင်မိပါသဖြင့် ပြုံးမိ ပါသေးသည်။ အောင်ဆန်းက ငယ်စဉ်အခါမှ ကျဆုံး သည်အထိ မည်သူ့ကိုမှ မနှိပ်စက်လို မနှိပ်စက်ခဲ့၊ မိမိကိုယ်လည ်းမည်သည်ကမှ နှိပ်စက်ရန်ရှာလိမ့်မည် ဟုမထင်ထားသူဖြစ်သည်။ “ လုပ်ရဲတာ သတိ္တ မဟုတ်ဘူး။ ခံရဲတာမှ သတိ္တပါ ”ဟု ကြီးလာသောအခါ မိမိနှင့် ရင်းနှီးသူများကို မကြာခဏပြောလေ့ရှိပါသည်။    ။
*မေးလ် ထဲမှကူးယူတင်ပြခြင်း ဖြစ်ပါသည်။*

4 comments

  • small cat

    November 25, 2011 at 8:06 am

    မသိသေးသောလူငယ်များအတွက်အလွန် အကျိုးရှိသော စာဖြစ်ပါသည်။

  • ကြောင်ကြီး

    November 25, 2011 at 12:18 pm

    မသိသေးသော လူကြီးများအတွက်လည်း အလွန် အကျိုးရှိသော စာဖြစ်ပါသည်။

  • ရွာစားကျော် စိန်အောင်ဒင်

    November 25, 2011 at 2:12 pm

    ကြောင်ကြီး ကြောင်ငယ် ကြောင်ရွယ် ကြောင်လတ်
    ကြောင်ထီး ကြောင်မ ကြောင်ပျို ကြောင်အို ကြောင်ကပိုကရို… ဟူး မောတာ
    မသိသေးသော ကြောင်အမျိုးမျိုးအတွက် အလွန်အကျိုး ရှိသောစာ ဖြစ်ပါသည်… ဟီဟိ

  • windtalker

    November 25, 2011 at 2:54 pm

    စုံစေ့နေအောင် မသိသူ မောင်ပေ့ အတွက် ထူးရှယ် ဇွန်းတပ် ဖြစ်၏ ။

Leave a Reply