ဘယ်တော့ ကျနော်တို့ ဒီမိုကရေစီရမလဲ? [ သွန်းနေစိုး ]

ムラカミNovember 25, 20112min1636

ပြောစရာ ၂ပိုင်းမြင်ပါသည်။ အစိုးရပိုင်းနှင့် ပြည်သူပိုင်း။ အစိုးရပိုင်းဆိုင်ရာများအား ပြောဆိုထောက်ပြမည့်သူ များစွာ ရှိပါသည်။ ဒီ Facebook ပေါ်မှာပင်

လက်စွမ်းလက်စကြီးသူ တော်တော်များများတွေ့နိုင်၏။

ကျနော် ယခု ပြောလိုသည်က နောက်တစ်ပိုင်းဖြစ်သည်။ ဒုတိယတစ်ပိုင်း။ ပြည်သူတွေနှင်ဆိုင်သော အပိုင်း။

 

ခရစ်ယာန် ကျမ်းစာတစ်အုပ်မှာ ဖတ်ရဘူးပါသည်။

`ဘုရားသခင် နက်ဖြန်ရောက်မယ်ဆိုရင် သင့်ဘက်က အသင့်ဖြစ်ပြီလား´ တဲ့။

ကျနော်တို့ ဗုဒ္ဓဘာသာမှာလဲ ရှိသည်။ အင်မတန်လူသိများသော ကာလမသုတ်တော်။

ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရမည်ဆိုသောသဘော မြတ်ဗုဒ္ဓက ဟောကြားထားခဲ့၏။

 

ဒေါ်အောင်ဆန်းစုကြည်က သနပ်ပင်စာကြည့်တိုက် ဖွင့်ပွဲမှာတုန်းကလဲ ပြောခဲ့ပါသည်။

ကိုယ်တိုင်လုပ်ကြဖို့။ အိမ်ရှင်မကအစ ကိုယ့်အလုပ်လေးကိုယ် မှန်မှန်ကန်ကန်လုပ်နေခြင်းအားဖြင့် နိုင်ငံကောင်းအောင်လုပ်နေခြင်းဖြစ်ကြောင်း။

 

အဲဒီစကားတွေမှ မြစ်ဖျားခံကာ ကျနော်ပြောလိုသည်မှာ တစ်ခွန်းတည်းပါပဲ။

ဒီမိုကရေစီနှင့်လျှော်ညီသော အကျင့်တို့ကိုလည်း ကျနော်တို့ မွေးကြဖို့ လိုပါလိမ့်မည်။

 

ယခု ကျနော်တို့ ထိုအကျင့်များ ရှိနေကြပြီလော?

ဒီ Facebook ပေါ်မှာပင် အလွယ်တွေ့ရသော ဥပမာတစ်ခုကို ပြပါမည်။

Facebook Group လေးတွေ ဖွဲ့ကြ၏။ ကောင်းပါသည်။ လူတွေစုတာဆိုတော့။

သို့သော် လူစုလျှင် ဒီမိုကရေစီ ဆန်ဖို့လည်း လိုပေလိမ့်မည်။

လူစုပြီး မိုက်ကြေးခွဲကြမှာလား? လူစုပြီး အာကျယ်ကြမှာလား?

ဒီလို Group လေးတွေမှာပင် Admin ကြီးတွေ အာဏာပြတာကို မကြာခဏတွေ့ရ၏။

Group စည်းကမ်းဆိုပြီး မဆဲရ ဘာညာရေးထား၏။ ပြီးတော့ Admin ဆိုသူတွေကိုယ်တိုင်က ဆဲနေကြတာ မိုးကို မွှန်လို့။

ကဲ ဘယ်လိုလဲ ဒါကို ဒီမိုကရေစီအကျင့်ဟု ဆိုကြပါမည်လော။

 

ကျနော့်အိမ်က အင်တာနက်လိုင်းမကောင်းလှပါ။

ဒီတော့ တစ်ချို့ အရေးကြီးသော Post တွေ တင်ချင်ရင် ဆိုင်တကာလည်သုံးရသည်ပေါ့။

တစ်ရက်တော့ ဆိုင်တစ်ဆိုင်မှာ သုံးပြီး အထ။ အကျင့်ပါနေသော လက်က ကိုယ်သုံးခဲ့သော ကွန်ပြူတာကို Shut Down ချလိုက်မိ၏။

ကောင်တာမှာ ငွေရှင်းတော့ စာရေးမလေးက အသံမာမာဖြင့် ကွန်ပြူတာကို အဲဒီလို ပိတ်ခွင့်မရှိဘူးတဲ့။

ထိုစည်းကမ်းချက်ကို သူ စာလည်းကပ်မထား။ ကျနော် ခံစားသွားရသည်က ပိတ်ခွင့်မရှိဘူးဆိုသော စကားဖြစ်သည်။

မပိတ်ပါနဲ့ မဟုတ်ဘူးလား။ ပိတ်ခွင့် မရှိတာလား။ ကျနော်တို့က လာသုံးသူတွေမို့ ဒီလို အခွင့်ချင်းမတူတာလား။

 

ဟိုတစ်နေ့က ကျနော်တို့ အိမ်ကို ဧည့်သည်ရောက်သည်။

သူငယ်ချင်းတွေနှင်အတူ စုနေကြသော အိမ်။ ရောက်လာသည့်ဧည့်သည်က နယ်ကဆိုတော့ နည်းနည်းကြောက်တတ်သည်။

ဧည့်စာရင်းတိုင်ပါမည် တကဲကဲ။ ကျနော်လည်း ရပ်ကွက်ရုံး လိုက်သွားပေးရသည်။

ရပ်ကွက်အထာနဲ့ပြောတဲ့ ဒီမိုကရေစီကျမ်းရေးတဲ့ စာရေးဆရာကြီး ရပ်ကွက်ရုံးမှာ ထိတော့တာပဲ။

ရပ်ကွက်ဥက္ကဌ ဆိုသူ က ဟောက်လိုက်ဟိန်းလိုက်တာမှ အရမ်း။ ခုမှ ဧည့်စာရင်းလာတိုင်လို့တဲ့။

ကျနော်တို့သူငယ်ချင်းတစ်သိုက်က နှစ်ချုပ်နှင့် နေကြတာဆိုတော့ သန်းခေါင်စာရင်းမရှိပါ။

ကျနော်က တစ်ခွန်းတော့ လျှာရှည်လိုက်မိသည်။

လွတ်လပ်တဲ့ ပြည်သူတစ်ယောက်ဗျာ၊ ပြီးတော့ ကျနော်တို့ နယ်ကလဲ မဟုတ်ပါဘူး။ ဟော့ဒီမှာ ရန်ကုန်မှတ်ပုံတင်။

ဒီရန်ကုန်ထဲမှာပဲ ဟိုရပ်ကွက်နဲ့ ဒီရပ်ကွက်လေးလာနေတာကို အဲဒီလောက် စည်းကမ်းကလနားကြီးတွေ ထုတ်ဖို့လိုသလား?

ပြောလိုက်မိတော့ … ယမ်းပုံမီးကျခြင်းဆိုသည်ကို ကျနော်ကိုယ်တွေ့မြင်လိုက်ရတော့သည်။

 

ကျနော့်စိတ်ထဲ တွေးမိသည်က ဒီလိုပါ။

အဲဒီ ရပ်ကွက် ဥက္ကဌ။ အဲဒီ အင်တာနက်ဆိုင်က ကောင်မလေး။ အဲဒီ အာဏာပြတတ်သော Facebook Group Admin တွေလက်ထဲသာ

တကယ့်အာဏာတွေ ထည့်ပေးလိုက်လျှင် ဘယ်လိုနေမလဲ?

 

ဒီမိုကရေစီဆိုသည်မှာ ပြည်သူကိုယ်တိုင် ကိုယ့်တာဝန်ကိုယ်ယူထားသော လွတ်လပ်မှု။

ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်မှာ အာဏာကို တစ်ဦးတစ်ယောက် တစ်စု တစ်ဖွဲ့တည်းက ထိန်းချုပ်ထားခြင်း။

ထိုကဲ့သို့ ကျနော်အမြင်ရှိပါသည်။

 

ဒီတော့ လူတွေ၏ ရင်ထဲက အာဏာရှင်စိတ်ကိုလည်း ကျနော်တို့ အမြစ်ဖြတ်သင့်သည်။ တိုက်ခိုက်သင့်သည်ဟု မြင်ပါသည်။

 

ဒီမိုကရေစီကို ကျနော် အသည်းစွဲကြိုက်လှ၏။ ဘာလို့ကြိုက်သလဲ?

လူသားဂုဏ်သိက္ခာကို လေးစားတန်ဘိုးထားလို့ပါ။ ဒီမိုကရေစီ စနစ်အောက်ကလူတွေ၏ ဘဝသည် လွတ်လပ်သည်။ ဂုဏ်သိက္ခာရှိစွာ နေထိုင်ရသည်ဟု ကျနော်မြင်သည်။

ဒီလို လွတ်လပ်မှု ဂုဏ်သိက္ခာရှိမှုကို နိုင်ငံတော် အစိုးရကတင်မက ပြည်သူအချင်းချင်းကလည်း လေးစားတန်ဘိုးထားသင့်ပါသည်။

 

The Bridge on the River Kwai ဆိုသော ဇာတ်ကားကို လူတော်တော်များများကြည့်ဘူးကြပါလိမ့်မည်။ လူမဆန်သော ဖက်ဆစ်တွေအောက်မှာ ဂုဏ်သိက္ခာကို ပြသခဲ့သော စစ်သုံ့ပန်းတို့၏ အဖြစ်များ။

တစ်ဆိတ်ရှိ စစ်သုံ့ပန်းအခွင့်အရေးတွေက ဘယ်လိုဆိုပြီး ဘုတ်အုပ်ကြီးပြေးပြေးဆွဲလာပြသော ဇာတ်ဆောင်မှုကို ကျနော် အရင်က နားမလည်ခဲ့ပါ။

နောက်ပိုင်းကျမှ ကိုယ်ချင်းစာလာမိသည်။ သူသည်ကား ဒီမိုကရေစီနိုင်ငံသားပေပဲ။

ကိုယ့်အခွင့်အရေးကိုယ်အသိအမှတ်ပြုသည်။ ကိုယ့်အခွင့်အရေးကိုယ်လည်း တောင်းဆိုတတ်သည်။

 

ကျနော်တို့ကရော။

အာဏာပြခြင်းရမ်းကားခြင်းကို မြင်သောအခါ ထိုကဲ့သို ကိုယ့်အခွင့်အရေးကိုယ်တောင်းဆိုတတ်ပါသလား။

ကိုယ့်ကိုလုပ်တာမဟုတ်လို့ ငြိမ်နေကြပါသလား။

ဒီလို ဘာမဟုတ်သော ကိစ္စလေးမှာပင် အာဏာရှင်ဆန်နေခြင်းကို မတွန်းလှန်ဝံ့လျှင် ဒီထက်ကြီးမားသော ကိစ္စတွေကို ဘယ်လိုလုပ်ကြပါမည်နည်း။

 

ဒါပေတည့် ကျနော်အပြစ်တော့လည်း မဆိုချင်ပါ။

ဗိုလ်ချုပ်ကိုယ်တိုင်ပြောခဲ့ပါသည်။

မြန်မာတွေက မလွတ်လပ်တဲ့ဘဝမှာ နေခဲ့ရတာကြာတော့ ကိုယ့်လွတ်လပ်ခွင့်ကို မေ့နေသည့်အကြောင်း။

 

သမိုင်းကို ပြန်ကြည့်ပါ။

အင်္ဂလိပ်အောက်မှာ နေခဲ့ရတာ နှစ်၁၀၀။ နောက်တော့ မဆလခေတ်။

ကျနော်တို့ တကယ့်လွတ်လပ်မှုကို ရခဲ့ကြပါ၏လော။

ပွင့်ပွင့်လင်းလင်းပြောရပါလျှင် ဒီမိုကရေစီအရသာကို ကျနော်တို့ ဘယ်တုန်းကမှ တိတိပပ မခံစားခဲ့ကြရဘူးသည်ဖြစ်၏။

 

လွတ်လပ်ပြီးခေတ်ကရော။ ခဏကလေးတော့ ခံစားလိုက်ရသည်ပြောမလား။ သို့သော် …

အင်္ဂလိပ်က ဖယ်သွားပေမယ့် အချင်းချင်းရန်တိုက်ပေးသွားခဲ့သည်။ ကိုလိုနီ အာဏာရှင်မရှိပေမဲ့ လူများစု အာဏာရှင်ရှိနေ၏။

အမှန်တရားကွယ်ပျောက်ခဲ့သည်။ ဦးတင်ထွဋ်လုပ်ကြံခံခဲ့ရသည်။ အမှုမပေါ်။ တခြား အဖျောက်ခံထားရသော မတရားမှုတွေ အများကြီးပါပဲ။

ထားပါတော့ ညောင်မြစ်တွေလည်း ပြန်မတူးချင်တော့ပါ။

 

ကျနော်ပြောလိုသည်ကို နားနဲ့မနာ ဖဝါးနဲ့နာတော်မူကြပါ။

ကျွန်စိတ်တွေ ဖျောက်ပြီး သခင်စိတ် သခင်အကျင့်တွေ မွေးကြဖို့ဖြစ်ပါသည်။

ကို မင်းကိုနိုင်ကဗျာထဲကလို … ဘယ်ကျွန်မှ မခံဆိုသော စိတ်မျိုးထားရပါမည်။

 

လူတွေက ဂဏာန်းတွေနှင့်တူသည်ဆိုသော စကားတစ်ခု ကြားဖူးသည်။

ဂဏာန်းကို တစ်ကောင်တည်း ဖမ်းမိရင် ပလိုင်းပိတ်ထားရသတဲ့။ တွယ်တက်ထွက်သွားမှာစိုးလို့လေ။

နှစ်ကောင်လောက်များဖြစလာပြီဆို ပလိုင်းပိတ်ထားစရာမလိုတော့ တစ်ကောင်တွယ်တက်ရင် နောက်တစ်ကောင်က ဆွဲချသည်။

အဲ သုံးလေးကောင် ငါးကောင်လောက်သာဆိုရင်တော့ ပြောမနေနဲ့တော့ပေါ့။

ကျနော်တို့ အခု Facebook ပေါ်မှာလိုပဲ နေမည်လား မသိ။

 

ဒီစာကို ဖတ်ကောင်းအောင် ကျနော် ရေးပါသည်။ ဒီတော့ ဝေ့များနေမည်လား?

ဒါဆို ဒဲ့ပြောခဲ့ပါမည်။ ကျနော်တို့မှာ ပြင်သင့်သော အကျင့်တွေ တော်တော်များများရှိနေသည်ဟု မြင်၏။

 

၁) လူတွေ၏စိတ်ထဲမှ အာဏာရှင်အကျင့်ဆိုးကို ပြင်သင့်သည်။

၂) ကိုယ့်အားကိုယ်ကိုး ကိုယ့်အခွင့်အရေးကိုယ် တောင်းသင့်၏။

ကျနော်တို့က မင်းလောင်းသိပ်မျှော်တတ်သည်။ ဇာတ်တော်ထဲကလို သိကြားမင်းကြီး နားကင်းကြီး တဝင်းဝင်းနှင့် ဆင်းကယ်တာမျိုးက အပြင်မှာ ဖြစ်လာမည် မဟုတ်။

ကိုယ်လုပ်မှ ကိုယ်ရမည်။ ကိုယ်စီအခွင့်အရေး ကိုယ်တောင်းရပါမည်။

၃) ငုံ့မခံတတ်သော အကျင့်ကို မွေးရပါမည်။

 

ဗိုလ်ချုပ်မိန့်ခွန်းလေးတစ်ခုတော့ ကောက်နုတ်ချင်ပါသည်။

`ကျုပ ်နောက်ဆုံး သတိပေးချင်တာက တိုင်းပြည်မှာ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ်

ဘယ်လိုလူမှ စိတ်မချနဲ့။

မလိမ်နိုင်အောင် ကြိုးချည်ထားပါလို့ ပြောချင်တယ်။´

 

ဒီလိုဆိုတော့ ကျနော်က အချင်းချင်းဆဲနေကြသောလူတွေနှင့် တစ်သဘောထဲဟု မြင်သွားမည်လဲ စိုးပါသည်။ မဟုတ်ပါ။

ကျနော် ယုံသောသူအချို့ ရှိပါသည်။ ထို့အတူ မယုံသော သူများလည်းရှိသည်။

ယခုလို အနည်းငယ် ပွင့်လင်းမှုလေးရလာသော အချိန်မှာ ဗိုလ်ချုပ် ကင်ပွန်းတပ်ခဲ့သလို

`နိုင်ငံရေးစားဖားကြီးများ´ ကလည်း တစခန်းထလာပြန်၏။

နိုင်ငံရေးစားဖားကလေးများလည်း ရှိပါသည်။

 

ကျနော်ကတော့ အချင်းချင်းဘယ်တော့မှ မဆဲဟု သံဓိဌာန်ချထားပါ၏။

ကိုယ့်အလုပ် ကိုယ်လုပ်ကြပါမည်။

ကိုယ့်အခွင့်အရေး ကိုယ်တောင်းကြပါမည်။

ကိုယ်နှင့် သက်ဆိုင်သော နေရာအကွက်အကွင်းကလေးကိုတော့ ကိုယ့်ကြောင့် လွတ်လပ်ပွင့်လင်းသွားအောင်

တတ်အားသမျှ စွမ်းအောင်ကြပါမည်။

ဒါသည်ပင်လျှင် ကျနော်မြင်မိသော အားလုံးလုပ်သင့်သောအရာဟု ခံယူမိပါတော့သည်။

 

သွန်းနေစိုး Thorn Nay Soe

 

https://www.facebook.com/notes/thorn-nay-soe/%E1%80%98%E1%80%9A%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B7-%E1%80%80%E1%80%BA%E1%80%B1%E1%80%94%E1%80%AC%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%82%94-%E1%80%92%E1%80%AE%E1%80%99%E1%80%AF%E1%80%AD%E1%80%80%E1%80%B1%E1%80%9B%E1%80%85%E1%80%AE%E1%80%9B%E1%80%99%E1%80%9C%E1%80%B2-%E1%80%9E%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%94%E1%80%85%E1%80%AD%E1%80%AF%E1%80%B8-/236573556409534

 

 

 

ကဲ ကျနော် (ဂီဂီ)ဆက်ရေးပါမည်…

တနေ့က ဆြာ သွန်းနေစိုး နှင့် စကားပြောဖြစ်ပါသည်…

သူ့ post ကို ကျနော် ယူရှဲသည့်ကိစ္စ ပြောဖြစ်ပါသည်..

ဆြာက သဘောထားကြီးစွာပင် ရှဲခွင့်ပေးပါသည်။

နောက်လည်း သူ့စာစုတွေ ကိုရှဲခွင့်ပြုပေးပါသည်။

အတော် သဘောထားပြည့်ဝသည့် ဆြာ ဟု ဆိုရပါမည်။

သည်တော့ ကျနော့်ဘက်ကလည်း ဝတ္တရား ကျေရစေပါမည်။

အပြည့်အဝ ဆြာ့ကို credit ပေးပါသည်။ ရှဲ သည့်အတွက်လည်း

ဝေဖန်ဆွေးနွေးထောက်ပြတာတွေကို ပြုလုပ်စေချင်ပါသည်။

အစောပိုင်း ရေသန့်ဗူးကိစ္စ ညစ်လုံးလုံးပြီး ဒါမိုးကြီးတွေရော

ဘယ်လိုလုပ်မလဲ ဆိုတာမျိုး ချပြချင်ဖူးခဲ့ပါသည်.

ဆြာ့ post နှင့်ယှဉ်မိသောအခါ များစွာ ကိုယ့်ကိုယ်ကို အရှက်ရစေသော

ကိုယ်တိုင်ရေးသည့် အချီးအနှီးများသာဖြစ်ပါသည်..

သည်တော့ ဆြာ့ ပိုစ့်ကို ခံစား ဆွေးနွေးပေါးကြပါခင်ဗျား..

 

 

 

PS. ဆြာ့ကို ရွာအကြောင်းပြောပြတော့ သူလာဖတ်ဖူး ဖတ်လေ့ရှိပါသည်

မရေးဖြစ်တာပါပဲဟု နားထောင်ဖူးပါသည်။

 

 

ကဲ ဒါပါပဲဗျာ

 

 

ဆြာသွန်းရေ ..

ကျေးဇူးပါဗျ.

ဆြာ အားရင်လည်း လာအားပေးပါဦးဗျာ

 

 

ခင်တဲ့

ဂီဂီ

 

 

6 comments

  • htoosan

    November 26, 2011 at 8:11 am

    ရေး ယုံ နှင့် မပြီး ဖတ်နိုင် ရန်လိုပါသည်။ ဖတ်နိုင်အောင် လုပ်ပေးရန် လိုပါသည်။
    ဖတ်ယုံ နှင့် မပြီး ဖြန့်ဝေနိင်အောင် လုပ်ရပါမည်။
    ဖြန့် ဝေ ယုံ နှင့် မပြီး လိုက်နာ ဆောင် ရွက်နိုင်ရန်လိုပါသည်။
    MG တွင် လည်းလို အပ်ပါသည်။

    100 % thumb up .

  • ba gyi

    November 26, 2011 at 10:13 am

    ဂီဂီ ရေ ကဗ္ဘာ့ ဒီမိုကရေစီနိုင်ငံကြီး ကိုရွှေ အမေရိကန်တောင် ယ္ခုဒီမိုကရေစီဖြစ်ဘို့ နှစ်ရာချီ ပြုင်ပြောင်းလဲ
    ခဲ့ရတာကလား။ ကျုပ်တို့လူမျိုး၊ကျုပ်တို့သဘာဝ ကရှိသေး၊ အာဏာရှင်ကနေပြောင်းတဲ့ အော်တိုက ရေစီ တို့၊ အဲသည်ကမှ တဖြည်းဖြည်း ဒီမိုကရေစီသွားတာတို့၊ အရင်းရှင်ဒီမိုကရေစီနိုင်ငံတွေရဲ့ လက်အောက် ခံဘဝကနေ ဒီမိုကရေစီပြောင်းသွားရတဲ့ပဒေဿရာဇ် နိုင်ငံတွေ၊စုံလို့ပါပဲ၊ ကျနော်တို့ကတော့ အာဏာ ရှင် မှပြောင်းသော ဒီမိုကရေစီထဲပါနေတော့၊ အာစီယံ စံထဲပဲဝင်အုန်းမယ်ထင်ပါတယ်။
    အရေးကြီး တာ ဂီဂီ ပြောသလိုပဲ အုပ်ချုပ်သူကလည်းတော်ပြီးဖြောင့်မတ်၊ပွင့်လင်းမှုရှိ သူတွေများ လာတဲ့ အခါ၊ ပြည်သူကလည်း ပွင့်လင်း၊ရိုးသား၊အသိဉာဏ်ပညာတွေတိုးတက် ပြီး အထက်ကလို အုပ်ချုပ်သူ တွေ ကိုရွေးချယ်တတ်လာတဲ့အခါ၊ အဲသည်အုပ်ချုပ်သူနှင့်ပြည်သူပေါင်းမိကြတော့မှ။ တကယ့်သာယာတဲ့ ပွင့် လင်း၊ လွတ်လပ်၊ရိုးသားသောဒီမိုကရေစီနိုင်ငံ အဖြစ်ကိုရနိုင်မှာပါဗျား၊ အားလုံချုပ်လိုက်ရင်၊ ကျုပ်တို့အ ပါအဝင်-ပြည်သူတွေပေါ် ပဲမူတည်နေတော့၊ အင်း–အတိအကျတော့ မှန်းရခက်ပါသဗျား။
    အတိအကျ မမှန်းတတ်သေးတာ ၊ကျနော်ညံ့ တာလည်းဖြစ်မှာပါ ဂီ ဂီရေ။

    • windtalker

      November 26, 2011 at 12:26 pm

      ဘကြီးတင် မဟုတ်
      ကျုပ် မောင်ပေ လည်း ညံပါကြောင်း

  • thit min

    November 26, 2011 at 11:35 am

    ဒီလိုစဉ်းစားမိထားတယ်။
    ပြောလဲပြောဘူးတယ်အရင်က။
    ဒီမိုကရေစီကို တောင်းရင်းနဲ့ ကိုယ်ပေးရမဲ့အလှဲ့ကြ မပေးတတ်တော့ဘူး။
    ကိုယ်ပါတဲ့အများအိုကေပေမဲ့
    “ကိုယ်မပါတဲ့အများဆဒ္ဒမှာ ထအော်ရော”
    အဲဒီဟာလေး က တောင်းနေတဲ့သူကိုယ်တိုင်မှာ ဒီမိုကရေစီ ဝိညဉ် မရှိသေးတာလို့(ထင်တာဘဲ)။
    မြန်မာလူမျိုးက “မလှန်နိုင်လို့ ကြောက်ရင်လိုက်လုပ်တယ်”
    ” ချစ်ရင် လိုက်လုပ်တယ်”
    ကိုယ့် စဉ်းစားတွေးခေါ်မှု၊ဆင်ခြင်တုံတရားနဲ့ လိုက်လုပ်တဲ့သူကနည်းတယ်။
    ငါနဲ့ မတူရင် “သူပြောတာဘာလဲ၊ဘာဖြစ်နိုင်လဲဆိုတဲ့ စဉ်းစားတဲ့အဆင့်ကိုမသွားတော့ဘူး”
    လက်မခံဘူး က စပြောတာ။ အကောင်းအဆိုး ဆိုတာ “အခြေအနေ တခုအရ”ပြောင်းလဲတတ်တာကို
    လက်မခံတတ်တဲ့ စိတ်က ပြင်းထန်တယ်။.။၊
    ဆရာဦးရွှေအောင်ရဲ့ (ကုသိုလ် နဲ့အကုသိုလ်စာအုပ်ထဲက)စကားကိုကိုးကားပြောရရင်
    ကိုယ့်မူရင်း”အတ္တမာန” နဲ့ “အများအကျိုးအတွက်ငါလုပ်တာမှန်တယ်” ဆိုတဲ့ “ဒိဌိမာန”
    က တော်တော်များတဲ့ လူမျိုးဆိုပဲ။
    ပြောရရင် ပြောနေကြ။
    Individual Reform ပါဘဲ။
    ကိုယ့်အိမ်မှာလဲ ၊ ကိုယ့်အသိုင်းအဝိုင်းလေးမှာလဲ
    ကိုယ်က ” GOOD GOVERNANCE” ဖြစ်သင့်တာမဟုတ်ပေဘူးလားဗျာ။

  • ကြောင်ကြီး

    November 26, 2011 at 12:21 pm

    သွန်းနေစိုးကို
    ခွန်းခြွေပိုးရရင်
    တွန်းလေခိုးလေ
    မြန်မာတွေမို့
    ညွှန်းလေရိုးလေ
    ဖြစ်နေမလားလို့…။
    Aပေးတွေ ဘယ်ကောင်မှ မဆဲနဲ့။ leeလို mushroomလိုပဲ။။။။ 😡

  • small cat

    November 26, 2011 at 10:37 pm

    ဂီဂီရေ စာကောင်းလေးတွေရှဲပေးတဲ့အတွက် ကျေးကျေးပါ။ ကျနော်လဲ ကူးပြီးထပ်ရှဲလိုက်ပါဦးမယ်။

Leave a Reply