ကဲ မြို့မေတ္တာခံယူဘို့ ဘလက်တစ်ယောက် ဂဇက်အပေါက်ဝကို ရောက်လာပြန်ပြီဗျို့။
ဟိုနေ့က ကျွန်တော့်ပို့စ်တစ်ခုမှာ ကိုသစ်မင်းက ကွန်းမန့်ရေးပါသည်။

လူဖြစ်ရခြင်းသည် လည်း ကောင်း၏။။
လူအများ စာရေးတတ်ခြင်း၊ ဖတ်တတ်ခြင်း လည်း သာ၍ ကောင်း၏။.။
မန်းဂေဇက် တွင် ကိုဘလက်ချော တံခါးစောင့်ဖြစ်ရခြင်းသည်ကား အကောင်းဆုံးဖြစ်တော့၏။။။
(ဤကား အကျွန်နုပ် မောင်သစ်မင်း ၏ အလိုတည်း)

တကယ်ပြောတာလား၊ ပျော်အောင်ပြောတာလားတော့မသိပါ။ ကိုသစ်မင်းလိုလူရဲ့ အလို ဆိုတော့လည်း ဆက်ရေးဖြစ်သည်ပေါ့ခင်ဗျား။ ဟားဟား။
ကျွန်တော်သည်လည်း အားလုံးကိုပျော်စေချင်သူကြီး ဖြစ်သောကြောင့် အားလုံးကို ကျေနပ်အောင်ကြိုးစားနေပါ သည်ခင်ဗျာ။ ဒီပို့စ်ထဲ မပါလို့တော့ စိတ်မဆိုးကြစေချင်ပါဘူး။ သေချာတာတစ်ခုကတော့ ဒီပို့စ်ထဲမှာ ဘလက်ချော ဆိုတဲ့ကောင် ရေးထားတဲ့ ပို့စ်တစ်ခုမှ မပါတာလေးနဲ့ ပဲ ကြေပေးကြပါဗျာ။ ဒီထက်ပိုပြီး ပြည့်စုံအောင် ကြိုးစားပါမည်။
မှတ်မှတ်ရရဗျာ၊ အခုတစ်ခေါက် တံခါးစောင့်ကြီး ပို့စ်ကို winkyawaung ရဲ့ ပို့စ်ကလေးနဲ့ စလိုက်ချင်ပါတယ်ဗျာ။ Winkyawaung ရဲ့ ဦးခင်ရွှေမှ ပြည်တွင်း မီဒီယာများကို ပြင်းထန်းစွာ ဝေဖန် ဆိုတဲ့ ပို့စ်လေးအကြောင်းပြောချင်ပါ တယ်ဗျာ။ ဦးခင်ရွှေက ပြည်တွင်းမီဒီယာတွေကို ဒီလိုပြောပါတယ်တဲ့။
“ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ခေါ်၊ ကောင်းကောင်းမွန်မွန် ကျွေး၊ ဆီဒိုးနားမှာ ခေါ်တယ်၊ ကျွေးတယ်၊ စာအုပ်တွေပေးတယ်၊ နေ့လယ်စာတွေ ကျွေးတယ်။ ဘယ်ဂျာနယ်မှာမှ အာဆီယံ- ဂျပန် အကြောင်းကို မရေးခဲ့ဘူး။ အာဆီယံ နိုင်ငံတွေက လူတစ်ရာကျော် လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေ ရေးတယ် ဆိုကတည်းက တော်တော်လေး ကို စိတ်ဓာတ်ကျစရာ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ ကောင်းတဲ့လမ်းကြောင်းကို တစ်ဖက်သတ် မကောင်း၊ အသိအမှတ် မပြုသလို ဖြစ်နေတယ်..´´။
အင်း သူပြောတော့လည်း ဟုတ်နေသလိုပဲဗျို့။ ပေးလည်းပေး၊ ကျွေးလည်းကျွေး သေးတယ်။ ဒါမျိုးလုပ်တာတော့ မကောင်းပါဘူး။ ဟိုဘက်က မေတ္တာပေးရင် ဆရာတို့က မေတ္တာပြန်ပေးကြမှပေါ့ ဆရာတို့ရယ်။ အခုတော့ Negative Thinking တွေနဲ့ချည်းပဲ ရေးနေကြတာဆိုတော့ စိတ်ဆိုးမယ်ဆို ဆိုးရှာမှာပေါ့ ကျောင်းအစ်မရာ နော။ အဲ ထပ်ပြောပြန်ပါတယ်တဲ့။
“မီဒီယာတွေနဲ့ တွေ့ဖို့ကို တော်တော် စိတ်ပျက်တယ်။ ပြည်ပ မီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက သူ့အလုပ် သူ လုပ်တာ။ ပြည်တွင်း မီဒီယာတွေကလည်း မကောင်းမြင်မှ ဂျာနယ် ရောင်းရတယ် ဆိုတဲ့ အိုင်ဒီယာ ရှိနေရင်တော့ အတွေး တွေ မှားနေပြီ၊ လွဲနေပြီ..´´
စာနယ်ဇင်းတွေဘက်ကလည်း ပြန်လည်တုန့်ပြန်ဆွေးနွေးပါတယ်တဲ့။
ရိုက်တာ သတင်းဌာနမှ ဦးအောင်လှထွန်းက “ကျွန်တော်တို့ သတင်းသမားတွေက ဖြစ်ရင် ဖြစ်တဲ့အတိုင်း ရေးမှာပဲ၊ ပြောရင် ပြောတဲ့အတိုင်းရေးမှာပဲ၊ စားဖို့သောက်ဖို့ အတွက်တော့ ဘယ်သူမှ မလာဘူး။ သတင်းယူဖို့ပဲ လာတယ်။ သတင်းသမား ကတော့ မေးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တောင် ပါတီ မှတ်ပုံတင်ဖို့ကို မမေးပါနဲ့ဆိုတာတောင် မေးတာပဲ။ ဒါကတော့ သတင်းသမားပဲ။ နားလည် ပေးရမှာပေါ့..´´။ ဟု ယင်းအခမ်းအနားတွင် ပြန်လည် တုံ့ပြန် ဆွေးနွေးခဲ့သည်။
ဘယ်ငြိမ်ခံလိမ့်မလဲဗျာ မီဒီယာသမားပဲ နော…။
အဲအဲ အခုမှ ဒီပို့စ်ရေးသူရဲ့ အမြင်ကလာတာဗျ။ အရင်းအတိုင်း ဖတ်ကြည့်ကြဗျို့။
အထက်ပါ သတင်းကို ဖတ်ပြီး သတင်းသမားတစ်ယောက်ရဲ့ ခံစားချက်ကို ရင်ဖွင့်ပြောဆိုလိုက်မိပါတယ်..။
ရှေးလူကြီးများ ထားခဲ့သော စကားပုံက မှန်နေပါသည်။( မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်၏) တဲ့။ လူကြီးမင်းက သတင်းသမားတွေကို စော်ကားတာပဲ။ သတင်းသမားတွေဆိုတာ ထမင်းစားဖို့၊ ချမ်းသာဖို့ သတင်းရေးနေတာ မဟုတ်ပါ။ အများပြည်သူနဲ့ တိုင်းပြည်ကောင်းစားရေးအတွက်ကိုသာ ဦးစားပေးပြီး ရေးသားနေကြတာပါ။ အကောင်းစား ဟော်တယ်ကြီးတွေမှာ သတင်းမီဒီယာသမားများကို ဖိတ်ကြားပြီး လက်ဆောင်ပေး၊ ထမင်းကောင်းကောင်းကျွေးပြီး လူကြီးမင်းတို့ စီးပွားရေးသမားကြီးတွေရဲ့ဆန္ဒအတိုင်း ရေးသားပေးမဲ့၊ အသုံးချခံမဲ့ သတင်းမီဒီယာသမားများ မဟုတ်ကြပါ။ တိုင်းပြည်ကောင်းစားအောင် ဆိုပြီး အသံကုန်ဟစ်အော်လို့ ( လူကြီးလာရင် အလံထောင်၊ အကြံအဖန်ကောင်တွေ ကောင်းတဲ့ခေတ်ပဲ..) ဆိုတဲ့ခေတ်က ကုန်လာပါပြီ..။ လူကြီးမင်းတို့ ကပ်ဖားစီးပွားရေးသမားကြီးတွေ တိုင်းပြည်အပေါ်မှာ စေတနာထားတာ ဘာကိုလိုချင်လို့ ဆိုတာ မြန်မာတစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးက အများပြည်သူတွေသိနေပါတယ်။ ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြတာပါ။
ဒါကြောင့် မီဒီယာကို မကူညီချင်နေပါ။ မစော်ကားကြပါနဲ့။ ခေတ်အဆက်ဆက်က ကပ်ဖားစီးပွားရေးသမားများ ဆက်လက်ရှင်သန်ကြီးပွားကောင်းစားရေးအတွက် ကျွန်တော်အပါအ၀င် မီဒီယာသမားများကို လုံးဝ(လုံးဝ) အသုံးချ မခံနိုင်ပါ။ ခေတ်အဆက်ဆက်မှာ မြန်မာပြည်ကောင်းစားရေးအတွက် (အကျိုးလိုလို့ ညောင်ရေလောင်းနေကြသူများ)ဟာ ဘယ်သူ ဘယ်ဝါ ဘာကောင်ကြီးတွေဆိုတာ မြန်မာပြည်အချိန်သမိုင်းမှာ မှတ်တမ်းတင်နေကြပါပြီ..။
သတင်းမီဒီယာသမားများမှာလဲ `ပစ္စည်းမဲ့ မာန´ ဆိုတာ ကိုယ်စီရှိတတ်ကြပါတယ်။ ပုဂ္ဂိုလ်ရေး အာဃာတ နဲ့ ပြောဆိုနေတာ မဟုတ်ပါ။ တိုင်းပြည်ကောင်းစားရေးကို အဓိကထားပြီး တင်ပြရေးသားရခြင်းဖြစ်ပါတယ်။ ဘယ်သူက လွန်တယ်၊ ဘယ်သူက မှားတယ်၊ မှန်တယ် ဆိုတာကိုတော့ စာဖတ်သူများ ဝေဖန်သုံးသပ်ပေးတော်မူကြပါခင်ဗျာ…။
ကဲ မှားနေရင် ပြင်ကြဗျာ၊ လွဲနေရင် တည့်ကြဗျာ၊ အရှိကိုအရှိအတိုင်းရေးကြဗျာ။ ကျွန်တော် ပြောတာ အရှိကို အရှိအတိုင်းရေးကြဘို့ပါ။ ဦးခင်ရွှေ ပြောတဲ့ စကားကို positive thinking နဲ့ကြည့်ရင် အမှန်ကို အမှန်အတိုင်းရေး ခိုင်းပါတယ်လို့ ကျွန်တော် တော့ ထင်မိတာပါပဲဗျာ။ ဆရာတို့ရေ…. Thinking အရေးကြီးတယ်နော် Thinking ။ နောက်ကိစ္စ နောက်မှ ကြည့်ရှင်း၊ အခုတော့ အရှိကိုအရှိအတိုင်းရေးကြဘို့ပါ ဆရာတို့ရေ။

Kyaemon ရဲ့ မြန်မာပြည်ဆင်းရဲရခြင်းအကြောင်း CIA အမေရိကန် ထောက်လှမ်းရေး အဖွဲ့ရဲ့ အမြင် ပို့စ်လေးအကြောင်းနည်းနည်း ပြောချင်ပါတယ်။ ဟိုတစ်နေ့က ကြောင်ကြီးရဲ့ မြန်မာပြည်ဆင်းရဲခြင်းအကြောင်း china factor ဆိုတဲ့ ပို့စ်လေးကို ချေပထားတဲ့ ပို့စ်ပါ။ တော်တော်လည်း ဖတ်လို့ကောင်းပါတယ်။ ကွန်းမန့်တွေကလည်း အမိုက်စား လေးတွေပါ။ ဖတ်မိတဲ့ ကျွန်တော်တောင် အဖတ်နောက်ကျလေခြင်းလို့ ထင်ရတဲ့ ပို့စ်လေးပါဗျာ။ ထူးခြားတာက သူကြီး က ဒီပို့စ်မှာ ကွန်းမန့် ၀င်မပေးတာပါပဲ။ ကိုသစ်မင်းလည်း မန့်တာ မတွေ့ပါ။ ကိုအောင်ပုရဲ့ မန့်ချက်ကတော့ မိုက်တယ်ခင်ဗျာ။ အတည်အခန့်တွေ မန့်နေတဲ့ကြားမှာ ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ အပျော်ကွန်းမန့်လေးပါ။
ပြောလို့သာ ပြောတာ
မြန်မာပြည် မချမ်းသာတာ
ကျုပ် သမ္မတ မဖြစ်လို့ပါ အဲ့ဒါ အဓိကအချက်ဘဲ
ကျုပ်သမ္မတဖြစ်ကြည့်ပါလား
ညှင်း ညှင်း ညှင်း
သွားကြားထိုးတံတွေ လုပ်ရောင်းဗလိုက်မယ်
ကျွန်တော်တို့ နိုင်ငံရေး နားမလည်ကြပါဘူးဆိုရင်တောင် မအအောင် ဒီလိုပို့စ်လေးတွေကိုတော့ ဖတ်ထားရင် မမှားပါကြောင်း ညွှန်းချင်ပါတယ်ဗျာ။ ပေါ့ပေါ့ပါးပါး ဖတ်လို့လွယ်တဲ့ ပို့စ်လေးဖြစ်ပါတယ် ဗျို့။
Phyo ရဲ့ အပွင့်ပေါ်အရွက်ဖုံးပါလို့ ပို့စ် ကိုတော့ ကျွန်တော် တကယ် မဖတ်ဖြစ်ကြောင်းဝန်ခံပါရစေဗျာ။ ဒါပေမယ့် ကွန်းမန့်လေးတွေက ဖတ်လို့ကောင်းတာနဲ့ အကုန် ဖတ်လိုက်ပါတယ်။ အခုရေးနေရင်းနဲ့ ဖတ်တာပါ။ အဘ FR ရဲ့ ကရုဏာ သက်တဲ့ ကွန်းမန့်လေးတွေကို ဖတ်ရင်း စိတ်မကောင်းဖြစ်ရပါတယ်။ သူကြီးကလည်း လက်တွေ့ဆန်တဲ့ ကွန်းမန့်လေးနဲ့ ဖြိုး ဆိုသူ ကို အားပေးသွားပါတယ်။ သာဓုပါ သူကြီးရေ။ နောက်ဆုံး ဖြိုး ဆိုသူကလည်း ကွန်းမန့်လေးနဲ့ လွမ်းအောင်ချွဲသွားတာ ဖတ်လို့ ကောင်းပါတယ်။ ဖတ်ကြည့်ကြဘို့ပါ။
ကိုဆန်နီ က အညာကောင်းသောအမေ ဆိုတဲ့ ပို့စ်လေးကို တင်လာပါတယ်။ အစားအသောက်နဲ့ ပတ်သက်ရင် ဇီဇာကြောင်တတ်သော ကျွန်တော်နှင့် ကျွန်တော့်အမေအကြောင်း ကဗျာစပ်ချင်စိတ် ပေါ်လာလို့ ဆိုပြီး ကဗျာတိုလေးတစ်ပုဒ်ရေးလာပါတယ်။ ဖတ်ကြည့်ပါခင်ဗျာ။
အညာကောင်းသောအမေ
အမေ လေ
မသေခင်က
ပုဇွန်းခေါင်းမှ
ငါ စားကောင်းတာတဲ့။
အမေလေ မသေခင်က ငါးဆို အရိုးမှ ငါ စီဓါတ်* တိုးတာတဲ့။ အမေလေ မသေခင်က အဆီ စားရမှ ငါ အအီပြေသားတဲ့။ အမေလေ မသေခင်က ကြက်သားကြိုက်တဲ့သားကို ငါ အရိုးကိုက်ရမှ တဲ့။

ချစ်ခြင်းအားဖြင့် …ကိုဆန်နီ

ပေါက်ဖေါ်က ကဗျာလေးနဲ့ ကွန်းမန့်ပေးပါတယ်။
အမေလေ..
မသေခင်က..
မုန့် ဖိုး..နဲနဲပဲပေးတာ….
အမေလေ..
မသေခင်က..
ပိုက်ချံရှိရက်နဲ့ ..မချိဝူး.ပြောတာ..
အမေလေ..
မသေခင်က..
ပိုက်ချံအိတ်ကို..နေရာစုံလျှောက်ဖွက်တတ်တာ…
အမေလေ.
မသေခင်က..
တားကို….မိန်းမ အတင်းမပေးစားတာ..
ခုတော့..
ကဗျာချစ်သူများ အတွက် တစ်ခါတည်းဖေါ်ပြပေးလိုက်တာပါဗျာ။
ပျော်ပျော်ပါးပါး၊ စည်စည်ကားကား နဲ့ ပို့စ် တစ်ခုကို ဖတ်ချင်ရင်တော့ ကျွန်တော်တို့ သူကြီး ရဲ့ NLD မှတ်ပုံတင်ရေးး တိုင်းနဲ့ ပြည်နယ်အမြင် ဆိုတဲ့ ပို့စ်လေးကို ဖတ်ကြပါဗျို့။ ကွန်းမန့် အရှည်ကြီးတွေ နဲ့ စိတ်ပါလက်ပါ ဆွေးနွေးကြတာ အားရစရာကြီးဗျာ။ (၅၆ ခုတောင်ရှိတယ်ဗျို့ ကွန်းမန့်တွေက) နိုင်ငံရေး နားလည်လည် မလည်လည် ဖတ်ကြည့်ထားရင် မအဘူးပေါ့ဗျာ။
ကိုသစ်မင်း ရေးတဲ့ တိမ်ပေါ်က ရက်စွဲများဆိုတဲ့ ကဗျာလေးအကြောင်း ပြောချင်ပါတယ်။ ကဗျာလေးက အရှည်ကြီးလည်းမဟုတ်တာကြောင့် တစ်ခါတည်း အတူတူ ဖတ်ကြည့်ရအောင်ပါ။
ကဗျာလို့သူဟာသူကင်ပွန်းတပ်ပြီး
အထုပ်အပိုးပြင် အတွေးအိမ်ကဆင်းသွားတာဘဲ…။
ရေနောက်တာနဲ့ မြက်ကြမ်းတာ
ဘယ်ကြော်ငြာသင်ပုံးမှာတွေ့နိုင်မယ်ဆိုတဲ့
ဖော်မြူလာကို တော့ ဘယ် ခေတ်မှာမှကို
မတည်ထွင်နိုင်တာကလဲ “လေ” စရာဘဲတဲ့ ….။
ဦးတည်ချက်နဲ့ရည်ရွယ်ချက်ကို
ပုလင်းတလုံးထဲ ထဲ့ပြီး
ပင်လယ်ထဲမျှောတဲ့ပုံပြင်ကိုပြောပြရင်း
ပွင့်လင်းပြီးအရိုင်းဆန်တဲ့ မုန်တိုင်းတွေ ရယ်
ရိုးသားမှုရဲ့ လေပြေညင်းတွေရယ်ကို
အိုဗာဝိတ်တင်ပြီး မောင်းနှင်သွားတဲ့ကဗျာကားကို
ငါမတားခဲ့နိုင်တာတော့ ဝန်ခံတယ် ……………… ။
ရနံ့ဖောက်ခွဲရေးသမား ပန်းခင်းကြီးရယ်
တေးသံမြှားတွေ အဆက်မပြတ်ပစ်တတ်တဲ့ ငှက်ငယ်တွေကြားမှာ
စမ်းရေသောက်ရတဲ့ နေ့တွေကိုလဲ ဘဝင်မမြင့်ဘဲ မင်းဖြတ်မောင်းသွားပါ …………။
အကွေ့အကောက် ချောက်ကမ်းပါးတွေက တောင်ပြိုနေ့ကံကြမ္မာဆိုးတွေနဲ့
ပစ်တင်ရှုံ့ချစကား ဆူနာမ်ီလှိုင်းထန် ကမ်းခြေမှာကယ်နိုင်သူဝေးတဲ့ညတွေမှာလဲ
မင်း ဖီးနစ် ဖြစ်နေပါစေ………………….။
ပြန်လာဘို့ ဆိုတာကတော့
တံခါးမှ မရှိတာလေ
ဖွင့်တာလဲ မရှိ ပိတ်ထားတာလဲ မရှိ ဘူး မဟုတ်လား…….။
ကန့်လန့်ကာကျခါနီး
ဒီနေ့လဲ “နေလုံး” ရဲ့ ဒိုင်ယာရီ မှာ
ငါ့အတွေး အိမ်လေးအတွက် အိမ်ငှါးအလိုရှိသည်ဆိုပါလား………
ရက်စွဲတခုကိုတိမ်ပေါ်မှာရေးပြီး၊ ကြည့်နေရင်း
စောင့်နေရတာမျိုး ထပ်လုပ်ရအုန်းမှာပေါ့နော်…………။
ကဗျာတစ်ပုဒ် ကောင်းပြီဆိုရင်ဘယ်အမျိးအစားထဲမှာပါတဲ့ ကဗျာလို့ ခေါင်းစဉ်တတ်ဖို့လိုပါသလား။ ကျွန်တော် မသိပါ။ ရင်ထဲရောက်သော ကဗျာတစ်ပုဒ်ဟု သာပြောချင်မိပါသည်။ ကွန်းမန့်လေးတွေဘက်လှည့်ရအောင်ပါ။
သူကြီးက ကွန်းမန့်ရေးရင်း လေဒီခိုင် ကို ပွဲထုတ်ပါတယ်။
ဒီလိုရေးနည်းတွေကို.. လေဒီခိုင်ကတော့ ကြိုက်တယ်..။
ကြိုက်ဆို.. သူလည်းအဲလိုတွေရေးတာပဲ..။ ကျုပ်ကတော့..
ခံစားပြီး (ဆရာသစ်နဲ့အတူ) ကဗျာကားမောင်းချင်မိပါရဲ့
အလေးအပင်မကြိုက်ပါဘူး…
တနိုင်ဝန်တင်ထားတဲ့ကဗျာကား ရွာနားကမခွာခင်
နှုတ်ဆက် …
မဆုံးတဲ့ရက်ကို စွန့်ထွက်ရယုံတင်ပါ..။ ။
သူကြီးရေ။ ကျွန်တော် အမှတ်မမှားရင် သူကြီးကတော် လေဒီခိုင် ကို ပွဲထုတ်တာ နှစ်ခါရှိပြီနော။ အရင်တစ်ခါ The Lady Review ပို့စ်မှာတုန်းက လည်းပွဲထုတ်တာ တွေ့ပါတယ်ဗျာ။ အဲဒီတုန်းက Review ရေးတာ လေဒီခိုင်ပဲလေ။ The Lady Review _ ညိုခက်ကျော် လို့ ဖေါ်ပြထားလို့ သူကြီးကို နည်းနည်းမေးပါရစေဗျာ။ ညိုခက်ကျော် ဆိုတာ တချိန်က ၀တ္ထုတိုတွေရေးတဲ့ စာရေးဆရာမ ညိုခက်ကျော်လားဆိုတာ သိပါရစေဗျာ။ ဟုတ် တယ်ဆိုရင် သူရေးတဲ့ ၀တ္ထုတိုလေးတွေ ဖတ်ချင်ပါတယ် သူကြီးရေ။ ရေးပြီးသား အဟောင်းတွေကို ပြောတာပါ။ ကျွန်တော် အမှတ်မမှားရင် ဟိုတုန်းက မဟေသီတို့ ဘာတို့မှာတောင် ရေးခဲ့တဲ့ ဆရာမပဲဖြစ်ရမယ်ဗျို့။ ဘလက်သာ မှတ်ဥာဏ်မချို့ယွင်းသေးဘူးဆိုရင် ဆရာမက ဆရာဝန်စာရေးဆရာလို့ မှတ်မိပါတယ်ဗျာ။ အဲဒါလေးပြောချင်တာပါ ဗျာ။ ကိုသစ်မင်း ကဗျာကတော့ ရွာထဲ ညွှန်းစရာမလိုလို့ မညွှန်းတော့ဘူးဗျို့။
ကိုရင်စည်သူ ၏ မိမိအိမ်ထောင်ဘက် နှင့် ချစ်သူအပေါ် နိုင်ချင်သူများအတွက် ဆိုတာကတော့ ယတြာပို့စ်လေးပါ။ စိတ်မကောင်းစရာကတော့ ကိုရင်စည်သူက သူ့ပို့စ်ကို ဒီလို အဆုံးသတ်ထားတာပါပဲ။
ဒီပို့စ်ဟာ ကျွန်တော်ရဲ့ ဗေဒင်၊ ယတြာနဲ့ ပတ်သက်တဲ့ ရွာထဲမှာ နောက်ဆုံးရေးတင်လိုက်တဲ့ ပို့စ်ပါခင်ဗျာ။ တစ်သက်လုံး ဗေဒင်ယတြာဟောခြင်းဖြင့် ငွေကြေးယူခြင်း မလုပ်စားပါဟု သစ္စာဆိုခဲ့ပါသည်။ သိကျွမ်းရင်းနှီးသော မိတ်ဆွေများမှအပ အခြားသူများအား ကျွန်တော် ဗေဒင်ဟောခြင်းလည်း လုံးဝမပြုလုပ်ပါ။ ရွာထဲမှာတော့ အခက်အခဲတွေ့နေသူများ အဆင်ပြေစေရန်ဆိုသော ကိုယ်သိတာ တတ်တာလေးကို စေတနာသန့်ရှင်းစွာဖြင့် ထိုကဲ့သို့ ပို့စ်များကို ရေးသားနေရခြင်းဖြစ်ပါတယ်။ ဆက်မရေးဖြစ်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ တကယ်တော့ ဗေဒင်ဆရာရဲ့ ဘ၀ဆိုတာ အိမ်သာနဲ့ တူပါတယ်။ အိမ်သာဖြစ်နိုင်အောင် မကြိုးစားနိုင်သော ကိုရင့်ကို အားလုံးခွင့်လွှတ်ကြပါကုန်….
အော် ကိုရင် ရယ်။ အသာလုပ်ပါ။ ရေးချင်စိတ်ပေါ်လာရင် ရေးပါဦးဗျ။ တစ်ခါတစ်လေ အာရုံရရင် ဖတ်ချင်ပါသေး ကြောင်း ပြောရင်း ရွာသူားတွေ ဖတ်ကြည့်ကြပါလို့။
ကြောင်လတ်ရဲ့ ကျီးမနိုးပွဲ ဆိုတဲ့ ပို့စ်လေးကတော့ ခေတ်သစ်ကျီးမနိုးပွဲတွေ ကို ရှုံ့ချထားတဲ့ အကျိုးပြုပို့စ်လေးပါ။
မှန်ပါတယ် ကိုကြောင်လတ်ရေ။ ဆင်ခြင်ထိန်းသိမ်းသင့်ပါတယ်။
ကိုသစ်မင်း ရဲ့ မေတ္တာယူတော့ မေတ္တာပေးလိမ့်မည် ဆိုတဲ့ ပို့စ်လေးကတော့ ရွာအလှကို ဓါတ်ပုံဆရာတစ် ယောက် ဓါတ်ပုံရိုက်ပြသလိုမျိုး၊ ပန်းချီဆရာတစ်ယောက် ပန်းချီဆွဲပြ သလိုမျိုး လှပလွန်းတဲ့ ဓါတ်ပုံလေးတစ်ပုံ လှပလွန်းတဲ့ ပန်းချီကားလေးတစ်ကားနဲ့တောင် နှိုင်းချင်မိတဲ့ ပို့စ်လေးပါဗျာ။ ကိုသစ်မင်းက ရွာကို မဏ္ဍပ်ကြီး နဲ့ တင်စားလိုက်ပါတယ်။ သူရေးထားတာလေး ဖတ်ကြည့်ပါဗျာ။
အလှူ မဏ္ဍပ်ကြီး ကပိုင်ရှင် သူကြီးသာ ဆိုတယ်။ သူကလဲ သူ့ဟင်းတမျိုးလောက်ဘဲ ယူလာတာမျိုး။
လာစားတဲ့သူတွေကလဲ လက်ချည်းလာတဲ့သူ တွေရှိသလို၊ ကိုယ့်ဟင်းကိုယူလာသူတွေအများကြီး နော်။
ဒီရောက်မှအမယ် သူ့ဟင်းလေးကကောင်းတယ် ဟဲ့ ငါ့ဟင်းကရောကောင်းရဲ့လား ဆိုပြီး ဟင်းဖလှယ်စား ကြတာပါဘဲလေ။ ဒီအလှူမဏ္ဍပ်ကြီးရဲ့ထူးခြားချက်ကစားလို့လဲရတယ်၊သူငယ်ချင်းတွေကိုလဲခေါ်ကြွေးလို့ရတယ်။
သဘောကျတဲ့ကိုယ့်ပါးစပ်နဲ့တွေ့တဲ့ဟင်းဆိုအိမ်အထိသယ်သွားအုန်းမလားရတယ်။အဲဒီလိုထိ။
ဟင်းတွေကစုံတော့သတိမထား၊မနှိုက်မိတဲ့ဟင်းတွေကအများကြီးကျန်ခဲ့မှာဘဲ။ နှိုက်မိတဲ့စားမိတဲ့ ဟင်းတွေကလဲ ချဉ်ငံစပ်၊အချို၊အခါး၊အဖန်၊အဆိမ့်စုံနေအောင်ပါနေတာဗျ။တော်တော်အရသာစုံတာ။။တခါတလေမူလဟင်းထက် ဆိုဒ်ဒစ်ရှ် အရံဟင်း=ကော်မန့်ဟင်းကလန်ထွက်နေအောင်ကောင်းတာလဲအများကြီးဗျနော်။ကိုပေါက်တို့၊
မှော်စရာ၊ကိုစိန်သော့၊ကိုဇာဂီ၊ကိုဘလက်နဲ့ဝီအာ ဝမ်း အစရှိသဖြင့် တော်တော်များများသော“ဓာတ်ပုံဟင်း” အချက်ကောင်းသူများကလဲတော်ကြပါပေရဲ့။ခုတလောဟင်းကောင်းတခွက်ကဘာသာပြန်စာရေးသူ ကိုဆန်နီ ပါဘဲ။ကိုရင်စည်သူ၊မပူးခ်ျ တို့ရဲ့ ဂမ္ဘီရ လိုင်းနဲ့သမိုင်းနောက်ခံ ဟင်းကောင်း (စာ)များကိုလည်း ဗဟုသုတရဘွယ်၊ အခြေအတင်ပြောဘွယ်ရာလေးများတွေ့ရပါတယ်။ဘာသာရေးအလေးကဲစာလေးတွေ ရေးတတ်တဲ့ ကိုချစ်ရင်ထူးနဲ့ မက်ဆေ့ခ်ျတခုကိုပေါ့ပေါ့ပါးပါးလေးရေးပြီးပေးတတ်တဲ့ကိုဝင်းတော်လခါ၊ကိုဘီလူး၊ etone၊ တို့ရဲ့ဟင်းကောင်းများကလဲ (ဖတ်) စားချင်စဘွယ်လေးတွေပါ။လူသစ်တန်းကနေ ရေးသူများကလဲ မဆိုးလှပါဘူး။
ရွာထဲမှာ ရှိတဲ့ စာရေးနေကြသူတွေရဲ့ ပို့စ်တွေကို ဟင်းတွေနဲ့ တင်စားလိုက်တာလေးကလည်း လှပါပေရဲ့ခင်ဗျာ။ သံတွဲက အော်စာဟစ်စာတွေကိုလည်း ငပိထောင်းစပ်စပ်တွေ နဲ့ တင်စားလိုက်ပြန်ပါတယ်။ အလှဆုံး စကားလုံးတွေနဲ့ ရွာအလှကို ဒီလိုလေးရေးဖွဲ့ပြသွားခဲ့ပါတယ်ဗျာ။
အရမ်းကို”တိုးတက်လာသောဂေဇက်” ဘဲဗျ။ ပြောရရင် အားလုံးရဲ့ ရင်ထဲကလာတဲ့ စစ်မှန်သော “စေတနာ” ကြောင့် ဘဲဗျ။ ရေးသူ၊ဖတ်သူ၊မန့်သူ တွေ စေတနာတွေ ပါလာတာ။ပိုလာတာ အရင်ထက်။ နိုးကော်မန့်ဆိုတဲ့ ပို့စ် မရှိသလောက်ပါ။အချင်းချင်း နွေးနွေးထွေးထွေးရှိလာကြတယ်။အပြန်အလှန် အားပေးတဲ့ ကော်မန့်တွေနဲ့ကော်မန့်အချင်းချင်းထောက်ခံဆွေးနွေးေ က်ာမန့်တွေများလာပြီး ကော်မန့်တွေကကို  တော်တော်အဆင့်မြင့် လာကြတယ်။ မှန်ကန်သောစေတနာထားနိုင်မှ ရေးတဲ့စာ၊ပေးတဲ့ကော်မန့်
အဆင့်မြင့်တယ်ဆိုတာလက်တွေ့ပါဘဲ။ကျနော်ထပ်ပြောရရင်အပြန်အလှန်လေးစားမှု၊စာကိုရောလူကိုပါအလေးအနက်ထားတဲ့စိတ်တွေ အရင်ထက်တိုးပွါးလာမှု၊ဂေဇက်အပေါ်သံယောဇဉ်ကတဆင့် စာကနေ “စိတ်” တွေကိုဖတ်နိုင်လာမှု၊တဦးကိုတဦးခင်မင်ရင်းနှီးလာမှု…. ဟာ…..ပြောရရင်အများကြီးဗျာ။
ကျနော် စဉ်းစားတယ်။ အလုပ်များတဲ့ ကျနော် ဘာတွေ ဂေဇက်ကရလို့ လာဖြစ်နေလဲလို့။
ကိုယ်ရေးတဲ့စာသူများဖတ်တာဝမ်းသာတာ၊ ဘာညာအများကြီးခေါင်းစဉ်တွေတပ်ကြည့်တယ်။
တခုမှအားလုံးကိုမခြုံငုံမိဘူးဗျာ။ ကာဗာမဖြစ်ဘူးဗျာ။နောက်တော့စဉ်းစား ရင်း စဉ်းစားရင်း ပြုံးမိသွားတယ်။
ကျနော်အဖြေရသွားပြီဗျာ။ ကျနော်မေတ္တာ ရတယ်ဗျ။ ကျနော်အေးချမ်းတဲ့မေတ္တာ ရတယ်ဗျ။
ကျနော်အားလုံးရဲ့မေတ္တာကိုခံစား ရတယ်ဗျ။ ကျနော်လိုဘဲအားလုံးလဲရနေကြတယ်ဆိုတာယုံတယ်ဗျ။
အသွားအပြန်ရှိသောမေတ္တာ ရိပ်အောက်မှာ နေထိုင်ရင်း မေတ္တာ ခြုံလို့လုံ၊
မေတ္တာထွေးလို့နွေး၊မေတ္တာဖြန်းလို့လန်း၊ မေတ္တာကူလို့ ကြည်ဖြူကြတဲ့
ကျနော်တို့ရဲ့ကမ္ဘာငယ်ဂေဇက်လေး အဓွန့်ရှည်ပါစေ။
ဆထက်တန်ပိုးတိုးပြီးကောင်းသော စာများ နဲ့ လူသားအကျိုးပြု၊နိုင်ငံအကျိုးပြု၊ သင်တို့ကျနော်တို့
အားအကျိုးပြုစေသတည်း။အခက်အခဲအကြောင်း ကြောင်းတွေကြားက ဂေဇက်ကို
မပျက်မကွက်အောင်ကြိုးစားရပ်တည်ထားတဲ့သူကြီးဦးခိုင်ကိုလဲကျနော်တို့ကျေးဇူးတင်ရပါတယ်။
မေတ္တာတရားတဖြည်းဖြည်းနဲပါးလာ(သလိုလို)ဖြစ်တဲ့ ကျနော်တို့ရဲ့ နိုင်ငံမှာ ဒီလို တဦးနဲ့
တဦးမေတ္တာထားလာကြတဲ့”ပတ်ဝန်းကျင်”လေးတခုကိုဖန်တီးနိုင်ခဲ့ပါပြီ။
ရေးနေကြလူ၊မန့်နေကြလူတချို့ရဲ့ “လေ”တွေတောင် ကောင်းသောဖက်ကိုပြောင်းလဲကုန်ပြီ။
ဂေဇက်သမိုင်းကိုကျနော်သိမှီသလောက် ကြည့်ပြီး အကဲဖြတ်ရရင်တော့ ဒီအချိန်ဟာဂေဇက်ရဲ့
ရွှေရောင်တောက်သောနေ့စွဲများပါလို့။
“”~~ကျနော်ထပ်ပြောပါရစေ၊ ငွေကြေးနဲ့တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာတရားတွေ ထုံလွှမ်းနေတဲ့ဂေဇက်ကနေ
ကျနော်တို့ရဲ့ လူတဦးချင်းစီရဲ့ စိတ်နှလုံးသားလေး တွေကိုအကောင်းဆုံးပြုပြင်ပေးလိုက်ပါတယ်လို့သာ~~””
တတ်နိုင်ရင် ဒီပို့စ်တစ်ခုလုံးကို ဒီနေရာမှာပဲ အစအဆုံး ရေးပေးလိုက်ချင်တာပါ။ အခု ရေးဘို့ပြန်ဖတ်နေရင်း အနီရောင်အရက်သောက်ထားတာတောင် ကြည်နူးပီတိဖြစ်နေမိတယ်ဆိုရင် ရွာသူားတွေ ပိုတယ်ဆိုကြပါဦး မယ်ခင်ဗျာ။ ကဲ ကျွန်တော် ပြောတာပိုတယ် မပိုဘူး ခင်ဗျားတို့ ကိုယ်တိုင်သာ ဖတ်ကြည့်ကြတော့ဗျို့။ ကွန်းမန့် ၃၉ ခုကိုပါ တွဲဖတ်ရင်း မန်းဂဇက်ဆိုတာ ဒါပဲကွလို့ ပြောနိုင်တဲ့ ပို့စ်မျိုးပါဗျာ။ အခုနောက်ပိုင်း ဂဇက်အနေနဲ့ ကိုသစ်မင်း လို စာရေးသူတစ်ယောက်ကို အရတော်လေခြင်း ဆိုပြီး မုဒိတာ ပွားရပါတယ် ကိုသစ်ရေ။
Youngman ရဲ့ မြန်မာနိုင်ငံမှာ ဘာကြောင့် အာဏာရှင်စံနစ် ပေါ်ပေါက်လာရတာလဲ ဆိုတဲ့ ပို့စ်လေးကလည်း စိတ်ဝင်စားဘို့ကောင်းပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးအောက် ရောက်အောင် တွန်းပို့ခဲ့သူဟာ ဦးနုပါလို့ စွတ်စွဲထားတဲ့ ပို့စ်ပါဗျာ။ ဘလက်က နိုင်ငံရေးနဲ့ ပတ်သက်ရင် ဥာဏ်ရည်နည်းနည်း နိမ့်ပါတယ်။ အဲဒီ အဆိုကိုတော့ ကျွန်ုပ် ဘလက် က သဘောမတူနိုင်ပါဘူးလို့ ငြင်းချက်ထုတ်ချင်ပါတယ်ဗျာ။ သေတဲ့လူကလည်း သေသွားပြီပဲဗျာ။ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေး ပုံစံမျိုးနဲ့ တကယ်ပုံသွင်းခဲ့တယ်လို့ သတ်မှတ်ရမယ့် ပုဂ္ဂိုလ်အကျော်အမော်ကြီး ဦးနေ၀င်းကလည်း အခုဆို အရိုးဆွေးနေလောက်ပါပြီ။ အဲဒီတော့ ရှေ့ကို ဘယ်လို စံနစ်မျိုးနဲ့ မြန်မာနိုင်ငံကြီး ခရီးဆက်မယ်ဆိုတာသာ စဉ်းစားစေချင်ပါတယ်ဗျာ။ ခြောက်နေတာကြီးကို ရေမနှူးသင့်သေးတဲ့ အချိန်မျိုးလို့ ဥာဏ်ရည်နိမ့်သော ဘလက်က ဆိုချင်ကြောင်းပါ။ သူကြီး၊ မောင်မိုးညို၊ ကြောင်ကြီးတို့ရဲ့ကွန်းမန့်များနဲ့ ဖတ်ချင်စရာ ပို့စ်လေးတစ်ခုပါဗျာ။
Mg Wine ရဲ့ အမေ ဆိုတာလေးကတော့ အမေဖွဲ့ ကဗျာတိုလေးပါ။ ဒီမှာပဲ ဖတ်ကြည့်ဘို့ စီစဉ်ပေးလိုက်ပါတယ်ဗျာ။
နွမ်းယဲ့ယဲ့မျက်ဝန်းတွေ
အားငယ်စိတ်တ၀က်ပီတိနဲ့
အရိပ်မပေးနိုင်ရှာတဲ့
သစ်အိုတစ်ပင်ရဲ့ဂီတ
ဆုတောင်းပေးသံနဲ့ညှိုးငယ်ငယ်။
ကျွေးခဲ့မွေးခဲ့
ပြုစုခဲ့တာတွေရဲ့ တန်ဖိုးကို
လျှော်ကြေးတောင်းဖို့မေ့နေသူ
ဇရာရဲ့ဖိစီးမူရောဂါကိုကြိတ်ခံစား
သားသမီးတွေအပူကူးစက်လို့
သောကနဲ့မောခဲ့ရအိပ်ပျက်ညတွေ
ဘယ်သူသိခဲ့လေမလဲ
ပြန်မလာနိုင် ခရီးရှည်ထွက်သွားသူကိုပဲ
ပြန်တမ်းတရင်းမျက်ရည်ဝဲခဲ့ပြီ။ ။
ရာဇ၀င်လူဆိုး ရဲ့ ဒီပုံစံနဲ့ မီးသတ်မယ်ဆိုရင်ဖြင့် ဆိုတဲ့ ပို့စ်လေးကတော့ မီးသတ်ယဉ်တွေ ကြံ့ခိုင်မှုကို စစ်ဆေးဘို့ စေတနာပါတဲ့ ပို့စ်လေးပါ။ သူကြီး၊ ကိုအောင်ပု တို့ ဦးဆောင်တဲ့ ကွန်းမန့်လေးများနဲ့ ဖတ်သင့်တဲ့ ပို့စ်လေးပါဗျာ။
ကျွန်တော် တို့ သူကြီး kai က ဒေါက်တာရင်ရင်နွယ်နှင့်တွေ့ဆုံခြင်း ကို ပို့စ်တင်လာပါတယ်ဗျာ။ ဒေါက်တာရင်ရင်နွယ် သည် ၁၉၉၁ မှ ၂၀၁၁ အထိ ယူနီစက်၏ တရုတ်နိုင်ငံ ဌာနေကိုယ်စားလှယ်အဖြစ်ဆောင် ရွက်ခဲ့ပြီး အငြိမ်းစားယူခဲ့သူဖြစ်သည်။ ဒေါက်တာရင်ရင်နွယ် တက္ကသိုလ်မှာ အလုပ်လုပ်ခဲ့တဲ့ အကြောင်း၊ နိုင်ငံခြားထွက်ခဲ့တဲ့ အကြောင်း၊ ကုလသမဂ္ဂမှာ အလုပ်ဝင်ခဲ့ရပုံတွေနဲ့ အတွေ့အကြုံတွေအကြောင်း၊ သားဖြစ်သူ တိုးနေ၀င်းအကြောင်းနဲ့ အခုလက်ရှိ ဆရာမရဲ့ အစီအစဉ်အကြောင်း စသည်ဖြင့် မေးမြန်းထားတာလေးတွေကို တင်ပြထားတဲ့ ပို့စ်ပါ။ ဆရာမကြီးပြောတာလေးတွေထဲက နည်းနည်း ထုတ်နှုတ်ပြပါရစေခင်ဗျာ။
မြန်မာနိုင်ငံမှာတော့ စီးပွားရေးအရ အလုပ်လုပ်မှာ မဟုတ်ဘူး။ ပရဟိတလုပ်ငန်း ကိုလုပ်မယ်။ သူများကိုကူညီတာ၊ လူငယ်တွေကို သင်တန်းပို့ချတာတွေ လုပ်မယ်လို့ ဆန္ဒရှိပါတယ်။
ကြားရတာ အားရှိလိုက်တာ ဆရာမကြီးရယ်။
လန်ဒန်တက္ကသိုလ်က Public Policy ဘွဲ့တခု ယူဖို့ ကြိုးစား နေတယ်၊ တရုတ်ဘာသာစကား ဆက်သင်ဦးမယ်။
ဒီအသက်အရွယ်အထိ သင်ကြားမှု မရပ်တန့်သေးတာ အတုယူစရာပါဗျာ။ ကျွန်တော်တို့ ရွာသူားတွေလည်း ဆရာမကြီးကို အတုယူပြီး လေ့လာတာတွေကို ဆက်လုပ်ကြရမယ်ဗျို့။ ကိုယ့်ကိုယ်ကို လည်း သတိပေးရသေးတယ်ဗျ။
နိုင်ငံခြားရောက်လာတဲ့ မြန်မာလူငယ်တွေ မြန်မာဘာသာစကားအပြင် အခြားဘာ သာစကားကိုလဲသင်စေချင်ပါတယ်။ လူငယ်တွေကို ပရဟိတလုပ်ငန်းတွေ များများ လုပ်စေချင်သလို ပရဟိတလုပ်ငန်းတွေမှာလဲ လှူဒါန်းစေချင်တယ်။ လူတိုင်း ကျန်းမာရေးအတွက် အချိုကို လျှော့စားစေချင်တယ်။ အခွင့်ရရင်မြန်မာပြည်ရဲ့ပညာရေးစနစ်ကိုတိုးတက်အောင်လုပ်ပေးချင်ပါတယ်။ ။
အဲဒီစကား အကြိုက်ဆုံးပါ ဆရာမကြီးခင်ဗျား။
ကဲ ကိုယ့် ဆရာတို့။ ဆရာမကြီးက မြန်မာပြည် ပညာရေးစံနစ်ကို တိုးတက်အောင်လုပ်ပေးချင်ပါတယ်တဲ့။ ခင်ဗျားတို့ သွားခေါ်စရာ စည်းရုံးနေစရာ မလိုဘူးနော်။ သူ့ အသိနဲ့ သူ လုပ်ပေးချင်ပါတယ်လို့ ပြောနေပါပြီ။ ဘယ်လို အသုံးချမလဲ စဉ်းစားရုံပါဗျာ။ တန်ဘိုးနားမလည် ရင်တော့ လည်း တတ်နိုင်ဘူးပေါ့ဗျာ။ တွေ့ဆုံခြင်းလုပ် ပေးခဲ့သူ မိုးသက်ကို အားလည်း ကျွန်တော်တို့ ရွာသူားများ ကိုယ်စားကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဗျာ။
ဖတ်သင့်ပါတယ်လို့ ပြောနေရမယ့် ပို့စ်မျိုးကို မဟုတ်ပါဘူးဗျာ။ မဖတ်ရင် အ ကျန်ခဲ့မယ့် ပို့စ်မျိုးပါလို့ ပြောပါရစေဗျာ။
Sky ko ko ရဲ့ သူကြီးခင်ဗျားဆိုတဲ့ ပို့စ်ကတော့ သူကြီးလုပ်ထားပေးတဲ့ အမေရိကန်ပြည်ထောင်စုမှ မြန်မာပြည် အား BURMA ဟုခေါ်စေချင်သည်၊ MYANMAR ဟုခေါ်စေချင်သည် pool အား ဘာကြောင့် BURMA ဟုခေါ်ချင် ကြောင်း ဘာကြောင့် MYANMAR ဟုခေါ်ချင်ကြောင်း ထည့်ပေးရင်ကောင်းမယ် ဆိုပြီး သူကြီးကို ပြောထားတာပါ။ ရွာသူားတွေ စိတ်ဝင်စားရင် ဘာကြောင့် ခေါ်ချင်ရတယ်ဆိုတာ ကွန်းမန့်ပေးနိုင်ပါကြောင်း။
ကျွန်တော်တို့ကို ဘူတန်သွားတောလားနဲ့ မိတ်ဆက်ပေးပြီး ပို့စ်တွေ မတင်ဖြစ်တာ ကြာနေပြီဖြစ်ပါသော ဆရာလေး နိုဇိုမိ က မှိုရတဲ့ မျက်နှာ ဆိုတဲ့ ပို့စ်ကို ၁ နဲ့ ၂ တပြိုင်တည်း တင်လာပါတယ်ဗျာ။ မမြင်ရတာကြာနေပြီ ဖြစ်တဲ့ နိုဇိုမိက တစ်ခါတင်ရင် တစ်ခါလို့ဆိုရလောက် အောင်ကို စီးပွားရေးလုပ်ငန်း တစ်ခုအတွက် အချက်အလက် အစုံအလင်နဲ့ တင်ပြလာပါတယ်ဗျာ။ ကြားဖြတ်ပြီး ပထမဆုံးကွန်းမန့်ပေးတဲ့ ကိုသစ်မင်းရဲ့ ကွန်းမန့်လေးကို ဖေါ်ပြချင်ပါတယ်ဗျာ။
ကောင်းလိုက်တဲ့ ပို့စ်ပါဘဲ။
မရေးတာကြာပေါ့ ကိုနိုဇိုးမိရေ။
ရေးမဲ့ရေးတော့ တကဲ့ Applied Business ကြီးဘဲ။
ဈေးကွက်ကိုပါတွက်ပြအုန်းနော့ နောက်ပို့စ်တွေမှာ။
စောင့်မျှော်ဖတ်နေအုန်းမှာမို့ ။
လေးစားခင်မင်စွာ(^^)
နိုဇိုမိက မှို စိုက်ပျိုးထုတ်လုပ်တာနဲ့ ပတ်သက်ပြီး အခုလို မိတ်ဆက်ပါတယ်။
အခုခေတ်တော့လဲ ရှေးကလို တောထဲ တောင်ထဲ ရှာကြတာအပြင် ကောက်ရိုးမှို ငွေနှင်းမှို စတဲ့ မှိုအမျိုးမျိုးကို နည်းအမျိုးမျိုးနဲ့ စိုက်ပျိုးနေကြပါပြီ ၊ အခုလို ပေါများလာပေမဲ့လဲ မှိုရရင် ပျော်လွန်းလို့ မှိုရတဲ့ မျက်နှာ ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံလေးတွေ နဲနဲ မျှဝေကြည့်ချင်ပါတယ် ။ ပုံမှန် ၀င်ငွေလေး ရတာ တစ်ခုတော့ လုပ်ချင်တယ် ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားကြတော့ မိတ်ဆွေ တစ်ယောက်ရဲ့ အကြံပေးမှု အရ မှိုစိုက်ဘို့ ဖြစ်လာပါတယ် ငွေနှင်းမှိုပေါ့ မြေနေရာ နဲနဲ ရှိတယ် ရေလောင်းဘို့ အဆင်ပြေတယ် ကယိကထ မများဘူး ဆိုတာနဲ့ မှိုစိုက်တဲ့ နေရာတွေ လိုက်ကြည့်ပြီး စိတ်ပါသွားလို့ စိုက်ဘို့အတွက် ဆုံးဖြတ်လိုက်ကြပါတယ် ၊ အရင်ဆုံးကတော့ မှိုနဲ့ ပတ်သက်လို့ ဘာမှ နားမလည်တဲ့အတွက် လက်ရှိ စိုက်ပျိုးနေပြီး လုပ်နည်းသိတဲ့ မှိုဆရာ တစ်ယောက်ကို ငှားရပါတယ် သူ့ရဲ့ ကူညီဆောင်ရွက်ပေးမှုနဲ့ မှိုရုံဆောက်၊ မှိုအိတ်တွေလုပ်ဘို့ လိုတဲ့ ကုန်ကြမ်းစု ၊ မှိုအိတ်လုပ် ရပါတယ် ။
အဲဒီလို နိဒါဏ်းချီပြီး မှိုရုံဆောင်တာကစပြီး၊ မှိုအိတ်လုပ်တာ အလယ်၊ ဆာလာအိတ်ထဲ မှိုအိတ်တွေထည့်တာအဆုံး ဓါတ်ပုံလေးတွေပါ ထင်ထင်ရှားရှား ရိုက်ပြထားပါတယ်။ ပထမဆုံး မှိုတွေ ထွက်လာ တော့ မိသားစုရဲ့ အပျော်ကိုလည်း ဒီလိုလေးရေးပြထားပါတယ်။ ပျော်စရာကြီးဗျ။
မှတ်မှတ်ရရ ပထမဆုံး မှိုစထွက်တဲ့ နေ့က ထွက်လာတဲ့ မှိုလေးကို ကြည့်ပြီး တအိမ်လုံး ပျော်လိုက်ကြတာ မှိုရတဲ့ မျက်နှာ ကိုယ်စီ နဲ့ပေါ့ (အင်ကြီး စကားနဲ့ဆို ပျော်ထှာ ပျော်ထှာ လို့ အော်ကြရမှာ ) အဲဒီမှိုက တစ်ဆယ်သားလောက်တော့ ရှိတယ် ဦးဦးဖျားဖျား ရတာလေး ချက် ဘုရားကို ဆွမ်းကပ်ဖြစ်တာလဲ အမှတ်တရပါပဲ …..
ဂိုင်း အင်ဇာဂီ မန်းဂဇက်မှာ လွှမ်းမိုးပုံကတော့ မနာလိုဖြစ်ရလောက်အောင်ကိုပါပဲဗျို့။ ကြည့် သူများ မိသားစု မှိုရလို့ ပျော်ကြတာတောင် ဒင်း( သင်း ) တည်ထွင်တဲ့ ပျော်ထှာ ပျော်ထှာ ကပါသေးတယ်။ စိတ်ညစ်ထှာ စိတ်ညစ်ထှာ လို့ အော်လိုက်ချင်ထှာ။
ကုန်ကျငွေနဲ့ ပြန်ရငွေကိုလည်း အသေးစိတ်တွက်ပြထားပါသေးတယ်ဗျာ။
လွန်ခဲ့တဲ့ ၄ နှစ်ကမို့ ၀င်ငွေ၊ထွက်ငွေ တွေ ဒီနေ့ ဈေးနှုန်း နဲ့ ကွာဟချက် နဲနဲ ရှိနိုင်ပေမဲ့ မှိုစိုက်ရတဲ့ နည်းပညာကတော့ အတူတူပါပဲ၊ အဲဒီတုန်းက ကုန်ကျတာ သရေပင် ၊ မီးချောင်း ၊ ရေပိုက် ၊ အလေး ချိန်ခွင် ကအစ လွှစာ ၊ ဖွဲ အလယ် ၀ါး ၊ဓနိ ၊ လက်ခ အဆုံး အားလုံး ပေါင်းလိုက်ရင် (မှိုထုတ် ၃၀၀၀ စိုက်တာ အတွက် ) ၆၂၀၀၀၀ ကျပ် ကျတယ်၊ ၀င်ငွေ ၅၉၀၀၀၀ ရှိတယ် ၊ ပထမ တစ်ခါအတွက် ၃၀၀၀၀ ရှုံးတယ်လို့ ပြောလို့ ရပေမဲ့ လက်ထဲမှာ လိုအပ်တဲ့ ပစ္စည်း အားလုံးက ရှိနေပြီ နောက်တစ်ခါ စိုက်ဘို့ အတွက် လိုအပ်တဲ့ ကုန်ကြမ်း ၀ယ်ဘို့က ၁၅၀၀၀၀ လောက်ပဲ ကုန်မယ် အကြမ်းမျဉ်း နောက်တစ်ခါ ထပ်စိုက်ရင် အမြတ် ၄၀၀၀၀၀ လောက်တော့ ရမယ် ကဲ မကိုက်ဘူးလား ၊ တွက်ရေးတော့ စက်သူဌေးပါပဲ တွက်ကြည့်တော့ စက်မရှိတော့ဘူး ဆိုတာလို မှိုစစိုက်ကတဲက လိုအပ်တဲ့ ပညာယူ ရေလောင်း မှိုခူး မှိုရောင်း လုပ်နေတဲ့ ကလေးမလေးက ရွာပြန်မယ် ဆိုပြီး ဈေးထဲက ကောင်လေး တစ်ယောက်နဲ့ ယူသွားလို့ လူထပ်ရှာရမှာ၊ ပညာထပ်သင်ပေးရမှာ မကိုက်တာနဲ့ ဆက်မလုပ်ဘို့ ဆုံးဖြတ်လိုက်ရပါတယ် ။
မှိုခူးမှိုရောင်း လုပ်နေတဲ့ ကောင်မလေးက ဈေးထဲက ကောင်လေးနဲ့ ယူသွားတယ်ဆိုလို့ မှော်ဆရာလေးတို့ ကိုရင်စည်သူတို့ အဖွဲ့ကို သတိရမိသေးတော့တယ်။ သူတို့က သိတ်လက်သွက်ကြတာ လေ နော။
လက်နိုင်ခြေနိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ချင်တဲ့ သူတွေ အတွက် နိုဇိုမိ ရဲ့ မှိုရတဲ့မျက်နှာ ၁-၂ ကိုဖတ်ပြီး မှိုစိုက်ပျိုးရေးလုပ်ကြည့်ကြပါဗျို့လို့ သံချောင်းခေါက်လိုက်ပါတယ်ဗျာ။
အခုတလော နည်းနည်းလေးဟော့သွားတဲ့ ရွှေအိမ်စည်ရဲ့ အမျိုးသမီးသီးသန့် မော်တော် ယဉ်လိုင်းပြေးဆွဲရန် ဆိုတဲ့ ပို့စ်လေး အကြောင်းပြောရအောင်ပါ။ အကြောင်းအရာကတော့ ဘီလူးကြီးရေးတဲ့ တဏှာရူးတွေသတိထား ဆိုတဲ့ ပို့စ်လေးကိုဖတ်မိပြီး ဒီသတင်းလေးကို ဝေမျှတာပါတဲ့။ သူ့မူရင်းပို့စ်ထဲမှာတော့ ဘီလူးကြီးရဲ့နာမည်ကို ဖေါ်ပြမထားပါဘူး။ ကျွန်တော်ကတော့ အဲဒီပို့စ်ထဲက ဘီလူးကြီးရေးထားတဲ့ ဟာလေးကို အခုပြန်တွေးရင် အခုပြန်ရယ်နေရတုန်းမို့ မှတ်မိနေတာပါ။ သတင်းလေးက အမျိုးသမီးသီးသန့် မော်တော်ယဉ်လိုင်း ပြေးဆွဲရန် အစီအစဉ်များ ချမှတ် ဆိုတာလေးပါ။
သို့ ပါ၍ မြန်မာအမျိုးသမီး လေးများ ခရီးသွားလာရေး အဆင်ပြေ ချောမွေ့ သက်သာချောင်ချိစေရန် ပါဝင် ကူညီပေးပါရန် အလှုရှင်များ အား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ မထသ ၊ ပါရမီ ယာဉ်လိုင်းများ နှင့် ချိတ်ဆက်ကာ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ပါဝင်ကူညီ လှုဒါန်းလို ပါက ဆက်သွယ် စုံစမ်းနိုင်ပါသည်။
ဒေါ်ကေခိုင်အောင်ခင် (ဖုန်း – 01-510146 , 09-4927832)
ဖတ်ပြီး လှူဒါန်းလိုသူများ ဆက်သွယ်ကြဖို့ပါဗျာ။
ကွန်းမန့်ပေါင်း ၃၇ ခုနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တပျော်တပါးကြီး ဖတ်ရမယ့် ပို့စ်ပါဗျာ။ ကျွန်ုတို့ အမျိုးသားများ ဘက်မှ ဂိုင်း အင်ဇာဂီ ၏ စိတ်ပါလက်ပါ ရေးထားတဲ့ ကွန်းမန့် ကိုပါ ဖတ်ကြည့်ချင်ရင် အခုပဲ သွားကြည့်လိုက်ပါတော့ဗျို့။
ကိုပေါက် ရဲ့ ကိုစိန်သော့ရဲ့ နောက်ကလိုက်ခြင်း (ရှင်ပင်ဆပ်သွား) ဆိုတဲ့ ပို့စ်လေးကတော့ ရှင်ပင်ဆပ်သွား ဘုရား နဲ့ ရှုခင်းပုံလေးများ ဖြစ်ပါတယ်ဗျာ။ ကိုပေါက်လက်ရာ ကြိုက်ပရိသတ်များ ကြည့်ကြဖို့ပါ။
ကျွန်တော်တို့ သူကြီး kai က မနေ့က 2011 Black Friday စပယ်ရှယ် သူခိုးဈေးများ ဆိုတဲ့ ပို့စ်လေးတင်လာပါတယ်။ နှစ်စဉ် နိုဝင်ဘာလ နောက်ဆုံးအပတ်ရဲ့ သောကြာနေ့ကို Black Friday လို့ သတ်မှတ် ပြီး ဈေးလျှော့ရောင်းကြ ၀ယ်ကြပါတယ်တဲ့။ ဈေးပေါလွန်းလို့ ညအိပ်ပြီးတော့ကို စောင့်ဝယ်ကြပါတယ်တဲ့။ US နေရွာသူားတွေအတွက် ဆိုတော့ RANGOON နေ ကျွန်ုပ်တို့ ရွာသူားတွေ အတွက် မဟုတ်ဘူးဗျို့။ မကြည့်ကြနဲ့ တော့။
ရွာသူားတွေ စောင့်ဖတ်နေကြပါသော Ba Gyi ၏ မျက်စိအောက်ရောက် မုဆိုးမှ သားကောင်ဖြစ်သွားကြသူများ ၏ နောင်တ ( ဇာတ်သိမ်း ) အကြောင်းလေး ပြောချင်ပါတယ်။ မုဆိုးဘ၀မှာ နိုင်ငံရေးသမားတွေ၊ ကျောင်းသား တွေကို နည်းမျိုးစုံဖြင့် နှိတ်စက်ခဲ့ကြသော ထောက်လှမ်းရေး မုဆိုးဟောင်းကြီးများ၏ သားကောင်ဘ၀တွင် ပြန်လည်ပေးဆပ်ရပုံကို သံဝေဂရဘွယ် ရေးဖွဲ့ပြထားခြင်းဖြစ်ပါသည်။ ဘကြီးက သူ့ပို့စ်လေးကို အလေးပြုဦးညွှတ်ခြင်းဖြင့် အဆုံးသတ်ပေးထားပါသည်။
(ထောင်တွင်းသက်ဆင်းကျရောက်နေကျဆဲဖြစ်သော၊လုပ်ဖေါ်ကိုင်ဘက်အားလုံးနှင့်တစ်ကွ၊ပြန်လည်လွတ် မြောက်လာကြသူများ ၊ထောင်တွင်းအသက်ပေးပြီးနိုင်ငံတော်အတွက်မျိုးစေ့ရှင်သန်စေခဲ့သူများ၊အားလုးံသောဒီမိုကရေစီ တိုက်ပွဲဝင်နေကြသူများအား။သည်စာစုဖြင့် ဦးညွှတ်ဂုဏ်ပြုပါ၏။)
တန်ဘိုးကြီးမားပါသော မြန်မာနိုင်ငံ၏ မှောင်အတိနေ့ရက်များ သမိုင်းမှတ်တမ်းတစ်ခုကို မအအောင် ဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ။
ဒီရက်ပိုင်းတက်တဲ့ ပို့စ်လေးတွေထဲက အထူးညွှန်းချင်ပါသောပို့စ်လေးတစ်ခုကတော့ စွယ်စုံရ အင်ဇာဂီ ရဲ့ ကျွန်တော် သိသလောက် BRANDING ဆိုတဲ့ ပို့စ်လေးကို ညွှန်းချင်ပါတယ်ဗျာ။ ကွန်းမန့်ပေါင်း ၃၈ ခုနဲ့ အားလုံးစိတ်ဝင်တစားရှိနေကြတဲ့ ပို့စ်လေးမို့ နှမ်းဖြူးမပေးတော့ပါဘူး။ သိသူ ဒေါင်းလုတ်ဆွဲ၊ မသိသူ ခလုတ်တိုက် ဆိုတဲ့ ပို့စ်မျိုးပါဗျာ။ BRANDING နဲ့ပတ်သက်ရင် လွယ်လွယ်ရိုးရိုးလေးနဲ့ ရှင်းပြသွားတာရော။ အောက်က ကွန်းမန့်ပေးသူတချို့နဲ့ ပြန်ဆွေးနွေးတာတွေရော ပေါင်းပြီး ဒေါင်းလုတ်ဆွဲ ပရင့်ထုတ်ပြီး ဖတ်ကြရမယ့် ပို့စ်မျိုးပါလို့ ဖြစ်ချင်ရာဖြစ်ဗျာ ညွှန်းလိုက်ပါတယ်။

black chaw

About black chaw

black chaw has written 332 post in this Website..

   Send article as PDF