အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မွမ်းမံပြင်ဆင်ပြီး

klnMay 24, 20101min552

ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီတွေမှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်(နမူနာ) တစ်ခု မေလအတွင်း ထွက်ပေါ်လာကြောင်း ကုန်သည်စက်မှုလုပ်ငန်းရှင်အချို့ဆီက သိရပါတယ်။ သည်စာချုပ်နမူနာကို ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ဆိုင်ရာတို့ ပူးပေါင်းညှိနှို်ုင်းပြီး နဂိုရှိပြီးသား စာချုပ်မှာ မွမ်းမံပြင်ဆင်ထားတာလို့ ဆိုပါတယ်။ ပို့ကုန်အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက“ ဒါက အသစ်ထွက်ပေါ်လာတာတော့ မဟုတ်ပါဘူး။ ဟိုတုန်းက ရှိပြီးသားကို new version သဘောပါ၊ အခုလဲ အဲဒီစာချုပ်အတိုင်း လုပ်နေကြတာတွေရှိသလို မလုပ်သေးတဲ့သူလဲ ရှိချင်ရှိမှာပေါ့ ” လို့ တယ်လီဖုန်းနဲ့ ပြောတယ်။ ၂၀၁ဝ ခုနှစ်၊ မေလအတွင်း ထွက်ပေါ်လာတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်(နမူနာ) မှာ အကြောင်းအရာ ၁၈ ရပ်ကို မာတိကာနဲ့ အစဉ်အလိုက် ဖော်ပြထားတယ်။ အလုပ်အကိုင်အမျိုးအစားမှာ ရာထူးအဆင့် ခွဲခြားချုပ်ဆိုရမှာဖြစ်တယ်။ လုပ်ခလစာ မှာနေ့စား၊ ပုတ်ပြတ်၊ လစားအမျိုးအစားအလိုက် ပါဝင်ပြီး လုပ်ခထုတ်ပေးမယ့်ရက်ကို ဖော်ပြဖို့လည်း ပါဝင်တာ တွေ့ရတယ်။ လုပ်ခလစာတွေကို ပြက္ခဒိန်တစ်လကုန်ဆုံးပြီးတဲ့ နေ့ကစလို့ နောက်လဆန်း ၅ ရက်နေ့ထက်နောက်မကျစေဘဲ ထုတ်ပေးဖို့ ၊ အဲသည့်နေ့ဟာ အလုပ်ပိတ်ရက်ဖြစ်နေရင် အဲသည့်နေ့မတိုင်ခင် ထုတ်ပေးဖို့ စတဲ့သဘောတူညီချက် ပါရှိတယ်။ စာချုပ်သက်တမ်းမှာ အစမ်းခန့်ကာလ ဘယ်ရွေ့ ဘယ်မျှ၊ စာချုပ်ကာလ ဘယ်နှနှစ်၊ သက်တမ်းတိုးကာလ ဘယ်နှနှစ် စတာတွေပါဝင်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဖက် သဘောတူညီချက်အရ စာချုပ်သက်တမ်းတိုးနိုင်တယ်လို့ ဆိုပါတယ်။ သာမန်အလုပ်ချိန်ကို တစ်ရက်မှာ ရှစ်နာရီလို့ ဥပဒေအရ သတ်မှတ်ထားပါတယ်။ အဆိုင်းစနစ်နဲ့ဆိုရင် တစ်ရက် တစ်ပတ်ကို ခြောက်ရက်သတ်မှတ်ပါတယ်။ နားရက်၊ အလုပ်ပိတ်ရက်နဲ့ ခွင့်တွေမှာ အလုပ်ပိတ်ရက်နဲ့ ခွင့်ရက်တို့က တည်ဆဲဥပဒေအရ သတ်မှတ်ချက်အတိုင်း ဖြစ်ရပါမယ်။ အလုပ်သမားကို လုပ်ခလစာနဲ့ တစ်ပတ်မှာ တစ်ရက်နားရက်ပေးရမှာပါ။ ခွင့်အမျိုးအစား လေးမျိုးတွေ့ရပါတယ်။ အရေးပေါ် ရှောင်တခင်ခွင့်ကို တစ်နှစ်မှာ ခြောက်ရက်လုပ်ခပြည့်နဲ့ ပေးရပါမယ်။ လုပ်သက် ၁၂လ တစ်ဆက်တည်းပြည့်ပြီး လစဉ်အလုပ်လုပ်ရက် အနည်းဆုံး၂ဝ ရက်ရှိလျှင် လုပ်သက်ခွင့် ၁ဝ ရက်ပျမ်းမျှခံစားခွင့် ရှိရမှာပါ။ လုပ်ခအပြည့်နဲ့ ဖြစ်ပါတယ်။ ဆေးလက်မှတ်ခွင့်က တစ်နှစ်ကို ရက် ၃ဝ ခံစားခွင့်(လုပ်ခဖြင့်)ပြုရပါမယ်။ မီးဖွားခွင့်မှာ လူမှုဖူလုံရေးအက်ဥပဒေနဲ့ အကျုံးဝင်သူဆိုရင် လူမှုဖူလုံရေးအက်ဥပဒေနဲ့ အညီခံစားခွင့်ရှိပါတယ်။ အဲသည်လို အကျုံးမဝင်သူဆိုရင် မီးမဖွားမီရက်သတ္တပတ်ခြောက်ပတ်နဲ့ မီးဖွားပြီးခြောက်ပတ်ကို လစာပြည့်နဲ့ ခွင့်ခံစားစေရမယ်လို့ တွေ့ရတယ်။ အချိန်ပိုလုပ်ကိုင်တာ၊ အလုပ်ချိန်မှာ အစားအသောက်၊ မုန့်ဖိုးစီစဉ်မှု၊ နေရာထိုင်ခင်းကိစ္စ၊ ဆေးဝါးကုသကိစ္စ၊ အလုပ်ခွင်ကြိုပို့၊ ခရီးစရိတ်ကိစ္စ၊ ခရီးဝေးသွားလာတဲ့ကိစ္စတွေမှာ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူချုပ်ဆိုရမယ့် အချက်တွေလည်း ဖော်ပြပါရှိတယ်။ အလုပ်သမားတွေဘက်က လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကိုလည်း အမှတ်စဉ် ၁၂ မှာ တွေ့ရပါတယ်။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီတွေရဲ့ လုပ်ငန်းသဘာဝ၊ အမျိုးအစားအလိုက် အလုပ်သမားတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အလုပ်ရှင်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ညှိနှိုုင်းမှုနဲ့ လိုအပ်သလို ထုတ်ပြန်ရပါမယ်။ အလုပ်သမားရဲ့ တာဝန်ဝတ္တရားများမှာ စာချုပ်တာဝန်ရှိမှုနဲ့ စည်းကမ်းဖောက်ဖျက်ရင် အလုပ်သမားဟာ အလုပ်ကထုတ်ပယ်ခံရမှာပါ။ အလုပ်သမားရဲ့ ဖျက်ဆီးမှုကြောင့် ပျက်စီးရင် ပစ္စည်းရဲ့ တန်ရာတန်ကြေးပေးလျော်ရမယ့် အပြင် အလုပ်ထုတ်ခံရပါမယ်။ အခြားကိစ္စရပ်များ ခေါင်းစဉ်မှာ သဘာဝအန္တရာယ်နဲ့ မမျှော်လင့်တဲ့ အခြားအန္တရာယ်တွေ ကျရောက်လာရင် အလုပ်သမားတွေအတွက် လိုအပ်တဲ့ အစီအမံတွေကို အလုပ်ရှင်က ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။ စာချုပ်စည်းကမ်းတွေ သတ်မှတ်၊ ပြင်ဆင်၊ ဖြည့်စွက်ရင် အလုပ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးသဘောတူညီချက်ရယူပြီး အလုပ်သမားတစ်ဦးစီရဲ့ လက်မှတ်ရေးထိုးစေပြီးမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ညှိနှိုင်းမှုနဲ့ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားကြောင်း သိရသည်။

2 comments

  • chitkay

    May 24, 2010 at 7:25 am

    အသေးစိတ်သိလိုလျှင် ဘယ်မှာ ဖတ်ရှုရပါမလဲ ခင်ဗျာ။

  • banban

    May 26, 2010 at 9:17 am

    အဲ့ဒီ ၁၈ချက် ရှိရင် တင်ပေးပါအုန်း…

Leave a Reply