ပြည်တွင်းအလုပ်အကိုင် အေဂျင်စီတွေ တရားဝင်လုပ်ခွင့်ရမည်

klnMay 24, 20101min530

သည်လပထမပတ်မှာ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ တရားဝင်လုပ်ကိုင်ခွင့်ရဖို့ အလုပ်သမားညွှန်ကြားမှုဦးစီဌာနက ညွှန်ကြားထုတ်ပြန်ပြီလို့ အေဂျင်စီ တချို့ထံမှ သိရပါတယ်။ တရားဝင်မှတ်ပုံတင်ဖို့ အထောက်အထားတွေဖြစ်တဲ့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ လုပ်ကိုင်သူရဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း စတဲ့အချက်အလက်တွေ ယူထားပြီးပါပြီ။ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ဦးက “ အချက်အလက်တွေ တောင်းထားပြီး တရားဝင်လုပ်ကိုင်ခွင့် ချမှတ်ပေးမှာ ဖြစ်တယ်၊ မှတ်ပုံတင်ကြေးတော့ မသိသေးဘူး ” လို့ ပြောပါတယ်။ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေ တရားဝင်လုပ်ကိုင်ခွင့်ရတဲ့အခါ လုပ်ငန်းရှင်တွေ အလုပ်ခေါ်ယူရင် သက်ဆိုင်ရာလေဘာရုံးတွေကို အရင်ဆုံးအကြောင်းကြားပြီးမှ အလုပ်ရှာဖွေပေးရမှာဖြစ်တယ်။ အေဂျင်စီတွေအနေနဲ့ တရားဝင်မှတ်ပုံတင်ရမှာဖြစ်တဲ့အတွက် တကယ်လုပ်နို်င်မယ့်သူတွေပဲ ကျန်ခဲ့မှာဖြစ်တာကြောင့် အဆင်ပြေတယ်လို့ သိရတယ်။ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုက “ အေဂျင်စီတွေ တရားဝင်ဖြစ်ရင် ကျွန်တော်တို့ အတွက်ပိုအဆင်ပြေတယ်၊ လုပ်ငန်းရှင်အချို့က အလုပ်ခေါ်ယူပြီး ကျွန်တော်တို့ရှာပေးတဲ့ဝန်ထမ်းကို ခန့်အပ်ပေမဲ့ ဝန်ဆောင်ခမပေးချင်လို့ မခန့်ဖြစ်ဘူးလို့ ပြောတာတွေ ကြုံရတယ်၊ အခုလို တရားဝင်လုပ်ကိုင်ခွင့်ရရင် ကျွန်တော်တို့ဘက်က ပြန်ပြီးအရေးယူလို့ရပြီ” လို့ဆိုတယ်။ လုပ်ငန်းရှင်တချို့က အခုကတည်းက မိမိမှာရှိတဲ့ ဝန်ထမ်းစာရင်းကို သက်ဆိုင်ရာလေဘာရုံးမှာ စာရင်းသွင်းထားကြတယ်လို့ ဆိုတယ်။ အခုလို ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေ တရားဝင်လုပ်ခွင့်ရရင် အလုပ်သမားဥပဒေနဲ့အညီ အလုပ်ရှင်ရော အလုပ်သမားပါ လို်က်နာရမှာဖြစ်တယ်လို့ သိရတယ်။ လက်တလောမှာ ပြည်တွင်းအလုပ်အကိုင်အခြေအနေက ပုံမှန်အတိုင်းပဲ ရှိနေတယ်လို့ အေဂျင်စီတချို့ကပြောကြောင်း သိရသည်။