စာပေနှင့်ဘာသာရေးနယ်ပယ်တွင် ထင်ရှားသော သခင်ထိန်ဝင်းကွယ်လွန်

klnMay 24, 20101min470

လွတ်လပ်ရေးကြိုးပမ်းမှုကာလ မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် သာမက စာပေနှင့် ဘာသာရေးနယ်ပယ်၌ပါ ထင်ရှားမှုရှိသော သခင်ထိန်ဝင်းသည် မေလ ၂၁ရက်နေ့ ည၁ဝနာရီမိနစ် ၃ဝအချိန်က ရန်ကုန်မြို့၊ အာရှတော်ဝင်အထူးကုဆေးခန်း၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၈နှစ်ရှိပြီဖြစ်သော သခင်ထိန်ဝင်းသည် မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သောင်တန်းကျေးရွာဇာတိဖြစ်ပြီး၁၉၁၂ခုနှစ်တွင် မွေးဖွားလာခဲ့သူဖြစ်ပါသည်။ မွေးချင်းငါးယောက်အနက် အကြီးဆုံးသားဖြစ်ပြီးရဲဘော်သုံးကျိပ်ဝင်ဗိုလ်ဗလနှင့် မြို့မ ကိုသန်းတင်တို့၏ အစ်ကိုလည်းဖြစ်ပါသည်။ ၁၉၃ဝပြည့်နှစ်နောက်ပိုင်းအချိန်၌ တို့ဗမာ အစည်းအရုံးအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး ၁၉၃၄ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိလာခဲ့ကာ တိုးတက်ရေးမဂ္ဂဇင်း၌ အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသားသပိတ်( ၁၉၃၆) ၊ ရေနံမြေသပိတ် (၁၉၃၈) တို့၌ ပါဝင်ဆင်နွှဲခဲ့ပြီးအဖမ်းခံခဲ့ရသူတစ်ဦး ဖြစ်ပါသည်။ ၁၉၃၉ခုနှစ်ရဲဘော်သုံးကျိပ်စတင်ဖွဲ့စည်းခဲ့စဉ်က ရံပုံငွေရှာဖွေပေးရေးနှင့် လူငယ်များစုဆောင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ ၁၉၄၂ခုနှစ်တွင် ဦးဘဂျမ်း(ပုဂံ) နှင့်ပူးပေါင်းပြီးအာရှလူငယ် အစည်းအရုံးကို ထူထောင်ခဲ့ပါသည်။ ၁၉၄၅ခုနှစ်တွင် အမရပူရ၊ မဟာဂန္ဓရုံဆရာတော်အရှင်ဇနကာဘိဝံသနှင့်စတင်တွေ့ဆုံခဲ့ပြီး စတွေ့ချိန်မှာပင် အနာဂတ်သာသနာရေးအကြောင်း ဆွေးနွေးခဲ့ရာမှ ထိုဆွေးနွေးမှုကို ဆရာတော်မှ အနာဂတ်သာသနာရေးကျမ်းအဖြစ်ရေးသားခဲ့ပါသည်။ ထို့အပြင် သခင်ထိန်ဝင်းသည် ဆရာဦးရွှေအောင်ရေးသားခဲ့သည့် ‘ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်’ ကျမ်းဖြစ်ပေါ်လာစေရန်အတွက် ဆောင်ရွက်ခဲ့သူလည်းဖြစ်ကာ သာသနာရေးဆောင်ရွက်မှုများစွာကို လုပ်ဆောင်ခဲ့ရာတွင် ကိုယ်ကျိုးမဖက်ဘဲလှုပ်ရှားဆောင်ရွက်ခဲ့သူတစ်ဦးအနေဖြင့် ထင်ရှားခဲ့သည်။ ရန်ကုန်မြို့၌ သာမဏေကျော်စာတော်ပြန်ပွဲများ နှစ်စဉ်ကျင်းပနိုင်ရန် စီစဉ်ခဲ့သူများထဲတွင်တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး ရှင်သာမဏေဓမ္မဗိမာန်သာသနာ့ ဝန်ဆောင်အဖွဲ့ကို တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။