တောင်ပြုံးပွဲမှီမှဖြစ်မယ်

ShwemannmayMay 24, 20101min650

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ ဆုတောင်းပြည့် စေတီတော်သည် မေလ ၁၆ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်အပါအဝင် ဖောင်းရစ်အပေါ်ပိုင်း ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ တောင်ပြုံးပွဲတော်မတိုင်မီ အပြီးပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ဆုတောင်းပြည့်ဘုရား ဂေါပက အဖွဲ့နဲ့ သက်ဆိုင်ရာတို့ ပူးပေါင်းပြီး ဘုရားကို ပြုပြင်တည်ဆောက်သွားမှာပါ။ပြုပြင်တဲ့နေရာမှ ဘုရားဘဏ္ဍာငွေနဲ့ အဓိကပြုပြင်တည်ဆောက်သွားမှာဖြစ်ပြီး လှူဒါန်းလိုသူတွေရှိရင်လည်း အလှူငွေလက်ခံပေးသွား မှာပါ”ဟု ဆုတောင်းပြည့်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

“ဘုရားကို ရွှေသင်္ကန်းကပ်လှူဖို့ အပေါ်ပိုင်းပတ်ပတ်လည်မှာ ငြမ်းစဉ်ထိုးပြီးဖျာတွေနဲ့ အုပ်ထားပါတယ်။ ဒါ့ကြောင့် လေတိုက်လိုက်တဲ့အခါ လေကာပုံစံမျိုးဖြစ်သွားတယ်။ လေကအရမ်းပြင်းတော့ ပြိုကျသွားတာပေါ့။ ဘုရားပြိုတာကိုလည်း လေငြိမ် သွားမှသိကြရတာ”ဟု ရွှေသင်္ကန်း ကပ်လှူခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူတစ်ဦးက ပြောသည်။

လေပြင်းတိုက်ခတ်မှုသည် မေ လ ၁၆ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က စတင်ခဲ့ခြင်းဖြစ်ပြီး ဆုတောင်းပြည့်ဘုရား အပါအဝင် သစ်ပင်ကြီးအချို့လည်း ပြိုလဲခဲ့ကြောင်းသိရသည်။ လေပြင်းတိုက်ခတ်မှုနှင့် ပတ်သက်၍ ”လေက မွန်းလွဲ ၃ နာရီလောက်က စပြီးတိုက်တယ်။ တဖြည်းဖြည်းနဲ့ လေအားကပြင်းလာတော့ ဆုတောင်းပြည့် ဘုရားရဲ့ မြောက်ဘက်လမ်းဘေးက ညောင်ပင်ကြီးပါ လဲကျသွားတယ်” ဟု အုန်းသီး၊ ငှက်ပျောသီး ရောင်းချသူတစ်ဦးက ပြောပါသည်။

ဆုတောင်းပြည့်ဘုရားကို အနော်ရထာမင်းစော၏ တရုတ်ပြည်သို့ စွယ်တော်ပင့် ခရီးစဉ်အပြန် တောင်ပြုံးအရပ်တွင် မြန်မာသက္ကရာဇ် ၄၁ရ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည်ဟု အဆိုရှိသည်။အဆိုပါ ဆုတောင်းပြည့်ဘုရား နှင့်အတူ ရွှေဖျဉ်းညီနောင်သမိုင်းတွင် ကျန်ရစ်ပြီးနှစ်စဉ်နှစ်တိုင်း တောင်ပြုံးပွဲတော်ကို အစဉ်အလာမပြတ် ကျင်းပခဲ့ကြသည်။

“ဒီဘုရားပွဲတော်ကို နှစ်စဉ် စည်စည်ကားကားကျင်းပတယ်။ အနီးတဝိုက်ဒေသတွေတင်မကဘူး မြန်မာနိုင်ငံ အနှံအပြားကနေတောင် တောင်ပြုံးပွဲတော်ကို လာရောက်ကြတယ်”ဟု တောင်ပြုံးကျေးရွာသားတစ်ဦးက ပြောသည်။

တောင်ပြုံးပွဲတော်ကို ဝါခေါင် လဆန်း ၅ ရက်နေ့မှ ဝါခေါင်လ ပြည့်နေ့အထိ ကျင်းပမည်ဖြစ်ပြီး သံဃာတော်အပါး ၃၀ဝ ကိုလည်း စာရေးတံမဲများဖြင့် လှူဒါန်းပူဇော်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

မူရင်းကိုဒီမှာကြည့်လိုက်ပါ။

http://www.news-eleven.com/index.php?option=com_content&view=article&id=3175:2010-05-23-16-56-01&catid=45:2009-11-10-07-45-41&Itemid=113