စက်မှုဇုန်များမှလွဲ၍ လျှပ်စစ်မီးယာယီဖြတ်တောက်ထားသော ပုဂ္ဂလိကလုပ်ငန်းများအား အများပြည်သူမီးရရှိသည့်ပုံစံအတိုင်း လျှပ်စစ်မီးပြန်ပေးလျက်ရှိ လျှပ်စစ်မီးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ အခါအားလျော်စွာ ထုတ်ပြန်ပေးသွားမည်ဖြစ်

klnMay 24, 20101min631

မေလ ၁၄ရက်နေ့မှစ၍ လျှပ်စစ်မီးဖြတ်တောက်ခံထားရသည့် ပုဂ္ဂလိက လုပ်ငန်းများကို မေလ ၂ဝရက်မှစတင်၍ လျှပ်စစ်မီးပြန်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။ ယာယီမီးဖြတ်တောက်ခံထားရသည့် ပုဂ္ဂလိကလုပ်ငန်းများကို လျှပ်စစ်မီးပြန်ပေးရာတွင် အများပြည်သူမီးရရှိသည့်ပုံစံအတိုင်း ဖြန့်ဖြူးပေးရန် စီစဉ်ထားကြောင်းလည်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။ ရန်ကုန်မြို့လူနေရပ်ကွက်များအတွင်းရှိ ယာယီဖြတ်တောက်ခံထားရသော ပုဂ္ဂလိကလုပ်ငန်းများကို လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးရန် စီစဉ်ထားသော်လည်း စက်မှုဇုန်များကို လျှပ်စစ်မီးပေးမည့်အစီအစဉ်မှာမူ လောလောဆယ်ပါဝင်မှုမရှိသေးကြောင်း သိရသည်။ ရန်ကုန်မြို့တော် လျှပ်စစ်မီးရရှိမှု၊ လျှပ်စစ်မီးဖြန့်ဖြူးပေးမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုနောက်ပိုင်းတွင် အခါအားလျော်စွာ ထုတ်ပြန်ပေးသွားရန်ရှိသည်ဟုလည်း သတင်းရရှိပါသည်။ “ကမ်းလွန်ဓာတ်ငွေ့ ပိုက်ပေါက်သွားတဲ့အတွက် ကုန်းတွင်းဓာတ်ငွေ့တစ်မျိုးတည်းနဲ့ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေလည်ပတ်ခဲ့ရတဲ့အတွက် လျှပ်စစ်မီးရရှိမှု နည်းပါးသွားရတာဖြစ်ပါတယ်။ ပိုက်လိုင်းပေါက်သွားတဲ့ရက်ဆိုရင် တစ်ရက်ကို သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံးလေးရုံက ၈ဝမဂ္ဂါဝပ်လောက်ပဲထုတ်နိုင်ခဲ့တယ်။ အဲဒါကြောင့် အသေးစားစက်မှုလုပ်ငန်းတွေ၊ ပုဂ္ဂလိကအလုပ်တွေကို ယာယီမီးဖြတ်တောက်ထားခဲ့ရတာပါ။ အခု ပိုက်ပြန်ကောင်းသွားတဲ့အတွက် အဲဒီစက်ရုံ လေးရုံကနေ ဓာတ်အား ၁၇ဝ မဂ္ဂါဝပ်အထိ ထုတ်နိုင်နေပြီဖြစ်တယ်။ ဒါကြောင့် မီးပြန်ပေးဖို့ စီစဉ်နေတာပါ”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

One comment

  • moethiha

    May 26, 2010 at 4:28 am

    မန်းတလေးနဲ့အတူတူပဲပေါ့နော်။မန်းတလေးလဲစက်မှုဇုန်တွေကိုမီးပြန်ပေးနေတယ်ဗျ။

Leave a Reply