ဓါတ်ပုံပညာ မှတ်စုများ (၃)

ကင်မရာတစ်လုံးနဲ့ ဓါတ်ပုံရိုက်တဲ့ အခါမှာ ရိုက်လိုက်တဲ့ အကြောင်းအရာကို ကင်မရာကနေ ဓါတ်ပုံအဖြစ်ဖမ်းယူတော့ ပုံကောင်းလေးတစ်ပုံ ရဖို့ဆိုတာက Exposure (အလင်းပေး) မှန်ဖို့ လိုပါတယ်။ မှန်ကန်တဲ့ အလင်းပေးမှု (Correct Exposure = CE) လို့ ပြောကြပါတယ်။ ကင်မရာတိုင်းမှာ ဒီအချက်ကို အဓိက ပူးတွဲ ထိမ်းချုပ်ဖို့ Aperture (အလင်းဝင်ပေါက်)၊ Shutter Speed (အလင်းတံခါး အမြန်နုန်း) နဲ့ ISO (အလင်းစွဲနုန်း၊ အလင်းသိရှိ လက်ခံနိုင်မှု မြန်နုန်းအဆင့်) ဆိုတာတွေ ပါပါတယ်။

Correct Exposure ပုံလေးတစ်ပုံ

ကင်မရာ ပြင်ပက ပုံရိပ်ဟာ ကင်မရာမှန်ဘီလူးကို ဖြတ်ဝင်လာတဲ့ အခါ အလင်းအနည်းအများကို မှန်ဘီလူးမှာပါတဲ့ Aperture အလင်းဝင်ပေါက်ကို အကျဉ်းအကျယ်လုပ် ထိမ်းချုပ်ပြီး လိုအပ်သလောက် (လိုသလို) ဝင်ရောက်စေတာ၊ မှန်ဘီလူး အပါချာဆီက ဖြတ်လာတဲ့ ပုံရိပ်ကို ပုံရိပ်ဖမ်းမဲ့နေရာဆီကို ဖြတ်သွားခွင့်ပြုမယ့် ကင်မရာရဲ့ Shutter (အလင်းတံခါး) က လိုအပ်သလို အချိန်ထိမ်းချုပ် ဖွင့်ပိတ်ပေးတာ၊ Image Sensor ပုံဖမ်းလွာ (Film, Digital Camera တွေမှာတော့ CCD, CMOS စသည်) ကနေ ရောက်လာတဲ့ ပုံရိပ်ကို စွဲထင်စေတဲ့နုန်းတစ်ခု သင့်တော်ရာနဲ့ (ISO 50,100,200,400,..စသည်) ဖမ်းယူတာ တွေက  ဓါတ်ပုံရိုက်တာမှာ အခြေခံအလင်းပေးမှု (Exposure) ပါ။

ဒီနေ့ဆက်ပြောမှာလေးက အဲဒီ အထဲကတစ်ခုဖြစ်တဲ့ အပါချာ Aperture ဆိုတဲ့ အကြောင်းလေးပါ။ ဒီအကြောင်း (သဘောတရားလေး) သိထားရင် Amature ကင်မရာ ကိုင်နေသူတွေရော၊ Pro ကင်မရာကိုင်မယ့်သူကော အသုံးဝင်ပါတယ်။ မှန်ဘီလူးမှာ ပါတဲ့ lris Diaphragm က Aperture အကျဉ်းအကျယ်ကို လုပ်ပေးပါတယ်။ Aperture ကို “ f  “ သင်္ကေတ နဲ့ဖေါ်ပြပါတယ်။ မတူတဲ့ ကင်မရာ၊ မှန်ဘီးလူးတွေပေါ်မှာ မူတည်ပြီး အပါချာ နံပါတ်တွေက  f 1.4, 2 , 2.8 , 4 , 5.6, 8 , 11 , 16 , 22 , 32 ဆိုတဲ့ နံပါတ်တွေ ပါပါတယ်။ ဒါက အခြေခံ အပါချာ နံပါတ်တွေပါ။ ဒီနံပါတ် တစ်ခုနဲ့ တစ်ခု အပြောင်းအလဲကို one stop လို့ ခေါ်ပါတယ်။ Digital Camera တွေမှာတော့ ဒီနံပါတ် တစ်ခုနဲ့ တစ်ခုကြားမှာ ထားရိုက်လို့ရတဲ့ နေရာ တစ်ခု၊ နှစ်ခုလောက်စီ ရှိတတ်ပါသေးတယ်။ (ဥပမာ – f 8 နဲ့ f 11 ကြားမှာ f 9 , f 10 တို့လိုမျိုး ရှိတာကို ပြောတာပါ)

 

မှန်ဘီးလူးပေါ်က အပါချာ နံပါတ်တွေ

ဒီ Aperture နံပါတ်လေးတွေကို Manual ကင်မရာတွေ၊ Manual Setting (Function) ပါတဲ့ camera တွေ နဲ့ Semi Manual (/Auto) camera မှာ ထိမ်းချုပ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အပါချာ “ f “ နံပါတ်သေးတွေက အလင်းဝင်ပေါက် ကျယ်ပြီး အလင်းဝင်တာ များပါတယ်။ “ f “ ကြီးရင် အလင်းဝင်ပေါက်ကျဉ်းပြီး အလင်းဝင်တာ နည်းပါတယ်။ ဆိုလိုတာက f 5.6 က f 11 ထက် အလင်းပိုဝင် (one stop ပိုများ) တဲ့သဘောပါ။ ဒီတော့ ရိုက်မယ့် ဓါတ်ပုံတစ်ပုံမှာ အလင်းများဖို့ လိုတယ်ဆိုရင် အပါချာကို ဖွင့်ပေး (ကျယ်ပေး) (or) အပါချာနံပါတ်ငယ်ပေး ရပြီး ရိုက်မယ့် ဓါတ်ပုံအခြေအနေက အလင်းများနေလို့ အလင်းလျှော့ပေးဖို့ လိုတယ်ဆိုရင် အပါချာကို ကျဉ်းပေး (or) အပါချာနံပါတ်ငယ်ကြီး ရပါတယ်။

အထက်မှာပြောခဲ့သလို ပုံလေးတစ်ပုံကို Exposure ပေးရာမှာ မှန်ကန်တဲ့ အလင်းပေးမှု Correct Exposure CE က အပါချာ 16 ၊ Shutter တံခါးဖွင့်ပိတ် အမြန်နုန်းက တစ်စက္ကန့်ရဲ့ 100 ပုံ တစ်ပုံ နဲ့ အလင်းသိမှု့နုန်းက ISO 100 လို့ဆိုပါစို့။ Correct Exposure CE = Aperture ( f 16 ) x Shutter Speed ( 1/100 ) x ISO (100 )

ဒါဆိုရင် အပါချာ နံပါတ်ပြောင်းသွားလို့  ဓါတ်ပုံမှာ အလင်းအနဲအများ ဖြစ်သွားမယ့် ပုံလေးတွေကို အောက်မှာ လေ့လာကြည့်ပါ။ (f 16 ထက် အပါချာ ကျဉ်းသွားရင် ပုံကမှောင် (ရင့်) လာပြီး f 16 ထက် ကျယ်လာရင် ပုံက လင်း (ဖျော့) လာတာကို တွေ့ရမှာ ဖြစ်ပါတယ်)။

အပါချာ အကှဉ်းအကျယ်၊ အလင်းအနဲအများ

အပါချာ နံပါတ်ပြောင်း တာက အလင်းအနဲအများတစ်ခုတင် ပြောင်းတာမဟုတ်ဘူးဗျ။ ပုံထဲမှာ တွေ့ရတဲ့ Subject (အကြောင်းအရာ) တွေရဲ့ ရှေ့နောက် ပြတ်သားမှုဇုန်နယ် Depth Of Field (ကိုယ်ချိန်လိုက်တဲ့ focus ဖြတ်လိုက်တဲ့ အရာဝထ္ထုရဲ့ အရှေ့နဲ့ အနောက် မှာ ရှိတဲ့ အရာဝထ္ထုများရဲ့ ပြတ်သားမှု) ကိုလည်း ပြောင်းလဲစေပါတယ်။ အပါချာ ကျဉ်းရင် ကိုယ်ချိန်လိုက်တဲ့ အရာဝထ္ထုရဲ့ အရှေ့နဲ့ အနောက် မှာ ရှိတဲ့ အရာဝထ္ထုများရဲ့ ပြတ်သားမှုက ပိုကောင်း (ပိုပြတ်သား) ပြီး အပါချာ ကျယ်ရင် ကိုယ်ချိန်လိုက်တဲ့ အရာဝထ္ထုရဲ့ အရှေ့နဲ့ အနောက် မှာ ရှိတဲ့ အရာဝထ္ထုများရဲ့ ပြတ်သားမှု ဇုန်နယ်က နဲသွားပြီး ကိုယ်ချိန်တဲ့ အရာဝထ္ထုတစ်ခုတည်းသာ ပြတ်သားကာ ကျန် အရှေ့နဲ့ အနောက် မှာ ရှိတဲ့ အရာဝထ္ထုများက ဝါးသွားမှာ ဖြစ်ပါတယ်။ ဒီရလဒ်ကိုပဲ ဓါတ်ပုံရိုက်သူတွေက ကိုယ်လိုတဲ့ ဓါတ်ပုံ အခြေအနေမျိုးရအောင် ထားပြီး ရိုက်ယူကြပါတယ်။

ဥပမာပြောရရင် ရှုခင်း ၊ ဒါမှမဟုတ် ရှုခင်းနဲ့ တွဲပြီး အမှတ်တရ ရိုက်တာမျိုးလို ရိုက်ရမယ့်ပုံမျိုးတွေကို အပါချာ ကျဉ်းပေးရမှာ ဖြစ်ပြီး ကိုယ်ရိုက်မဲ့ အရာဝထ္ထုတစ်ခုတည်းသာ ပြတ်သားစေကာ ကျန်အရှေ့နဲ့ အနောက် မှာ ရှိတဲ့ အရာဝထ္ထုများကို ဝါးသွားစေလိုတဲ့ ပုံမျိုးမှာ ဆိုရင်တော့ အပါချာကို ကျယ်နိုင်သလောက် ကျယ်ပေးရမှာ ဖြစ်ပါတယ်။ အောက်ကပုံလေးတွေကို လေ့လာပါ။

ပြတ်သားမှု ဇုန်နယ်

အပေါ်ပုံလေးမှာ ရိုက်တဲ့ ကင်မရာနဲ့ အကွာအဝေး မတူတဲ့ နေရာက လူတွေထဲက ကိုယ်ချိန်ထားတဲ့လူ (Best focus point) ကနေ အရှေ့နဲ့ အနောက် လက်ခံနိုင်တဲ့ ပြတ်သားမှု ဇုန်နယ် (Depth of field) ကို ပုံမှာ ပြထားပါတယ်။ DOF area ပိုများ (ပိုကျယ်လိုရင်) အပါချာကို ပိုကျဉ်းပေူရပါတယ်။ Depth of field မှာ Best focus point ကနေဆိုရင် ပြတ်သားမှု ဇုန်နယ်က အရှေ့ထက်နောက်က ပိုများပါတယ်။ အောက်ပုံလေးမှာ အပါချာ နဲ့  Depth of field အပြောင်းအလဲကို ကြည့်ပါ။

အပါချာ အကျဉ်းအကျယ်နဲ့ ပြတ်သားမှု ဇုန်နယ်

အထက်မှာ ပြောခဲ့တာတွေကတော့ ဓါတ်ပုံတစ်ပုံ ရိုက်ရာမှာ ပုံလေးကိုကောင်းစေဖို့၊ ကိုယ်လိုချင်တဲ့ ပုံမျိုးရစေဖို့ အဓိက အလင်းပေး Exposure ယူရာမှာ ပူးတွဲ ထိမ်းချုပ်ရတဲ့ Aperture ၊ Shutter Speed  နဲ့ ISO တွေထဲက Aperture ရဲ့ အကြောင်းလေးတွေပါ။

အပါချာ၊ ရှပ်တာ၊ ISO မှန်အောင်တွဲပါမှ

ပညာရပ်ကို အဆင့်ဆင့် တက်လှမ်းနိုင်စေဖို့၊ ဓါတ်ပုံပညာ သူငယ်တန်းစာ ဗဟုသုတကို သိသမျှ ဝေငှနေသူပါ။ (အခြေခံ အဆင့်လေးများမို့ ဆြာမှော်၊ ဆြာဂီ တို့ကဲ့သို့ ဆြာများ လိုတာလေးတွေ ဖြည့်ပေးစေလိုကြောင်းပါ ခင်ညာ :D )

စိန်သော့

 

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။

   Send article as PDF