များများသိအောင်ကြိုးစားပါ။

asiamastersNovember 29, 20111min805

၁။         များများသိတာ ပိုကောင်းတယ်။ မျုားများသိလေလေ၊ များများရွေးချယ်နိုင်လေလေ ဖြစ်လို့ပဲ။ များများ သိခြင်းဆိုတော့ ဘယ်လို သိတာလဲလို့ မေးလာစရာ အကြောင်းရှိတယ်။ သိတဲ့ပုံစံ နှစ်မျိုးရှိတယ်။ ပထမသိတဲ့ပုံစံက လူသတ္တဝါတွေမှာပါတဲ့ အာရုံခံကိုခန္ဒာအစိတ်အပိုင်းတွေက တစ်ဆင့်သိတာ။ ဒါကို အာရုံသိလို့ခေါ်တယ်။ နောက်တစ်မျိုးကတော့ ဉာဏ်သိဖြစ်တယ်။ ဉာဏ်သိဆိုတာကို အသိဉာဏ်လို့လဲခေါ်တယ်။ အာရုံငါးပါး ဆိုတာက အာရုံခံတွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့ ကစတာ ဖြစ်ပါတယ်။  မျက်စိက မြင်ခြင်းကို ဖြစ်စေတယ်။ နားက ကြားခြင်းကိုဖြစ်စေတယ်။ နှာခေါင်းက အနံ့ကို သိတယ်။ လျှာက အရသာကို ခွဲခြားနိုင်တယ်။ ကိုယ်ခန္ဒာက အထိအတွေ့ကိုသိတယ်။ ဒီလိုသိတာကို အာရုံးငါးပါးနဲ့ သိခြင်းလို့ ခေါ်ပါတယ်။ အသိဉာဏ်ဆိုတာကတော့ လက်ဆုပ်လက်ကိုင်တော့ပြလို့မရဘူး။ ဒါပေမဲ့ ဒီအသိဉာဏ်ကြောင့်ပဲ လူသားတွေဟာ မဟာလူသားတွေဖြစ်လာတယ်။

၂။         အာရုံးငါးပါးနဲ့ သိခြင်းဟာ လူတွေမှာသာ မဟုတ်ပါဘူး၊ တိရစ္ဆာန်တွေမှာလည်း ရှိတယ်။ တချို့ တိရစ္ဆာန် တွေဟာ အာရုံခံစားမှု တွေနဲ့ ပတ်သက်လာရင် လူသားတွေထက်တောင်သာတယ်။ဥပမာအားဖြင့် ခွေးတွေဟာ အနံ့ ခံခြင်းမှာ အလွန်ထက်မြက်တယ်။ သိန်းငှက်တွေဟာ အမြင်အရာမှာ အလွန်ထက်မြက်ကြပါတယ်။ ဒီလို ခံစားမှု တွေမှာ လူသားတွေဟာ တိရိစ္ဆာန်တွေကို မမှီပါဘူး။ တိရစ္ဆာန်လို့ဆိုတဲ့နေရာမှာ တိ ဆိုတာက (၃) ကိုဆိုပါတယ်။ တိရစ္ဆာန် ဆိုတာက အလုပ်ကိုဆိုပါတယ်။ ဒါကြောင့် တိရစ္ဆာန်ဆိုတာက အလုပ်သုံးမျိုးသာလုပ်တဲ့ သတ္တဝါတွေသာ ဖြစ်ပါတယ်။ ဒီအလုပ်သုံးမျိုးကတော့ အိပ်တာရယ်၊စားတာရယ်၊ ကာမဂုဏ် မှီဝဲတာရယ်ပဲ ဖြစ်ပါတယ်။ လူသားတွေဟာလည်း အာရုံသိဖက်ကိုသာ လိုက်ပါသွားသူများဟာ လူ့တိရိစ္ဆာန်တွေဖြစ်လာတယ်။

၃။         အသိဉာဏ်မှာ ပထမဦးဆုံးပါတာက အတွေအကြုံ (Experience) ဖြစ်ပါတယ်။ ဒုတိယ တစ်ခုကတော့ သင်ယူနိုင်ခြင်း (Learning) ဖြစ်ပါတယ်။ တတိယတစ်ချက်ကတော့ စဉ်းစားခြင်း (Thinking) ဖြစ်ပါတယ်။ စတုတ္ထတစ်ချက်ကတော့ ကျိုးကြောင်းဆင်ခြင်ခြင်း (Reasoning) ဖြစ်ပါတယ်။ ပဉ္စမအချက်ကတော့ မှတ်ဉာဏ် (Memory) တို့ပါဝင်ပါတယ်။ ဒါတွေဟာ အသိဉာဏ်လို့ ခြုံငုံပြီးခေါ်တဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒါတွေ အားလုံးပေါင်းလိုက်ရင် အသိဉာဏ် ဆိုတာဖြစ် လာပါတယ်။

၄။         အတွေ့အကြုံကို လူသားတွေသာ အသုံးပြုနိုင်ပါတယ်။ မိုးဦးကျကာလမှာ ပလူကောင်တွေ ထွက်လာ တတ်ပါတယ်။ ပလူကောင်တွေ ဟာ အလင်းရောင်ရှိရာ အိမ်များအတွင်းကို အုပ်လိုက်ဝင်လာလေ့ရှိပါတယ်။ အလင်းရောင် ရှိတဲ့ဘယ် နေရာကိုမဆို တိုးဝှေ့လေ့ ရှိပါတယ်။ မီးချောင်းတွေကို တိုးသလို၊ ဖယောင်းတိုင်တွေကိုလည်းတိုးတာပါပဲ။ ဖယောင်းတိုင် ကိုတိုးမိတဲ့အကောင်တွေဟာ တောင်ပံတွေမီလောင်ပြီးအောက်ကိုကျသွားကြပါတယ်။ ဒါပေမဲ့ နောက်လိုက် လာတဲ့ အကောင်တွေဟာ ဆက်မတိုးပဲမနေပါဘူး။ ဆက်တိုးတာပါပဲ။ ဒီသဘောကိုကြည့်ရင် တိရိစ္ဆာန်တွေဟာ ရှေ့က ဖြစ်ပျက်ခဲ့တာတွေကို အတွေ့အကြုံယူနိုင်ခြင်းမရှိပါဘူး။ လူသားတွေကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ ပူလောင်တဲ့ အရာ ဝတ္ထုမျိုးကို မတော်တဆထိမိလို့ ပူသွားတယ်ဆိုရင် နောက်တစ်ခါ ဒီအရာက်ို ထပ်မထိတော့ပါဘူး။ ဆိုလိုတာက လူသား တွေဟာ အတွေ့အကြုံကိုအကောင်းဆုံးအသုံးချနိုင်တဲ့ သတ္တဝါများဖြစ်လို့ပါပဲ။

၅။         သင်ယူမှုကို တိရစ္ဆာန်တွေမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ အနည်းအကျဉ်းလောက်ကိုတော့သင်နိုင်ပါတယ်။ ဥပမာ ဆပ်ကပ်မှာ သင်ထားတဲ့ တိရစ္ဆာန်လေးတွေ၊ အိမ်မွေး ခွေးလေးတွေ၊ ကြောင်လေးတွေ၊ မျောက်လေးတွေ သတင်းစာ ယူပေးတာတို့၊ လမ်းပြတာတို့၊ အုန်းပင်တက်ပေးတာတို့လောက်တော့ သင်ပေးလို့ရပါတယ်။ အမေရိကန် သိပ္ပံပညာရှင် တွေ စမ်းသပ်ချက်အရ လူူဝံတချို့ကို တစ်နဲ့တစ်နဲ့ပေါင်းရင် နှစ်ရတယ်ဆိုတဲ့ သဘောလေးကို သင်ပေးလို့ရတယ်။ အာကာသထဲ ဒုံးပျံတွေစမ်းသပ်ပြစ်လွှတ်မှုတွေမှာ လူတွေ လိုက်မပါသေးခင်၊ လေ့ကျင့်ပြီးသား လူဝံတွေကို ထည့်သွင်း စမ်းသပ်တဲ့နေရာမှာ သုံးပါတယ်။ ဒါပေမဲ့ နှစ်နဲ့ နှစ်မြှောက်ရင် လေးရတယ်ဆိုတဲ့ သဘောမျိုးကိုတော့ ဘယ်လိုမှ သင်ပေးလို့မရပါဘူး။ လူသားတွေအတွက်ကတော့ ၅ နှစ်အရွယ် ကျောင်းနေချိန်ဆိုရင် ဒီသဘောတရားကို နားလည် နေပြီဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေရဲ့ အသိဉာဏ်ရဲ့ အစိတ်အပိုင်းတစ်ခုဟာ သင်ယူခြင်းပါပဲ။ တချို့ အလွန် ထူးခြားတဲ့ ဉာဏ်ကြီးရှင်လူသားတွေမှာဆိုရင် သုံးနှစ်လောက်ဆိုရင် ဒီသဘောတရားတွေအားလုံး တတ်နေပြီ ဖြစ်ပါတယ်။

၆။         နောက်တစ်ချက်က စဉ်းစားခြင်းဖြစ်ပါတယ်။ စဉ်းစားခြင်းကို လူသားတွေသာလုပ်နိုင်ပါတယ်။ ဒီနေရာမှာ ဒဿဏိက ပညာရှင်ကြီး တစ်ဦးပြောခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်။ I think therefore I am. ဆိုပြီးဖြစ်ပါတယ်။  ငါဟာ စဉ်းစားတယ်၊ ဒါကြောင့် ငါဟာ ဖြစ်တည်တယ်လို့ အနက်ရပါတယ်။ ဒါကြောင့် လူသားတွေမှာ မိမိကိုယ်မိမိ ဖြစ်တည် နိုင်ရန် စဉ်းစားကြဘိုလို့ပါတယ်။ မစဉ်းစားသူတွေသာ လူသားတွေအဖြစ်မှ လျှောကျပျောက်ကွယ်သွားမှာပါပဲ။ သူများ ပြောတာတွေကို မစဉ်းစားပဲ ယုံကြည်သူများဟာ လူသားတွေအနေနဲ့ ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး။ သူတစ်ပါးရဲ့ အပြုခံ လူသားတွေသာဖြစ်လာပါတယ်။ ဒါကြောင်း လူသားတွေရဲ့ အသိဉာဏ်မှာ စဉ်းစားတွေးခေါ်မှု ဆိုတာ အစိတ်အပိုင်း တစ်ခုအနေနဲ့ အလွန်အရေးကြီးတာဖြစ်ပါတယ်။မုူလအားဖြင့် လူသားတွေဟာ စဉ်းစားတဲ့အလုပ်ကို သိပ်မလုပ်လို  ကြပါဘူး။ လွယ်လွယ်နဲ့ အင်အားသုံးလုပ်တာတွေကို သာလုပ်လိုကြပါတယ်။ ဒါပေမဲ့ ရေရှည်မှာ စဉ်းစားတတ်သူတွေနဲ့ မစဉ်းစားတတ်သူတွေဟာ အလွန်ကွာဟလာတာဖြစ်ပါတယ်။ စဉ်းစားတတ်သူတွေဟာ အုပ်ချုပ်သူတွေ၊ ခေါင်းဆောင်တွေ၊ အဆုံးအဖြတ်ပေးသူတွေဖြစ်လာကြပြီးတော့၊ မစဉ်းစားတတ်သူတွေဟာ စဉ်းစားရန်မလိုတဲ့အလုပ်တွေဖြစ်တဲ့ အိမ်ဖေါ် အလုပ်တွေဖြစ်ဖြစ်၊ အလုပ်ကြမ်းသမားတွေသာဖြစ်လာပါတယ်။

၇။         ကျိုးကြောင်း ဆင်ခြင်ခြင်းဆိုတာက လူသားတစ်ဦးဖြစ်လာရင် မိမိပြုမူ၊ ပြောဆို လုပ်ဆောင်မှုတွေဟာ မိမိရဲ့ လူ့အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဓလေ့ထုံးတမ်းများအရသော်လည်းကောင်း၊ စာရိတ္တပိုင်း (    Moral) အရသော်လည်းကောင်း၊ ကိုယ်ကျင့်သိက္ခာ (Ethic) ပိုင်းအရအသော်လည်း၊ အများသဘောတူရေးဆွဲထားတဲ့ ဥပဒေအရသော်လည်းကောင်း၊ မိမိကိုးကွယ်တဲ့ ဘာသာအရ သော်လည်းကောင်း  မျှတမှန်ကန်မှုရှိမရှိ ကျိုးကြောင်း ဆင်ခြင်တတ်ရန်လိုပါတယ်။ ဒီလိုမဆင်ခြင်တတ်ဘူးဆိုရင်လည်း အဆင့်နိမ့်ပါးတဲ့ လူသားတွေသာဖြစ်လာမှာဖြစ်ပါတယ်။ ဒီလို အဆင့်နိမ့်တဲ့ လူသားတွေနဲ့ဖွဲ့စည်းထားတဲ့ လု့အသိုင်းအဝိုင်းဟာ မြင့်မားတဲ့လူ့အသိုင်းအဝိုင်းတွေနဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်ပါဘူး။

၈။         မှတ်ဉာဏ်ဆိုတာက လူ့ဦးနှောက်က ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေ၊ အချက်အလက်တွေကို မှတ်ယူထားပြီး လိုအပ်ချိန်မှာ ပြန်လည်ထုတ်ယူသုံးစွဲနိုင်ခြင်းဖြစ်ပါတယ်။ မှတ်ဉာဏ် ဟာလူသားတွေအတွက် အရေးကြီး ပါတယ်။ လူသားတွေမှာက မှတ်ဉာဏ်အမျိုးမျိုးရှိပါတယ်။ တချို့က တစ်ခါဖတ်လိုက်တာနဲ့ အားလုံးကို ဓါတ်ပုံရိုက်ထား သလို မှတ်မိနိုင်တယ်။ တချို့ကလည်း မြန်မြန်မှတ်မိပြီး မြန်မြန်ပဲ မေ့ပျောက်လွယ်သွားတာမျိုးလည်းရှိပါတယ်။ တချို့ ကတော့ လွယ်လွယ်မမှတ်မိနိုင်ပါဘူး၊ ဒါပေမဲ့ မှတ်မိလိုက်ရင် မမေ့တော့တဲ့ မှတ်ဉာဏ်ဖြစ်ပါတယ်။ ဒီလို လွယ်လွယ်နဲ့ မမှတ်မိနိုင်တဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ညံ့တယ်လို့ ယူဆတတ်ပါတယ်။ အမှန်တကယ်ကျတော့ သူတို့ဟာ ထူးခြားသော မှတ်ဉာဏ်မျိုးကို ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒါကြောင့် မိမိမှာ ဘယ်လို မှတ်ဉာဏ်မျိုုးရှိလဲ ဆိုတာသိဘို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ Education စနစ်က မှတ်ဉာဏ်ကိုဦးစားပေးတဲ့ စနစ်မျိုး ဖြစ်ပါတယ်။ အလွတ်ကျက်ပြီး ဖြေတာမျိုးတွေပဲများပါတယ်။ ဒီလို အလွတ်ကျက်ဖြေတာမျီုးပဲဖြစ်တာကြောင့် အသိဉာဏ်ပိုင်းမှာ အလွန်ချို့တဲ့ကုန်ကြတာ ဖြစ်ပါတယ်။

၉။         လူသားတွေ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့နေရာမှာ အသိဉာဏ်ပိုင်း ဖွံ့ဖြိုးလာမှုက အလွန်အရေးကြီးပါတယ်။ အထက်မှာ ဖေါ်ပြထားတဲ့အတိုင်း အသိဉာဏ်ဆိုတာက အတွေ့အကြုံ၊ သင်ယူနိုင်ခြင်း၊  စဉ်းစားခြင်း၊ ကျိုးကြောင်း ဆင်ခြင်ခြင်းနဲ့ မှတ်ဉာဏ်တွေဖြစ်ပါတယ်။ လူသားတွေဟာ အသိဉာဏ် မဖွံ့ဖြိုးမတိုးတက်ဘူးဆိုရင် အာရုံခံစားမှုတွေ နောက်ကိုသာ လိုက်လာလေ့ရှိပါတယ်။ ဒီအာရုံ ခံစားမှုထဲမှာသာ နေတော့တယ်ဆိုရင် လူတွေဟာတိရိစ္ဆာန်နဲ့ သိပ်မကွာပါ ဘူး။ တိရစ္ဆာန်တွေထက်ကို ရက်စက်ကြမ်းကြုတ်သူတွေ ဖြစ်လာပါတယ်။ အသိဉာဏ် အမြင့်မားဆုံး အပိုင်းကို ရောက်သူ တွေဟာ အာရုံခံစားမှုတွေနောက်ကို လုံးဝ မလိုက်တော့ပြန်ပါဘူး။ ဒါကြောင့် အပြစ်ရှိသူ (sinners) တွေနဲ့ သူတော်စင် ( Saints) တို့ကွာဟလာကြတာဖြစ်ပါတယ်။ လောကီ (Secular)နဲ့ ပတ်သက်တဲ့ လူသားတွေအနေနဲ့ အာရုံ ခံစားမှုတွေကို လည်းပစ်ပယ်လို့ မရသေးတဲ့အတွက် အာရုံခံစားမှုနဲ့ အမြင့်မားဆုံး အသိဉာဏ်ကြားမှာ နေထိုင်ကြရမှာဖြစ်ပါတယ်။ ဗဟုသုတလို့ဆိုတဲ့အတိုင်း များများသိလာသူတွေဟာ များများရွေးချယ်လာနိုင် ပါတယ်။  တစ်ဆက်တည်းမှာ အသိဉာဏ် တိုးတက်လာအောင်လဲလုပ်ဆောင်ရင်း ပိုမိုကောင်းမွန်တာတွေကို ရွေးချယ်သွားကြရမှာ ဖြစ်ပါတယ်။ ဒီတော့ အသိဉာဏ်ကို ဘယ်လိုတိုးတက်အောင်လုပ်ကြမလဲဆိုတာ နောက်တစ်ပုဒ်မှာ ဖတ်ကြရအောင်။

၉။         လူသားတွေရဲ့ အသိဉာဏ်ကို တိုးတက်အောင်လုပ်လို့ရပါတယ်။ အသိဉာဏ်တိုးတက်အောင် လုပ်ချင်ရင် စာဖတ်ရပါမယ်။ စာရေးရပါမယ်။ နားထောင်ရပါမယ်။ သင်ကြားရပါမယ်။ ခရီးသွားရပါမယ်။ မိတ်ဆွေ များများဖွဲ့ရမယ်။ ဒါတွေကိုမှန်မှန်ကန်ကန်လေ့ ကျင့်ပေးနိုင်ရင် အသိဉာဏ်တိုးလာသူတွေဖြစ်လာမှာဖြစ်ပါတယ်။

 

5 comments

  • small cat

    November 30, 2011 at 8:51 am

    ဖတ်ရှုမှတ်သားသွာပါတယ်။

  • Moe Z

    November 30, 2011 at 9:08 am

    Too Much Knowledge Make Fool တဲ့ သဂျီးက မတူတဲ့အမြင်နဲ့တွေးပါဆိုလို့ 😛
    (နောက်တာနော်)

    သေသေချာချာ ဖတ်ရှုမှတ်သားသွားပါကြောင်း

  • ကြောင်ကြီး

    November 30, 2011 at 12:28 pm

    ဝင်ငွေတိုးဖို့ မလွယ်ဘူး၊ အသိညဏ်ဖို့လည်း ခက်တယ်။ အကုသိုလ် တိုးချင်ရင်တော့ အလွယ်လေး။ ဘတ်စ်ကား တိုးတက်ရတာကတော့ နေ့စဉ်ဓူဝဖြစ်နေပြီ။ (တိုးရုံမက တွယ်ပါတက်ရဒယ်)။ သဂျီးက ကမာ္ဘလူဦးရေ ရဘီလျံအထိ တိုးလာလို့ မနုဿတ္တဒုလ္လဘ လူ့ဘဝရခဲလှဆိုတာ မှားဒယ်ဆိုပဲ။ ခင်မောင်တိုးကတော့ ကိုယ်ပိုင်သံစဉ်ဆိုလို့ မကြီးပွားဘူး။ ကိုရယ် စိုးရယ် တိုးတိုးရယ် ဆိုတဲ့မြန်မာဇာတ်ကား ရှိခဲ့ဖူးဒယ်။ တိုးတိုးအာလူးအစပ်ကြော် သိပ်ကောင်းမှာပေါ့ အချိုမှုန့်နှမ်းခြင်းပါလို့ ။ ဒီလိုနဲ့ ဟိုဖက်တိုးလိုက် ဒီဖက်တိုးလိုက် တိုးရင်းတိုးရင်း ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်နေကြပြီ။။။။ 😀

  • Diamond Key

    November 30, 2011 at 1:31 pm

    နှစ်သက်စွာနဲ့ ဖတ်ရှုမှတ်သားသွာ:ပါတယ်။

  • aye.kk

    November 30, 2011 at 4:32 pm

    များများသိအောင်လိုု ့..
    များများဖတ်မိစေရအောင်..
    ပရင့်ထုတ်ကာမိတ္တူကူး၍..
    မိတ်ဆွေများကိုပြန်လည်ဝေငှလိုက်ပါ့မယ်..ကျေးဇူးတင်စွာဖြင့်..။

Leave a Reply