ကျွန်မနှင့် ကုလားထိုင်များ

weiweiNovember 30, 20111min54361

ကျွန်မလူမှန်းစသိတတ်တဲ့အရွယ်ကထဲက ကုလားထိုင်များကို အလွန်ကြိုက်ပါသည်။ ကုလားထိုင်ပေါ်မှာ ထိုင်နေရတာကိုက ဇိမ်ရှိတယ်လို့ထင်တတ်ပါသည်။ ကုလားထိုင်ပေါ်မှာထိုင်ပြီး စာအုပ်ဖတ်သည်။ တီဗီကြည့်သည်။ ဗွီဒီယိုရုပ်ရှင်ကြည့်သည်။ မိသားစုတွေနဲ့ စကားစမြည်ပြောကြပါသည်။ ထိုင်နေရင်းနဲ့ တွေးနေမိတာတွေလဲ ရှိခဲ့ပါသည်။ အဲဒီတုန်းက ထိုင်ခဲ့တဲ့ ကုလားထိုင်က ရိုးရိုး ကြိမ်နဲ့ယက်ထားတဲ့ သစ်သားဆက်တီ (old model) တစ်ခုသာဖြစ်ခဲ့ပါသည်။

နဲနဲအတန်းကြီးလာပြီး ၉ တန်း ၁ဝ တန်းလောက်အချိန်မှာ ကျွန်မတဆင့်တက်ပြီး ပက်လက်ကုလားထိုင်လိုချင်တယ်လို့ ပူဆာခဲ့ဖူးပါသည်။ ဘာပဲလိုချင်လိုချင် အဖိုးကိုသာပူဆာရတာမို့ အဖိုးကို ပက်လက်ကုလားထိုင်နဲ့စာဖတ်ရတာ အရမ်းဇိမ်ရှိလို့ ပက်လက်ကုထားထိုင် (ခြေထောက်ပါတင်လို့ရတဲ့ဟာ) ဝယ်ပေးပါလို့ ပူဆာခဲ့ဖူးပါသည်။ ဖိုးဖိုးက အဲဒါတော့ သဘောမတူဘူးတဲ့ … ဖိုးဖိုးကိုယ်တိုင်လဲ မသုံးဘူး။ အိမ်မှာလဲ တစ်ခါမှ မဝယ်ထားခဲ့ဖူးပါဘူး။ ဖိုးဖိုးက ပုံပြင်တစ်ခုပြောပြတယ်။ ဖိုးဖိုးတို့ငယ်ငယ်က သူတို့တွေနေတဲ့ရပ်ကွက်ထဲမှာ အရမ်းအလုပ်လုပ်တဲ့ တရုတ်ကြီးတစ်ယောက်ရှိတယ်တဲ့။ မိုးလင်း မိုးချုပ်အလုပ်နဲ့လက်မပြတ်အောင် အလုပ်လုပ်နေလို့ ကြီးပွားချမ်းသာလာတယ်တဲ့။ အဲဒါကို မနာလိုဖြစ်နေတဲ့ သူ့မိတ်ဆွေတစ်ယောက်က ပျက်စီးရာပျက်စီးကြောင်း ကြံစည်တယ်တဲ့။ အဲဒါနဲ့ အကြံရပြီး အဲဒီတရုတ်ကြီးအိမ်ကို ပက်လက်ကုလားထိုင်တစ်လုံး လက်ဆောင်ပေးလိုက်တယ်တဲ့။ တရုတ်ကြီးလဲ ပက်လက်ကုလားထိုင်လက်ဆောင်ရပြီးကထဲက အဲဒီခုံမှာ ထိုင်ရတာဇိမ်တွေ့ပြီး အလုပ်လုပ်တာ တဖြည်းဖြည်းလျော့သွားပြီး စီးပွားလဲကျသွားတယ်တဲ့။ အဲဒါကို မြင်ထားလို့ ကျွန်မအဖိုးက ပက်လက်ကုလားထိုင်ကို ဝယ်လဲမဝယ် ထိုင်လဲမထိုင်ပဲ ရိုးရိုးကုလားထိုင်ကိုသာထိုင်တာပါဆိုတော့ ကျွန်မကိုလဲ အပျင်းစိတ်ကြီးလာမှာ စိုးရိမ်ကို မဝယ်ပေးခဲ့ပါဘူး။

တက္ကသိုလ်ကျောင်းသူဘဝရောက်တော့ ရန်ကုန်မှာနေတာများကြီး အမြင်ကျယ်လာချိန်မှာ ဆိုဖာဆက်တီလိုချင်တယ်လို့ ပူဆာခဲ့ပါသေးတယ်။ ဖိုးဖိုးက ဘာကြောင့်လိုချင်တာလဲလို့ မေးတော့ ကျွန်မက သူငယ်ချင်းအသစ်တွေ အများကြီးရထားကြောင်း၊ ယောက်ျားလေးသူငယ်ချင်းများလဲရှိကြောင်း အိမ်ကို သူတို့လာလည်ကြတဲ့အခါ ဆက်တီအဟောင်းကြီးက မလှတော့ကြောင်း၊ ဆိုဖာဆက်တီလေးနဲ့ ဧည့်ခံရရင် ပိုကောင်းမှာဖြစ်ကြောင်း၊ ကျွန်မက အရမ်းပိန်လွန်းလို့ ရိုးရိုးခုံနဲ့ထိုင်ရတာ အရိုးတွေထိပြီး နာကြောင်း နဲနဲပိုပိုသာသာပြောပေးလိုက်တာနဲ့ ဖိုးဖိုးက သဘောတူပြီး ဝယ်ပေးခဲ့ပါသည်။ ရှမွိုင်းသားနဲ့ချုပ်ထားတဲ့ ဆိုဖာဆက်တီက ကြာကြာထိုင်ရင် ပူလွန်းလို့ တစ်အိမ်သားလုံး ဘယ်သူမှ ကြာကြာမထိုင်ပေမယ့် ကျွန်မကတော့ ထိုင်နိုင်ပါတယ်။ တစ်နေကုန်ထိုင်ပြီး စာဖတ်နိုင်သူဖြစ်ပါသည်။ (အခု အဲဒီဆက်တီကို အခမဲ့ဆေးခန်းတစ်ခုကို လှူလိုက်ပြီး ပိုကောင်းတဲ့ ဆက်တီတစ်စုံ ထပ်ဝယ်ဖြစ်ခဲ့ပါတယ်)

ကျွန်မအလုပ်လုပ်ဖြစ်တော့ ပထမဆုံးဝယ်ဖြစ်တဲ့ပစ္စည်းက ဆုံလည်ကုလားထိုင်လေးတစ်လုံးဖြစ်ပါတယ်။ ဆိုဖာနဲ့ပြုလုပ်ထားပြီး အနိမ့်အမြင့် ချိန်လို့လဲရ၊ လှည့်လို့လဲရ၊ တွန်းလို့လဲရတဲ့ အဲဒီကုလားထိုင်လေးကို ကျွန်မ အလွန်နှစ်သက်ပါသည်။ တွေးဖို့ ငေးဖို့ အလွန်ဝါသနာပါတဲ့ကျွန်မအတွက် ကုလားထိုင်လေးတွေက မိတ်ဆွေကောင်းလေးများသဖွယ် အမြဲတမ်းအသင့်ရှိနေခဲ့ကြပါသည်။ ကုလားထိုင်ပေါ်မှာထိုင် စာဖတ်ပြီး အိပ်ပျော်သွားလို့ မိုးလင်းခဲ့တဲ့ ညတွေလဲ ရှိခဲ့ဖူးပါသည်။

ကုလားထိုင်များကို ဇိမ်ကျဖို့ထက်ပိုပြီး အတွေးမနက်ခဲ့တဲ့ ကျွန်မအတွက် အစိုးရပိုင် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်တော့မှ အတွေးပိုလေးနက်သွားပါတော့သည်။ ကျွန်မအလုပ်စဝင်တဲ့နေ့က ကျွန်မက ရာထူးသေးသေးလေးနဲ့ခပ်ငယ်ငယ်ဆိုတော့ ကုလားထိုင် ခပ်စုတ်စုတ်လေးနဲ့သာ ထိုင်ရပါသည်။ ထိုင်ခုံလေးကိုမြင်ပြီး ငိုချင်စိတ်ပေါက်မိပါတော့သည်။ ကိုယ့်ဟာကိုယ် ကုလားထိုင်တစ်လုံး ဝယ်ပြီး ဒီကိုယူလာလို့ မရဘူးလားလို့မေးမိလို့ ကျွန်မကို သနားစရာသတ္တဝါတစ်ကောင်လို ဝိုင်းကြည့်ကြတာကို ခံလိုက်ရပြီးကထဲက နားလည်သင့်သလောက် နားလည်သွားခဲ့ပါသည်။ ကုလားထိုင်ဆိုတာ ပိုက်ဆံပေးဝယ်လို့မရတဲ့နေရာတွေလည်းရှိပါသေးလားလို့ပေါ့။

ကျွန်မတို့ အစည်းအဝေး မကြာခဏလုပ်ဖြစ်ကြပါသည်။ အကြီးဆုံးအဆင့်မှသည် အငယ်ဆုံးအဆင့်အထိဖြစ်ပြီး ကုလားထိုင်တွေလဲ မတူတာသတိထားမိခဲ့ပါသည်။ ကျွန်မက နောက်ဆုံးတန်းလေးရဲ့ သစ်သားထိုင်ခုံလေးမှာ ထိုင်ခဲ့ရတဲ့ဘဝကနေ စခဲ့ရသူဖြစ်ပါသည်။ အစည်းအဝေးမှာ ထိုင်နားထောင်ရုံအဆင့်နဲ့ အဲဒီကုထားလိုင်လေးနဲ့ အခုတွေးကြည့်တော့လဲ အတော်ပေါ့ပါးတာပါလား။ အဲဒီလိုကနေ ကျွန်မရဲ့ကုလားထိုင်လေး ပုံစံနဲနဲချင်းပြောင်းလာပါသည်။ လက်တန်းမပါတာကနေ လက်တန်းပါလာတယ်။ ကြိမ်ကနေ ဆိုဖာပါးပါးလေးဖြစ်လာတယ်။ တဖြည်းဖြည်း ကုလားထိုင်က ရှေ့နားရောက်လာပါတော့တယ်။ ရှေ့ဆုံးကို မရောက်သေးပေမယ့် နောက်ကိုလှည့်ကြည့်လိုက်တော့ အလယ်မှာရှိနေတဲ့အနေအထားပါလား။

အလယ်မှာရောက်နေချိန်မှာ နောက်ကိုပြန်ဆင်ခြင်ဖို့နဲ့ အရှေ့ကိုတွေးကြည့်ဖို့ အခြေအနေအကောင်းဆုံးလို့ထင်ပါသည်။ ကျွန်မတွေးကြည့်မိတယ်။ ဒီကုလားထိုင်မှာထိုင်ရတာ အရင်ကုလားထိုင်မှာထိုင်ရတာထက် ပိုပင်ပန်းပါသည်။ ကျွန်မဝင်ဆွေးနွေးရမယ့်အပိုင်းတွေ ပါလာသည်။ ကုလားထိုင်က ပိုသက်တောင့်သက်သာရှိလာပေမယ့် စိတ်က မသက်သာတော့ပါ။ တပည့်တွေ ပြသနာနဲ့ ဆရာတွေပြသနာကြားမှာ ကြားညပ်တဲ့ အနေအထားမို့ အလွန်လဲ ပါးနပ်အောင်ကြိုးစားရပါသေးသည်။ ရှင်းအောင်ပြောရရင်တော့ စိတ်ညစ်သည်ပေါ့။ အရှေ့ကိုတွေးကြည့်မိသည်။ အကောင်းဆုံး ဆိုဖာဆက်တီကို မြင်နေရသည်။ အဲဒီမှာထိုင်ရဖို့ အချိန်အားဖြင့်သိပ်မလိုတော့ဘူးလို့ စိတ်ထဲကသိနေသည်။ ဒါပေမယ့် အားကျစိတ်နဲ့ ထိုင်ချင်စိတ် မရှိတော့ပါ။ နောက်ဆုံးတန်းက ကျွန်မထိုင်ခဲ့ဖူးတဲ့ခုံလေးကို လှည့်ကြည့်မိသည်။ အဲဒီခုံလေးကို ကျွန်မနှစ်သက်စိတ်ဖြစ်မိသွားသည်။ အဲဒီခုံလေးမှာ ထိုင်နေတုန်းက ကျွန်မစိတ်တွေတက်ကြွခဲ့သည်။ ရှေ့ဆုံးတန်းက ဆိုဖာခုံကြီးကို အားကျခဲ့သည်။ တစ်နေ့နေ့တော့ ထိုင်ရအောင်ကြိုးစားအုန်းမည်လို့ စိတ်ကူးယဉ်ခဲ့သည်။

အချိန်တွေပြောင်းလာတာနဲ့အမျှ ကျွန်မ၏ ကုလားထိုင်များအပေါ်ထားရှိတဲ့ စိတ်ခံစားချက်တွေပြောင်းလဲလာခဲ့သည်။ ကုလားထိုင်ဆိုတာ ထိုင်ဖို့သက်သက်သာမဟုတ်ပဲ တာဝန်ယူမှုကိုလဲ တစ်ဖက်တစ်လမ်းက သတိပေးနေသလိုပဲ။ ကျွန်မအခု ဆိုဖာဆက်တီများကို မကြိုက်တော့ပါ။ ဖင်ပူသည်ဟု ခံစားမိလာသောကြောင့်ဖြစ်ပါသည်။ ပလက်စတစ်ကုလားထိုင်လေးနဲ့ ခြံထဲက သစ်ပင်အောက်မှာထိုင်နေရတဲ့ အရသာကို ပိုကြိုက်လာပါသည်။

စာဖတ်နေတဲ့သူတွေရော ဘယ်လိုကုလားထိုင်မျိုးကို ကြိုက်ပါသလဲ ???

61 comments

  • တညင်သား

    December 4, 2011 at 2:59 am

    ” ဖိုးဖိုးက အဲဒါတော့ သဘောမတူဘူးတဲ့ … ဖိုးဖိုးကိုယ်တိုင်လဲ မသုံးဘူး။ အိမ်မှာလဲ တစ်ခါမှ မဝယ်ထားခဲ့ဖူးပါဘူး။ ဖိုးဖိုးက ပုံပြင်တစ်ခုပြောပြတယ်။ ဖိုးဖိုးတို့ငယ်ငယ်က သူတို့တွေနေတဲ့ရပ်ကွက်ထဲမှာ အရမ်းအလုပ်လုပ်တဲ့ တရုတ်ကြီးတစ်ယောက်ရှိတယ်တဲ့။ မိုးလင်း မိုးချုပ်အလုပ်နဲ့လက်မပြတ်အောင် အလုပ်လုပ်နေလို့ ကြီးပွားချမ်းသာလာတယ်တဲ့။ အဲဒါကို မနာလိုဖြစ်နေတဲ့ သူ့မိတ်ဆွေတစ်ယောက်က ပျက်စီးရာပျက်စီးကြောင်း ကြံစည်တယ်တဲ့။ အဲဒါနဲ့ အကြံရပြီး အဲဒီတရုတ်ကြီးအိမ်ကို ပက်လက်ကုလားထိုင်တစ်လုံး လက်ဆောင်ပေးလိုက်တယ်တဲ့။ တရုတ်ကြီးလဲ ပက်လက်ကုလားထိုင်လက်ဆောင်ရပြီးကထဲက အဲဒီခုံမှာ ထိုင်ရတာဇိမ်တွေ့ပြီး အလုပ်လုပ်တာ တဖြည်းဖြည်းလျော့သွားပြီး စီးပွားလဲကျသွားတယ်တဲ့။ အဲဒါကို မြင်ထားလို့ ကျွန်မအဖိုးက ပက်လက်ကုလားထိုင်ကို ဝယ်လဲမဝယ် ထိုင်လဲမထိုင်ပဲ ရိုးရိုးကုလားထိုင်ကိုသာထိုင်တာပါဆိုတော့ ကျွန်မကိုလဲ အပျင်းစိတ်ကြီးလာမှာ စိုးရိမ်ကို မဝယ်ပေးခဲ့ပါဘူး။ ”
    ဒီအချက်ကလေးတော့ မှတ်သွားပါတယ် ထိုင်ခုံတစ်လုံး လက်ဆောင်ပေးတာရဲ့ နောက်ကွယ်မှာ ဘယ်လိုအယူအဆ ရှိတယ်ဆိုတာ…………..

  • E.T

    December 4, 2011 at 12:40 pm

    အရမ်းညောင်းနေရင်တော့ ဘယ်ထိုင်ခုံမှမရွေးဘူး။ တွေ ့ရာမှာ ထိုင်လိုက်တာပဲ။ မြေကြီးပေါ်လည်းထိုင်တာပဲ။ ယောက်ျားလေးတွေဖို ့ အကောင်းဆုံးထိုင်စရာ ကတော့ မိန်းကလေးပေါင်ပေါ် ဖြစ်ပြီး .. မိန်းကလေးတွေဖို ့ကတော့ ယောက်ျားလေးပေါင်ပေါ်ပါ။ 😀 ရိုးရိုးသားသားပြောတာ။ စကားမစပ် ကျွန်တော်က ပေါင် ၁၈ဝ ဟီးးး

  • kyeemite

    July 4, 2014 at 8:35 am

    ကုလားထိုင်ဆိုတာ ထိုင်ဖို့သက်သက်သာမဟုတ်ပဲ တာဝန်ယူမှုကိုလဲ တစ်ဖက်တစ်လမ်းက သတိပေးနေသလိုပဲ။

    အတွေးပွားသွားမိတာကတော့ ..ဒီနေ့ ကုလားထိုင်အကောင်းစားကြီးတွေပေါ်မှာ မဆင်းတမ်း၊ နောက်လူကို ဖယ်မပေးစတမ်း ထိုင်နေသူကြီးတွေ “တာဝန်ယူမှု” ဆိုတာ သူတို့အတွက်မဟုတ်သလိုပဲ :buu: :angry:

    • weiwei

      July 4, 2014 at 8:46 am

      ဒီပို့စ်ကို ရေးဖြစ်ဖို့ တွေးမိတာက အစည်းအဝေးခန်းတစ်ခုမှာ အလယ်အလတ်နေရာမှာ ထိုင်နေရင်းနဲ့ပါ ..

      ဒီအပါတ်အစည်းအဝေးတစ်ခုတက်ဖြစ်တော့ mind set change ဖို့ ခဏခဏပြောနေတဲ့ ဝန်ကြီးစကားကြောင့် ပို့စ်တစ်ခု ရေးအုန်းမယ်လို့ စိတ်ကူးမိတယ် ..

  • black chaw

    July 4, 2014 at 9:05 am

    ပို့စ် တစ်ခုရေးမယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ် မဝေရေ…။
    ဟိုတုန်းက ကိုသစ်မင်း နဲ့ ကျွန်တော်နဲ့ မဝေပို့စ်တွေကို အကြိုက်တူခဲ့ကြတာ
    ပြန်သတိရမိပါတယ်…။
    ဟိုဘက်ပို့စ်မှာ ကိုသစ်မင်းရေးထားတဲ့ ကွန်းမန့်လေး ပြန်ကူးပြီး အလွမ်းဖြေ
    သွားပါတယ်ဗျာ…။

    thit min says:
    ကုလားထိုင်လို့ မဝေဝေ ကရေးနေပေမဲ့
    အဲဒီ စကားလုံးတိုင်းကို “နေရာ” လို့
    ပြောင်းမြင်ပြီး ဖတ်သွားမိတယ်။
    တော်တော်ကောင်းသောကုလားထိုင်ဖြစ်သော်လည်း
    ကုလားထိုင်၏ တာဝန်လည်းယူစရာမလိုသော
    ကုလားထိုင် များသည်
    ငရဲသို့ သွားရာလမ်းများဖြစ်သည် လို့။(တွေးမိတယ်)
    ဘာဘဲ ဖြစ်ဖြစ် တော်တော်ကောင်းသော ပို့စ်လေးပါ။

    မဝေ ရေးမယ့်ပို့စ်လေးကို ကျွန်တော်တို့ စောင့်ဖတ်နေပါမယ် ဗျို့…။

  • weiwei

    September 10, 2014 at 4:02 pm

    mindset နဲ့ ပါတ်သတ်ပြီး ပို့စ်တစ်ခု ရေးဖြစ်ပြီးမှ မတင်ဖြစ်ခဲ့ပါဘူး .. ကျွန်မမှာ အဆိုးမြင်တွေများနေတယ် .. ကိုသစ်မင်းတို့ လက်ဖက်ရည်ဆိုင်စကားဝိုင်းကို အားကျတယ် … အဲဒီလို အထောက်အထားတွေနဲ့ သေသေချာချာဝေဖန်ပိုင်းခြားနိုင်တဲ့ အရေးအသားမျိုး ရေးချင်ပါတယ် …

  • manawphyulay

    September 10, 2014 at 4:20 pm

    မမဝေရေ.
    မနောကတော့ ဘယ်ထိုင်ခုံမှာပဲထိုင်ထိုင် ကျောမှီပါမှ ထင်ချင်တာ မမရ..
    နောက်အောက်ခံ ခုံက မာနေရင်လည်း ကြာကြာမထိုင်နိုင်ဘူးလေ…

  • ခင် ခ

    September 10, 2014 at 4:38 pm

    ကျွန်တော်ကတော့ မူလတန်းကျောင်းသားကလေးဘဝက သာတူညီမျှထိုင်ခဲ့တဲ့ ထိုင်ခုံကို အနှစ်သက်ဆုံးပါဘဲဗျာ။

  • မြစာကလေး (23122011)

    September 11, 2014 at 5:48 am

    ဝေရယ်

    အရေးကောင်း။ အတွေးကောင်းလိုက်တာ။
    ရွာသူမဖြစ်ခင် ဖတ်ခဲ့ပြီး အတော်သဘောကျခဲ့တယ်။
    အဲဒီတုန်းက မှတ်ချက်ပေးဖို့ တာဝန် မရှိသေးဘူးလေ။

    မောင်စိန်ဝင်း ရဲ့ ကဗျာတစ်ပုဒ် မှာတော့ လှေခါးထစ် တွေ ကို ပြောတယ်။
    အပေါ်ကိုရောက်လေ သွေးကဖြူလာလေတဲ့။
    အောက်ခြေမှာ သွေးက အနီဆုံးတဲ့။

    ကုလားထိုင် ကတော့ ကြာကြာ ထိုင်လို့ ဖင်မနာ မဲ့ ခုံဘဲ လိုချင်တယ်။
    lol:-)))

  • Yae Myae Tha Ninn

    September 11, 2014 at 11:34 am

    ကိုယ်လဲ ဆက်စပ်ပြီး ဒီပို့စ်ကို လာဖတ်တာ.. တော်တော် သဘောကျတယ်ကွယ်… အရေးကောင်း အတွေးကောင်းလေးပါ… 🙂 ကျွန်တော်ကတော့ လက်ရှိ အဲဒီထိုင်ခုံထက် တက်စီ ထိုင်ခုံလေးထိုင်ပြီး တက်စီမောင်းစားဖို့ စဉ်းစားနေတယ်.. အပေါ်လဲ မမော့ချင်ဘူး.. အောက်လဲ မငုံ့ချင်ဘူး… ဘေးတိုက် ဘယ်သွားမှာလဲ ဘယ်လောက်လဲ… ဒါပဲ စိတ်ဝင်စားတော့တယ်.. 🙂

  • Novy

    September 11, 2014 at 4:12 pm

    ဆယ်စုနှစ် ၂ခုနီးပါး ခုံပေါင်းစုံထိုင်လာခဲ့တော့
    အရမ်းကိုညည်းငွေ့နေပါတယ်
    တစ်ခါတစ်လေတော့ လွတ်လွတ်လပ်လပ်ပြေးလွှားခြင်မိတယ်
    လဲလျောင်းခြင်မိပါရဲ့
    ” လိုခြင်းတာဟာဆန္ဒ …. ကြုံဆုံနေတာဟာဘဝ…
    သဘောပေါက်ခဲ့တဲ့အရွယ် .. အခုတော့…မေ့ဘူး………………..”

Leave a Reply