မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးတစ်ရုံးချင်းစီအတွက် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရန် အထူးစီမံချက် ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်းက ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းရေးကို အထူးအစီအစဉ်များ ချမှတ်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်းကို ဖြေကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး တရားသူကြီးချုပ်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သည် တိုင်းဒေသကြီးအတွင်းရှိ တရားစီရင်ရေးကိစ္စရပ်များတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြသူများအနေဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ ကျူးလွန်မှုမရှိကြစေရန်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းလမ်းတကျ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရေးအတွက် အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အချိန်အထိ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တရားရုံးများမှ စောင့်ထိန်းရမည့် ဂုဏ်သိက္ခာ၊ ကျင့်ဝတ်စည်းကမ်းများ၊ ဝန်ထမ်းစည်းမျဉ်းများနှင့် မကိုက်ညီသည့် မြို့နယ် တရားသူကြီး(၁)ဦး၊ ဒုတိယမြို့နယ်တရားသူကြီး( ၂)ဦး၊ အကြီးတန်းစာရေး(၁) ဦးနှင့် အငယ်တန်းစာရေး(၁) ဦးတို့ကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ မြို့နယ်တရားသူကြီး(၁)ဦးကို သတိပေးခြင်း စသည့်ဝန်ထမ်းဆိုင်ရာ ထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ခဲ့သည့်အပြင် မိမိလက်အောက် တရားရုံးများ၏ တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများအပေါ် စိစစ်ကြီးကြပ်ရန် အားနည်းခြင်းများရှိခြင်းကြောင်း တွေ့ရှိရသည့် ခရိုင်တရားသူကြီး (၁)ဦးကိုလည်း နောင်တွင် အလားတူအားနည်းချက်များ ထပ်မံမဖြစ်ပွားစေရန် သတိပေးသည့် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ တရားရုံးအသီးသီးသို့ အခါအားလျော်စွာ လှည့်လှယ်ကြည့်ရှုစစ်ဆေးခြင်း၊ တွေ့ဆုံမှာကြား ခြင်းများ ပြုလျက် တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ အဂတိတရားများ ကင်းရှင်း ရေးတို့ အလေးပေးမှာကြားမှုများ ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ တရားစီရင်ရေးကဏ္ဍတစ်ခုတည်းသာ လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အဝှမ်း ဒေသအားလုံး လာဘ်ပေး လာဘ်ယူ ဆောင်ရွက်မှုပြုနေသော ဝန်ထမ်းများကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်လျှင် နိုင်ငံတော်၌ လာဘ်ပေးလာဘ်ယူမှု ကိစ္စများ ပပျောက် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
Ref : First Weekly

About chatsu

chat su has written 34 post in this Website..