ရောင်စုံဘောလုံးကလေးများ – ခင်မမမျိုး

kaiDecember 1, 20113min22213

ရောင်စုံဘောလုံးကလေးများ

တလောက ကျွန်မဆီကို ဩစတြီးယားနိုင်ငံက သူငယ်ချင်းတယောက် အလည်ရောက်လာပါတယ်။ သူ့ကရောင်စုံဘောလုံးကလေးတွေ ထည့်ထားတဲ့ အိတ်ကလေးကို သားလေးအတွက် လက်ဆောင်ပေးပါတယ်။ သားလေးကလဲ ထုံးစံအတိုင်း ချက်ချင်းယူဆော့တော့တာပါပဲ။

ဒီလိုနဲ့ ကော်ဖီခါးခါးလေးကို စတော်ဘယ်ရီ cheesecake လေးနဲ့ တွဲဖက်စားပြီး စကားကောင်းနေကြရင်း၊ သူက အနားမှာ ကစားနေတဲ့ သားလေးဆီ ရုတ်ခြည်း ထသွားပါတယ်။ သားလေးဘေးမှာ ဒူးထောက်ထိုင်ချလိုက်ရင်း ဘောလုံးလေးတွေကို ဘာလို့ခွဲခြားပြီး ကစားနေတာလဲလို့ သူက မေးပါတယ်။ သူပြောတော့မှ ကျွန်မလဲ သတိထားမိပြီး၊ သားလေးကစားနေတဲ့ ဘောလုံးလေး တွေကို ကြည့်လိုက်တော့ အဝါရောင် ဘောလုံးလေးတွေက တစု၊ တခြား ဘောလုံးလေးတွေက တစုနဲ့ သီးခြားဆီ ပုံထားတာ တွေ့ရပါတယ်။

သားလေးကတော့ မပီကလာ၊ ပီကလာ အသံကလေးနဲ့ သူက အဝါရောင်ဘောလုံးတွေကိုပဲ ကြိုက်လို့၊ တခြားဘောလုံးတွေကို ဖယ်ထုတ်ပစ်နေတာလို့ ဆိုပါတယ်။ ဒီတော့ သူက ကျွန်မဘက်လှည့်ပြီး သားလေးရဲ့ အကြိုက်ဆုံးအရောင်က ဘာအရောင်လဲလို့ မေးပါတယ်။ ကျွန်မကလဲ အနီနဲ့ အဝါလို့ ဖြေလိုက်တော့ အခန်းထဲမှာ ရှိနေတဲ့ အနီရောင်နဲ့ အဝါရောင်ကားရုပ်များစွာကို သူက မျက်လုံး ဝေ့ကြည့်လိုက်ပါတယ်။

ပြီးတော့မှ သူကြိုက်တဲ့ အရာတွေကိုပဲ ပံ့ပိုးပေးနေရင် မကြိုက်တဲ့အရာတွေကို လက်ခံအသိအမှတ်ပြုနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး အားလျော့သွားမှာပေါ့လို့ ကျွန်မကို ပြောပါတယ်။

ကျွန်မလဲ သူပြောလိုက်တဲ့ စကားကြောင့် ခေတ္တငြိမ်သက်ပြီး၊ အတွေးစလေးတွေနဲ့ မှင်သက်သွားမိ ပါတယ်။

ကျွန်မ အသိပြန်ဝင်လာချိန်မှာ သူကတော့ သားလေးနဲ့ တူတူ ထိုင်ပြီး ဘောလုံးလေးတွေကို ပေါင်းစပ်ကစားဖို့ တိုက်တွန်းနေခဲ့ပါပြီ။

ပန်းရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင် ဘောလုံးလေးတွေကိုကိုင်ပြီး ဘာလဲလို့ မေးပါတယ်။ သားလေးကလဲ ပန်းရောင်ဘောလုံး၊ အပြာရောင်ဘောလုံး၊ အစိမ်းရောင်ဘောလုံး၊ အဝါရောင်ဘောလုံး ဆိုပြီး ပြန်ဖြေပါတယ်။ အားလုံးမှာ ဘောလုံးဆိုတာ တူတူပဲ မဟုတ်လားလို့ သူက ဆက်မေးပါတယ်။ ပြီးတော့မှ သားလေးရဲ့ အကြိုက်ဆုံးဘောလုံးအရောင်ကို ရွေးခိုင်းပါတယ်။ ပြီးတော့ အဝါရောင် ဘောလုံးအစုထဲက ဘောလုံးလေးတလုံးကို ကောက်ယူပြီး တခြားအရောင် ဘောလုံးတလုံးစီကိုလဲ ရွေးထုတ်လိုက်ပါတယ်။ နောက်တော့ အဝါရောင်ဘောလုံးအစုလေးနဲ့ ရောင်စုံဘောလုံး အစုလေးကို ယှဉ်ပြပြီး ဘယ်အရာက ပိုလှလဲလို့ မေးတော့ သားလေးက ရောင်စုံဘောလုံး အစုလေးကို လက်ညှိုးထိုးပြပါတယ်။

ပြီးတော့မှ အကြိုက်ဆုံးအရောင်ကို ရွေးချယ်ခွင့်ရှိတယ်ဆိုပေမယ့်၊ ဒီဘောလုံးအိတ်လေးထဲမှာက တခြားအရောင်ဘောလုံးလေးတွေလဲ ရှိတယ် ဆိုတာတွေ၊ ကိုယ့်ကြိုက်တဲ့ ဘောလုံးလေးတွေနဲ့အတူ တခြားဘောလုံးလေးတွေ အတူတွဲပြီး ထားရင်လဲ လှလှလေးရှိတတ်တယ်ဆိုတာတွေ၊ ကိုယ်ကြိုက်တဲ့ ဘောလုံးလေးတွေကိုပဲ ခွဲထုတ်ပြီး သီးခြားမထားသင့်ဘူး ဆိုတာတွေကို အေးအေးဆေးဆေးနဲ့ ရှင်းပြနေပါတယ်။

နောက်တော့ အရောင်ဆိုတာက အပေါ်ယံအလှဆင်ထားတာဖြစ်ပြီး၊ ဘောလုံးဆိုတာက အတူတူပဲ ဆိုတာကို ရှင်းပြပြီး၊ ကျွန်မရဲ့ ကွန်ပြူတာလေးကို သုံးခွင့်တောင်းပါတယ်။ အင်တာနက်ပေါ်မှာ လူပုံလေးတွေကို ဦးထုပ်ဆောင်းလိုက်၊ အဝတ်အစားမျိုးစုံ ဝတ်ပေးလိုက်၊ အရောင်မျိုးစုံ ချယ်ပေးလိုက် လုပ်လို့ရတဲ့ ပရိုဂရမ်လေးကို ဖွင့်ပြီး၊ သားလေးနဲ့ တူတူ ကစားရင်း၊ အရောင်တွေဆိုတာ အပေါ်ယံဆိုတာကို သားလေးကို ပြောပြနေခဲ့ပါတယ်။

ကျွန်မကတော့ သူနဲ့ သားလေးကို ကြည့်ပြီး၊ ဘာတခုမှ ဝင်မပြောနိုင်ခဲ့ပါ။ သားလေးက အနီရောင်နဲ့ အဝါရောင်လေးတွေ ကြိုက်တာကို သတိပြုမိပြီး၊ ဘာအရုပ်ပဲဝယ်ဝယ်၊ အဝါရောင်နဲ့ အနီရောင်အရုပ်လေးတွေကိုပဲ လိုက်ဝယ်ပေးနေမိခဲ့တာဟာ ကွဲပြားမှုတွေကိုပဲ မီးမောင်းထိုးပြနေခဲ့ မိတာပါလားလို့ တွေးလိုက်မိပါတယ်။ ကျွန်မရဲ့ မျိုးဆက်သစ်လေးကို ကြိုက်တာတွေ ရွေးချယ်ခွင့် ရှိပေမယ့်၊ တခြားအရာတွေကိုလဲ အသိအမှတ်ပြု လက်ခံလာအောင်၊ အခြေခံ တူညီမှုတွေကို သတိပြုမိလာအောင်၊ ကြိုက်တာတွေကိုပဲ သီးခြားခွဲထုတ်ထားတာမဟုတ်ပဲ တခြားအရာတွေနဲ့ ပေါင်းစည်းထားမှုကနေ ထွက်ပေါ်လာတဲ့ အလှတရားကို မြင်တတ်လာအောင် သင်ပေးဖို့ ကျွန်မ လုံးဝ သတိမမူမိခဲ့တာကိုလဲ နောင်တရသွားမိပါတယ်။

အဲဒီနေ့က သားလေးအတွက် ဘဝသင်ခန်းစာကောင်းကောင်းလေး သင်ပြပေးခဲ့တာကို ကျေးဇူးတင်စကား သေချာပြောမိပါတယ်။ သူက ကွဲပြားမှုကို လက်ခံပြီး၊ ပေါင်းစည်းခြင်းအလှကို မြင်နိုင်တဲ့ အရည်အချင်းရှိလာဖို့ လူကြီးတွေက စပြီး ကြိုးစားပါမှ မျိုးဆက်သစ် ကလေးတွေကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်ကြောင်း ဆက်ပြီး ရှင်းပြနေတာကြောင့် ဘောဂဗေဒ ပါရဂူဘွဲ့ မတက်ပဲ လူမှုဗေဒ ပါရဂူဘွဲ့ တက်သင့်တယ်လို့ ကျွန်မက စနောက်ပြီး ပြန်ပြောရပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ရောင်စုံဘောလုံးကလေးများ သင်ခန်းစာကြောင့် အခုဆိုရင် သားလေးကတော့ အရုပ် အရောင်ပေါင်းများစွာနဲ့ ပေါင်းစပ်ပြီး ကစားတတ်သွားခဲ့ပါပြီ။ ကျွန်မကတော့ ပေါင်းစည်းခြင်းရဲ့ အလှတရားကို မြင်တတ်သွားတဲ့ သားလေးအတွက် ကြည်နူးမိရင်း၊ ကွဲပြားခြားနားမှုတွေကိုပဲ မီးမောင်းထိုးမပြမိအောင်လဲ သတိနဲ့ ရှောင်ရှားရင်း—————-

ခင်မမမျိုး (၃၀၊ ၁၁၊ ၂၀၁၁)

13 comments

  • MaMa

    December 1, 2011 at 9:15 am

    ကောင်းလိုက်တဲ့ အိုင်ဒီယာလေးပဲ။
    ဒီမှာလည်း အလွယ်ပြောနေကြတဲ့ ဒီမိုကရေစီကို သေသေချာချာနားလည်ပြီး လိုက်နာနိုင်ကြဖို့ ကိုယ့်ကိုကိုယ်တောင် အတော်ကြီးကို ပြုပြင်ယူရဦးမှာပါလားလို့ တွေးမိတယ်…

  • zaymdy

    December 1, 2011 at 10:50 am

    တွေးတက်ရင် အများကြီးသင်ခန်းစာ ယူလို.ရပါတယ်ဗျာ.. မြန်မာပြည်က ဆရာမလေးတွေလည်း အလို. Knowledge တွေကို ကလေးများကို ပြန်လည်းသင်ကြားပေးပိုနိုင်ပါစေလို. ဆုတောင်းရင်းး အားပေးသွားပါတယ်ဗျာ…

  • ကြောင်လတ်

    December 1, 2011 at 12:16 pm

    ကလေးဘဝကတည်းက တကယ်လုပ်ပေးသင့်တဲ့ အလေ့အကျင်းလေးလို့ထင်ပါတယ်။
    အကျယ်ချဲ့တွေးမယ်ဆိုရင်လဲ လေးနက်တဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်။

  • သူက ကွဲပြားမှုကို လက်ခံပြီး၊ ပေါင်းစည်းခြင်းအလှကို မြင်နိုင်တဲ့ အရည်အချင်းရှိလာဖို့ လူကြီးတွေက စပြီး ကြိုးစားပါမှ မျိုးဆက်သစ် ကလေးတွေကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်ကြောင်း
    ခုစာသားလေးတွေကို ကြိုက်လို ့ပါနော်။

  • koyinmaung

    December 1, 2011 at 12:47 pm

    သတိထားစရာပါလား
    အလွန်ကောင်းတဲ့ပို့စ်လို့ဆိုချင်ပါတယ်….

  • ကြောင်ကြီး

    December 1, 2011 at 12:51 pm

    ထောက်ခံပါတယ်။ တခုတော့ရှိတယ် ခွေးတွေကတော့ မကောင်းဘူး။ ဒီကောင်တွေကို အိမ်ထဲအဝင်မခံနဲ့။ 😡

  • Wow

    December 1, 2011 at 1:29 pm

    ဝင်အားပေးသွားပါတယ်.
    “သူကြိုက်တဲ့ အရာတွေကိုပဲ ပံ့ပိုးပေးနေရင် မကြိုက်တဲ့အရာတွေကို လက်ခံအသိအမှတ်ပြုနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး အားလျော့သွားမှာပေါ့”
    ငယ်စဉ်ကထဲက ပြုစုပျိုးထောင်ရမယ့် မြင့်မားသောစိတ်ဓာတ်ထားနည်းလို့ခံစားမိပါတယ်။
    စိတ်ဓာတ်နဲ့ပတ်သက်ပြီး ဖတ်ဖူးတဲ့စာတစ်ခုကတော့..
    (လူတွေကိုယ့်ကိုစော်ကားတဲ့အခါ စော်ကားတဲ့သူတွေ လိုက်မမီလောက်တဲ့အထိ ကိုယ့်ရဲ့စိတ်ဓာတ်ကို ကိုယ့်ဘာသာ မြှင့်တင်ထားလိုက်တယ်…
    ရီနေဒေးကားစ်)

  • သုံးလေး

    December 1, 2011 at 3:46 pm

    နဖူးပေါ် လက်တင် စဉ်းစားဖွယ် ။

  • Khin Latt

    December 1, 2011 at 4:07 pm

    အရမ်းကို တန်ဖိုးရှိတဲ့ သင်ခန်းစာ လေးပါဘဲ။ လူတိုင်းအသေအချာ တွေးတော ပြီး ကျင့်ကြံ လိုက်နာသင့်ပါတယ်။

    “”” —– အရောင်တွေဆိုတာ အပေါ်ယံဆိုတာကို သားလေးကို ပြောပြနေခဲ့ပါတယ်။ —— “””
    ကျွန်မတို့ အားလုံး ဟာ အဲဒီ အပေါ်ယံအရောင်တွေ ရဲ့ ဆေးဆိုးခြင်းကို ခံနေရပြီး ရတဲ့ ဘဝ တိုတို လေးမှာ တစ်ဦးကိုတစ်ဦး မေတ္တာ ဂရုဏာ မုဒိတာ မထားနိုင်ကြတော့ ဘဲ ကိုယ်ကျိုးအတ္တ တွေ ရဲ့ နောက်ဆက်တွဲ အမုန်းစစ်ပွဲ တွေနဲ့ ပူလောင် နေရတာပါ။
    စဉ်းစားတတ် ရင် အားလုံး ဟာ ရိုးရိုး ရှင်းရှင်းလေးပါဘဲ။
    ဒီလို Post အတွက် ကျေးဇူးတင်ပါတယ်။
    Let me share this post .. please. 🙂

  • E.T

    December 1, 2011 at 4:24 pm

    ရိုးရိုးရှင်းရှင်းလေးနဲ ့ ထိထိမိမိပြောသွားတာကို ကြိုက်တယ်ဗျာ။ သင်ခန်းစာတွေ အများကြီးယူရဦးမယ်။ ကျေးဇူးပါဗျာ။

  • alinsett

    December 1, 2011 at 6:47 pm

    ကောင်းပါတယ် ။ ပြောချင်တာလေးကို ရသမြောက် မြောက် ပြောသွားနိုင်တာက ချီးကျူး အတုယူစရာပါပဲ။

  • pooch

    December 1, 2011 at 9:12 pm

    အတွေးကို လှလှလေးနဲ့ ရသမြောက်အောင်ပေးနိုင်လို့ စာစုလေးကို အင်မတန်သဘောကျပါတယ်
    ဟုတ်ပါတယ် ကိုယ်ကြိုက်တာတွေနဲ့ အတူ ကိုယ်မကြိုက်တာတွေကိုပါ လက်ခံတတ်အောင် ကျမတို့ တွေ အများကြီး သင်ယူရအုန်းမှာပါ..

    အဲ့ဒီလို လက်ခံတတ်အောင် သင်ယူတဲ့နေရာမှာလည်း သူကြီးကျေးဇူးနဲ့ ဒီဆိုဒ်လေးကလည်း တကယ့်ကို အခန်းကဏ္ဍတခုကနေ ပါဝင်နေတယ်လို ခံစားမိပါတယ်…

  • အဂျစ်

    July 17, 2012 at 8:33 am

    လုံးဝမထင်မှတ်တဲ့ အတွေးဗျာ အော်ဇီကတဲ့၊ AB ဖော၊Kဘုန်းကျော် ၊ အခု သဇင့်ဘဲ ၊ ဘာပဲဖြစ်ဖြစ် အော်ဇီစနစ် နဲ့ အတွေးခေါ်တွေလေ့လာရတာပေါ့ ၊ (မလိုက်နာနိုင်သေးပါ)

Leave a Reply