တော် ,မတတ်

ကြောင်လတ်December 1, 20111min11110

တော်,မတတ်

တနေ့ ကျနော် ကွန်ပျူတာရှေ့ထိုင်နေတုန်း ဒုတိယတန်း တက်နေတဲ့ သားလေးရောက်လာပြီး သချင်္ာ ပုစ္ဆာတစ်ပုဒ် မတွက်တတ်လို့ လာမေးပါတယ်။ ကျနော်က ရှင်းပြပေးပြီးသူ့ ကိုလိုက်ရေးခိုင်းပါတယ်။ လိုက်မရေးပါဘူး။ သူ့ဆရာမ သင်တာနဲ့မတူဘူးလို့ပြောပါတယ်။ သချင်္ာဆိုတာ ပုံစံအမျိုးမျိုးတွက်လို့ရတယ်၊ တွက်နည်းအဆင့်နဲ့ အဖြေမှန်ဖို့လိုတယ်လို့ ထပ်ရှင်းပြပါတယ်။လက်မခံပါဘူး၊လိုက်မရေးပါဘူး။ ဒါနဲ့အတင်းအော်ငေါက်ပြီးရေးခိုင်းရပါတယ်။ သဘောတရားကိုလည်း နားလည်အောင်ရှင်းပြပါတယ်။ ပုံစံတူ တစ်ပုဒ်ကိုလည်းထပ်တွက်ခိုင်းလိုက်တော့ သဘောပေါက်ပြီးတွက်လို့ရပါတယ်။ ဒါပေမဲ့ စာအုပ်ထဲမှာ ရေးထားတွက်ထားတဲ့ဟာကို သူသံသယ ရှိနေပုံရပါတယ်။ တအောင့်ကြာတော့ သူ့သူငယ်ချင်းရောက်လာပြီး မင်းတွက်ထားတာမှားတယ်၊ ဆရာမက အဲလိုမတွက်ဘူးလို့ပြောနေသံကြားရပါတယ်၊ ကျနော့ သားက တိုးတိုးပြန်ပြောပါတယ်။ ခနကြာတော့ ကျနော် မသင်္ကာလို့အပြင်ထွက်ကြည့်တော့ စာအုပ်ထဲက ရေးထားတာကို ခဲဖျက်နဲ့ ဖျက်နေတာတွေ့ပါတယ်။ ကျနော်က သားကို မဖျက်ရဘူး ဒီအတိုင်းထားလို့ပြောလိုက်မှ ငိုမဲ့မဲ့နဲ့ ပြန်ရေးနေပါတယ်၊သူ့သူငယ်ချင်းလဲ ပြန်သွားပါတယ်။

ညနေကျောင်းကပြန်လာတော့ သားကပြောပါတယ်၊ ဆရာမက သူ့ ကိုအမှတ်မပေးဘူး၊ပြန်တွက်ခိုင်းတယ်လို့ ဆိုပါတယ်။ ဘာကြောင့် အဲဒီလိုလုပ်သလဲ စဉ်းစားမရပါ၊ ကျောင်းသားအများကို စာစစ်ရတော့ တစ်ပုံစံတည်းဖြစ်မနေရင် သူအသေးစိတ်လိုက်ပြန်စစ်နေရမှာစိုးလို့လား၊ ကလေးတွေကို စဉ်းစားတတ်တဲ့အကျင့် ကိုလေ့ကျင့်မပေးတော့ဘူးလား၊ အတန်းငယ်နေသေးလို့လား၊ ကျနော်စဉ်စားလို့မရပါ၊ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။

တနေ့ ဆဌမတန်း တက်နေတဲ့ သမီးအကြီး က  ဖေကြီး ဒီတပတ်လည်းသမီး ဝမ်းတူတန်း  ဝင်တယ် သမီးကိုအရုပ်ဝယ်ပေးရမယ်လို့ ပူစာရင်း အဆင့် လေး ရတဲ့ ရီပို့ ကဒ် ကိုယူလာပြီးပြောပါတယ်။ သမီးကြီးကတော့ စာတော်တယ်ဆိုတဲ့ အနေအထားမှာရှိနေပါတယ်။ သချင်္ာနဲ့ အင်္ဂလိစာ အမှတ်တွေကြည့်လိုက်တော့  ၉၀  အထက်မှာပါ။ ဒါနဲ့ သချင်္ာပုစ ္ဆာတစ်ပုဒ်ကို နဲနဲလှည့်မေးလိုက်တော့ သူမတွက်တတ်ပါဘူး၊ ပုံသေနည်းအချို့ ကို မေးကြည့်တော့ သိနေပေမဲ့ အခြေခံသဘောတရားနဲ့ ဒီပုံသေနည်းတွေ ဘယ်လိုဆက်စပ် အသုံးပြုသလဲ ဆိုတာ သူမသိပါဘူး၊ ပုစ ္ဆာတစ်ပုဒ်ကိုအလွတ် ရနေတဲ့ သဘောပါ၊ အင်္ဂလိပ်စာအခြေခံအချို့ ကိုမေးတော့လည်း ယောင်ဝါးဝါး ပါ။သူတို့ ဖြစ်နေပုံ က တွေးတတ်ရေးတတ်အောင် သင်ပေးထားတာမဟုတ်ပဲ နှုတ်တိုက် သင်ပေးထားတဲ့သဘောဖြစ်နေပါတယ်။ သူတို့ ကိုလက်ရှိသင်နေတဲ့ သင်ရိုးညွှန်းတန်း(တလစာ) ကို (ဒီတလအတွင်း) သေချာ သိနေတဲ့သဘောပါ၊ စာသင်ခန်းထဲမှာတော့ ဒီလိုမေးလို့ ဒီလိုဖြေနိုင်တာကို စာတော်တယ်လို့ သတ်မှတ်လို့ ရပေမဲ့ ကျနော်အနေနဲ့ သူ့ကို စာတတ်တယ်လို့ မသတ်မှတ်နိုင်ဖြစ်နေပါတယ်။ ကျနော့အယူအဆ ကို အများလက်ခံနိုင်ကြပါ့မလားတော့ မသိပါ။ ဒီလိုသင်နေတဲ့ စနစ်တွေကို ပြုပြင်သင့်ပါတယ်။ ကျနော်တို့ခေတ်ဆရာ/မ တွေလို ပုစ​ ္ဆာတစ်ပုဒ် ကို အမျိုးမျိုးလှည့်တွက်ပြ၊ အမျိုးမျိုးလှည့်မေး တာတွေ မရှိကြတော့ဘူးလား၊ နားမလည်တဲ့ကလေးတွေကို အိမ်မှာ  ခေါ်ပြီးအချိန်ပိုသင်ပေး၊နေမကောင်းရင်ဆေးပါကုပေး၊စတာတွေ မရှိတော့ပါ၊ ကျောင်းဆင်းရင် တချို့နေရာမှာ ကျူရှင်ဖွင့် ၊ ညနေ ရောက်ရင် အချိန်ပိုင်းလိုက်သင်၊ မနက်ကျောင်းမတက်ခင် ကျူရှင်ပြနဲ့ နဘမ်းလုံးနေကြရပါတယ်။

ဒါဘာကြောင့်ပါလဲ၊ အထက်မှာကျနော်ပြောနေတာ ဆရာ/မတွေကို အပစ်ပြောနေတာမဟုတ်ပါ၊ ကျနော်တို့ခေတ်က ဆရာ/မတွေဟာ ကျနော်တို့ ကိုအထက်ကပြောသလို သင်နိုင်ခွင့်ရခဲ့ကြပါတယ်။ အခု  အသက် လေးဆယ့်ငါး ၊ငါးဆယ်ကျော်သက်တမ်းတွေပေါ့။ လေးဆယ်အောက် ဆရာ/မတွေနဲ့ အခုမှ အလုပ်ဝင်လာတဲ့ သဆရာ/မ တွေ ဒီအခွင့်အရေးကိုမရကြတော့ပါ။ ကျနော်တို့ခေတ်ကသင်သလို လုပ်နေရင်  သူတို့ ရဲ့မိသားစု ဘဝရပ်တည်ရေး၊ စားဝတ်နေရေး၊ သူတို့ သားသမီးတွေ ပညာရေး၊ ကျန်းမာရေးကို ဘယ်လိုဖြေရှင်းကြမလဲ၊ ပြည်သူတွေ(အော်နေကြတဲ့သူတွေ) ဒါကို အမြင်မှန်နဲ့သိစေချင်ပါတယ်။

တကွက် ကာတွန်းတွေမှာ၊ လူပျက်တွေပျက်တဲ့အခါတွေမှာ၊ သတင်းဌာနတွေကနေ အော်နေတဲ့အထဲမှာ ဆရာ/ဆရာမတွေ ကျူရှင်သင်နေတဲ့အကြောင်းတွေ ၊ရေးကြ၊ပျက်ကြ၊အော်ကြ လုပ်နေပါတယ်။ ဒါပေမဲ့ အဲဒီလိုဘာကြောင့်ဖြစ်နေရတာလဲဆိုတဲ့ အခြေခံ အရင်းအမြစ် ကို မြင်အောင်ကြည့်ပြီး/ရှာပြီး ဘယ်လိုလုပ်ပေးရမလဲ၊ ဘယ်လိုလုပ်ပေးသင့်သလဲ၊ ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတာ ဘယ်သူမှ ပြောသံ အော်သံမကြားရပါ။ ဆရာ/မ တွေကျူရှင်မသင်ရ ဆိုတဲ့အမိန့်တွေ ပညာရေးဝန်ကြီးဌာန ကထုတ်တာ ကြားဖူးလိုက်ပါတယ်၊ ရေရှည်မအောင်မြင်ပါဘူး။ ဘယ်အောင်မြင်မလဲ၊ ကျူရှင်မသင်ရရင် အလုပ်ထွက်ပြီးကျူရှင်ပဲ ပြစားတော့မှာပေါ့။ အကြောင်းအရာ တိုင်းမှာ အခြေခံ အရင်းအမြစ်ရှိပါတယ်၊ အဲဒါကို  ပြေလည်အောင်ဖြေရှင်းမပေးသမျှတော့၊ ဒီကိစ္စတင်မဟုတ် ၊ဘယ်ကိစ္စမှ …………………

ကျနော်ကျောင်းဆရာ တစ်ယောက်မဟုတ်ပါ။

လေးစားစွာဖြင့်

ကြောင်လတ်။

(ပုသိမ်မြို့ မှ ဆရာဦးလှကြည်၊ ဆရာမ ဒေါ်မြသွင်၊ဆရာမဒေါ်စန်းစန်းဝင်း၊ ဆရာမ ဒေါ်ကြည်ကြည်မြင့် (ကွယ်လွန်)၊ရန်ကုန်ပြောင်းသွားတဲ့ ဆရာမ ဒေါ်အေးနှစ်) တို့ကို ဒီစာဖြင့် သတိတယ ကန်တော့ပါတယ်။

10 comments

  • koyinmaung

    December 1, 2011 at 2:48 pm

    ဒါကြောင့်လဲဆရာဦအောင်သင်းကပြောတာပေါ့
    ခလေးတွေလဲ ၏သည်မရွေးအလွတ်ကျက်ဖြေနေရလို့
    ကျက်ဆယ်တန်းတဲ့လေ…

  • nozomi

    December 1, 2011 at 3:00 pm

    ကျွန်တော်လဲ အဲဒီကိစ္စ ပြောချင်နေတာ ကိုကြောင်လတ် ပြောတာ အတော်ဖြစ်သွားတယ်
    သင်္ချာမှ မဟုတ်ပါဘူး ဘာသာတိုင်းကို အဲဒီလို ဖြစ်နေတာပါ
    အင်္ဂလိပ်စာ စာလုံးပေါင်း မှားလို့ ပြင်ပေးရင်တောင် ဆရာမ ပြောတာအမှန်ပဲဆိုတာမျိုးဖြစ်နေတယ်
    နောက်ဆုံး စူစမ်းတဲ့ဉာဏ် ရအောင် သင်ပေတဲ့ သဘာဝ သိပံတောင် ကျောင်းက သင်တဲ့အတိုင်းကလွဲရင် လက်မခံဘူး ၊ အပင်သေး အပင်ကြီး ဆိုတာမျိုးမှာ ကျောင်းက သင်တဲ့ထဲ မြက်ပင်က အပင်သေးပါလို့ မပါရင် ဘယ်လိုပြောပြော မရတော့ဘူး ဘယ်လို လုပ်ကြမလဲ

    ခင်ဗျားတို့ ကျွန်တော်တို့ စကားတခွန်း ပို့စ် တစ်ခု နဲ့ ဘာမှ ဖြစ်မလာနိုင်သေးပေမဲ့ ၊ ကျွန်တော်တို့ အသံတွေ များလာရင် ခေတ်နဲ့ လိုက်ရောညီထွေဖြစ်အောင် မဖြစ်မနေ ပြောင်းကိုပြောင်းလာရမှာပါ

  • aye.kk

    December 1, 2011 at 3:38 pm

    တော် , မတတ်
    တပ်ကမတော်တဲ့..
    မတတ်တဲ့သူတွေ..
    အာဏာရလာပြီးကတည်းက..
    ပညာရေးမှာတင်မက..
    ငါးပါးရော သံဃာစင်ပါမှောက်တော ့တာပါဘဲ..။

  • naywoonni

    December 1, 2011 at 6:31 pm

    ပညာရေးက ခုထိ တစ်ကြောင်းဆွဲ ပဲရှိနေသေးတယ်…။ ကြောင်လတ်ရေ့………။ ပိုဆိုးလာတာက စာမေးပွဲအောင်ဖို့ ပဲ အဓိက ထားသင်နေတာ….။ တစ်ကယ် တတ်မတတ် ကို အရေးတစ်ယူမရှိတာပဲ…။ ခုဆိုရင်ကြားနေရတယ်…။ ကျူရှင်တွေ ဘော်ဒါတွေမှာ ရှိပြီးသား သင်ရိုးကို ကုန်အောင်မသင်ဖူးတဲ့…..။ စာမေးပွဲမှာမေးတတ်တဲ့ အပိုင်းတွေကိုလောက်ပဲ ရွေးပြီးသင်နေကြသတဲ့….။ နို့ ဒီသင်ရိုးတွေ ဘာကြောင့် ပြဌာန်းနေမလဲ….။ ဘယ်လောက်ပဲ အဆင့်ရှိတဲ့ သင်ရိုးဖြစ်ပါစေ အဆင့်ဆင့် သိသင့် တတ်သင့်တာလေးတွေတော့ရှိပေမပေါ့………. နော့ …။ ဒါကို ကျော်လွှားပြီး စာမေးပွဲမှာမေးတတ်သာလေးလောက်ပဲ ရွေးပြီးသင်တယ်…..ဆိုတော့ ဒါကျောင်းသားကိုရော မိဘကိုရော စော်ကားလိုက်တာပဲ…….။ ပိုက်ဆံယူပြီးတော့…………. ။ အဲဒိတော့ ကျောင်းသားတွေကလည်း သင်ရိုးအကုန်သင်တဲ့ ကျောင်းထက် ရွေးပြီးနဲနဲ ပဲသင်တဲ့ ကျူရှင်နဲ့ ဘော်ဒါကိုပဲ သွားကြတယ်…။

  • ကြောင်လတ်

    December 1, 2011 at 7:26 pm

    ကိုရင်၊ ကိုနို၊ ကိုနီ၊ မအေး၊ တို့ရေ..ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝ၊ ကျနော်တို့တွေ့ကြုံခဲ့ရတဲ့ ဆရာ/မ တွေနဲ့ အခု ကလေးတွေဘဝ က အကွာကြီးကွာသွားပါပြီ ။ ကိုးဆယ်တတ်သူကဆရာပြန်လုပ်၊ကိုနေပြောသလိုလျှော့သင်၊ ရှစ်ဆယ်ငါးပဲတတ်၊သူကဆရာပြန်လုပ်၊ ပြန်လျှော့သင်……….အဲဒီသံသရာကိုလည်လိုက်တော့…………
    ဒါလေးတွေကိုတဖြည်းဖြည်းပြန်ကောင်းလာစေချင် တဲ့စေတနာလေးပါ၊

  • KING

    December 1, 2011 at 9:09 pm

    ဘာမှတော့ ဝင်မမန့်တော့ပါဘူး
    အားလုံးပြောနေတာက ကောင်းလွန်းနေတော့ ….
    ဆရာအောင်သင်းရဲ့ အင်တာဗျူးလေးကို မျှဝေလိုက်ပါတယ် ….
    ဆရာအောင်သင်းသည် ၁၉၅၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသားတဦးဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အလွတ်ပညာသင် အထက်တန်းကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ် သင်ကြားပို့ချပေးခဲ့သည်။

    ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ်ပြုပြင်ရေးစာပေများ ရေးသားနေဆဲဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနှံ့ လူငယ်ပြုပြင်ရေး စာပေဟောပြောပွဲများကိုလည်း လိုက်လံဟောပြောနေသည်။

    ဆရာဖြတ်သန်းခဲ့သည့် ရန်ကုန် တက္ကသိုလ် ပညာရေးအခြေအနေ၊ လက်ရှိဖြစ်နေသည့် မြန်မာ့ပညာရေး၊ ပညာရေး ဝန်ထမ်းများ လာဘ်စားမှုအပေါ်ဆရာအမြင်၊ ယခု အစိုးရအပေါ် ဆရာ၏ ပညာရေး သုံးသပ်ချက်၊ အနာဂတ် ပညာရေးမျှော်မှန်းချက်၊ ပြည်တွင်းပြည်ပ လူငယ်များအပေါ်ဆရာ၏ ဆုံးမစကားများ စသည်တို့ကို မဇ္ဈိသတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။

    (မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်လည်း ဖြစ်သည်။)

    ပထမဆုံး မေးချင်တာက ဆရာတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အခြေအနေနဲ့ ပညာရေးဌာနတွေ အကြောင်း ပြောပြပေးပါ။

    aungthin“ပညာရေးဌာနမှာ အရင်တုန်းက Senate ရှိတယ်၊ Council ရှိတယ်။ Senate နဲ့ Council က ဆုံးဖြတ်တာ။ သမ္မတတို့ ဝန်ကြီးချုပ်တို့က
    နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဘက်က။ ဘာမှ တက္ကသိုလ်ကို ပြောခွင့်မရှိဘူး။ သူက ထောက်ပံ့ပေးရတာပဲ ရှိတယ်။ တက္ကသိုလ်က သူ့ရန်ပုံငွေနဲ့သူ သူ့အုပ်ချုပ်ရေးနဲ့သူ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ထဲမှာ ကိုယ်ပိုင်ဆေးရုံ ရှိခဲ့တယ်၊ ကိုယ်ပိုင် မြူနီစီပယ်လိုဟာမျိုး ရှိတယ်၊ အလုပ်သမား တန်းလျားတွေ ရှိခဲ့တယ်။ ကျနော်တို့ကို Senate က ပြဋ္ဌာန်းတယ်၊ Council က အုပ်ချုပ်တယ်။ ဒီလိုသွားခဲ့တာ အစိုးရက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ အင်္ဂလိပ် အုပ်ချုပ်တဲ့ လက်ထက်မှာတောင် ဘုရင်ခံက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ခင်ဗျားပြန်စဉ်စားရင် သိလိမ့်မယ်။ ၁၉၂ဝ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့တော့ ဘုရင်ခံက
    ကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ ရမယ့်မရဘဲနဲ့”

    ၁၉၆၂ မတိုင်ခင်က အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဖတ်မှတ်ဖူးပါတယ်။ အခုကျတော့ ပြောင်းပြန်ဖြစ်နေတဲ့ အနေအထားလို့ ပြောကြပါတယ်။ ဘာ့ကြောင့်ပါလဲ။

    “ပညာရေးစနစ်က ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့် ပျက်သွားတာ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ ပညာရေးရဲ့ အပေါ်ကို အစိုးရက လွှမ်းမိုးသွားတယ်။ အမှန်က အစိုးရသည် သူ့ပေါ်လစီနဲ့ သူသွား။ အဲဒီ ပေါ်လစီနဲ့ကိုက်အောင် ပညာရေးကလုပ်။ အထက်တန်းထိအောင်ကတော့ ပညာရေးဝန်ကြီးဌာနအောက် ထားလိုက်တော့။ တက္ကသိုလ်ရဲ့ အထက်ဘက်မှာ အရင်တုန်းက ဝန်ကြီးချုပ်ကတောင် မလွှမ်းမိုးနိုင်ဘူး၊ သမ္မတ ကတောင် မပြောနိုင်ဘူး”

    အခုခေတ် လူငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိဘူးလို့ ညည်းကြပါတယ်။ ဒီကျောင်းသားတွေကို ဆရာ ဘာပြောချင်ပါလဲ။

    “အဲဒါတော့ ကျနော်ပြောချင်တာက လွတ်လပ်ခွင့်ဟာ ပေးသင့်တဲ့နေရာတွေမှာ ပေးကိုပေးသင့်တယ်။ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ပေးတာဟာ သူတို့ကို လွတ်လပ်စွာ အော်ဟစ်ကြွေးကြော်ခွင့်၊ သူပုန်ထခွင့် ပေးတာမဟုတ်ဘူး။ အဲဒီဥစ္စာကို ပညာရှင်တွေက နားကိုလည်ရမယ်၊ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း နားလည်ရမယ်။ ငါတို့ လွတ်လပ်နေခြင်းသည် အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘူး၊ အစိုးရကို ဖီဆန်ဖို့ မဟုတ်ဘူး၊ ငါတို့ပညာရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်သာလျှင် ဖြစ်တယ်”

    လူငယ်တွေ ပညာတပိုင်းတစနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ ဒါဟာ ပြည်တွင်းမှာ ပညာရေး အခြေအနေ နိမ့်ကျနေတာကြောင့်လား။

    “ပညာရေး နိမ့်ကျမှုကြောင့် မဟုတ်ဘူးဗျ။ ကျနော်ပြောမယ် ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာ အခွင့်အလမ်း ရှားပါးတာ ရှိတယ်။ အဲဒါကျတော့ ကျနော် မပြောတတ်တော့ဘူး။ အဲဒါကျတော့ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်၊ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ သိပ်ကွာတာ မဟုတ်ဘူး။ တိုင်းပြည်တပြည်မှာ နိုင်ငံရေးကို ကြည့်ပြီးတော့ စီးပွားရေးကို လုပ်ရတာ။ အဲဒီနှစ်ခုလုံး မကောင်းလို့သော်လည်းကောင်း၊ ကောင်းလို့သော်လည်းကောင်း တခုခု ညံ့လို့ ဒီလိုဖြစ်နေတာပေါ့ဗျာ၊ ဒါပဲရှိတာပေါ့ဗျာ”

    အစိုးရဲ့ ပညာရေး အသုံးစရိတ်ပေါ်မှာလည်း သိပ်နည်းလွန်းတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ ဆရာကော ဘယ်လိုထင်ပါသလဲ။

    “ကျနော် တခုပဲပြောမယ်။ မိသားစုတစုမှာ ကျန်းမာရေးစရိတ်က ပထမဆုံး၊ ဒုတိယက ပညာရေး၊ ကိုယ့်သားသမီး ကျန်းမာရေးနဲ့ ပညာရေးထက် အရေးကြီးတာ မိဘတွေမှာ မရှိဘူး။ အဲဒီတော့ မိသားစုမှာရှိတဲ့ မိဘနှစ်ပါးက သားသမီးရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွကို တကယ့်ကို ရက်ရက်ရောရော၊ ကိုယ်ထမင်းတလုတ် လျှော့စားပြီးတော့ သို့မဟုတ်ရင် ကိုယ်လုံချည် တထည်လျှော့ဝတ်ပြီးတော့ ထောက်ပံ့ရင် အဲဒီမိသားစု ကြီးပွားတာပဲ။ တိုင်းပြည်တပြည်မှာလည်း အဲဒီလိုပဲ ကျန်းမာရေးနဲ့ ပညာရေးကို ရန်ပုံငွေ ဘယ်လောက်ထားသလဲ၊ ဘတ်ဂျက် ဘယ်လောက်ပေးသလဲ၊ ဒီအပေါ်မှာ မူတည်တာပဲ။ သူတို့ (အစိုးရ) ဘယ်လောက်ပေးသလဲ ကျနော်မသိဘူး”

    ပညာရေးအခြေအနေ နိမ့်ကျမှုနဲ့ တခြား ဆိုးတဲ့အခြေအနေတွေဟာ အစိုးရစီမံခန့်ခွဲမှု ညံ့တာကြောင့်လို့
    ဝေဖန်ကြတဲ့ အပေါ်မှာကော။

    “ကောင်းပြီ။ ကျနော် လူငယ်တွေကို မင်း .. ငါနဲ့ ပြောလေ့ရှိတယ်။ မင်းဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီပညာရေးစနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်း ပြောင်းနိုင်လား၊ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင်လုပ်ပေါ့။ အဖျင်းဆုံး စာဖတ်နေရမယ်၊ ဆည်းပူးနေရမယ်။ တဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်းဆည်းပူးရမယ်။ အဲဒီတော့ မင်းဘဝမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နဲ့ဆိုတော့ မင်းဘာသာမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်”

    သင်ကြားရေစနစ်တွေမှာ ကလေးဗဟိုပြုသင်ကြားရေးစနစ်၊ ဆရာဗဟိုပြု သင်ကြားရေစနစ် ဆိုပြီးတော့
    ပြောကြဆိုကြပါတယ်။ ဆရာကကော ဘယ်သင်ကြားရေးစနစ်ကို အလေးပေးလဲ။

    “တကယ့်ပညာရေးမှာ အကောင်းဆုံးက တခုတည်း ကျနော်ပြောမယ်။ ဘုရားက သူက သင်ပေးတာ မဟုတ်ဘူး။ သူက မေးသွားတာ။ ဘုရားရဲ့ သင်ကြားရေးစနစ်ကိုလည်း ခင်ဗျား .. သေချာကြည့်ပါ။ သူက မေးသွားတာချည်းပဲ။ သူကနေပြီးတော့ ဒါကို ကျက်၊ ဒါကိုမှတ်လို့ ပြောတာမဟုတ်ဘူး။ ဤအရာကို သင်မည်သို့ ယူဆသနည်း၊ ဒါကို သွားတာ ဆိုခရေးတီးရဲ့ သင်ကြားနည်းကလည်း ဒီအတိုင်းပဲ။ နောက်ပြီးတော့ ပညာရေး သီဝရီတွေထဲမှာလည်း ကလေးတွေကို ဒီဟာမှတ်၊ ဒီဟာမှတ်လို့ ပြောတာ မဟုတ်ဘူး။ သူ့စဉ်းစားဉာဏ်ကို နှိုးပေးရတာ။ သူ့ဘာသာသူ စဉ်းစားတတ်အောင် လုပ်ပေးရတာ။ ကလေးကို စဉ်းစားတတ်အောင် လုပ်ပေးတတ်လေလေ၊ ကလေးစဉ်းစားလေလေ အဲဒီဆရာ အောင်မြင်လေလေပဲ။ ကျနော်တော့ အဲဒီလို သဘောပေါက်တယ်”

    သင်ကြားမှု သင်ယူမှု အထောက်အကူ ပစ္စည်းတွေကကော။

    “အဲဒီ ပစ္စည်းကိရိယာပေါ့ဗျာ။ မူလတန်းလိုဟာမျိုးမှာတော့ သိပ်အရေးမကြီးပေမယ့် အထက်တန်းလို ဟာမျိုးကျတော့ ဥပမာ ကျနော်တို့ သိလောက်တော့ ဘာမှမရှိဘူး။ ပန်းချီကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ရုပ်ပုံကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ဒါ ကျနော် သိသလောက်ပြောတာ။ ကျောင်းကြီးတွေတော့ ရှိချင်ရှိမှာပေါ့။ နယ်တွေမှာတော့ ဘာမှမရှိဘူး”

    ပညာရေးဌာနတွေ ကျောင်းတွေမှာ လာဘ်စားမှုတွေကို ရန်ကုန်အစိုးရက တလောက ထုတ်ဖော်တယ်လို့ ကြားပါတယ် အဲဒီအပေါ်မှာကော။

    “ဒါက သက်ဆိုင်ရာ ဆရာ/ဆရာမတွေရဲ့ ပညာရေးမှာ လာဘ်စားမှုခေါ်တာပေါ့။ အတန်းတင်ပေးတာ အဆင့် ၁/၂/၃ ပေးတာ၊ ကျောင်းဝင်ခွင့်တောင်းတာ၊ အဲဒါမျိုးတွေ အများကြီးပေါ့။ အဲဒါတွေက ပျက်စီးနေတာ တော်တော်ကြာပြီ။ အခုလို လုပ်လိုက်တယ်ဆိုတာ ကျနော်တော့ တကယ်ဝမ်းသာတယ်။ အဲဒီတော့ ဌာနတွေရဲ့ လာဘ်စားမှုတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေး လာဘ်စားမှုလောက်ဆိုးတာ တခုမှ မရှိဘူးလို့ ကျနော်က ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တပြည်ရဲ့ အခြေခံအုတ်မြစ်က ကျန်းမာရေးနဲ့ ပညာရေးပဲ”

    ဆရာ ပညာရေးမှာ တာဝန်ယူခဲ့တုန်းကကော ဒီအခြေအနေတွေ ရှိခဲ့လား။

    “အရင်တုန်းကတော့ ရ တန်းဆိုပါတော့။ ကိုယ့်ကျောင်း ကိုယ်မစစ်ရဘူး၊ ကျောင်းချင်း လဲစစ်ရတယ်။ ခရိုင်ချင်း လဲစစ်ရတယ်။ ကျနော်ဆို အလယ်တန်းပြလုပ်တုန်းက ရေနံချောင်းက အဖြေလွှာကို ကျနော်စစ်ရတာ။ အခုဟာက ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တာ လုပ်လိုက်ကြတာပေါ့ဗျာ။ ဆိုတော့ ကျနော်က ရေနံချောင်းကဆိုတော့ အဖြေလွှာတွေက ဘယ်သူမှန်း ဘယ်ဝါမှန်းကို မသိဘူး။ ကျနော်က တောင်တွင်းကြီးက။ အဲဒီတော့ ဆရာ၊ ဆရာမ လာဘ်စားတာတွေက ဖော်လို့ကို မရဘူး။ ကျနော်က အရှိကိုအရှိအတိုင်း စစ်ပေးလိုက်တာပဲ။ နောက်တော့ သက်ဆိုင်ရာ ပညာရေးအရာရှိကနေ moderate လုပ်တာပေါ့။ ဘယ်လောက်ဆို အောင်ပေးသင့်တယ်၊ ဘယ်လောက်ဆိုကျတယ်ပေါ့။ သူတို့ဘာသာသူတို့ လုပ်ကြတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တိုင်း လုပ်နေကြတာကိုးဗျ”

    တိုင်းဒေသကြီး အစိုးရတွေအပေါ်မှာ ပညာရေး၊ ကျန်းမာရေး တိုးတက်လာဖို့ ဘယ်လောက်ထိ
    မျှော်မှန်းလို့ရနိုင်လဲ။

    “အခုတော့ဖြင့် ကျနော်မှန်းတာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အရင်ကနဲ့ မတူတော့ဘူး တိုင်းဒေသကြီးတွေမှာ သူ့ဘာသူ ဝန်ကြီးချုပ်တွေရှိတယ်။ အဲဒီဝန်ကြီးချုပ်တွေက အဲဒီ ပညာရေး၊ ကျန်းမာရေးမှာ အစွမ်းကုန် ကြိုးစားလာကြလိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ တိုင်းပြည်တပြည်ရဲ့ အခြေခံမှာ အရေးကြီးဆုံးအချက်က ကျန်းမာရေးနဲ့ ပညာရေး။ အခု ပညာရေးကို စလုပ်နေပြီ။ ကျန်းမာရေးကိုလည်း တော်တော်များများ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားတယ်”

    ပြည်ထောင်စု အစိုးရအပေါ်မှာကော။

    “ကျနော့် စိတ်ထဲမှာ ကျနော် အမှန်အတိုင်းပြောတာ အခု အစိုးရ လုပ်တဲ့ဟာတွေကို အများကြီး ကျနော် မျှော်လင့်ချက် ထားတယ်။ ကျနော် သိပ်ကိုမျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ဒေသဖွံ့ဖြိုးရေးတွေ၊ ကျေးလက်ဖွံ့ဖြိုးရေးတွေ၊ ဆင်းရဲသူ ပပျောက်ရေးတွေ အခု တော်တော့်ကို ကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတယ်။ အရင်တုန်းက အဲဒါမျိုး သိပ်မကြားခဲ့ဖူးဘူး။ အခု နေပြည်တော် ဆိုပါတော့ဗျာ၊ ဌာနချုပ်ကနေစပြီး စိတ်ဝင်စားတော့၊ နယ်တွေမှာရှိတဲ့ ဒေသကြီးဝန်ကြီးချုပ်တွေကအစ သူတို့တွေက အကုန်လုံး လှုပ်ရှားတက်ကြွ ပါဝင်လာကြလိမ့်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သူတို့ချင်းလည်း အပြိုင်အဆိုင် လုပ်လိမ့်မယ်လို့ ထင်တယ်။ ဒီလိုမှ အစွမ်းအစ မပြုဘူးဆိုရင် ပြုတ်ပေါ့ဗျာ .. ဒါပဲ။ တတ်နိုင်တယ် ကျုပ်မပြောတတ်ဘူး”

    ပညာ ပညာလို့ ပြောနေကြတာ ဒီပညာ ဆိုတဲ့ စကားလုံးကို ဆရာဘယ်လို အဓိပ္ပာယ်ဖွင့်လဲ။

    “ပညာဆိုတာ ခင်ဗျားပြောသလို ကျုပ်လည်းပဲ မမေးရင် သိတယ်၊ မေးရင် မသိတော့ဘူးဆိုတာ ကျနော်လည်း ကျန်ခဲ့တဲ့ လေးငါး ဆယ်နှစ်လောက်ကမှ သဘောပေါက်တယ်။ သိင်္ဂသူ့သမီးကျောက်စာမှာ ဆုတောင်းလေး တခုပါတယ်။ ရေးထားတာ ဘာလဲဆိုတော့ .. ငါလည်းတဲ့ ပညာမရှိသော မိုက်သော မဖြစ်ဟူ၍တဲ့။ ပညာရှိသော အကြောင်းကို သိသောသူ ဖြစ်ရလို၏ဆိုတာ ပညာရှိတယ်ဆိုတာ အကြောင်းကို သိတာပဲ”

    “အကြောင်းအကျိုးမသိတဲ့ သူဟာ လူ့ဘဝမှာ မအောင်မြင်နိုင်ဘူး။ တိုင်းပြည်တခုရဲ့ ခေါင်းဆောင်ဟာ ပညာမတတ်ရင် အဲဒီတိုင်းပြည် ဒုက္ခရောက်တယ်။ ဆွေမျိုးတမျိုးထဲမှာ ခေါင်းဆောင်လုပ်နေတဲ့ ဖခင်ဖြစ်စေ၊ ဘကြီးဖြစ်စေ၊ အဖိုးဖြစ်စေ ဦးဆောင်နေတဲ့သူက အကြောင်းအကျိုးကို ဆင်ခြင်နိုင်စွမ်းမရှိရင် တမျိုးလုံးပြုတ်ပဲ .. ဒါပဲ။ အောက်တန်းကျသွားတာပဲ .. ဒါပဲ။ အဲဒီအထဲကမှ အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့သူက ခေါင်းဆောင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံတွေ ဖွံ့ဖြိုးတယ်ဆိုတာ ခေါင်းဆောင်က အကြောင်းအကျိုးသိလို့ပေါ့”

    အချိန်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဆုံးမစကား ပြောပေးပါဦး။

    “ကျနော် စာတွေထဲလည်း ထည့်ရေးတယ်၊ ဟောပြောပွဲတွေမှာလဲ ပြောတယ်။ အရင်ကတော့ ဒီလောက်မပြောဘူး။ ဘဝဆိုတာဘာလဲ၊ မွေးတာနဲ့ သေတာရဲ့ ကြားကာလ မမွေးခင် ဘဝမဖြစ်ဘူး မွေးမွေးချင်း သေသွားရင် ဘဝမရှိဘူး။ အဲဒီကြားကာလ ကြားကာလဆိုတာ အချိန်ပဲ။ အဲဒီတော့ ဘဝကို အချိန်နဲ့ ဖွဲ့စည်းထားတယ်။ အချိန်ကို တန်ဖိုးထားတာဟာ ဘဝကို တန်ဖိုးထားတာပဲ။ ဘဝကို တန်ဖိုးမထားရင် အလကား အသုံးမကျတဲ့ ဘဝဖြစ်သွားမယ်။ အသုံးမကျရင် လောကမှာ အမှိုက်ပဲ။ အမှိုက်ဆိုတာ အသုံးမကျတဲ့ ပစ္စည်း .. ဒါပဲ။ အဲဒီတော့ ကလေးတွေကို ကျနော်ပြောတယ် မင်းဟာ အသုံးမကျတဲ့အကောင် ဖြစ်ချင်သလား၊ အမှိုက်ဖြစ်ချင်လား။ ဖြစ်ချင်ရင် ဖြစ်သလိုနေ အောက်တန်းကျဖို့က ကြိုးစားနေဖို့ မလိုဘူး၊ ငါကွ .. တနေ့ အောက်တန်းကျရမယ်လို့ ကြိမ်းနေဖို့ မလိုဘူး”

    လူငယ်နဲ့ တာဝန်ဆိုတဲ့ စကားလုံးအပေါ်မှာကော။

    “ကျနော်ပြောချင်တာက မွေးလာပြီဆို တာဝန်ရှိတယ် အဖျင်းဆုံး အဖေအမေကို လုပ်ကျွေးဖို့ တာဝန်ရှိတယ်။ လူငယ်တွေ တာဝန်မဲ့စကားပြောတာ ကျနော် မကြိုက်ဘူး။ ဒီအစိုးရကို လုပ်ကျွေးရမယ် ဘာညာ မဟုတ်ဘူး။ ကိုယ့်တာဝန်တွေက မွေးရာပါတာဝန်တွေ ရှိတယ်။ အဲဒီအတွက်တော့ စွမ်းဆောင်နိုင်အောင် လုပ်ရမှာပေါ့။ အစိုးရကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ဆဲချင်ဆဲနေ ဒါမှမဟုတ် ထောက်ခံချင် ထောက်ခံ။ သို့သော် ကိုယ့်ဘဝပေးတာဝန် ကျနေရာက်လာတဲ့ တာဝန်ကို သူ ရုန်းကန်ရမှာပဲ။ အဲဒီတာဝန်တောင် မဲ့နေရင်တော့ လူဖြစ်လာတာ မကောင်းပါဘူး”

    ပြည်ပရောက် မြန်မာလူငယ်တွေကို ဘာများပြောချင်ပါသလဲ။

    “မင်းတို့ဟာ မိဝေး ဖဝေးတွေ၊ မင်းတို့ကိုယ်မင်းတို့ မထိန်းသမျှကာလပတ်လုံး ထိန်းပေးမယ့်လူ မရှိဘူး။ အဲဒါ ပြောချင်တယ်။ နောက်တချက်က မင်းတို့ကိုယ်မင်းတို့ ထိန်းဖို့အတွက်က သတ္တိကောင်းဖို့လိုတယ်။ သတ္တိဆိုတဲ့ဟာက တနေ့ ငါကြီးပွားရမယ်ဆိုတဲ့ အဓိဋ္ဌာန်ကို ခိုင်နေအောင်ထားတာ။ ငါ့ဘဝကိုငါ အရှုံးမခံဘူး၊ ငါ့ဘဝကိုငါ ဒီ့ထက် တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချဖို့လိုတယ်။ အဲဒီဥစ္စာကို ခိုင်နေအောင် ထိန်းထားတဲ့ဟာက သတ္တိပဲ။ ထိုးဝံ့ ခုတ်ဝံ့မှ သတိ္တမဟုတ်ဘူး။ ခံဝံ့တာလည်း သတ္တိပဲ။ အဲဒီသတ္တိကို ကိုယ့်စိတ်ကို ပြန်ပြန်ပြီးတော့ ထိန်းယူပါ။ ဥပမာ ဆိုပါတော့ အောင်သင်းပေါ့၊ အောင်သင်း စိတ်ဓာတ်မကျနဲ့ ဘယ်သူမဆို ဒီလိုဖြစ်တာပဲ မင်းခံလိုက်စမ်း၊ ကိုယ့်ကိုယ်ကို အားပေးလို့။ ပြောချင်တာက မင်းတို့ဟာ မိဝေးဖဝေး ရောက်နေတာလို့ မင်းတို့မှာ အနီးကပ် အားပေးမယ့်လူ မရှိဘူးလို့ ငါ အားပေးတယ်ဆိုတာ လေထဲက အသံနဲ့ပဲ အားပေးနိုင်တာ။ တကယ့်တကယ်ကျတော့ မင်းကိုယ်မင်း အားပေးမယ့် သူက မင်းပဲရှိတယ်။ အဲဒီတော့ မင်းသတ္တိရှိသလား၊ သတ္တိရှိရင် မင်းကိုယ်မင်း နိုင်နင်းအောင် ထိန်းပါ။ ကိုယ့်ကိုယ်ကို အောင်နိုင်အောင် ထိန်းခြင်းသည် အကြီးဆုံးသော သတ္တိဖြစ်တယ်။ အဲဒီသတ္တိနဲ့ ထိန်းသွားကြပါ။ မင်းအတွက် အခွင့်အရေးဟာ တနေ့မှာ တံခါးလာခေါက်လိမ့်မယ်ဆိုတာ ယုံပါ”

    မြန်မာပြည်ထဲက ကျောင်းသူ၊ ကျောင်းသားလေးတွေကိုကော။

    “သူတို့ကို ပြောချင်တာက သတ္တိဆိုတာ ခုနက ပြောခဲ့ပြီ။ အဲဒီသတ္တိက ရိုးရိုးပဲ။ အဲဒီသတိ္တက ရေရှည်ခံရင် ဇွဲလို့ခေါ်တယ်။ ဥပမာ ဆိုပါတော့ .. ကျောင်းတက်တယ်၊ လွယ်အိတ်အသစ်နဲ့ လုံချည်အသစ်နဲ့ စာအုပ်အသစ်နဲ့ ဒီနှစ်တော့ အပြတ်ချမယ်၊ ဒါ .. ကျောင်းသားတိုင်း ရှိတယ်။ စာအပြတ်တွယ်မယ်၊ ဘယ်အချိန်ထိ စာကြည့်မယ်၊ အကုန်လုံး သူတို့မှာ Target ရှိတယ်။ ဒါပေမဲ့ တရက် နှစ်ရက် တပတ်နှစ်ပတ် အဲဒီတော့ ဟိုဟာသွား ကစားချင်တာနဲ့ ဟိုနားသွားချင်တာနဲ့ ကျောင်းစာမကြည့်မိတာနဲ့ ၃ လကျော်ပြီး၊ ၄ လ ၅ လထိ ခံပြီဆိုရင် အဲဒီကောင် ဇွဲကောင်းတယ်။ ဒါပေမဲ့ ၅ လထိအောင် ဇွဲကောင်းတယ်ဆိုတဲ့ ကျောင်းသား သိပ်နည်းတယ်ဆိုတာ ကျနော် ပြောချင်တယ်။ ရာခိုင်နှုန်း ပြောရရင် ၁ဝ % မရှိဘူး။ အဲဒီတော့ ကြာရှည်ခံတဲ့ သတ္တိကောင်းတဲ့ ၁ဝ% ထဲမှာ မင်းပါပါစေလို့ အဲဒီကလေးတွေကို ရည်ညွှန်းပြီးတော့ ကျနော် တိုက်တွန်းလိုက်ပါတယ်”

    ဟုတ်ကဲ့ တခြား ဖြည့်ပြောချင်တာ ပြောပါဦးဆရာ။

    “အခု ခင်ဗျားကတဆင့် ပြောတာတွေက တိုင်းပြည် ပုန်ကန်ဖို့လည်း မဟုတ်ဘူး၊ ဆူပူဖို့လည်း မဟုတ်ဘူး၊ မကျေမနပ်လည်း မဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ ပကတိ ရှိတဲ့အတိုင်း တကယ်ရိုးသားစွာ ပြောတာ။ ခုန ပြောတဲ့ အစိုးရကို မျှော်လင့်တယ်ဆိုတာလည်း တကယ်ပြောတာ။ လူငယ်တွေအတွက် သတိပေးတယ်ဆိုတာလည်း တကယ် သတိပေးတာ။ အစိုးရ ဘယ်လိုဖြစ်နေနေ ကိုယ်တတ်နိုင်လား၊ အေး … မတတ်နိုင်ရင် ကိုယ့်အားတော့ ကိုယ်ကိုးရမှာပေါ့”

  • ကြောင်လတ်

    December 1, 2011 at 10:31 pm

    ပညာရှင်တစ်ယောက်ရဲ့ ကျနော့ထက်ကောင်းတဲ့၊တိကျတဲ့ စကားလုံးတွေပါတဲ့ အင်တာဗျူးလေးကို ချီးမြှင့်ပေးတဲ့အတွက် ကိုကင်းကို အထူးကျေးဇူးတင်ပါတယ်၊ ဒီစာလေးကို ကူးယူပြီးဖြန့်ဝေပေးခွင့်ရှိမယ်လို့ထင်ပါတယ်။ ကျနော် ကူးယူလိုက်ပါတယ်။

  • Mg Lazie

    December 1, 2011 at 11:27 pm

    ကျောင်းသားတွေကလဲ စာကိုမလေးစားကျတော့ဘူးဗျ (uni students) …စာမေးပွဲနားနီးမှ လုပ်လိုက်မယ်လေ…ကိုယ်ကစာတွေကြိုကြည့်ထားလိုက်မိရင်ဘော်ဒါတွေက ကိုယ့်ကိုဝိုင်းပြောလိုက်ကြတာ…ငတုံးကြီးအတိုင်းဘဲ..ကံကောင်းလို့သာအောင်သွားမယ် ဘာမှတတ်သွားကြမှာ မဟုတ်ဝူး…ငယ်ငယ်တုန်းကလဲ ဘောင်ခတ်ခံခဲ့ရတာဘဲ….၃မျိုးသင်ရင် ၃မျိုးမှတ်ပြီး ၃မျိုးနဲ့တွက်လိုက်တယ်… အေးရော………:D 😀

  • KyiPhyu

    December 2, 2011 at 12:37 am

    ကြည်ဖြူ တူမလေးက အခု တတိယတန်းမှာလေ …
    ဒုတိယတန်း မှာတုန်းကတော့ ဝါကျဖွဲ့ရာမှာ သူမ စိတ်ကူးလေးတွေ ဖွဲ့တာကို တွေ့ခဲ့ရတယ် …
    ဒါပေမယ့် အခု တတိယတန်း အရောက်မှာ ဝါကျဖွဲ့တာတွေက ပုံနှိပ်ထဲက စာသားတွေနဲ့ ကွက်တိ ရေးနေတာကို တွေ့ရလို့
    သမီး ကြိုက်တာ ဖွဲ့လို့ မရဘူးလားလို့ မေးတော့ … အခု သင်ရတဲ့ ဆရာမက ပုံနှိပ်ထဲကအတိုင်း မဟုတ်ရင် အမှတ်မပေးလို့ တဲ့ …

Leave a Reply