မျှော်လင့်ချက်

chit layDecember 1, 20111min16312

ကျွန်မနာမည်က ဒေါ်တင်ပါ … သားသမီးတွေကတော့ အမေလို့ခေါ်ကြတယ် … မြေးတွေကတော့ ဖွားတင်၊ ဖွားဖွားတင်၊ ဖွားဖွားကြီး အစရှိသဖြင့်ခေါ်ကြတယ် … အိမ်နားက ကလေးတွေကတော့ အမေတင်လို့ခေါ်တယ်လေ…။ ကျွန်မမှာက သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ် .. မြေးကတော့ ၅ယောက် ရှိပါတယ်…။ အရင်တုန်းကတော့ ကျွန်မတို့အိမ်ကလေးက မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သီရိဂေဟာလေးပေါ့ … သားနဲ့သမီးက အချိန်တန် အရွယ်ရောက်တော့ အိမ်ထောင်ကိုယ်စီကျပြီး အိမ်ကနေခွဲထွက်သွားကြတဲ့အခါ ကလေးတို့အဖေနဲ့ ကျွန်မ ၂ယောက်တည်း ခြောက်ခြောက်ကပ်ကပ်နဲ့ ကျန်ခဲ့ရတာပေါ့လေ … အခုကျတော့ ကလေးတို့အဖေကလည်း ကျွန်မကို တစ်ယောက်တည်း အထီးကျန်ဆန်စွာ ထားခဲ့ပြန်ပြီလေ …။ အိမ်မှာ ကျွန်မကို ကူလုပ်ပေးမယ့် ကလေးမလေးရယ် ကျွန်မရယ် ၂ ယောက်တည်းပေါ့ ..။

အသက်ကြီးလာပြီဆိုတော့ လုပ်စရာအလုပ်ကလဲမရှိတော့ တောင်တွေး မြောက်တွေးနဲ့ ငယ်ငယ်ကအကြောင်းတွေ ပြန်စဉ်းစားမိပြန်တာပေါ့လေ …. ငယ်ငယ်တုန်းက ကျွန်မက အိမ်မှာ သမီးအကြီးဆုံးဆိုတော့ အိမ်အလုပ်တွေလဲ ဝိုင်းကူ၊ မိဘတွေ ညောင်းညာရင် ညဘက် နင်းပေး နှိပ်ပေးပေါ့ … နင်းပေး နှိပ်ပေးရင်လဲ ရိုးရိုးတန်းတန်း နင်းပေး နှိပ်ပေးရတာ မဟုတ်ဘူး ဆရာ … ကျွန်မဖေဖေက အဆိုလေးပါမှ ကြိုက်တာ … အဲဒီ့တော့ ကျွန်မက နင်းရင်း နှိပ်ရင်းနဲ့ သီချင်းလေးနဲ့လဲ ဖျော်ဖြေပေးရတာပေါ့ ..။ ရုပ်ရှင်မင်းသမီး အဆိုတော် ခင်ယုမေတို့ ချိုပြုံးတို့ဆို ကျွန်မအသဲစွဲပေါ့ရှင် … သီချင်းတွေ အကုန်လုံးတော့ ဘယ်ရပါ့မလဲရှင် ဟုတ်တယ်မလား … ရတဲ့နေရာဆို မရတဲ့နေရာကျရင် ပါးစပ်ဆိုင်းလေးတီးနဲ့ ကလေးဆိုတော့ ကိုယ့်ကိုကိုယ်တော့ ဟုတ်လှပြီပေါ့ …။ ဒီလိုနဲ့ပဲ အချိန်တန် အရွယ်ရောက်တော့ ကျွန်မလဲ အိမ်ထောင်ရက်သားကျလို့ မိဘအိမ်က ခွဲထွက်ခဲ့ရတယ်လေ … များမြောင်လှတဲ့ အိမ်ထောင်မှုကိစ္စ လင်ယောကျင်္ားရဲ့ ဝေယျာဝစ္စကိစ္စ ကလေးရလာပြန်တော့လဲ သားသမီးကိစ္စတွေနဲ့ မအားလပ်တာနဲ့ပဲ မိဘအိမ်ကို တစ်လနေလို့မှ တစ်ခေါက်တောင် မရောက်ဖြစ်ပြန်ဘူး …။ အခုချိန်ကျမှ ပြန်စဉ်းစားမိရင် ငါ့မိဘတွေလည်း တစ်ချိန်တုန်းက အခုငါခံစားရသလို ခံစားမိမှာပဲဆိုတဲ့ အတွေးနဲ့ မျက်ရည်တောင်ကျမိတယ် …။

ဪ … ခုကျမှ ငိုနေပြီး နောင်တရနေလဲ ဘာထူးတော့မှာလဲ … မိဘ ၂ပါးက ကွယ်လွန်ခဲ့ပြီလေ ..။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်လေးများဆို သား၊သမီး၊မြေးတွေများလာမလားလို့ မျှော်မျှော်မိနေတာကြီးက အကျင့်ကိုပါလို့ … ဪ .. ငါ့မိဘတွေတုန်းကလဲ အဲ့လိုပဲ မျှော်ခဲ့ရမှာပဲလေ … ကျွန်မသားသမီးတွေက အမေ့ဆီကို မလာသာမလာနိုင်တာ လစဉ်လတိုင်းတော့ ငွေကြေးဆေးဝါးကအစ ထောက်ပံ့ကြပါတယ် ..။ ဒါပေမယ့် ကျွန်မလိုချင်တာက ငွေကြေးတွေ မဟုတ်ဘူးလေ … သူတို့ဆီက ပေးလာမယ့်မေတ္တာပါ … သူတို့က ငွေကြေးထောက်ပံ့တာနဲ့ သားသမီးတာဝန်ကျေနေပြီထင်နေကြတာ … အမေ ငွေတွေ မလိုပါဘူး သားတို့ သမီးတို့ရယ် မင်းတို့အဖေရှာခဲ့တာတွေက အမေမသေခင်အထိ စားလို့သောက်လို့ရပါသေးတယ် … အမေ လိုချင်တာက မင်းတို့ဆီက နွေးထွေးမှု၊ စကားပြောဖော်ပါ …။ ပြီးတော့ မြေးလေးတွေက ပြောတဲ့ တီတီတာတာစကားလေးတွေလဲ ကြားချင်သေးတယ်လေ … မြေးလေးတွေ ခြံထဲမှာ ပြေးလွှားကစားတာကိုလဲ မြင်ချင်သေးတာ … သောကြာနေ့ ညနေ ဖုန်းဆက်တိုင်း ဒီတပတ်တော့ မအားလို့ မလာဖြစ်နိုင်သေးဘူး အမေရေ ဆိုတဲ့ စကားသံကိုလဲ မကြားချင်တော့ဘူး … ကြာတော့ သောကြာနေ့ရောက်မှာကိုတောင် အမေ ကြောက်မိနေပြီ …။

တခါတလေတော့လဲ အမေ့စိတ်ကို အမေဖြေပါတယ် … ဪ.. သူတို့လေးတွေလဲ အလုပ်တွေများကြရှာတာကိုးလို့ …. အင်းပေါ့လေ ဘယ်နေ့၊ဘယ်ရက်၊ဘယ်အချိန်ပဲ ဖြစ်ဖြစ်ပါလေ အမေ့အိမ်ကတော့ သားသမီးတွေအတွက် အမြဲတံခါးဖွင့်ထားလျက်ပါ … အမေကလဲ သား၊သမီး၊မြေးတွေ ဘယ်နေ့များရောက်လာမလဲလို့ မျှော်ရင်းးးးးးးးးးးးးးးး

(ဘေးနားပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာလေးတွေကို ခံစားပြီး ရေးဖွဲ့လိုက်တာပါ။)

12 comments

  • etone

    December 1, 2011 at 3:33 pm

    ဖွားတင် ပျင်းလျှင် မီးတို့နဲ့အတူ အလည်လိုက်ခဲ့ပါလားဟင် …
    လှို့ဝှက်သောနှင်း ရုပ်ရှင်ထဲက … တောင်သွားတက်မလို့ .. 😆
    ————————
    အသက်ကြီးလာတဲ့ လူတွေ အဖော်လိုချင်ကြတယ် .. အတူနေ အဖော်မျိုးမရှိလျှင်တောင် စကားပြောဖိုလိုကြတယ် ဒါကြောင့် သား သမီးမြေးမြစ်တွေလာလျှင် ပါးစပ်မစိအောင်ကိုပြောတဲ့ အခါ … လူငယ်တွေဘက်က နားမလည်ပဲ ..အသက်ကြီးလို့ ပစိပစပ်များတယ် ဖြစ်ပြန်ရော … ။ အိမ်ရဲ့ ဘာတာဝန်မှမယူသတတ်တဲ့ သက်ကြီးရွယ်အိုတွေကို သိတတ်တာရှားပြီး အိမ်က လူပိုကြီးတယောက်လို ဆက်ဆံတယ် … ။ ဖယ်ထားခဲ့ကြတယ် … ။ အထူးသဖြင့် ပိုက်ဆံချမ်းသာတဲ့ အသိုင်းဝိုင်းမျိုးမှာပေါ့ … ။ မိသားစုနွေးထွေးဖို့ ၊ သံယောဇဉ်ခိုင်မြဲဖို့တွေထက် …ပိုက်ဆံတွေပိုပွားလာဖို့ပဲ … ဂရုစိုက်တတ်တဲ့လူတွေ စိတ်မကောင်းစွာ တွေ့တွေ့နေရတယ် … ။

    • chitlay

      December 1, 2011 at 4:00 pm

      ဟုတ်တယ် etone ရေ .. အသက်ကြီးလာတဲ့ မိဘတွေကို ပစ်ပယ်ချင်နေကြတဲ့သူတွေ များလာသလိုပဲ ပတ်ဝန်းကျင်မှာ တွေ့နေရတာ ရေးချင်နေတာတော့ ကြာပြီ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်တာ … ဟိုးတလောတုန်းက သမီးက သားမက်နဲ့ပေါင်းပြီး အမေကို လာစွန့်တယ်ကြားကတည်းက စိတ်မကောင်းဖြစ်လွန်းလို့ …. အံ့လဲဩတယ် …။

  • MaMa

    December 1, 2011 at 3:40 pm

    လက်တွေ့ဘဝမှာ တကယ်ဖြစ်ပျက်နေတဲ့ ခံစားနေရတဲ့ လူကြီးနေရာကနေ ခံစားရေးဖွဲ့နိုင်တာ ချီးကျူးတယ်။
    ကိုယ်ထိမှ ကိုယ်သိဆိုသလို ခုနေတော့ အလုပ်များလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ……

    • chitlay

      December 1, 2011 at 4:04 pm

      ဟုတ်ကဲ့ပါ အန်တီမမရေ … ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် စာရေးသူတစ်ယောက်အတွက် ဒီလိုကွန်မန့်တွေက အားဖြစ်စေပါတယ် … ဒီဖြစ်ပျက်နေတာလေးတွေကို နမူနာယူပြီး ကိုယ့်အလှည့်ကျရင် ဒီလိုမဖြစ်အောင်နေရမှာပါ …

  • E.T

    December 1, 2011 at 5:21 pm

    စိတ်မညစ်ပါနဲ ့ ဖွားတင်။ စကားပြောဖော်မရှိရင် မန်းဂေဇက်ဖတ် .. ကော်မန် ့တွေပေး .. အပြန်အလှန် ဆွေးနွေး .. မသိတာလေးတွေ သင်ပြပေးပါ။ ရွာသူ၊ ရွာသားတွေက ဖွားတင်ရဲ ့သား၊ သမီး၊ မြေး၊ မြစ်တွေပါပဲ 🙂

  • alinsett

    December 1, 2011 at 6:44 pm

    ရသ မြောက်တဲ ့ ပို့ စ်လေးအတွက် ကျေူးဖူးပါပဲ။

    ကိုယ်က အဲဒီလို ပို ့စ်လေးတွေ ဖတ်ရတာပျော်တယ် ။

    နောက်လည်း မျှော်လင့်နေပါတယ်။

  • ကြောင်လတ်

    December 1, 2011 at 10:48 pm

    ကိုယ်က အသက် ကြီးပိုင်းရောက်လာတော့ မကြာခင်ကိုယ်လည်းအိုရတော့မှာပါလားလို့တွေးမိတယ်၊ ပုသိမ်မှာ သက်ရှိထင်ရှားရှိနေသေးတဲ့ အဖေနဲ့ အမေကိုသတိရပြီး နဲနဲခံစားလိုက်ရတယ်။ ဒါပေမဲ့ အဲဒီမှာညီအကိုမောင်နှမတွေနဲ့ ကလေးတွေ တပြုံကြီးရှိနေလို့ အဖေအမေတို့အတွက်သိပ်စိတ်မပူတော့ဘူး၊
    ရင်ထဲကို ထိသွားအောင်ရေးနိုင်တဲ့ ချစ်လေးကို ချီးကျူးပါတယ်။

  • ဆူး

    December 2, 2011 at 10:27 am

    အခုရေးတဲ့ အဖွားတင်က နေကောင်းတယ် ထင်တယ်။
    အသက်ကလည်းကြီး နားကလည်း ထိုင်း.. မျက်စိရှေ့မှာ မြင်နေရတဲ့ ကလေးတွေ လူကြီးတွေ ကလည်း အရွယ်အို အဘွားတယောက် ကြားအောင် မပြောချင်.. သူတို့ နဲ့ စကားအပြန်အလှန် ဆွေးနွေးဖို့ တော်ရုံ အော်ဟစ် ပြောဆိုလို့ မကြားသလို သူ့လိုပဲ မကြားဘူး မှတ်လို့ အော်ပြီး ပြန်ပြောတော့ ကလေးတွေက ရှက်ပြန်ကော.. ဒီလိုနဲ့ မိသားစုနဲ့ အတူနေပေမဲ့ မိသားစုနဲ့ ဝေးကွာသွားတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွယ်တူတွေကလည်း ကိုယ့်လောက်မှ အသက်မရှည်.. ခင်ရာ မင်ရာ တီးတိုး စကားဆိုစရာ မရှိတော့ လောကကြီးက အထီးကျန်ဆန်ပြီး အဓိပ္ပါယ်မဲ့သလို ခံစားရပြီး ငယ်စဉ်က အဖြစ်အပျက်က လွဲလို့ တခြား တွေးစရာ မရှိ ပလက်ကုလားထိုင်လေးမှာ ငုတ်တုတ်လေး နေ့ပေါင်းများစွာကို နောက်ဆုံး အသက်ရှုချိန်အထိ ရှင်သန်သွားနေတဲ့ ဘိုးဘိုး ဘွားဘွားတွေလည်း အများကြီး ရှိသေးတယ်။
    စာရေးသူ ပေးချင်တဲ့ အကြောင်းအရာကတော့ သက်ကြီးရွယ်အိုတွေကို ကြင်နာ သနား ဂရုစိုက်ပေးပါဆိုတဲ့ အကြောင်းအရာလေး ဖြစ်မယ် ထင်တယ်နော်။

    • chitlay

      December 2, 2011 at 10:57 am

      ဟုတ်ပါတယ် မဆူးရေ … သက်ကြီးရွယ်အို မိဘတွေ အဖိုး၊အဖွားတွေကို ပစ်ပယ်မထားဘဲ ပြုစုစောင့်ရှောက်စေချင်တဲ့ စေတနာနဲ့ ရေးလိုက်တာပါ …။ ကိုယ်ကိုတိုင်ကလည်း အဖိုး၊အဖွားတွေနဲ့ အတူတူနေတဲ့အတွက် သူတို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကိုသိနေတာကြောင့် ဒီလိုလေးရေးလိုက်တာပါ …။ ချစ်လေးဖေဖေရဲ့အဖွား ချစ်လေးနဲ့ဆို အဘွားတော်မှာတော့ အသက်ကတော့ ၁၀၂ နှစ်ရှိပါပြီ … တစ်ခြံထဲမှာပဲအတူတူနေကြပါတယ် အဘွားက ကျန်းမာရေးအရမ်းကောင်းတာ .. မျက်စိ၊နားလဲကောင်းတယ် … အသက်ကကြီးပြီဆိုတော့ စကားပြောဖော် အရမ်းလိုချင်တာ … ရုံးပိတ်ရက်ဆို အဘွားနဲ့ စကားသွားသွားပြောပေးရတယ် .. ရုံးဖွင့်ရက်ဆိုရင်တော့ ခနပဲစကားပြောရတာပေါ့ …။ ပတ်ဝန်းကျင်မှာ မြင်နေရတာတွေကတော့ သားသမီးတွေက အိမ်ထောင်ကျလို့ ခွဲထွက်သွားပြီး အလုပ်တွေရှုပ်နေလို့ မိဘအိမ်ကိုပြန်မရောက်ဖြစ်တာတွေ တွေ့နေရလို့ ရေးလိုက်တာပါ …။

  • အသက်ကြိီးသူနားသွားပြီး သူတို့ အတွေ့အကြုံတွေကို နားထောင်သင့်တယ်။
    သူတို့မှာ စကားပြောဖော်လိုတယ်လေ။
    ဒါပေမယ့် လူတိုင်းအလုပ်လုပ်မှ ထမင်းစားရတဲ့ခေတ်ကြီးထဲမှာ လူကြီးတွေကို အရင်လောက်
    ဂရုမစိုက်နိုင်တာလဲအမှန်ပါဘဲ။

  • ကြောင်ကြီး

    December 2, 2011 at 12:40 pm

    ဦးကြောင်ကြီးလည်း တဦးတည်း အဖော်မဲ့ နေပါတယ်။ (အသက်တော့ မကြီးသေးဘူး၊ ကျန်းမာရေး လွန်စွာကောင်း) ဒါကြောင့် အကြင်နာ ဂရုဏာ မုဒိတာ မေတ္တာ သစ္စာ စေတနာ ဝေဖြာမှ မသေမှာမို့ မကြေငြာခင် အဖြေလာပါတော့ ချစ်လေးရယ်။။။ 😳

  • chitlay

    December 2, 2011 at 12:58 pm

    @လေးပေါက် >>>>>> ဟုတ်ကဲ့ပါလေးပေါက် အမြဲစကားပြောဖြစ်ပါတယ် … ဟိုးအရင်တုန်းက ကိုယ်မသိခဲ့တဲ့ အကြောင်းအရာလေးတွေပြောပြလို့ ဗဟုသုတရပါတယ် … နားထောင်လို့လဲ ကောင်းတယ် … အဘွားနဲ့စကားပြောရတာလဲ ပျော်တယ်လေ … သူကနားလဲကောင်းလို့ အော်ပြောစရာလဲ မလိုတော့ လေကုန်လဲသက်သာတာပေါ့ … 🙂
    @ဦးကြောင်ကြီး >>>>> ဦးကြောင်ကြီး တစ်ဦးတည်း အဖော်မဲ့နေရင် ဦးကြောင်ကြီးအတွက် အကြင်နာ ဂရုဏာ မုဒိတာ မေတ္တာ သစ္စာ စေတနာ ဝေဖြာပေးမယ့် ကြောင်မလေး တစ်ကောင်ရှာပေးမယ်လေ … ဖြစ်တယ်မဟုတ်လား …. 😛

Leave a Reply