မလေးရှားသို့ တစ်ခေါက်တစ်ခါ (၃)

Diamond KeyDecember 1, 20111min755

မလေးရှားသို့ တစ်ခေါက်တစ်ခါ (၃)

          ဒီနေ့က ကိုယ့်ကို KL အနှံ့ လိုက်ပို့မယ်၊ နောင်မှာ ကိုယ်ဘာသာကိုယ် သွားတတ်လာတတ်အောင် ဘတ်စ်ကားစီးတာတွေ၊ LRT ရထားစီးတာတွေ လိုက်ပြမယ်လို့ ကျွန်တော်နဲ့ အတူလာခဲ့သူက ဆိုလာပါတယ်။ ဒါမျိုးဆိုတာက အလုပ်မဝင်ခင်မှာမှ လွတ်လပ်တာ၊ အလုပ်စလုပ်ပြီ ဆိုတာနဲ့ မလွယ်တော့ဘူးလေလို့ အရင်ရောက် မိတ်ဆွေများကလည်း ပြောကြပါတယ်။ နောက်တစ်ခုက မြန်မာပြည်ကနေ လူကြုံ ထည့်ပေးလိုက်တာတွေ ကိုလည်း လိုက်ပေးရမှာတွေလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။

ပထမဆုံး KL က မြန်မာဆိုင်တွေ ရှိတဲ့ Kota Raya (ကိုတာရာယာ) တစ်ဝိုက်ဆီကို ဘတ်စ်ကားစီးပြီး လာခဲ့ကြပါတယ်။ (ကို) တင်မောင်ဆွေ ဆိုင်လို့နာမယ်ကြီးတဲ့ ဆိုင်မှာ မြန်မာအစားအစာတွေ စားကြတယ်။ (တင်မောင်ဆွေ ဆိုင်က မြန်မာစားသောက်ဆိုင်၊ မြန်မာပစ္စည်းမျိုးစုံ အရောင်းဆိုင်၊ မြန်မာပြည် ငွေလွဲ အကုန်ရတယ်)။ ပိုက်ဆံရှင်းတော့ ကျသင့်ငွေတွက်ကြည့်ပြီး မနေ့ကမှ မြန်မာပြည်က ရောက်လာလေသူ အတွက် နှမြောမိနေသေးတယ်။ ကျွန်တော့အတွက်တော့ ပတ်ဝန်းကျင် မြင်မြင်သမျှ အကုန်လေ့လာနေရတယ်။ အဲဒီမှာပဲ မနေ့ကအတွက် ခဏဌားလာတဲ့ အစိမ်းလေးတွေကို ပိုင်ရှင်ရှိရာ အမိမြန်ပြည်ကို ပြန်လွတ်လိုက်ပါတယ်။ အခုတော့ လက်ထဲမှာ မလေးငွေ ၃၀ဝ မပြည့်တပြည့်လေးသာ ရှိပါတော့တယ်။ အယ်..သူများတွေ က ဘဝကို “သုံည” ကစတာ ကြားဖူးနေရတာ ကိုယ်မှာတော့ မလေးငွေ ၃၀ဝ နီးပါး ဆိုမှတော့ ဒီလောက်မှ မဆိုးသေးတာပဲလေ။

ရန်ကုန်ကပါလာတဲ့ လူကြုံပစ္စည်းတွေကို လိုက်ပေးရတာနဲ့ပဲ KL တဝိုက်အကုန်ရောက်သလို ဖြစ်သွားပါတယ်။ စားသောက်ဆိုင်တွေ၊ Game ဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေ တော်တော်ရောက်ဖြစ်လိုက် ပါတယ်။ အဆင်ပြေနေ၊ မပြေနေတဲ့ မလေးရောက် မြန်မာတွေရဲ့ ဘဝအထွေထွေ (တခဏ ကိုယ်မြင်ခဲ့ရတာလေးနဲ့ ပြောတာပါ) ကိုလည်း မြင်ခဲ့ရ၊ ကြားခဲ့ရပါတယ်။

ရန်ကုန်က မလာခင်လေးမှာ အတူလာ မိတ်ဆွေဆီကို သူ့မိတ်ဆွေ မိသားတစ်စု လာတွေ့ပါတယ်။ အကြောင်းကတော့ မလေးရှားကို ထွက်သွားတဲ့ သူတို့သားကြီးက ရောက်ပြီးကာလ တစ်ခုထိ အဆက်အသွယ်ရှိ၊ ငွေလေးဘာလေး ပို့ပေးနေရာကနေ နောက်ပိုင်းနှစ်တွေမှာ အဆက်အသွယ်ကျဲလာပြီး အခုနှစ်ပိုင်းမှာ လုံးဝ အဆက်အသွယ်မရတော့ဘူးလို့ ဆိုပါတယ်။ သူ့မိသားစု တစ်ယောက်ကဆို သေလားရှင်လား သိရရင်ပဲ လိုအပ်တာလေးတွေ လုပ်ပေးရအောင်လို့ တောင်ဆိုလာပါတယ်။ အဲဒါလေး ဟိုရောက်ရင် စုံစမ်းပေးဖို့ပါတဲ့။

အဲဒါ သွားရင်းလာရင်း တွေ့တဲ့ မိတ်ဆွေတွေဆီမှာ လမ်းကြုံစုံစမ်းရင်းကနေ သတင်းလေးရလို့ သိရတဲ့ လိပ်စာအတိုင်း လိုက်သွားတာ သူနဲ့ ပက်ပင်းတိုးပါတယ်။ အလုပ်လုပ်လိုက် အဆင်မပြေဖြစ်လိုက် နဲ့ စိတ်ညစ်ညစ်နဲ့ စိတ်ကို လွှတ်လိုက်တာ မူးယစ်ဆေးတွေ စွဲပြီး ရရစားစား နေနေလိုက်လို့ စိတ်ညစ်တာနဲ့ မြန်မာပြည်က မိသားစုတွေ ကိုအဆက်ဖြတ်ထားတာလို့ ဆိုလာပါတယ်။ သူကိုတွေ့ကြောင်း သူ့မိသားစုဝင်တွေကို ပြန်မပြောဖို့လဲ ဆိုနေလေရဲ့။ (ဪ..ဒီလိုဘဝတွေလည်း မလေးမှာ ရှိနေကြပါလား။)

အဲဒီကနေ KLCC (Kuala Lumpur City Center) Twin Towers ဆီသွားကြပါတယ်။ လမ်းမှာလည်း ကျွန်တော်ကို ဘတ်စ်ကားစီးတာ၊ LRT (Light Rail Transit) စီးတာတွေကို သင်ပြပေးပါတယ်။ ဓါတ်ပုံတွေ၊ ရုပ်ရှင်တွေမှာ အရင်က မြင်ဖူးလေတဲ့ Twin Towers ကြီးမှာ အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်တယ်။ တစ်နေ့လုံး နေရာအနှံ တော်တော်သွားဖြစ် လိုက်ပါတယ်။

သွားတဲ့လမ်းမှာ တစ်ကြိမ် (မလေးရောက်ပြီးမှ ပထမဆုံးအကြိမ်) မလေးရဲ က လာစစ်တာ ခံလိုက်ရပါသေးတယ်။ ဘတ်စ်ကားစီးလာပြီး တစ်နေရာအသွား ကားပေါ်က ဆင်းလိုက်တော့ မလှမ်းမကမ်းမှာ ရှိနေတဲ့ ရဲကားက ကွေ့ပြီးမောင်းလာတာ မိတ်ဆွေက တွေ့လိုက်ပါတယ်။ သူက ကျွန်တော်ကို မလေးရဲ နဲ့ ပထမဆုံး တွေ့ရတော့မယ်လို့ ဆိုပါတယ်။

ရဲကားက ကျွန်တော်တို့ရှေ့ အရောက်မှာ မလေးရဲ့က မလေးလို ကျွန်တော့ကို လှမ်းမေးပါတယ်။ ကျွန်တော်က မလေးစကား မတတ်ကြောင်း အင်္ဂလိပ်လို ပြန်ပြောလိုက်တော့ Passport ပြပါလို့ Eလို ဆိုလာပါတယ်။ (အင်္ဂလိပ်စကားပြောတော့ သိပ်မတတ်တဲ့ ပုံရှိပါတယ်)။ ကျွန်တော်က မနေ့ကမှရောက်တဲ့ ဧည့်သည်ဖြစ်ကြောင်း အင်္ဂလိပ်လိုပြောလိုက်တော့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ Passport တွေကို သေသေချာချာ စစ်ပြီး ပြန်ပေးကာ ထွက်သွားပါတယ်။

သူတို့က အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သူများကို နဲနဲရှိန်ကြောင်း၊ မတော်လို့ ပြသာနာပေါ်ရင် တိုင်တတ်တော့ ကြောက်တယ်လို့ မိတ်ဆွေက ပြောပြပါတယ်။ မလေးရဲတွေ က ပတ်ဝန်ကျင်မှာ ကျီးကန်းတောင်းမှောက် နိုင်ငံခြားသား အလုပ်သမားတွေ (အထူးသဖြင့် တရားမဝင်နေသူတွေ) ကို အမြဲလိုက်ရှာနေကြတာပါ။ တွေ့ရင် ပိုက်ဆံတောင်းမယ်၊ ရသလောက်ယူတယ်။ သူတို့က မဟုတ်တာလည်း လုပ်တတ်လို့ ရဲတွေ့ရင် သူတို့ရင်ဖတ်ပေါ်က ရဲနံပါတ် ကိုလည်း အရင်မှတ်ထားဖို့ လိုကြောင်း သင်ပေးထားပါတယ်။

မိတ်ဆွေက အခုတော့ ကိုယ်ကမှန် (Passport သက်တမ်းလေးရှိ) နေသေးတာမို့ ဒီလို ပြန်ပြောလို့ရတာ ဖြစ်ပေမယ့် နောက်ဆိုရင်တော့ ရဲနဲ့တွေ့ရင် သူတို့ပြောတဲ့  ဘလန်ချာ မီနုးမ် (Minum မလေးစကားမှာ တစ်ခုခုသောက်တာ) (လက်ဘက်ရည်ဖိုး၊ အအေးဖိုးလေး)  မစရမယ်လို့ ဆိုပါတယ်။ (မလေးမလာခင် ကတည်းက သိထားခဲ့ရတာတွေပါ)။

ဒီတစ်ပတ်ထဲမှာပဲ အလုပ်ရှာချင်ပြီလို့ မိတ်ဆွေဆီမှာ ပြောထားပါတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ့်မှာရှိနေတဲ့ မလေးငွေလေးတွေ မကုန်ခင်မှာ ပိုက်ဆံရှာချင်လှပြီလေ။ မိတ်ဆွေတွေကတော့ သူတို့ အဆက်အသွယ်တွေနဲ့ အမြန်ရှာပေးမယ်လို့လည်း ဆိုပါတယ်။ မကြာခင်မှာတော့ မလေးရှားက အလုပ်သမား ဘဝကို စရတော့မှာပေါ့။

 

PS – တစ်ချိန်တစ်ခါက မလေးမြေကို ရောက်ခဲ့ဖူးလေသူ အညတရ မြန်မာတစ်ယောက်ရဲ့ မလေးရောက် အတွေ့အကြုံများ  အသေးစိတ် ပြန်ပြောပြတာလေးတွေကို မှတ်တမ်းယူ၊ ခွင့်ပြုချက်တောင်းကာ ရေးဖွဲ့ထားပါတယ်။

5 comments

  • manawphyulay

    December 1, 2011 at 6:22 pm

    မလေးရှားရောက် ဦးဦးစိန်သော့ရဲ့ လက်ရာ ဓာတ်ပုံတွေလည်း အတူတွဲင်္ပြီး တင်ပေးစေချင်ပါတယ်။ ဒါမှ သွားရောက်တဲ့အခါ မြင်ဖူးထားတော့ မျက်စိမလည် သူများ ညာတာ မခံရတော့ဘူးပေါ့နော်။

    • Diamond Key

      December 2, 2011 at 9:28 am

      ဘာလို့ ဓါတ်ပုံလေးတွေ မသုံးထားတာ ရှေ့ပိုစ့်မှာ မန်းထားတယ် :mrgreen:
      ဆြာဂီပြောသလို (ကိုယ်ပိုင်) မလေးခရီးသွားဆောင်းပါးလေးများ ရေးဖြစ်မယ်ဆိုရင် တင်မယ်လေ 😛

  • Thanlwinoo

    December 1, 2011 at 7:01 pm

    ကျေးဇူးပါ ကိုစိန်သော့..။
    မလေးက ရွှေတွေ (အထူးသဖြင့် မိန်းကလေးများ)ရဲ့ဘဝကို စာနာမိပါတယ်..။
    ရွှေအပေါင်းတို့ သခင်မျိုးဟေ့ ဒို့ဗမာ(မြန်မာ)….လို့ အားရပါးရ ကြွေးကြော်နိုင်တဲ့ဘဝ ရောက်ပါစေ..။

  • small cat

    December 2, 2011 at 7:15 am

    “အလုပ်လုပ်လိုက် အဆင်မပြေဖြစ်လိုက် နဲ့ စိတ်ညစ်ညစ်နဲ့ စိတ်ကို လွှတ်လိုက်တာ မူးယစ်ဆေးတွေ စွဲပြီး ရရစားစား နေနေလိုက်လို့ စိတ်ညစ်တာနဲ့ မြန်မာပြည်က မိသားစုတွေ ကိုအဆက်ဖြတ်ထားတာလို့ ဆိုလာပါတယ်။ သူကိုတွေ့ကြောင်း သူ့မိသားစုဝင်တွေကို ပြန်မပြောဖို့လဲ ဆိုနေလေရဲ့။ ”

    ဒီနေရာလေးဖတ်ရတော့ ကြောင်လတ်ရဲ့ ” တော်,မတတ်” ပို့စ်ထဲမှာ မန့်ထားတဲ့ အထဲ က ဆရာအောင်သင်းရဲ့ ပြည်ပရောက် မြန်မာလူငယ်များကိုပြောတဲ့ အားပေးစကားလေးကို သိစေချင်လိုက်တာ။
    အခုရောက်နေသူအားလုံး အဲဒီစကားလေးကို သိပြီးလိုက်နာနိုင်ကြပါစေ။

  • windtalker

    December 14, 2011 at 9:59 pm

    ဖတ်နေရင်းနဲ ့ကွာလာလမ်ပူ က ကိုတင်မောင်ဆွေ ရဲ ့ဆိုင်ကို ရောက်သွားသလို ဘဲ ဗျို ့

Leave a Reply