အသည်းကွဲ ဇာတ်လမ်းတစ်ပုဒ်

KyiPhyuDecember 1, 20111min71

ကြည်ဖြူ တစ်ခုလောက် ဝင်ရောက် ရေးသားခွင့်ပြုပါ …

မန္တလေး ဂဇတ်ကို ကြည်ဖြူ အားပေးခဲ့တာ ၁ နှစ်ခွဲ ကျော်ခဲ့ပါပြီ …

ရုံးမှာပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် browser ဖွင့်လိုက်တာနဲ့ အရင်ဆုံး ရောက်မိတဲ့ website တစ်ခုပါ ….

ကြည်ဖြူ အရင်က စာမရေးဖူးပါဘူး … ဒါကြောင့် စာအရေးအသား အမှားပါခဲ့မယ်ဆိုရင် ရွာသားအားလုံး နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ် …

ပထမဆုံး ရေးတဲ့ စာဖြစ်တဲ့အတွက် စာဖတ်သူတွေကို အနှောက်အယှက် ဖြစ်စေခဲ့မယ်ဆိုရင် ကြည်ဖြူရဲ့ စာအရေးအသား လိုအပ်ချက်ကြောင့်သာ ဖြစ်ပါတယ် …

ကောင်လေးနဲ့ ကောင်မလေး ရဲ့ နာမည်ကို ကို နဲ့ သွယ် လို့ပဲ ပေးထားပြီးတော့ ကြည်ဖြူက သွယ်နေရာကနေ ရေးသားသွားမှာ ဖြစ်ပါတယ် …

ကို နဲ့ သွယ် က နယ်ကနေ ရန်ကုန်မှာ သင်တန်းတက်လာခဲ့ကြတယ်လေ … သင်တန်းတစ်ခုမှာ တွေ့ဆုံကြပြီး လူငယ်သဘာဝ ချစ်သူတွေ ဖြစ်ခဲ့ကြတယ် … ကို့ အတွက် ချစ်သူထားတာ ပထမဆုံး မဟုတ်ခဲ့ပေမယ့် သွယ်အတွက်တော့ ချစ်ဦးသူ ဖြစ်ခဲ့တယ် …

မိန်ခလေး အများစုက ဘဝမှာ တစ်ယောက်ကိုပဲ ချစ်ချင်ပြီး အဲတစ်ယောက်ကိုပဲ ဘဝ လက်တွဲဖော် ဖြစ်ချင်ကြတယ် … သွယ် လည်း အဲ မိန်းခလေးမျိုးထဲမှာ ပါဝင်တယ် … သွယ် အနေနဲ့ ကို့ ကိုပဲ ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ထားခဲ့တယ် … တော်တော်

ပျော်ရွင်ခဲ့ရတဲ့ အချိန်တွေ ပိုင်ဆိုင်ခဲ့ရတယ် … သွယ်တို့ အလုပ်လုပ်တဲ့ Company မတူပေမယ့် အိမ်ပြန်ချိန်တွေ တူခဲ့တယ် … ချစ်သူသက်တမ်း ၁ နှစ်ပြည့်ချိန်မှာ ကိုက သွယ် လက်မခံနိုင်တဲ့ ကိစ္စ တစ်ခုကို တောင်းဆိုလာခဲ့တယ် … သွယ် နဲ့ အတူနေချင်တယ်တဲ့ … ကို

အနေနဲ့ သွယ် ကြည်ဖြူစွာ ပေးတာကို လိုချင်တယ်တဲ့ … သွယ် အနေနဲ့ မပေးနိုင်ခဲ့ပါဘူး … သွယ့်မှာ မိဘ အုပ်ထိန်းသူရှိတယ် … သွယ်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တဲ့အတွက် သွယ့်ကြောင့် သွယ်ချစ်သူ အကုသိုလ် မဖြစ်စေချင်ဘူး လို့ ပြောခဲ့တယ် … သွယ်တို့

အတူနေဖို့ အချိန်မတန်သေးဘူး လို့ ပြောခဲ့တယ် … သွယ် မိဘဆီမှာ လာမတောင်းသေးဘဲနဲ့ အဲလို မနေနိုင်ဘူး လို့ ပြောခဲ့တယ် ( သွယ့်မှာ ရည်ရွယ်ချက်ရှိတယ် သွယ် လက်ထပ်လို့မရသေးတာကို ကို သိပါတယ် ) … ကိုက ကို့ သူငယ်ချင်းတချို့နဲ့ ပတ်ဝန်းကျင်ကို

ထောက်ပြလာတယ် … ဘာပဲဖြစ်ဖြစ် သွယ် ငြင်းခဲ့တယ် … အဲတော့ ကိုက ပြောလာတယ် မတွေ့ဘဲ နေကြည့်ရအောင်တဲ့ … မတွေ့ရင် သူ့စိတ်ကိုသူ ထိန်းနိုင်မယ်တဲ့ … ကို့ကို ကြည့်ရင်း သွယ်ချစ်ခဲ့ရတဲ့ ချစ်သူက အချစ်ထက် သွေးသားဆန္ဒကို ပိုလိုချင်တဲ့သူလားလို့

အရမ်း ရင်နာခဲ့ရတယ် … လိုက်လျောပေးချင်မိခဲ့တယ် … ဒါပေမယ့် မဖြစ်သင့်ဘူးလေ … သွယ့်မှာ မိဘအသိုင်းအဝိုင်းရှိတယ် … ဒါကြောင့် ရတယ်လေ မတွေ့ပဲ နေကြည့်ရအောင်လို့ ပြန်ပြောခဲ့တယ် … အချစ်နဲ့ သွေးသားဆန္ဒကို ရောထွေးပစ်လိုက်တဲ့ သွယ့်ချစ်သူ

ကို့ကို မုန်းပလိုက်ချင်ခဲ့တယ် … ဒါပေမယ့် သွယ် မလုပ်ရက်နိုင်ဘူး … သွယ် ကို့ကို နောက်ပြန်လှည့်မကြည့်ဘဲ ထွက်လာခဲ့တယ် …

ချစ်သူ သက်တမ်း ၁ နှစ်ပြည့်ပြီးချိန်မှာ စဖြစ်တဲ့ ပဋိပက္ခပဲ … အဲ့ရှေ့ အချိန်တွေမှာ တကယ် ပျော်ခဲ့ရတယ် … ၁ ရက် ၂ ရက် ၃ ရက် သွယ်ဆီကို ဆက်သွယ်လာမလား စောင့်နေမိတယ် … ရုံးအဆင်းကို လာကြိုမလား မျှော်မိတာ အမောပဲ … Online ကနေပဲ

စကားလာပြောတယ် … သွယ် ပြန်မပြောခဲ့သလို ကိုလည်း ရောက်မလာခဲ့ဘူး … ဒီရက်တွေမှာ သွယ့်အတွက်တော့ နေ့တိုင်း မျက်ရည်နဲ့လေ … စိတ်တွေလည်း အရမ်းမွန်းကြပ်နေခဲ့ရတယ် … ၈ ရက်မြောက်တော့ သွယ် ဘယ်လိုမှ နေလို့ မရတော့ဘူး … သွယ်

မေ့လိုက်ချင်တယ် … ဒါပေမယ့် သွယ်က အရမ်း စိတ်ပျော့တဲ့သူလေ … သွယ်ကပဲ စဆက်သွယ်လိုက်မိတယ် … သွယ်တို့ ပြန်တွေ့ခဲ့ကြတယ် … သွယ့်ကို တင်းတင်းဖက်ထားရင်း သွယ် မကြိုက်တာ နောက် မပြောမိအောင် ကြိုးစားနေမယ် လို့ ပြောခဲ့တယ် …

သွယ်အနေနဲ့လည်း သူ့ကို ထိန်းပေးပါလို့ ကိုကတောင်းဆိုခဲ့တယ် … ဒီရက်တွေမှာလည်း သွယ့်ရုံးကို လာခဲ့ပေမယ့် သွယ်မမြင်ကွယ်ရာမှာ သူ ရှိနေခဲ့တယ်တဲ့ …ဒီလိုနဲ့ အရင်အတိုင်းပဲ ရုံးဆင်းချိန်တွေ တူလာခဲ့ပြန်တယ် … သွယ်တို့ နှစ်ယောက်လုံးက နယ်ကလေ …
သွယ်တို့ နောင်ရေးအတွက် ကို့ကို စီးပွားရေးလုပ်စေချင်ခဲ့တယ် … ဒါကြောင့် နှစ်ယောက် သဘောတူညီမှုနဲ့ ကို အိမ်ပြန်ပြီး စီးပွားရေး လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ် …

ကို နယ်အိမ်ကို ပြန်ခါနီးမှာပဲ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ် … သွယ်တို့က mail account ရဲ့ password က အတူတူ သုံးနေကျလေ … အရင် စိတ်ဆိုးတဲ့အချိန်မှာ ကို က password ပြောင်းခဲ့တယ် … သွယ် မသိသလိုဘဲ နေပေးခဲ့တယ် … တနေ့တော့ ဆိုင်မှာ

သွားသုံးရင်းနဲ့ password ပြန်မေးမိလိုက်တယ် … ကိုက ပြန်ပြောလာတယ် … account ထဲမှာ ချစ်သူတွေ ရှိနေနိုင်တယ်နော်တဲ့ … သွယ့်ကို စတယ်ပဲ ထင်လိုက်မိတယ် … သွယ် မသိတဲ့ ၃ လ အတွင်းမှာ ဖြစ်နိုင်ပါ့မလားလို့လေ … ရယ်ရင်းနဲ့ပဲ mail ဖွင့်လိုက်မိတယ် …

အံ့ဩရမလား … ဆိုင်ထဲကထွက်လာတော့ မြေကြီးနဲ့ခြေထောက် ထိတယ်ကို မထင်တော့ဘူး … ဒါပေမယ့် သွယ် ကို့ရှေ့မှာ မငိုခဲ့ပါဘူး … သွယ် ကို့ကို အဖြေပေးတုန်းက ပြောခဲ့ဖူးတာရှိတယ် … သွယ့်ထက် ချစ်လာနိုင်တဲ့သူရှိရင် ပြောပါ … ကို့ဆီက ဖွင့်ပြောတာပဲ

လိုချင်ပါတယ် … တခြားသူဆီကနေတော့ တဆင့်မသိပါရစေနဲ့ … ကို နောက်ဆုတ်စေချင်ရင် နောက်ဆုတ်ပေးပါမယ်လို့ အဖြေပေးပြီးစမှ ပြောခဲ့ဖူးတယ် … ဒါကြောင့် ကို့ကို မေးလိုက်တယ် … သွယ့်ကို နောက်ဆုတ်စေချင်တာလားလို့ … သွယ် သေချာမေးခဲ့တယ် …

သွယ်က ကို့ကို အမြဲ ပျော်စေချင်တဲ့သူပါ … သွယ် က ကို့ မျက်နှာ ညှိုးမှာကို မလိုလားသူပါ (အပေါ်က တောင်းဆိုမှုက လွဲရင်ပေါ့) … သွယ်ကို အားမနာပါနဲ့ … သွယ့်ကို မချစ်တော့ရင်ပြောပါလို့ … မဟုတ်ပါဘူးတဲ့ … ဒီလိုပဲ Online ကနေပဲ ဖြစ်တာပါတဲ့ … အပြင်မှာ

တွေ့ကြတာမှ မဟုတ်ဘဲနဲ့ … နောက်ပြီး သွယ်တို့ စိတ်ဆိုးနေချိန်မှာ Add ခဲ့တဲ့ အဲအစ်မ ယုယ ကို အစက သွယ်လို့ ထင်နေခဲ့တာတဲ့လေ … နောက်မှ မယုယက ကို့သူငယ်ချင်းတွေ အားလုံးနဲ့လည်း ပတ်ရှုပ်နေတာကို သိရတာလို့ ပြောခဲ့တယ် … ကို ရှင်းပြတာတွေကို

သွယ် ယုံကြည်ခဲ့တယ် …

ဒီလိုနဲ့ ကိုပြန်သွားခဲ့တယ် …. ချစ်သူသက်တမ်းက အဲချိန်မှာ ၁ နှစ်နဲ့ ၄ လ ရှိသွားပြီပေါ့ … သွယ်နဲ့ကတော့ အဆက်အသွယ် မပြတ်ခဲ့ကြဘူး … ယုယကတော့ ကို့ဆီကို အမြဲ mail ပို့နေခဲ့တယ် … ကိုက နယ်ပြန်သွားတာဆိုတော့ mail သိပ် မစစ်ဖြစ်တော့ဘူးလေ …

မယုယဆီက mail လာတိုင်း သွယ်ကပဲ ကို့ကို ပြောပေးရတယ် … ဒါပေမယ့် တခါမှ ကိုက mail ပြန်မပို့ခဲ့ဘူး … သွယ် ပြောခဲ့တယ် ကို တောင်းပန်သင့်တယ် ထင်တယ်လို့ … သွယ်က ကို့ account ကို သိတယ် ဆိုပေမယ့် ကို့ရဲ့ ဘယ်ကိစ္စမှ ဝင်ရောက်

စွက်ဖက်လေ့မရှိဘူး … ဘယ်သူက ဘာပြောထားတယ် … ဘာပြန်ပြောပေးရမလဲ … ဒီလိုပဲ လုပ်ပေးတယ် … ကို့မှာ လွတ်လပ်ပိုင်ခွင့် ရှိတယ်လေ … သွယ်တို့က ချစ်သူတွေပဲ ရှိသေးတာ မဟုတ်လား … မယုယ ကတော့ အမြဲ ကို့ကို ဆက်သွယ်ဖို့ ပြောတယ် …

နောက်ပိုင်း စာတွေက ကို့အပေါ်မှာ အရမ်းဒေါသထွက်တဲ့ စာမျိုးတွေ ပါလာတယ် … ဒါကြောင့် ကို့ကို သွယ် ထပ်ထပ်မေးခဲ့တယ် လူချင်းတွေ့ခဲ့သလားလို့ပေါ့ … မေးတိုင်း မတွေ့ခဲ့ပါဘူးဘဲ အဖြေရခဲ့တယ် … ဒါဆိုလည်း မတွေ့ခဲ့သည့်တိုင်အောင် သူမကို

ဘာပဲဖြစ်ဖြစ်တောင်းပန်သင့်တယ် ပြောခဲ့တယ် … ဒါပေမယ့် ကို မလုပ်ခဲ့ဘူး … သွယ်လည်း ပေါ့ပေါ့လေးပဲ နေလိုက်မိတယ် … ကို အိမ်ပြန်သွားပြီးနောက် ၂ ခါ သွယ့်ကို လာတွေ့ခဲ့တယ် … အဲချိန်မှာ ချစ်သူသက်တမ်း ၂ နှစ်နဲ့ ၅ လ ရှိခဲ့ပြီလေ … တကယ်

ပျော်ခဲ့ပါတယ် …

အရင်လို တောင်းဆိုမှုလည်း မရှိတော့သလို သွယ့်ကို တန်ဖိုးထားလို့ သွယ် ပို ယုံကြည်ခဲ့တယ် … သွယ် တကယ် ကို့ကို ချစ်ခဲ့တယ် … ကိုက သူဆိုးဖူးခဲ့တဲ့ အဲ Online ကိစ္စ အတွက်လည်း တောင်းပန်ခဲ့တယ် … နောင် မဆိုးတော့ပါဘူးလို့လေ … ချစ်သူသက်တမ်း ရ နှ

စ်ပြည့်ရင် လက်ထပ်မယ်လို့ ဂတိထားထားခဲ့ကြတယ် … ဒါပေမယ့် ကံကြမ္မာကြောင့်လား၊ သိချင်လွန်းတဲ့ သွယ်ကြောင့်ပဲလား … သွယ်လေ သိပ်မှားသွားခဲ့လား မသိတော့ဘူးကွယ် …

၂ နှစ် ၈ လ ကျော်ပြီးချိန် …..
ကို့ account ကို ဖွင့်ထားချိန် မယုယ Online ဖြစ်လာတယ် … ကို့ကို ပြောတဲ့စကားတွေက အရမ်း ကြမ်းတမ်းလွန်းနေတယ် … သွယ်အနေနဲ့ ကိုပြောတဲ့စကားတင်မဟုတ်တဲ့ မယုယ ပြောလာမယ့် စကားကိုလည်း သိသင့်တယ်လို့ ထင်လိုက်မိတယ် … ဒါကြောင့် သွယ်

စကားပြန်ပြောလိုက်မိတယ် … သွယ်လေ သူတို့ နှစ်ယောက်လုံးကို သွယ် မယုံနိုင်တော့ဘူး … သွယ် ငိုမိတယ် … ငိုတယ် … မယုယက ပြောတယ် ကို ဖုန်းကိုင်ဖို့ သွယ့်ကို ပြောပေးပေးပါတဲ့ … နောက် မယုယက သွယ့်ကို ကျိန်စာတိုက်တယ် … သွယ် မသိတော့ဘူး …

ဘယ်လို စကားတွေမှန်းကို သွယ် မသိတော့ဘူး … ခဏတာ ဘာမှ မသိတဲ့ လူတစ်ယောက် ဖြစ်လိုက်ချင်မိတယ် … Online မှာ ချစ်သူဖြစ်ပြီး ကို အိမ်မပြန်ခင် (လွန်ခဲ့သော ၁နှစ်၄လလောက်) မှာ တွေ့ခဲ့ကြတယ်တဲ့ ( ကို ရှိနေတဲ့ ရန်ကုန်ကို သူမ က လာတွေ့ခဲ့တာပါ

)… နောက်ထပ် အံ့ဩဖို့ကောင်းတာက ဒီ စတွေ့တွေ့ချင်း ၃ ရက်မှာပဲ တူတူ နေခဲ့ကြတယ်တဲ့ … သွယ် ဘာဆက်လုပ်ရမလဲ … သွယ် တကယ် ရူးချင်မိတယ် … ဘယ်လို စိတ်တွေနဲ့ သူတို့တွေ ဒီလို လုပ်ရက်ရတာလဲ … သွယ့်ရင်ကို မီးစနဲ့ ထိုးသလိုပဲ ပူလောင်တယ် …

အရမ်း ပူလောင်တယ် … မယုယကို ပြန်ပြောခဲ့တယ် … သွယ် မေ့ပေးပါ့မယ် … ကို့ကို မေ့ပေးပါမယ်လို့ … သူတို့သာ တကယ် အတူနေခဲ့ကြရင် သွယ်က တစိမ်းလူ ဖြစ်သွားခဲ့ပြီလေ … သွယ်က Diary ရေးတတ်တယ် … သူတို့ တွေ့တယ်လို့ ပြောတဲ့ ရက်တွေရဲ့

ညနေတွေမှာ ကို သွယ့်ရုံးကိုရောက်မလာခဲ့ဘူး … သွယ်လေ ကို့မျက်နှာကို ကြည့်ပြီး မေးလိုက်ချင်တယ် … ဘာလို့များ ဒီလောက် ရက်စက်ခဲ့ရတာလဲလို့ … အခုတော့ သွယ်တို့က တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးစီမှာလေ … ကို့ဆီကို ချက်ချင်းဖုန်းဆက်

မေးခဲ့တယ် … တွေ့ခဲ့ကြတာ မဟုတ်ပါဘူးတဲ့ … သွယ် ဘာလုပ်ရမယ် တကယ် မသိတော့ဘူး … အမှန်အတိုင်း ပြောရရင် နှစ်ယောက်လုံးကို မယုံတော့ဘူး … ဒါပေမယ့် မယုယကို ပေးလိုက်တဲ့ ကတိအတိုင်း သွယ် ကို့ကို ချစ်သူဖြစ်ကနေ ရပ်စဲကြောင်း ပြောခဲ့တယ် …

မပြောချင်ခဲ့ပါဘူး … ကို သွယ့်ကို တောင်းပန်ပါတယ် … Online ကနေ အဲလိုတွေ လုပ်ခဲ့တာတွေအတွက်ပေါ့ … ဒါပေမယ့် သွယ်က မဖြစ်သင့်တော့ဘူးလို့ ပြောခဲ့တယ် … မယုယ ပြောတာကို ယုံပြီး ကိုပြောတာကို ဘာလို့ မယုံတာလဲတဲ့ … သွယ်လေ ကို့ကို

ယုံကြည်ခဲ့သူပါ … အဆုံးစွန်ထိကို ယုံကြည်ပေးခဲ့ချင်သူပါ … သူများ မျက်ရည်ကျမှ ရလာမယ့် ချစ်ခြင်းကိုလည်း မလိုချင်ပါဘူး … ကိုက ပြောတယ် ခဏ စိတ်မပြေသေးရင်လည်း သူငယ်ချင်း ခဏ လုပ်ရအောင်တဲ့ … သွယ် အရာအားလုံးကို ခွင့်လွှတ်ပါတယ် ဒါပေမယ့်

လုံးဝ ကို မဆက်သွယ်ချင်တော့ဘူးလို့ ပြန်ပြောခဲ့တယ် …

ဒီနေ့ဆိုရင် ချစ်သူသက်တမ်း ရပ်တန့်သွားပြီလို့ သွယ် ပြောခဲ့တာ ၂ လပြည့်တော့မယ် … ကို လည်း သွယ့်ဆီကို mail မပို့တော့တာ ၁ လပြည့်ပြီ … သွယ် ဘာသာပြောခဲ့ပြီး သွယ် မျှော်နေတာမျိုး မလုပ်သင့်တာ သိပါတယ် … ဒါပေမယ့် ကို တကယ်ပဲ

မေ့သွားနိုင်ခဲ့ပြီလား … ချစ်တတ်အောင် သင်ပေးခဲ့ပြီးတော့ မေ့တတ်အောင် သင်ပေးဖို့ ဆရာသား ချန်ခဲ့တာလားကွာ … သွယ် ရူးတော့မယ် ကိုရယ် .. သွယ်က ကို ဖြေရှင်းပေးမယ့်အချိန်ကို စောင့်နေပေမယ့် ဖြစ်မလာဘူးနော် … သွယ် ဘယ်လောက် ခံစားနေရတယ်

ဆိုတာကို ကို မခံစားမိနိုင်တော့ဘူးလားဟင် … ကိုပြောခဲ့ဖူးသလို သွယ်က စိတ်မာချင်ရင်လည်း အရမ်းမာပြီး စိတ်ပျော့ပြီဆိုရင်လည်း အရမ်းပျော့လွန်းတဲ့သူပါ … ပထမတစ်ကြိမ် စိတ်ဆိုးတုန်းက သွယ် စခေါ်ခဲ့ပြီးပြီ … သွယ်အချစ်ကို လိုချင်တုန်းက လိုက်ခဲ့တဲ့

ဂရုစိုက်မှုတွေ ဘယ်ရောက်သွားပြီလဲ ကိုရယ် … စိတ်ကောက်တာနဲ့ ချက်ချင်း ရောက်လာတတ်တဲ့ ကိုရော ဘယ်မှာလဲ … ဝေးနေလို့ ဒီလို ဂရုစိုက်မှုတွေ မရနိုင်တာကို သွယ် သိပါတယ် … သွယ် ကို့ကို မျှော်လင့်မိနေတယ် … ကို အိမ်ထောင်မပြုမချင်းပေါ့ … ဒါပေမယ့်

သွယ်က စပြီးတော့ မခေါ်တော့ဘူး … သွယ် သိပ်ရင်နာပါတယ် … ကို့ကို သွယ့်ရဲ့ ဘဝအဖော်မွန် ဖြစ်လာမယ့်သူလို့ ရည်မှန်းထားသူပါ … ကို့ကို သွယ် ဘယ်လောက် ချစ်ခဲ့လဲဆိုရင် ဒီအဖြစ်အပျက် နှစ်ခုလုံးကို သွယ် အရင်းနှီးဆုံး သူငယ်ချင်းတွေကိုတောင်

မပြောပြခဲ့သူပါ … သွယ့်အဖော်မွန် ဖြစ်လာမယ့် ကို့ကို သူတို့ တမျိုးမမြင်စေချင်ခဲ့သူပါ … သွယ့်ကို တန်ဖိုးထားခဲ့သလို မယုယ ဘယ်လိုလူပဲဖြစ်နေပါစေ ကိုသာ သူမကိုရော တန်ဖိုးထားခဲ့မယ်ဆိုရင် အခုလို သွယ် နာကျင်ရမှာ မဟုတ်ဘူးကွယ် … သွယ်

ဘာဆက်လုပ်မယ်လဲ မသိတော့ဘူး … သွယ့်အချစ်အားလုံးကို ရခဲ့တဲ့ ကိုရေ … သွယ် ဘာဆက်လုပ်သင့်လဲ ပြောပေးပါဦးကွယ် …

ဒီလို ဇာတ်လမ်းမျိုးကို အခု ပတ်ဝန်းကျင်မှာ တော်တော်များများ တွေ့နေရတယ် …

ချစ်သူရှိဖူးတဲ့သူတိုင်း ကိုယ့်ချစ်သူနဲ့ လက်ထပ်ဖို့ စိတ်ကူးခဲ့ကြမှာ အများစု ဖြစ်မယ် ထင်ပါတယ် …

စာဖတ်သူသာ သွယ်နေရာမှာဆိုရင် ဘယ်လို ဆုံးဖြတ်မယ် ဆိုတာကို သိချင်မိတယ် …

ကြည်ဖြူ စာကို သည်းခံ ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင် …