(၁)

မူးယစ်ရီဝေနေသာ လူအများကိုကြည့်ရင်း တစ်ခါတစ်ခါ အော်ဂလီဆန်ရသည်။ ဆေးလိပ်မီးခိုးငွေ့များက ဆိုင်အတွင်းရှိ လေထုထဲတွင် မွန်ထူနေအောင် ပျံ့နှံ့နေသည်။ တစ်ချက်တစ်ချက် ထကြွသောင်းကျန်းအော်ဟစ်နေသော လူတစ်ချို့ကြောင့် လန့်သွားရသည်လည်းရှိ၏။ ကောင်တာ စားပွဲဆီမှာ မြင်နေရသော မြင်ကွင်းသည် နေ့စဉ် ရိုးအီနေပြီ ဖြစ်သော်လည်း အသားကျခြင်းမရှိသေး။ ဂဏန်းပေါင်းစက် ကလေးတစ်လုံးဖြင့် ဘောင်ချာ စာအုပ်ကလေးကိုင်ကာ “ဒီဝိုင်းက ရှင်းမယ်ဟေ့”ဆိုလျှင် သူမ သွက်သွက်လက်လက် တွက်ချက်ပေးရတော့ပြီ။ ရီဝေေ၀ အကြည့်များအောက်တွင် ရိသဲ့သဲ့စကားလုံးများကို လိမ္မာစွာရှောင်တိမ်းရင်း အပေါ်ယံသကာဖုံးလျှက် စကားတွေ ဖောင်ဖွဲ့ပြောဆိုရသည်လည်း ရှိသည်။ သူမ၏ အပေါ်ယံ အလှတရားများအောက်တွင် ပျော်ဝင်ကျရှုံးစွာဖြင့် သည်ဆိုင်ကလေးသို့ နေ့စဉ်မပြတ်လာရောက်ကြသည့် ယောကျာ်းတွေ၊ အထင်သေးစွာဖြင့် ချဉ်းကပ်လာသော ယောကျာ်းတွေ ထိုထိုသော ယောကျာ်းပေါင်းများစွာကို သူမက ဘယ်လိုစံနှုန်းများဖြင့် အကဲဖြတ်ရွေးချယ်ရမည်နည်း။

သူမက တကယ်တမ်း သည်လို အရက်၊ ဘီယာတွဲရောင်းသော စားသောက်ဆိုင်မျိုးတွင် အလုပ်မလုပ်ချင်ပေ။ ဖြစ်ချင်တာတွေကို နောက်ကျောသို့ပို့ပြီး ဖြစ်သင့်တာကို သူမရွေးချယ်ခဲ့ရသည်။ သူမ သည်ဆိုင်ကလေးကိုရောက်ခါစက ဆိုင်ပိုင်ရှင် အဒေါ်ကြီးပေးခဲ့ဖူးသော မှတ်ချက်ကို ပြန်လည်အမှတ်ရမိသေးသည်။

“ဒီမယ် နုလေးရဲ့ နုလေးရုပ်ရည်နဲ့ဆို ကောင်တာမှာသာ ရွရွလေးထိုင်လိုက် တို့ဆိုင်တော့ လူစည်ပြီပဲ…ကံကောင်းရင် နုလေး လင်ကောင်းကောင်းတစ်ယောက်လောက်တောင်ရဦးမှာ ဘာဖြစ်လို့လဲဆိုရင် ဆိုင်ကိုလာတဲ့ လောပန်တွေက ငွေတွင်းတွေလေ၊ ဘယ်နှယ့်လဲ နုလေး “

ထိုရေလာမြောင်းပေးစကားကို သူမ အဲဒီအချိန်တုန်းက ဘာကြောင့်မငြင်းမိမှန်းမသိ။ လွယ်လွယ်ပင် ခေါင်းငြိမ့်၍ ကောင်တာစားပွဲကို လက်လွဲယူလိုက်သည်။ ညဘက်လူစည်ကားနေသောအချိန်တွင် သူမက လှပကျော့ရှင်းသော အ၀တ်များကိုဝတ်ပြီး ကောင်တာတွင် ကျော့ကျော့လေးထိုင်နေရုံဖြင့် သည်ဆိုင်ကလေး လူစည်လာခဲ့ရသည်။ အဒေါ်ကြီးပြောသော လင်ကောင်းကောင်း တစ်ယောက်လောက်တောင်ရဦးမှာ ဆိုသည့်စကားကို သူမ နည်းနည်းလေးမှ သဘောမကျပေ။ ဆိုင်အတွင်းသို့ ရောက်လာသမျှကုန်သော ယောကျာ်းသားများသည် အရက်သေစာ သောက်စားရန်အတွက်သာ ရောက်လာရသည်ကများသည်။ မည်သည်ကိုကြည့်ပြီး ထိုယောကျာ်းကောင်းသည်၊ ထိုယောကျာ်းဆိုးသည်ကို သိရမည်နည်း။

တစ်ချက်တစ်ချက် ကောင်တာဆီသို့ ၀ဲလွင့်လာသော အကြည့်များကို သဘောရိုးဟု သတ်မှတ်ပြီးလား။ တစ်ခါတစ်ရံလာသောက်သည်ကို ခွင့်လွှတ်ရင်းလား။တစ်ပတ်တစ်ခါ၊ ဆယ့်ငါးရက်တစ်ခါ၊ တစ်လတစ်ခါ လာရောက်ကြသည် ယောကျာ်းများကို သူမက ဘယ်လို သရုပ်ခွဲလေ့လာ မှန်းမသိပေ။

သူမကို ချဉ်းကပ်လာကြသော ယောကျာ်းများကို အကြောင်းသိလေ့လာရန်မှာ မခက်ချေ။ အဘယ်ကြောင့်ဆိုသော် ရာနှုန်းပြည့် မဖြူစင်ကြသော ယောကျာ်းများကို သူမ မျက်ဝါးထင်ထင် နေ့စဉ်နီးပါးမြင်နေရသော ကြောင့်ဖြစ်သည်။ ဘီယာ၊ အရက်အပြင် အပေါင်းသင်းစုံလျှင် သွေးသားထကြွသောင်းကျန်းနိုင်သော ယောက်ျားသားများကို သည်လို အရပ်ဒေသတွင် ဒုနှင့်ဒေး မြင်ရသည်။ ထိုအများထဲမှ ခေါင်းခေါက်ရွေးနိုင်သေးသည် ဆိုသော်လည်း သူမမြင်ရသမျှနှင့်နှိုင်းယှဉ်သော် ခေါင်းခေါက်ရန် တစ်ယောက်တစ်လေတောင် ကျန်မည်မဟုတ်ပေ။ ဆိုင်ထဲသို့ဝင်လာသော ယောကျာ်းသား တစ်စုကိုမြင်တော့ တွေးလက်စအတွေးများ ပြတ်တောက်သွားရသည်။

သည်အုပ်စုကိုတော့ဖြင့် သူမ ကောင်းကောင်းကြီး သိပါ၏။ မျက်လုံးရွဲကြီးများနှင့် ကြည့်တတ်သော ကောင်လေး တစ်ယောက် အမြဲလိုလိုပါတတ်သည်။ နေပုံထိုင်ပုံကောင်းသည်ကိုတော့ မှတ်ချက်ကောင်းကောင်းဖြင့် သူမပေးမိတော့မည်။ ဥပဓိရုပ်ကောင်းပါလျှက်ကယ်နှင့် အရက်ဆိုင်သို့ နေ့စဉ်မှန်မှန်ရောက်လာသည်ကိုတော့ သူမ သဘောမကျ..။ သို့သော် အပြိုင်အဆိုင် စားသောက်ဆိုင်တွေကြားမှာ သူမတို့ဆိုင်ရောင်းအားမြင့်တင်ရေးအတွက်တော့ ခပ်ပြုံးပြုံးကလေးနှင့် လိုက်လျောညီထွေစွာဆက်ဆံဖြစ်သည်။စားပွဲထိုးများ ဆိုင်နောက်ဘက်သို့ ရောက်နေသောကြောင့် သူမ ထိုဝိုင်းသို့ လျှောက်လာလိုက်သည်။ အချင်းချင်း မျက်စပစ်ပြီး လက်မထောင်ပြနေသည်ကို မြင်လိုက်ရတော့ ထိုအုပ်စု တစ်ခုခုကိုတော့ဖြင့် အလောင်းအစားလုပ်ထားလိုက်ပြီဟု စားသောက်ဆိုင်မှာ နေလာသည်မှာကြာပြီမို့ သူမသိလိုက်သည်။

“အစ်ကိုတို့ မရောက်လာတာတောင် ကြာခဲ့ပြီနော်…..”

“ဟုတ်တယ် ညီမရဲ့ “

“ကဲ ပြောစမ်းပါဦး ဘယ်ဆိုင်တွေ ရောက်နေတာလဲ…ခု….ဘာသောက်မှာလဲ….အမြည်းကရော ထုံးစံ အတိုင်းပဲလုပ်လိုက်ရမှာလား”

“ညီမက အစ်ကိုတို့ ဘာအမြည်းတွေ ကြိုက်တတ်တယ်ဆိုတာ မှတ်မိလို့လား”

“မှတ်မိတာပေါ့….အစ်ကိုတို့လာရင် ငါးကင်ပါမယ်…ကျောက်ပွင့်သုပ်ပါမယ်…ကိုက်လန်ကြော်ကို ကော်ရည်လေးနဲ့ ကြော်တာကိုကြိုက်တယ်……၀က်ခေါင်းသုပ်ပါမယ်..ဟုတ်တယ်မလား….”

“ညီမက ဥာဏ်ကောင်းသားပဲ ကဲ ဟေ့ကောင်တွေ ဘာမှာလဲ “

သူမနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော ကောင်လေးက သူ့အပေါင်းအသင်းတွေကို လောဆော်လိုက်သည်။ သူမက ပြုံးပြလိုက်ပါသည်။ ကောင်လေးကလည်း ပြန်ပြုံးပြပြီး-

“ကျနော့်အတွက်ကတော့ ၀ိုင်တစ်ပုလင်းပဲပေးပါ…”ထိုအခါ ကျန်လူများက ကောင်လေးကို ၀ိုင်းပြောကြတော့သည်။

“ဟေ့ကောင် သစ္စာမဖောက်နဲ့ ဘာဝိုင်လဲ…..မရဘူး လာတာချင်းအတူတူ အကြမ်းချရမယ်..ခါတိုင်း အကြမ်းချနေကျကောင်က ခုမှ ၀ိုင်တဲ့”

“ဟုတ်တယ်……မင်းမင်း ငါတို့အကြမ်းချရင် မင်းလည်း အကြမ်းချရမယ် “

ထိုသို့တစ်ယောက်တစ်ပေါက် ၀ိုင်းပြောကြသောအခါမှ ကောင်လေးက ရယ်ကျဲကျဲဖြင့် သူမကိုကြည့်ပြီး –

“ငါ ဒီနေ့တော့ အကြမ်းမချတော့ဘူးကွာ ဒီနေ့တော့ ရှော်လိုက် ဟုတ်ပြီလား….နောက်နေ့ နောက်နေ့ကွာ”

“လုပ်ပြီကွာ ငါမပြောတော့ဘူး မင်းမင်း….ခုမှ အကျင့်ဆိုးတွေ လျှော့နေတာပေါ့..ဟားဟား ရယ်ရတဲ့ကောင်……သဘော မင်း သဘောကွာ ဟေ့ကောင်တွေ”

သူမကိုကြည့်ပြီး မျက်လုံးဖြင့်ပြောသော ဘာသာစကားများဖြင့် အချင်းချင်း ရိပ်ဖမ်းသံဖမ်း မျက်စပစ်နေကြတာကို အထာနှပ်စွာဖြင့် သူမ ကောင်းကောင်းကြီး သိသည်။ ကောင်လေးက သူမရှေ့မှာမို့ ၀ိုင်မကိုမှာသည်။ ခါတိုင်း ကောင်လေး အကြမ်းတွေ သောက်သည်တဲ့။ ဂရင်းရွိုင်ရယ် တစ်လုံး၊ ၀ိုင်းတစ်လုံးဖြင့် ထိုအုပ်စု ၀ိုင်းကို စ..နေကြပြီ။ သူမက ကောင်တာမှာထိုင်ရင်း နောက်ထပ်ဝင်လာကြသော လူတစ်စုကို မြင်လိုက်ရသည်။

 

 

ထိုအုပ်စုကိုတော့ဖြင့် သူမက ချဉ်ဖတ်ဟု ကွယ်ရာတွင် အမည်ပြောင်ပေးထားခဲ့သည်။ နေ့စဉ်ရက်ဆက် ဆိုင်သို့ရောက်ရောက်လာတတ်ပြီး ထွေရာလေးပါးအပြင် ရောက်တတ်ရာရာ မကောင်းသတင်း၊ ကောင်းသတင်းများကို သောက်ရင်းစားရင်းဖြင့် အာဘောင်အာရင်းသန်သန် ပြောကြသည့် အုပ်စု။

ထိုအုပ်စုသည် လာရောက်သည့်အခါတိုင်း သူမကိုလည်း ရိသဲ့သဲ့ လုပ်လားလုပ်ရဲ့။ စားပွဲထိုး ကောင်မလေးတွေကိုလည်း ရိသဲ့သဲ့က မလွတ်ချင်။ လကုန်ရက် လစာထုတ်သည့်ရက်ဆိုလျှင် သူမတို့ဆိုင်မှာပင်လျှင် သုံးလေးငါးသောင်းကျော်က ရှင်းရမြဲ။ တရက်တကျေးမှာ စီးပွားလာရှာကြပြီး သောက်စားမူးယစ်နေလျှင်ဖြင့် ထိုအုပ်စုများ၏ မိသားစုများ ဘယ်လို အသက်ဆက်နေကြပါလိမ့်။ထိုအုပ်စုထဲမှ ဆောင့်ကြွားကြွား ကောင်လေးကို သူမ ဘယ်လိုစိတ်နှင့်ယုံကြည်ရမည်နည်း။ မိဘမသိသောသူတစ်ယောက်ကို သူမ ယုံကြည်မှုတွေပုံအပ်ပြီး မရွေးချယ်ရဲ။ စားပွဲဝိုင်းတစ်ဝိုင်းဆီမှ သူမထံ အကြည့်ရောက်နေသော ယောကျာ်းသားများကို တစ်ယောက်မှ မရွေးချယ်ရဲ။

သူမရှေ့တွင်သာ သူမကို သဘောကျကြောင်း၊ ချစ်ကြောင်း၊ ကြိုက်ကြောင်း ခရားရေလွှတ်ပြောနေကြသော်လည်း ကွယ်ရာတွင်တော့ မျက်နှာများ အိုင်တွေ့ခြေဆေးနေနိုင်သေးသည်။ တစ်ချို့က ရိုးရိုးသားသား၊ တစ်ချို့က ဆန်းဆန်းပြားပြား။

ရိုးသားသည်ဟု သူမကမြင်သော ယောကျာ်းသားများပင်လျှင် နေ့တိုင်းသူမတို့ဆိုင်တွင် အရက် လာသောက်နေကြသည်။ ယုံကြည်ရန် ခဲယဉ်းသော ထိုယောကျာ်းများကို သူမ အရက်ဆိုင်ထဲမှနေ၍ မျက်စိမှိတ်မယုံကြည်နိုင်။

မျက်လုံးများဖြင့် ကစားသော ယောကျာ်းများ၊ အပြုံးများဖြင့် ကစားသော ယောကျာ်းများ၏ ကျော့ကွင်းတွင် သူမ အမိမခံနိုင်သေး။ ကောင်တာရှေ့ကမြင်ကွင်းမှာ ထိုယောကျာ်းများ ရှိနေကြသည်။ တစ်ချို့ဝိုင်းက ဆူညံအောတိုက်စွာ၊ တစ်ချို့ ၀ိုင်းက အေးဆေးငြိမ်သက်စွာ။ တစ်ချို့ဝိုင်းက မူးယစ်ရမ်းကားစွာ။ ဆေးလိပ်မီးခိုးငွေ့များ ….လေးသွဲ့နေသော အာလေးလျှာလေးအသံကြီးများ နားနှင့်မဆန့်အောင် ကြားနေရသည်။ တစ်ချက်တစ်ချက် သူမထံသို့လွင့်လာသော ရိသဲ့သဲ့ စကားသံများ ကြားရသည်။ ထိုယောကျာ်းများကို အနီးကပ်ချဉ်းကပ်လေ့လာကြည့်ခြင်းဖြင့်ပင် သူမ အော်ဂလီဆန်ပါသည်။ မယုံကြည်ရဲပါ။ စားသောက်ဆိုင်အတွင်းမှနေ၍ သူမ မြင်မိသမျှ၊ ကြားမိသမျှသော ကျားဘသားများ၏ သဘောသဘာဝသည် သူမ၏ ရင်ထဲမှာ ရှင်သန်ထမြောက်နေသော အချစ်သစ်ပင်ကလေးကို ရေလောင်းပြီး ပေါင်းမသင်နိုင်။

အဒေါ်ကြီးပြောသော လင်ကောင်း တစ်ယောက်သည် သူမ၏ ဆိုင်ကလေးအတွင်း၌ ရှိမနေနိုင်သေး။ သူမ ဆေးလိပ်ကိုကြောက်သည်။ ကွမ်းကို မုန်းသည်။ အရက်ကို မမြင်ချင်…။ ဆင်းလုံးချော ကျားဟူသည် လောကနိုင်ရှိနိုင် မရှိနိုင်ကိုတော့ အဒေါ်ကြီးထံတွင် မေးကြည့်ရဦးမည်။ သူမကတော့ နောက်နေ့များတွင်လည်း သူမဆိုင် လူစည်ကားရေးအတွက် ပြုံးရွှင်စွာဖြင့် လာသမျှသော ယောကျာ်းများကို ကလူ၏သို့ မြူ၏သို့လုပ်ရဦးမည်။ အသားကျနေပြီဖြစ်သော ပြုံးခြင်းတွင် ရင်တွင်းစေတနာ မထည့်နိုင်သည်ကိုတော့ သူမသာလျှင် သိနေပါသည်။

သော်ဇင်(လွိုင်ကော်)

17th-Oct-2011

Time-7:48PM

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား