ကျွန်တော်နဲ့ဖောဝပ်မေးလ် – ၂

အဆီဖျက် ဆယ်ချက်

၀ဝလေးနှင့် လှလှလေး စာရင်းတွင် ပါနေသော၊ ရှိသင့်သော ကိုယ်အလေးချိန်ထက် အနည်းငယ်/လွန်စွာ ပိုနေသော၊ သို့သော်လည်း ၂၀၁ဝတွင် ကိုယ်အလေးချိန်လျော့ချလိုသော သူများအနေဖြင့် အချက် (၁၀)ချက်ကို လိုက်နာနိုင်လျင် ၂၀၁ဝနှစ်ကုန်ချိန်၌ ကိုယ်ရေစစ်ခြင်းနှင့်အတူ ကျန်းမာသန်စွမ်းဖျတ်လတ်မှုကို ခံစားရမည် ဖြစ်သည်။

၁။ အစားအသောက် ဆင်ခြင်ရန်။
ဥပမာ -Coke တစ်ဗူးသောက်ခြင်းသည် ၂၅ဝကယ်လိုရီ စားသုံးလိုက်ခြင်းဖြစ်သည်။ ထိုစားသုံးလိုက်သော ၂၅ဝကယ်လိုရီ လောင်ကျွမ်းရန်အတွက်မူ မိနစ်၃ဝခန့် ပြေးရမည်။
(စားသုံးသော အစားအစာ ပမာဏ – ကိုယ်လက်လှုပ်ရှားမှု = အဝလွန်ခြင်း ဖြစ်သည်။) လူအများစုသည် မိမိခန္ဓာကိုယ်၏ လိုအပ်ချက်ထက် ပိုမိုစားသောက်သောကြောင့်သာ ဝ နေခြင်း ဖြစ်၏။
ထို့ကြောင့် တစ်ခြား လေ့ကျင့်ခန်းအစီအစဉ်များ မစတင်မီတွင် အစားအသောက်ကို ကျန်းမာရေးနှင့်အညီ စားသောက်တတ်ရန် လိုအပ်သည်။ အစားအသောက်လျော့ရန် မဟုတ်ချေ။ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများကို များများစားတတ်ရန် ဖြစ်၏။

၂။ ရေများများ သောက်ရန်။
ရေသောက်ခြင်းဖြင့် ဗိုက်ပြည့်နေတတ်ပြီး တစ်ခြား သားရည်စာများ၊ အချိုရည်များ မသောက်ဖြစ်တော့ချေ။ ထို့အပြင် ရေများများသောက်ခြင်းဖြင့် ကိုယ်တွင်း၌ အစာချေဖျက်မှုမြန်ဆန်လာပြီး အဆီချေဖျက်အား ကောင်းလာတတ်၏။

၃။ အလေးဖြင့် လေ့ကျင့်ခန်း လုပ်ရန်။
ကိုယ်အလေးချိန် မြန်မြန်ကျလိုပြီး၊ ပြန်လည် ဝ လာ ခြင်း မရှိစေရန် (ကျသွားသော ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ရန်)အတွက် တစ်ပတ်လျင် နှစ်ရက်ခန့် ဝိတ်တုံး/အလေးတုံးများဖြင့် လေ့ကျင့်ခန်းလုပ်ပေးရန် လိုသည်။
ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူညီခြင်းကြောင့်၊ အမျိုးသမီးများ အလေးတုံးများဖြင့် လေ့ကျင့်ခန်းလုပ်လျင် မောင်ဗမာ/လူသန်ကြီးများကဲ့သို့ ကြွက်သားတုံးများ အဖုအထစ်များစွာ ဖြစ်လာမည် မဟုတ်ပါ။ အလေးတုံးများဖြင့် လေ့ကျင့်ခန်းလုပ်လျင် လုပ် စ ၌ ၂ပေါင်တုံး၊ ၃ပေါင်တုံး (Dumbbell) များဖြင့် လုပ်သင့်ပြီး၊ လေ့ကျင့်ခန်းလုပ်ရက် ကြာလာသည်နှင့်အမျှ ထို့ထက်ပိုလေးသော အလေးတုံးများကို အသုံးပြုနိုင်သည်။

၄။ အဖြူရောင် အစားအစာများကို တတ်နိုင်သလောက် ရှောင်ရန်။
ထမင်း၊ ပေါင်မုန့်၊ အာလူး၊ ပါစတာ၊ ဘီစကစ်၊ ကိတ်မုန့် စသည့်အစားအစာများကို အလွန်အကျွံစားသုံးခြင်းဖြင့်၊ ကိုယ်ခန္ဓာ ဝ ဖြိုးလာနိုင်သည့်အပြင် အဝလွန်ခြင်းနှင့် ဆက်နွယ်သည့် တစ်ခြားရောဂါများ ဖြစ်စေတတ်သည်။ (ဥပမာ – ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါ)

၅။ ဟင်းသီးဟင်းရွက်များများ စားရန်။
ထမင်း၊ ပေါင်မုန့်၊ အာလူး၊ ပါစတာ စသည့် အစားအစာများနေရာတွင် ဟင်းသီးဟင်းရွက်များများ စားရန်လိုသည်။
(some negative calorie food: Asparagus, Fennel, Broccoli, Leek, Cabbage, Lettuce, Carrots, Apricot, Mandarin orange, Blackberry, Melon, Blackcurrant, Peaches, Clementines, Damsons, Raspberry, Grapefruit, Rhubarb, Guava, Strawberry, Honeydew Melon, Lemon, Cucumber, Cauliflower Peppers, Celery, Radish, Spinach, Tomato)
ဟင်းသီးဟင်းရွက်ကို ဆီများများဖြင့် မကြော်သင့်ပါ။ ရေနွေးဖြင့် ပြုတ်ခြင်း/ပေါင်းခြင်း၊ ဆီအနည်းငယ်ဖြင့် သုပ်ခြင်း၊ ချည်ရည်ဟင်း/ဟင်းချို ချက်ခြင်း – စသည့်ဖြင့် မငြီးမငြူ ရှိစေရန် ပုံစံအမျိုးမျိုးဖြင့် စားသုံးနိုင်သည်။

၆။ ကြိုးခုန်ရန်။
တစ်ခြားလေ့ကျင့်ခန်းများ လုပ်လေ့မရှိပါက၊ ကြိုးခုန်ခြင်းသည် နှလုံးနှင့် တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် အလွန်ကောင်းမွန်သော ကိုယ်လက်လှုပ်ရှားမှု တစ်ခုဖြစ်သည်။ အမောမခံနိုင်ပါက တစ်ဖြည်းဖြည်းချင်း ကျင့်ယူသွားရန် လိုအပ်သည်။

၇။ ရေနွေးကြမ်းသောက်ရန်။
ရေနွေးကြမ်းသောက်သည် တစ်ခြား ကယ်လိုရီများသော အစားအစာ/အစားအသောက်များ စားသောက်ခြင်းအား လျော့စား/လျော့သောက် စေသလို အဆီများကိုပါ ချေဖျက်စေသည်။

၈။ လေ့ကျင့်ခန်းတစ်ခုပြီး တစ်ခု ဆက်တိုက်ပြောင်းလုပ်ရန်။ (Circuit Training)
ဥပမာ- အိပ် ထ မတင် Crunches ၊ ထိုင်ထ Squats ၊ အမြင့်ခုန် Burpees စသည်တို့ကို တစ်ခုလျင် (၁၀)ခါ၊ ထို့သို့ ၁ဝခါ ၁ဝခါ ၁ဝခါဖြင့် (၃)ကြိမ် လုပ်ပေးလျင်၊ အလေးချိန် လျော့ကျခြင်းနှင့်အတူ အမောခံနိုင်လာမည်။ သန်မာဖျတ်လတ်လာမည်။ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ၊ ကျန်းမာရေး ချို့ယွင်းမှုကြောင့် သူတပါးပေါ်တွင် မီခိုနေရခြင်းမှ ကင်းဝေးလာနိုင်ပြီး လူငယ်များနှင့်တန်းတူ ပေါ့ပေ့ါပါးပါး ပြေးလွှားနိုင်မည်။

၉။ သကြား/သန့်စင် သကြား Refined Sugar ကို ရန်သူသဖွယ် ရှောင်ရန်။

ထိုအရာသည် မိမိ၏ ခန္ဓာကိုယ် (အထူးသဖြင့် ဗိုက်နေရာ) အား အဆီစုစေသော အစာဖြစ်သည်။ Refined Sugar သည် သကြားလုံး၊ ချိုချဉ်၊ ချောကလတ်၊ မလိုင်လုံး၊ သစ်သီးဖျော်ရည်ပုလင်းများ၊ cereal တစ်ချို့၊ သားရည်စာအများစု၊ အာလူးကြော် စသည်တို့တွင် မသိမသာဖြင့် များစွာပါနေလေ့ရှိသည်။ အနည်းငယ်စားသုံးလျင် မသိသာသော်လည်း အလွန်အကျွံစားသုံးပါက၊ တစ်ဖြည်းဖြည်းခြင်းဖြင့် အလွန်အကျွံ ဝ လာမည် ဖြစ်သည်။
ဥပမာ – ယခုနှစ်တွင် ယမန်နှစ်ထက် (၂)ပေါင် တက်လာပါက၊ (၂)ပေါင်မျှသာဟု ဆိုသော်လည်း ထိုနည်းအတိုင်း ဆက်တက်သွားလျင် နောင် ၁ဝနှစ်၌ ယခုအလေးချိန်ထက် ပေါင်(၂၀) ဝ သော ခန္ဓာကိုယ်တစ်ခုကို မှန်ထဲ၌ ကြည့်နေရမည် ဖြစ်သည်။

၁၀။ စိတ်ရှည်ရန်။
ကျန်းမာရေးနှင့် အညီ ကိုယ်အလေးချိန် လျော့ကျလိုလျင် စိတ်ရှည်ရမည်ဖြစ်သည်။ ပိန်ဆေးများသောက်ခြင်း၊ အစာအိမ်ကုထုံးဖြင့် ပိန်အောင်လုပ်ခြင်း၊ အဆီကျစေရန် စက်အကူအညီများဖြင့် ဆောင်ရွက်ကြခြင်း – စသည်တို့သည် ပိန်ကောင်းပိန်နိုင်သော်လည်း ကျန်းမာသန်စွမ်းဖျတ်လတ်သော၊ ပြေးခြင်း လမ်းလျှောက်ခြင်းများကို များများမြန်မြန်ပြုလုပ်နိုင်သော ပိန်ခြင်းမျိုးဖြင့် ပိန်နိုင်မည် မဟုတ်ချေ။

ဖျတ်လတ်မှုအတွက် ဖြတ်လမ်းမရှိပါ။ ကျန်းမာရေးအတွက် ဖြတ်လမ်းမရှိပါ။ – ဟု ဆိုကြလေသည်။ ။

ကိုးကား – freewomenfitness.com
pic from – thefatproblem.com
(ပန်းနွယ်)

2 comments

  • koyinmaung

    November 26, 2010 at 10:58 am

    ကောင်းတယ် ဝိတ်လျော့ချင်နေတာအတော်ဘဲ…..

  • MaMa

    November 27, 2010 at 4:09 am

    ကျေးဇူးအထူးအထူးအထူးပါ။ coke တစ်ဗူးသောက်ရင် နာရီဝက် ပြေးရမယ်ပေါ့။ တတ်နိုင်သလောက်ကြိုးစားကြည့်လိုက်အုံးမယ်။

Leave a Reply