မြန်မာနိုင်ငံတွင် အကြီးဆုံးရွှေကြောတွေ့ရှိ…

chatsuDecember 4, 20111min733

ပြီးခဲ့သည့် လပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံးရွှေကြောကြီးသည် ကရင်ပြည်နယ်မယ်ဝိုင်ဒေသတစ်ဝိုက်မှ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအထိ ကြီးမားကျယ်ပြန့်စွာ တည်ရှိနေပြီး နှစ်ရာချီထုတ်ယူရရှိနိုင်ကြောင်း ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနအငြိမ်းစားပါမောက္ခနှင့် Advanture Mental International Mining Co., Ltd. ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးစိုးသိန်းက ပြောကြားသည်။

ယင်းရွှေကြောကြီးသည် ကရင်ပြည်နယ် မယ်ဝိုင်ဒေသမှ မွန်ပြည်နယ်ကျိုက်ထီးရိုးဘုရားတောင်ခြေ၊ ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး တောင်ငူအထိရှည်လျားကြောင်း၊ ရွှေကြောများကိုကောင်းကင်ဂြိုလ်တုမှတစ်ဆင့် ဓာတ်ပုံရိုက်ရာ နေရာခြောက်ခုကို ချိတ်ဆက်ရိုက်ယူရသည်အထိ ကြီးမားကြောင်း ၎င်းကပြောကြားသည်။

“မယ်ဝိုင်မှော်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ရွှေတူးတဲ့ သူတွေ တန်ချီရဖူးတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ရွှေတန်ချီရရှိကြခြင်းမှာ ရွှေကြောကြီး၏ အောက်ခြေအဆင့်နုန်းမြေများတွင်သာ တူးဖော် (ကျင်ယူ) ရရှိခြင်းကြောင့်ဖြစ်ပြီး ရွှေသာမြောက်မြားစွာပါဝင်သော ကျောက်သားများမှာ မိုင်ချီကျန်နေသေးကြောင်း၊ ယင်းကျောက်သားများမှာ ကျောက်သားတစ်တန်လျှင် ရွှေ ၂ဝ ကျပ်သားအထိ ရရှိမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“မယ်ဝိုင်ရွှေမှော်က တော်တော်ခေါင်ပါတယ်။ ဒီဒေသခံတွေက သွားလုပ်ကြတဲ့သူနည်းပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါပါတယ်” ဟု ဘားအံတစ်ဦးက The Voice Weekly သို့ ပြောပြသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးသော ရွှေကြောများမှာ ရမည်းသင်း၊ စဉ့်ကူး၊ သပိတ်ကျင်းမှ နကထီး-မယ်ဝိုင်ကိုဖြတ်၍ ကျိုက်ထိုဘက်တစ်လျှောက် ရွှေကြော၊ မြန်မာနိုင်ငံအထက်ပိုင်း ကောလင်း၊ ဝန်းသိုဘက်မှ မြောက်ပိုင်းကချင်ပြည်နယ်ဘက်သို့ တက်သွားသွားသော ရွှေကြော၊ ကြေးနှင့် ရွှေရောနှောနေသော အနောက်ရိုးမ ပုသိမ်အနောက်ဘက် ဟင်္သာတမှ မကွေးတိုင်းမြောင်ဒေသအထိ တည်ရှိသည့် ရွှေကြော၊ မြန်မာနိုင်ငံအရှေ့ဘက် ရှမ်းကုန်းပြင်မြင့်ဘက်မှ တာချီလိတ်ဘက်သို့ ဖြတ်ဝင်လာပြီး တရုတ်နိုင်ငံသို့ ဖြတ်ဝင်သွားသော ရွှေကြောများဖြစ်ကြောင်း ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရွှေထွက်ရှိနိုင်သည့် နေရာ ၂၂ရ နေရာရှိပြီး ရှာဖွေထုတ်လုပ်နေကြသော အသေးစားရွှေတူးဖော်ရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်မှ စတင်ကာ ယခင်က လစဉ်ရွှေနှစ်ကျပ်သား အခွန်ကောက်ခံရာမှ တစ်နှစ်စာ ရွှေ ၂၄ ကျပ်သားစနစ်သို့ ပြောင်းလဲထားကြောင်း သတ္တုတွင်းဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ ရွှေထွက်ရှိနိုင်သောနေရာများကို နာဆာက လွှတ်တင်ထားသော Landast 7 ဂြိုလ်တုဖြင့် ရိုက်ယူထားခြင်းဖြစ်ပြီး ယင်းကဲ့သို့ မရိုက်ယူခင်က ရွှေကျင်ရွှေကြောမှာ အကြီးဆုံးဟု သတ်မှတ်ထားသော်လည်း လွန်ခဲ့သည့် ငါးလခန့် Landsat 7 ဂြိုလ်တုဖြင့် ကြည့်ရှုရာတွင် မယ်ဝိုင်ရွှေကြောကြီးမှာ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေကြောဖြစ်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။

The Voice Weekly Journal

3 comments

  • ကြောင်ကြီး

    December 4, 2011 at 1:51 pm

    ကြေးမုံလေးအမျိုး တရုတ်ကြီး မသိသေးလို့ပါကွာ။ သူဝင်လာရင် လပိုင်းနဲ့ ကုန်သွားစေရမယ်။

  • ဆူး

    December 4, 2011 at 3:42 pm

    အခု ရွှေကြောက ဘယ်လောက် ထွက်မလဲတော့ မသိပေမဲ့ လက်ရှိ ရွှေကြောတွေမှာတောင် တနေ့ တနေ့ ပိသာနဲ့ ချီပြီး ထွက်တယ် ဆိုလား..
    မြန်မာတွေက ရွှေကြိုက်လို့ ဝယ်စု တတ်တော့ မစားရမသောက်ရ ရွှေဈေးတွေကတော့ ပိသာနဲ့ ချီ ထွက်လည်း တက်လျှက် ရှိပါကြောင်း။ ကျဖို့ ရန် မဖြစ်နိုင်သေးကြောင်း။

  • သော်ကြီး

    December 4, 2011 at 7:08 pm

    ရွှေကြောကြီးကြီးတွေ့တော့ တိုင်းပြည်အတွက် ကောင်းတာပေါ့။ နိုင်ငံသူ နိုင်ငံသားများ ဘဝ ပြည့်စုံလှပနိုင် မှာပေါ့။ ဘိုဖြူသီချင်းလိုပေါ့။ “ ပြည့်စုံပါစေ ”

Leave a Reply