အရှင်ဇဝန (မေတ္တာရှင်)နှင့် အရှင်ဣန္ဒြာစရိယာဘိဝံသ(မစိုးရိမ် စာသင်သား) တို့၏ ဓမ္မ-အဓမ္မ အငြင်းပွားမှု(၁)

uzinDecember 4, 20111min1284

ကဲ ထိုအရှင်နှစ်ပါးရဲ့ အငြင်းပွားမှုကို လေ့လာကြည့်ကြရအောင်။

ပထမဆုံး တွေ့ရတာက မေတ္တာရှင်ရဲ့ ကိုယ်တွေ့ အလုပ်ပေး ဝိပဿနာ တရားတော် အပိုင်း(၁) စာမျက်နှာ (၁၀)မှာ ဖော်ပြထားတဲ့ “လှူချင်တန်းချင် ပေးကမ်းချင်တဲ့ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့လည်း ရခဲတယ်” ဆိုသော စကားကို မစိုးရိမ်စာသင်သားက ”မှန်-မမှန်” သံသယဖြစ်ဖွယ် ရှိသည်ဆိုသော စကားနဲ့ စထားပါတယ်။ မှားတယ်လို့တော့ မပြောပါဘူး။ မည်သည့် ပမာဏအရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်” ဆိုပြီး ပညာရှိဆန်ဆန် ရေးသားထားတာ တွေ့ရပါတယ်။ ”ဒါနာ တစ်ဆင့်တည်းမျှဖြင့် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သဒ္ဓါတရားအတွက် ပြည့်စုံသော ရေးသားချက် မဖြစ်နိုင်လို့လည်း မှတ်ချက်ပြုထားပါတယ်။

ဒီအကြောင်းကို အရှင်ဓမ္မရက္ခိတ ဆရာတော်မှ ယခုကဲ့သို့ သုံးသပ်ထားတာကို တွေ့ရပါတယ်။

သည်ဝေဖန်ချက်က မလိုအပ်ဘဲ ပြုတဲ့အမှုပါ။ တစ်ဖက်သားဂုဏ်သိက္ခာကျစေဖို့ ပြုတဲ့ အမှုပါ။ အဂတိတရားလေးပါးထဲက ဆန္ဒဂတိနဲ့ ပြုတဲ့အမှုပါ။ မေတ္တာရှင် ဆရာတော်ပြောတဲ့ “ဒါန”ဆိုတာ ဗုဒ္ဓဘာသာလောကမှာ အများပြောနေတဲ့ စကားပါ။ “ဒါန”ကြောင့် ဘာဖြစ်နိုင်တယ် ဆိုတဲ့ စကားမျိုးတောင် မပါဝင်ပါဘူး။ လှူချင်တန်းချင် ပေးကမ်းချင်တဲ့ သဒ္ဓါ တရားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ ရခဲတာလည်း အမှန်ဖြစ်ပါတယ်။ သည်စကားကို မစိုးရိမ်စာသင်သား ငြင်းလိုပါသလားလို့ ပြန်ပေးရမှာပါ။ ဘယ်လိုမှ မှားတယ်လို့ ပြောခွင့်မရှိပါဘူး။ ဗုဒ္ဓဘာသာဆိုတာ ဒါန တစ်ဆင့်တည်းမျှဖြင့် ပြည့်စုံတယ်လို့ မေတ္တာရှင်ပြောမထားပါဘူး။ ပြောထားရင်တော့ မှားမှာဖြစ်ပါတယ်။ ပြောမထားတာကို ပြောထားလေဟန် ဝေဖန်ထားတာကတော့ ဝေဖန်သူရဲ့ အမှားပါ။ ဒီလိုဝေဖန်ချက်ဟာ သာသနာတော်အတွက် ကောင်းကျိုး မဖြစ်စေတာ အမှန်ပါ။ သာသနာတော်နဲ့ လောကငြိမ်းချမ်းရေးအတွက် သည်ဝေဖန်ချက်ဟာ လုံးဝ မလိုအပ်တာ တွေ့ရပါတယ်။

 

 

 

 

 

 

 

 

 

 

နံပါတ်(၃)အချက်က မေတ္တာရှင်ရဲ့ ကိုယ်တွေ့အလုပ်ပေး ဝိပဿနာ တရားတော် အပိုင်း(၁) စာမျက်နှာ(၁၅)မှာ ဖော်ပြထားတဲ့ “အပ္ပမာ ဒေန၊ မမေ့မလျော့ မပေါ့မဆသော ဝိပဿနာ သတိတရားဖြင့် သမ္ပာဒေထ ပြည့်စုံရစ်ကြ” ဟူသော စကားကို မစိုးရိမ် စာသင်သားက အောက်ပါအတိုင်း ဝေဖန်ထားတာပါ။

“၎င်းရေးသားချက် အတိုင်း မှန်-မမှန် သံသယဖြစ်ဖွယ် ရှိပါသည်။ မည်သည့်ကျမ်းအရ ရေးသားထားသည်ကို တောင်းဆိုရင် သင့်လျော်ပါသည်။ မြတ်စွာဘုရားက ဝိပဿနာ သတိ တစ်ခုတည်းသာ ပြည့်စုံစေရန် မှာထားတော်မူပါသလော။ မူရင်းအဖွင့်ကိုလည်း တောင်းဆို ကြည့်ရမည်။

အရှင်ဓမ္မရက္ခိ ဆရာတော်၏ သုံးသပ်ချက်

သည်ဝေဖန်ချက်ကလည်း အမှားကို ပြင်ဆင်ရန် ထောက်ပြတာမျိုး မဟုတ်တာကို တွေ့ရပါတယ်။ ဝိပဿနာသတိတရားနဲ့ ပြည့်စုံတာ မကာင်းဘူးလားလို့ ပြန်မေးရမဲ့ မေးခွန်းပါ။ သည်လိုမေးရင် မစိုးရိမ်စာသင်သားဘယ်လို ဖြေမှာလဲ။

ဝေဖန်ချက်ဆိုတာ သည်လိုမျိုး တစ်ဖက်သတ် မဖြစ်စေရပါဘူး။ မျှမျှတတ ရှိစေ ရပါမယ်။ ယခု သည်လို မဟုတ်ဘဲ ပညာရှိဟန်ပန်နဲ့ တစ်ဖက်သတ်ကို အပြစ်ရှာနေတာ သက်သက်ဖြစ်နေပါတယ်။ ပုံပြင်ထဲက ပညာရှိလို လုပ်နေတာပါ။ ငှက်အရှင်ကလေးကို လက်ထဲမှာထားပြီး “အသေလား”၊ “အရှင်လား” မေးတာမျိုးပါ။ တစ်ဖက်လူက “အရှင်လေးလို့” ဖြေရင် လက်ထဲကငှက်ကို သတ်ပြီးပြမယ်။ ဖြေသူအမှားပေါ့။ “အသေလေးလို့”ဖြေရင် ဒီအတိုင်း ပြန်လွှတ်လိုက်မယ်။ သည်တော့ သူပဲ ပညာရှိဖြစ်ပြီပေါ့။ ယခုလည်း မစိုးရိမ်စာသင်သားက သံသယဖြစ်ဖွယ် ရှိသည်ဆိုတဲ့ စကားနဲ့ ပညာရှိဝတ်ရုံခြုံ နေတာပါ။ တကယ်လို့များ သူသံသယရှိတဲ့အတိုင်း မေတ္တရှင်မှားရင် သူပညာရှိ ဖြစ်ပြီပေါ့။ သူသံသယရှိသလို မမှားရင်လဲ သူက မှားတယ် ပြောမထားတော့ “ခပ်တည်တည်” ဟန်မပျက် နေနိုင်တာပေါ့။ သည်အမှုဟာ အလွန်မပြုသင့်တဲ့ အမှုပါ။

ဝေဖန်ရေး ရဟန်းတော်တစ်ပါးရဲ့ မရိုးမသားပြုတဲ့ အမှု ဖြစ်ပါတယ်။ အရာရာမှာ သတိတရား ရှိရမှာကို လူတိုင်းသိပါတယ်။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေလည်း သိပါတယ်။ ဒါပေမယ့် မစိုးရိမ်စာသင်သား တစ်ချက် သတိပြုရန် မေတ္တာလက်ဆောင်ပေးပါမယ်။

“ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တာယာမိဝေါ

ဝယဓမ္မာ သင်္ခါရာ အပ္ပာဒေန သမ္ပာဒေထ” ဆိုတဲ့ စကားဟာ ဗုဒ္ဓဘုရားရဲ့ နောက်ဆုံး ဩဝါဒ စကားပါ။ “ဝယဓမ္မာ သင်္ခါရာ”ထဲမှာ ဝိပဿနာ သတိတရား မပါပေဘူးလား။

နံပါတ်(၄)ကတော့ “လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အပါယ်ကျခံပြီးတော့ ပါရမီ ဖြည့်ခဲ့တဲ့ ကျေးဇူး”ဆိုတဲ့ မေတ္တာရှင်ရွှေပြည်သာရဲ့ စကားကို ”၎င်းရေးသားချက် အတိုင်း မှန်-မမှန် သံသယဖြစ်ဖွယ်ရှိသည်။ မည်သည့် ကျမ်းဂန်အရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်။ အဘယ်ကြောင့်ဆိုသော် လေးသချေင်္နှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘုရားလောင်း အပါယ်ကျသည် မကျသည်ကို သုံးသပ်သင့်ပါသည်။” ဆိုပြီး မစိုးရိမ် စာသင်သားက ဝေဖန်ထားပါတယ်။

အရှင်ဓမ္မရက္ခတ ဆရာတော်က ထိုပြောကြားချက်များသည် ဟောပြောသူရော၊ ဝေဖန်သူပါ မိမိတို့ မသိတာကို ပြောနေခြင်းဖြစ်ပါတယ်လို့ပဲ သုံးသပ်ထားတာ တွေ့ရပါတယ်။

 

ဦးဇင်းဆီကို သည်စာအုပ်ရောက်လာပါတယ်။ ဖတ်ရှုပြီး မြန်မာနိုင်ငံတွင်း/ပြင်မှ သံဃာတော်များနှင့် ဒကာ/ဒကာမများ လေ့လာသိရှိပြီး၊ သုံးသပ်နိုင်ကြစေရန်။

ဆက်လက်တင်ပြပါအုံးမည်။

4 comments

  • chityimhtoo

    December 4, 2011 at 6:39 pm

    ပိဋိကတ်သုံးပုံအငြင်းသန် မနှေးအမြန်အပါယ်ကျ။ဘုရားကိုစေတီကွယ်၊တရားကိုအဘိဓမ္မာကွယ်၊သံဃာကို
    ဘုန်းကြီးကွယ်။ကျင့်ကြံအားထုတ်မှူ့မရှိဘဲဟောသောတရားသည်အချီးအနှီးသာဖြစ်၏ ၊ ကျင့်ကြံအားထုတ်
    မှူ့မရှိဘဲ နာသောတရားသည် ပုံပြင်နားထောင်သလိုပင်ဖြစ်၏။

  • ပေါက်ဖော်

    December 5, 2011 at 11:46 am

    စိုးမိတယ်..စိုးမိတယ်..သံသယရှိဖွယ်..ပြန်စစ်ပါဦးကွယ်.ဟုတ်ပါ့မလားကွယ်..
    အဲလိုဆိုတော့လဲ သိပ်မနိပ်ပါဘူး..ဦးဇင်းရေ..
    သိပ်နားမလည်လို ့..သိရအောင်ပဲ ဖတ်သွားပါရစေ

  • mrkokopar

    December 5, 2011 at 10:24 pm

    အင်း တစ်ပါးကလည်း အရင်ဘဝက ဝက်ဖြစ်ခဲ့တယ်ဆိုတဲ့၊ သဿတမိစ္ဆာဒိဋ္ဌိအယူ၊ နောက်တစ်ပါးက ဘုရားတောင်မှ ရှိနေသေးရင် အဓမ္မလုပ်ချင်တဲ့ ဘုန်းကြီးသရမ်း၊ အဘိဇျ္စာဝါဒီ တွေ့ပြီပေါ့။ မထူးပါဘူး။ နှစ်ပါးလုံး ပစ်စတို တစ်လက်စီနဲ့ မျှော်စင်ကျွန်းမှာ စိမ်ခေါ်ပွဲလုပ်ခိုင်းတော့၊ ဒါမှ သာသနာမှာ အေးသွားမှာ။

  • maungpeace

    December 6, 2011 at 2:56 pm

    ဟုတ်ပါ့၊ mrpar ရေ၊ ဗုဒ္ဓဘုရားက ရှုပ်နေတာတွေကို ရှင်းအောင် ဟောခဲ့တယ်။
    ဒီကိုယ်တော်တွေက ရှင်းနေတာတွေကို စာတွေနဲ့ ရှုပ်အောင် ဟောနေတယ်။
    အရှင်ဓမ္မရက္ခိတကလည်း အချိန်ကုန်ခံလို့ များ သုံးသပ်ရတယ်လို့။ ကိုယ်ပါ ရှုပ်တဲ့ထဲ ရောပါသွားဦးမယ်နော်။ သူတို့ အရှုပ်ထုတ်နဲ့ သူတို့တောင် မရှင်းလို့ ရှုပ်နေကြတာ။

Leave a Reply