Guilin ခရီးစဉ် (၃)

weiweiDecember 6, 20117min13110

မနက် ရ နာရီမှာ ကားလာကြိုမှာဖြစ်ပါတယ်။ Li river တစ်လျှောက် သင်္ဘောစီးပြီး တောင်ရှုခင်းတွေကြည့်ရမယ့်အစီအစဉ်နဲ့ ညနေပိုင်း Yangshuo ရန်ရှိုး မှ ရှုခင်းများနဲ့ ပန်းခြံများကို လည်ပတ်ရမှာဖြစ်လို့ ယနေ့ခရီးစဉ်က Guilin ကွေ့လင်ခရီးစဉ်ရဲ့ အဓိကနေ့တစ်နေ့ဖြစ်ပါတယ်။ မနက် ၆ နာရီမှာ ဟိုတယ်ကကျွေးတဲ့ နံနက်စာကို သွားစားကြတယ်။ ဘူဖေးစနစ် 4 stars ဟိုတယ်မနက်စာတွေက အကောင်းစားတွေချည်းပါပဲ (ဦးဖော ရွာထဲမှာပြဖူးသေးတယ်)။ ရွေးစရာတွေအများကြီးရှိပေမယ့် ကျွန်မက အကြိုက်ဆုံးဖြစ်တဲ့ ဆန်ပြုတ်ကိုပဲ ရွေးစားခဲ့တယ်။ ဆန်ပြုတ်က ရှင်းရှင်းလေးနဲ့ အရသာရှိလို့ အခုထိကို မမေ့သေးတဲ့မနက်စာပေါ့။ စားသောက်ပြီး တစ်နေ့တာလိုမယ်ထင်တာတွေ ကျောပိုးအိတ်အသေးထဲထည့်ပြီး ဟိုတယ်ဧည့်ခန်းထဲကနေ စောင့်နေလိုက်ကြတယ်။ အဲဒီအချိန်မှာမှ ကျွန်မသိလိုက်တာက ကင်မရာ ဒုကပေးပါပြီ။ ဘယ်လိုမှရိုက်လို့မရတော့ဘူး။ memory card က ဖြစ်တာလို့ ခန့်မှန်းမိပေမယ့် အသစ်ဝယ်ဖို့အချိန်မရှိတော့ဘူး။ အလှဆုံးဓါတ်ပုံတွေရိုက်ရမယ့်နေ့မှ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်တာမို့ စိတ်မကောင်းတော်တော်ဖြစ်မိသွားတယ်။ သူငယ်ချင်းဆီမှာ ကင်မရာပါပေမယ့် ကျွန်မက ကိုယ်တိုင်ရိုက်ချင်သေးတာလေ။ ဒီနေ့တင်တဲ့ ပုံအားလုံး ကျွန်မသူငယ်ချင်းကင်မရာနဲ့ သူ့လက်ရာများသာဖြစ်ပါသည်။

တရုတ်ပြည်ရဲ့အအေးဆုံးလဖြစ်တဲ့ ဇန်နဝါရီလမှာ ကွေ့လင်မြို့က သိပ်မအေးလှပါဘူး။ ရ နာရီကျော်ကျော်လောက်မှာ ခရီးသွားကုမ္ပဏီက ကားတစ်စီးနဲ့ လာကြိုပါတယ်။ သင်္ဘောစီးရမယ့် ဆိပ်ကမ်းရှိရာနေရာကို ဟိုတယ်ကနေ တစ်နာရီနီးပါး ကားစီးရပါတယ်။ ကင်မရာပျက်နေတာနဲ့ လျှပ်တစ်ပြက်ရိုက်ချက်တွေ မရိုက်ဖြစ်ခဲ့ဘူး။ လမ်းရှုခင်းက အရမ်းလှပါတယ်။ တောင်တွေအလှကို မြင်ရတာနဲ့ သဘာဝတရားရဲ့ မတရားမှုကို သတိထားမိတယ်။ သူတို့မြို့ကျမှာ ဘာလို့ဒီလောက်တောင် လှနေရတာလဲလို့ …

၃ နာရီကြာ သင်္ဘောစီးရမှာဖြစ်ပြီး နေ့လည်စာကို သင်္ဘောပေါ်မှာပဲ ကျွေးမှာဖြစ်ပါတယ်။ နေ့လည်စာခပ်ညံ့ညံ့ပဲ ဖြစ်လိမ့်မယ်လို့ ခရီးသွားလမ်းညွှန်က ကြိုပြောထားခဲ့ပါတယ်။ မစားနိုုင်ရင် ကြိုသယ်သွားရအောင် သတိပေးထားပေမယ့် ကျွန်မတို့က တစ်နပ်စာလောက်ကို သီးခံနိုင်တာမို့ ဘာမှယူမသွားခဲ့ဘူး။ ဆိပ်ကမ်းမှာတင် ဘာတွေကြာနေမှန်းမသိ တစ်နာရီနီးပါး စောင့်လိုက်ရပါတယ်။ အားလုံးတန်းစီပြီး သင်္ဘောဆီကို သွားကြတော့ ၉ နာရီနီးပါးရှိနေပြီ။ သင်္ဘောဆင်တူတွေ အရောင်စုံတန်းစီပြီး ကပ်ထားတယ်။ တစ်စီးပြီးတစ်စီး ဘောတံတားကိုသဘောထားပြီး တက်ကျော်သွားပြီးမှာ ကျွန်မတို့စီးရမယ့် သင်္ဘောဆီကို ရောက်ပါတယ်။ ၂ ထပ် သင်္ဘောဖြစ်ပြီး ပထမထပ်ကို မှန်နဲ့အလုံကာထားပေးပါတယ်။ အပေါ်ထပ်က ရှုခင်းနဲ့ ဓါတ်ပုံရိုက်ဖို့ ဖြစ်ပါတယ်။ တစ်စီးကို အယောက် ၅ဝ လောက်စီးလို့ရတဲ့ ဆိုဖာနဲ့ စားပွဲတွေပါပါတယ်။ အလယ်ကစားပွဲနဲ့ ၃ ယောက်စီ မျက်နှာချင်းဆိုင်၊ တစ်ဝိုင်းကို ၆ ယောက်နှုန်းနဲ့ သပ်သပ်ရပ်ရပ် စီထားပါတယ်။ ကြိုက်တဲ့နေရာတစ်ခုမှာ နေရာယူခိုင်းပြီး ခရီးစဉ်ကို ရှင်းပြပေးပါတယ်။ ဘားကောင်တာတစ်ခုပါရှိပြီး လိုချင်တာ မှာပြီး စားသောက်လို့လဲရပါတယ်။

အဲဒီလို သင်္ဘောတွေ စီးခဲ့ရတယ်

သင်္ဘောပေါ်မှာတင် ဓါတ်ပုံဆရာပါရှိပြီး သူတို့ကို စာရင်းပေးထားရင် အလှဆုံးနေရာနဲ့ ရှုခင်းတွေကို ဦးစားပေးရိုက်ပေးပါတယ်။ ဈေးကြီးလွန်းလို့ ကျွန်မတို့ကတော့ မရိုက်ပါဘူး။ ကိုယ့်ကင်မရာနဲ့ကိုယ်ပဲ ရိုက်တော့မယ်လို့ စိတ်ကူးလိုက်တယ်။ သင်္ဘောစထွက်တယ်ဆိုရင်ပဲ ရာသီဥတုက ဆိုးဝါးလာပါတယ်။ မိုးအုံ့ပြီး မိုးရွာချပါတော့တယ်။ တောင်တွေကြည့်ပါမယ်ဆိုမှ အခုလို မိုးရွာနေတော့ ဘာမှသေချာမမြင်ရဘူး။ အပေါ်ထပ်က အမိုးလဲမပါဆိုတော့ ထီးဆောင်းရမှာနဲ့ အဆင်မပြေဖြစ်ပါတော့တယ်။ ပရိုဂျက်တာတစ်ခုနဲ့ ဂိုက်ကတော့ အသေအချာရှင်းပြနေပါတယ်။ သမိုင်းကြောင်းတွေပါ ထည့်ပြောနေလို့ နားမလည်တစ်ချက် လည်တစ်ချက်နဲ့ စိတ်ဝင်စားစရာ မကောင်းဘူး။

ဘဲငန်းလေးတွေချစ်စရာ (တစ်ချို့နေရာမှာ အုပ်စုလိုက်)
တချို့နေရာမှာ ရေတော်တော်ကြည်တယ်
အထဲမှာ ဂူရှိတဲ့တောင်ကြီး
ဝါးဖောင်လိုမျိုး အပျော်စီးလှေလေး
သင်္ဘောနားကပ်လာတဲ့ ဈေးသည် (ခြေနဲ့လှော်တာ)

သင်္ဘောအောက်ထပ်က ဆက်တီခုံတွေမှာ အေးအေးဆေးဆေး ထိုင်နေစေပြီး လှတဲ့နေရာရောက်ရင် လော်စပီကာနဲ့ အော်ခေါ်ပေးပါတယ်။ အပေါ်ဆုံးထပ်က ကျဉ်းတယ်။ လက်တန်းနေရာတွေမှာ နေရာဦးထားသူတွေကြောင့် ဓါတ်ပုံရိုက်ရ ခက်ပါတယ်။ အကောင်းဆုံးနေရာကို ဓါတ်ပုံဆရာက အပိုင်ဦးထားပါသေးတယ်။ ကျွန်မတို့ ၂ ယောက်သား တရုတ်တွေကို မတိုးနိုင်လို့ ဓါတ်ပုံကောင်းကောင်းရိုက်လို့ မရဖြစ်ခဲ့ပါတယ်။ လီမြစ်ရေက တော်တော်လေးတိမ်တယ်။ ကြည်လင်နေပြီး ရေအောက်က ကျောက်စရစ်ခဲကိုတောင် မြင်နေရပါတယ်။ ရေတိမ်သွား သင်္ဘောဒီဇိုင်းက စိတ်ဝင်စားစရာပါ။ အမြန်နှုန်းက 4 knot လောက်ပဲ ရှိမယ်ထင်ပါတယ်။ ကျွန်မစိတ်ကူးက ဧရာဝတီမြစ်ထဲမှာ အဲဒီလိုသင်္ဘောဒီဇိုင်းနဲ့ ရှုခင်းကြည့်ရင် စီးပွားဖြစ်မလားလို့။ ရေစီးသန်ပြီး လှိုင်းဖြစ်မယ်ဆိုရင်တော့ အဲဒီဒီဇိုင်းက အဆင်ပြေမှာမဟုတ်ဘူး။ လီမြစ်ကြောင်းက ရေစီးမသန်ဘူး။ ဝါးပိုးဝါး ၈ ချောင်းလောက်ပူးပြီး ဖောင်လိုမျိုး အလှစီးလေးတွေနဲ့ စက်တပ်ပြီး မောင်းနေကြတာလဲ တွေ့ခဲ့ရပါတယ်။ မြို့ခံတွေကတော့ ဝါးပိုးဝါး ၄ ချောင်းလောက်ပူးချည်ပြီး ခြေထောက်နဲ့လှော်ပြီး သွားလာနေကြတာပဲ။ နီသလိုလို ဝါသလိုလိုနဲ့ ဘဲအကောင်သေးသေးလေးတွေ ရေထဲမှာ သွားလာနေကြတာလဲ အရမ်းကြည့်လို့ကောင်းပါတယ်။

သဏ္ဍာန်အမျိုးမျိုးရှိတဲ့ တောင်တွေ
လှလိုက်တဲ့တောင်တွေနော် ..
တောင်တွေက အများကြီးပဲ
တိရိစ္ဆာန်နဲ့ တူနေတဲ့တောင်
ကမ်းခြေမှာ နေနေကြသလိုပဲ
တောင်နဲ့ရေနဲ့ ပဏာရနေတဲ့ရှုခင်း
ရာသီဥတု သာယာရင် ဒီ့ထက်ပိုလှမှာ
မျက်စိညောင်းလောက်အောင် များတဲ့ တောင်တွေ

တဖြည်းဖြည်းနဲ့ မိုးတိတ်ပြီး နေထွက်လာလို့ တော်ပါသေးတယ်။ ၁ဝ နာရီခွဲလောက်မှာ အားလုံးကိုစုခိုင်းပြီး ထမင်းဗူးဝေပါတယ်။ ဟင်းက တကယ်ကိုမကောင်းတာပါ။ ဂေါ်ဖီရွက်ကြော်နဲ့ ကြက်ဥပြုတ်တစ်လုံးပဲ ပါတယ်။ သူတို့ရောင်းချင်တာက ငါးကြော်၊ ပုဇွန်ကြော်တွေမို့လို့ ဟင်းကိုတမင်မကောင်းအောင်လုပ်ထားတယ်လို့ထင်ပါတယ်။ ဖြစ်ချင်ရာဖြစ် ကျွန်မတို့ ၂ ယောက်က မတန်တာကို ဝယ်မစားချင်တာနဲ့ ဗိုက်ဝရင်ပြီးရော သူတို့ကျွေးတဲ့ ထမင်းဗူးကိုပဲ စားကြတယ်။ အဲဒီမှာ ထူးခြားတဲ့ စိတ်ဓါတ်တစ်ခုကို သတိထားမိလိုက်ပါတယ်။ ကျွန်မပြောခဲ့သလို ၆ ယောက်တစ်ဝိုင်းလေ။ ကျွန်မတို့က ၂ ယောက်ထဲဆိုတော့ တရုတ် ၄ ယောက်ရှိတဲ့ စားပွဲမှာထိုင်ရတာပေါ့။ ကျွန်မက ပတ်ဝန်းကျင်ကို နဲနဲဂရုစိုက်တတ်လို့ ငါးကြော်တစ်ပွဲလောက်တော့ မှာစားရအောင်လို့ သူငယ်ချင်းကိုအဖော်စပ်တယ်။ သူက No ပဲ။ ငါးသေးသေးလေးကြော်တဲ့ တစ်ပွဲကို တရုတ်ငွေ ယွမ် ၄ဝ (လုံးဝ လုံးဝ မတန်) ကို မဝယ်စားသင့်လို့ မစားပါဘူးတဲ့။ ကျွန်မကလဲ စားချင်လို့မဟုတ်ဘူး။ တစ်ဝိုင်းထဲစားတဲ့ မိသားစု ၄ ယောက်က မှာထားလိုက်တာ နဲတာမဟုတ်ဘူးဆိုတော့ ကျွန်မက မျက်နှာငယ်တယ်လို့ ခံစားမိလို့။ သူငယ်ချင်းက ဂရုစိုက်စရာမလိုဘူးဆိုတော့ ကျွန်မလဲ အားတင်းပြီး ဒီအတိုင်းပဲ မကောင်းတဲ့ထမင်းဟင်းကို ထိုင်စားနေရတာပေါ့။ ကျွန်မတို့ မြန်မာတွေသာဆို အဲဒီလိုအခြေအနေမှာ ကျွန်မတို့ကို သူတို့ဟင်းကို အတင်းကျွေးမှာဖြစ်ပေမယ့် အဲဒီတရုတ်တွေက ခပ်တည်တည်ပါပဲ။ သူတို့ဟာသူတို့စားနေပြီး ကျွန်မတို့ ၂ ယောက်ကို ရှိနေတယ်လို့တောင်မထင်ကြပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မက အဲဒီအခြေအနေကို အရမ်းကျေးဇူးတင်မိပါတယ်။ သူတို့သာအတင်းကျွေးရင် ဒုကပဲလို့ တွေးမိထားတာဆိုတော့ မကျွေးကြတော့ အခက်မတွေ့တော့ဘူးပေါ့။ ဒါပေမယ့် သူတို့စိတ်ဓါတ်ကို အံ့ဩမိတာတော့ အမှန်ပဲ။ တယ်လဲနေနိုင်ကြတဲ့ တရုတ်ကြီးတွေပဲ …
သူတို့တွေနဲ့ အတူထိုင်နေရတာ စိတ်ထဲမွမ်းကြပ်တာနဲ့ အပေါ်ဆုံးထပ်သွားပြီး မတ်တပ်ပဲ ရပ်နေတော့မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ရှုခင်းတွေကြည့်ရင်း လှတယ်ထင်ရင် ဓါတ်ပုံရိုက်ရင်းနဲ့ပဲ အချိန် ၃ နာရီ ကုန်လို့ သင်္ဘောခရီးလဲ ပြီးဆုံးသွားပါတယ်။

ကားပေါ်မှ ရိုက်ချက်

ဒါလေးက မျက်စိအေးတယ်

ကျွန်မတို့ ခရီးသွားလမ်းညွှန်က ဆိပ်ကမ်းမှာ ကားနဲ့လာကြိုနေပါတယ်။ သင်္ဘောဆိပ်ကနေ ကားထားတဲ့နေရာကို တော်တော်လမ်းလျှောက်လိုက်ရသေးတယ်။ ကားပေါ်တက်ကြတော့ တရုတ်တွေ ဝုန်းဒိုင်းကြဲပြီး နေရာဦးလိုက်ကြတာ ကျွန်မတို့နှစ်ယောက် ဟိုးနောက်ဆုံးခုံမှာသာ နေရာရပါတော့တယ်။
လမ်းတစ်လျှောက် ရှုခင်းတွေ အရမ်းလှပါတယ်။ …. ဥယျာဉ်တစ်ခုကို လိုက်ပြပါတယ်။ အထဲမှာ ထူးခြားတဲ့ တောင်တစ်ခုရှိပါတယ်။ နေအရမ်းပူနေလို့ ဓါတ်ပုံလေးတွေ လှတယ်။ ညောင်ပင်လိုမျိုး အပင်ကြီးတစ်မျိုးကိုလဲ ထူးထူးခြားခြား တွေ့ခဲ့ရတယ်။ အဲဒီကနေ အပြန်မှာ အမြဲတန်း လဆန်းပုံဖြစ်နေတဲ့ တောင်တစ်ခုကို လိုက်ပြပါတယ်။ ဘယ်အချိန်ကြည့်ကြည့် လဆန်း ၈ ရက်နေ့လိုမျိုး လအကွေးလေးပုံဖြစ်နေတဲ့ တောင်ကို တကူးတကသွားကြည့်ပြီး ဓါတ်ပုံရိုက်ကြခြင်းဖြစ်ပါတယ်။ ထူးခြားတာတစ်ခုက ရန်ရှိုးမြို့တစ်ခုထဲမှာပဲ တောင်တွေအများကြီးရှိနေပြီး အဲဒီမြို့နဲ့ကပ်လျက်မြို့က မြေပြန့်ဖြစ်ပါတယ်။ လမ်းမတစ်ခုသာခြားပြီး ရှုခင်းလုံးဝခြားနားနေတဲ့အတွက် ရန်ရှိုးမြို့သူမြို့သားတွေက မိုးနတ်မင်းက သူတို့မြို့ကို အထူးလက်ဆောင်ပေးတယ်လို့ ပြောကြတယ်။

အပင်အကြီးကြီးပဲ
တောင်အောက်ဘက်က ထူးခြားပေမယ့် လူပါနေလို့ ဖျက်ထားလိုက်တယ် ...
ဥယျာဉ်ထဲမှ စိုက်ခင်း
တစ်လလုံး လဆန်းဖြစ်နေတဲ့နေရာ

အဲဒီကနေပြီး ရှန်ကလီလာလို့နံမည်ပေးထားတဲ့ ဥယျာဉ်ကြီးတစ်ခုကို လိုက်ပို့ပါတယ်။ နေ့လည် ၄ နာရီလောက်ဖြစ်နေပြီမို့ အထဲမှာ လူတောင် သိပ်မရှိတော့ပါဘူး။ အဲဒီဥယျာဉ်မှာ သဘာဝထက် လူလုပ်ထားတာက ပိုများတဲ့ အပြင်အဆင်တွေတွေ့ခဲ့ရပါတယ်။ လှေသေးသေးလေးစီးပြီး တောင်အောက်ထဲကို ဖြတ်ပြတာကတော့ ထူးခြားတယ်။ ရေက ကြည်နေတာမှ အပြာရောင်ဖြစ်နေပြီး အရိပ်တွေအကုန်လုံး ရေထဲမှာပေါ်နေတယ်။ အဲဒီနေရာမှာ အရင်က လူရိုင်းလိုနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရှိခဲ့တယ်။ အဲဒီတိုင်းရင်းသားတွေ နေတဲ့ပုံစံနဲ့ အဝတ်အစား အကတွေကို ဆက်တင်လုပ်ထားပါတယ်။ လက်မှုပညာပစည်း ရောင်းတဲ့ဆိုင်တန်းတွေရှိတယ်။ ခေါင်ရည်တစ်မျိုးကို မိတ်ဆက်တဲ့အနေနဲ့ အလကားအမြည်းသောက်လို့ရပါတယ်။ ကျွန်မတို့ကတော့ မမြည်းကြည့်လိုက်ဘူး။ ရာသီဥတုက အေးတယ်ဆိုရုံလေးပဲ အေးနေပြီး လိမ်မော်ခင်းတွေ မုန်ညင်းပန်းခင်းတွေနဲ့ အလွန်သာယာလှပပါတယ်။

ဥယျာဉ်ထဲ လှည့်ပတ်စီးရမယ့် လှေကလေး
ရေပေါ်က အဆောက်အဦးတစ်ခု (တိုင်းရင်းသားကျေးရွာလိုမျိုး)
ရေကြည်လွန်းလို့ မှန်လိုဖြစ်နေတာ လှတယ်
ဒါလဲ လှတာပဲ
ခေတ်သစ်လူရိုင်းတွေ
ရေတော်တော်ကြည်တယ် ...
ဘယ်ကပဲရိုက်ရိုက် လှနေတာပဲ

ညနေ ၅ နာရီလောက်မှာတော့ ကွေ့လင်မြို့ကို ပြန်မယ့်သူတွေကို ကားနဲ့ပြန်ခေါ်ခဲ့ပြီး အဲဒီမြို့မှာ လည်ရတာ အားမရသေးသူတွေက နေခဲ့ကြပါတယ်။ ည ရ နာရီလောက်မှာမှ ကွေ့လင်ပြန်ရောက်ပြီး ညနေစာကျွေးတယ်။ ပြီးတော့မှ ဟိုတယ်ကို ပြန်လိုက်ပို့ပေးပါတယ်။ ကျွန်မက ကင်မရာအတွက် memory card ဝယ်ချင်နေတာနဲ့ အနီးအနားက ကုန်တိုက်တစ်ခုမှာ သွားရှာဝယ်လိုက်ပါတယ်။ ဝယ်လို့ရတော့မှပဲ နောက်တစ်နေ့အတွက် စိတ်အေးလက်အေး အိပ်နိုင်ပါတော့တယ်။

10 comments

  • weiwei

    December 6, 2011 at 8:58 pm

    နောက်တစ်ရက်စာ ခရီးစဉ်တစ်ခုပြီးရင် ပြီးပါပြီ .. အပိုင်း (၄) ကလဲ နေရာတွေများလို့ အချိန်နဲနဲယူရပါအုန်းမယ် … အေးအေးဆေးဆေး အချိန်အားမှ တင်ဖြစ်မှာမို့ စောင့်ပြီး အားပေးကြပါအုန်းလို့ ကြိုတင်တောင်းပန်ထားချင်ပါတယ် …

    အပိုင်း (၃) အတွက် ပုံတွေအများကြီးထဲက အတတ်နိုင်ဆုံး အနဲဆုံးဖြစ်အောင် ရွေးထားတာတောင်မှ တော်တော်များနေသေးတယ် …

  • MaMa

    December 6, 2011 at 10:05 pm

    ပုံတွေ ရွေးရခက်တယ် ဆိုတာကို ယုံတယ် ဝေဝေရေ။
    ရှု့ခင်းလေးတွေက ပုံစံအမျိုးမျိုးနဲ့ လှလိုက်တာ။

  • koaung

    December 7, 2011 at 3:02 am

    ရာသီဥတုသာကောင်းရင် ဓတ်ပုံတွေကဘာမှဘာမှကို ယှဉ်လို့ရမှာမဟုတ်ပါ (ခရီးသွားတိုင်း ရောက်မဲ့ဒေသနဲ့ ဖြစ်ပျက်တဲ့တဲ့ရာသီကလဲ
    တကယ်ကိုအရေးပါပါ၏)

  • small cat

    December 7, 2011 at 8:11 am

    ဝါးပိုးဝါးလေးတွေတွဲပြီး လှေ လုပ်လှော်တာသဘောကျတယ်၊ ကျနော်တို့ဆီမှာ ငှက်ပျောတုံးဖောင်စီးသလိုပဲ။

  • blackchaw

    December 7, 2011 at 12:57 pm

    အားကျတယ်ဗျာ။
    တကယ်ပါ။ အဲဒီနေရာတွေကတော့ တကူးတက သွားလို့ ရမယ်မထင်ဘူးဗျို့။
    ဓါတ်ပုံတွေကြည့်ပြီးပဲ အားကျရတော့မှာပဲ။

  • Diamond Key

    December 7, 2011 at 2:04 pm

    ွReally nice trip and good photos for us!

  • Moe Z

    December 7, 2011 at 2:43 pm

    ပုံတွေကလှလိုက်တာမမဝေရယ် အားကျလိုက်တာနော်
    အခုတောင်သွားချင်လာပြီ ..

  • ဆူး

    December 7, 2011 at 6:25 pm

    အပင်ကြီးတွေ သဘောကျတယ်။ အပင်တွေက ထူးခြားတယ်။
    တရုတ်ပြည် ရှုခင်းကတော့ ဘယ်တော့ ကြည့်ကြည့် လှနေတာပဲ..
    ရာသီဥတု ကြောင့်လား မသိဘူး ဖုန်ထူတယ်လို့ မခံစားရဘူး

  • ကြောင်ကြီး

    December 8, 2011 at 12:23 pm

    ကျနော် တခုစဉ်းစားမိတယ်။ ဧရာဝတီ မြစ်ရိုးအတိုင်းတက်သွားပြီး မြန်မာ့ရေတပ် စစ်သင်္ဘောတွေ တရုတ်ပြည်ကို ရေကြောင်းက သိမ်းရင်ကောင်းမလားလို့။ ဒီလောက်တောင် အတ္တကြီးတဲ့ တရုတ်(ထီး)တွေကို ပညာပေးရမယ်။ စကားပြန်အဖြစ် လိုက်ဖို့ အန်တီဝေ မအားရင် ရွာထဲက တရုတ်ကြီးအမျိုး မမှန် (မှား) ကို ကိုယ်စားလိုက်ပေးဖို့ ပြောပေးပါလား။ ပီကင်းမြို့တော် တန်အင်မင်ရင်ပြင်က မော်စီတုန်းဓာတ်ပုံနေရာမှာ ကြောင်ကြီးဓာတ်ပုံချိတ်၊ ကူမြူနစ်ပါတီဌာနချုပ်မှာ ခွပ်ဒေါင်းအလံထူပြီး ပြန်လာခဲ့ကြမယ်……

    • ဆူး

      December 8, 2011 at 3:18 pm

      မော်စီတုန်း ဓါတ်ပုံ နေရာမှာ ကြောင်ကြီးပုံ ချိတ်ပေးမယ် အရင် ဓါတ်ပုံ ပို့လိုက်..
      😀

Leave a Reply