နေရာကား ဆင့်ကာပူရ (singapora) ခေါ် စင်္ကာပူ

(အင်္ဂပူ မဟုတ်ကြောင်း သေချာဖတ်ရှုပါကုန်)

ရောက်ပြီး သိပ်မကြာခင်မှာပင် လတ်လျားလတ်လျား လမ်းသလားချင်စိတ်များကား တားမနိုင်၊ ဆီးမရ နန့်နန့်ထိုးလျက် ရှိရကား ဘယ်သူမှလဲ မရောက်ဖူးသည့်အတူတူ မျက်နှာဖြူစကား အတော်အတန်သွားသော ကျွန်တော်မှ ကျန်ငမိုက်သား ခြောက်ယောက်ကို ဦးဆောင်လမ်းပြလျက် ဟိုစာဖတ်၊ ဒီစာဖတ်ဖြင့် နေထိုင်ရာ limchukeng တောနက်ကြီးမှ ကားတစ်တန်၊ ရထားတစ်တန်ဖြင့် City Hall MRT Station တွင်ဆင်း၊ မြင်သမျှ၊ တွေ့သမျှ ပါးစပ်အဟောင်းသားဖြင့်ငေးရင်း မြန်မာကုန်တိုက်ဟုဆိုသော Pennisula Plaza သို့ မေးရင်း၊ စမ်းရင်း ရောက်လာတော့သည်။ အပြန်လမ်းကို သေချာစေရန်အတွက် မြင်သမျှ ဆိုင်းဘုတ်များကို ဖုန်းတစ်လုံးဖြင့် ရိုက်ယူရင်း မ၀န့်မရဲဖြင့် ရောက်လာရတော့သည်။ ရောက်ရောက်ချင်းပင် မြန်မာပီပီ ဂျိုးသိန်းတစ်လိပ် ပြား၈၀ ဖြင့် အားရ၀မ်းသာစွာ ၀ယ်သောက်ကြလေသည်။ အောက်ထပ်ဝင်ပေါက်တွင် ဆင်းသောက်ရင်းနှင့် မျက်စိကစားရာမှ ဘီယာဆိုင်ကိုတွေ့လေရာ အမြည်းများမှာလည်း တန်လှသောကြောင့် တော်တော်များများ သောက်ဖြစ်တော့သည်။ သောက်ပြီးသည့်နောက် ပေါက်လိုခြင်းသို့ရောက်သောကြောင့် မေးရင်း၊ စမ်းရင်း အိမ်သာကို ရှာရတော့သည်။ သို့ကလိုနှင့်ပင် မြန်မာများ အသုံးပြုသော အိမ်သာသို့ ရောက်ခဲ့ပြန်သည်။ အစက အထင်ကြီးခဲ့သော စင်္ကာပူဆိုသည်မှာ မြန်မာပြည်နှင့် မခြားပါလားဟု မှတ်ယူမိတော့သည်။ အ၀င်ဝတွင် ကွမ်းတံတွေးမထွေးရန် ရေးထားသည့်စာရွက်ပေါ်တွင် ရဲဗလောင်းခတ်နေခြင်း၊ ဘေစင်တွင် ညစ်ပါတ်ပေပွနေခြင်း၊ အိမ်သာနံရံများတွင် ၀ါသနာရှင်စာရေးဆရာများ၊ ပန်းချီဆရာများ၊ အလုပ်အကိုင် ကြော်ငြာများရေးသားထားခြင်း၊ အိမ်သာသုံး တစ်ရှူးများ မရှိခြင်း၊ ရေမလောင်းခဲ့ခြင်းများကို ၀မ်းမြောက်ဝမ်းသာစရာ တွေ့ရတော့သည်။ ဒါ.. ဒို့မြန်မာဟု ၀မ်းသာအားရခြင်း ဖြစ်မိတော့သည်။

ထို့နောက်တွင်တော့မူ တော်တော်လေးကြာအောင် ရွပိုးထိုး အပြင်ထွက်ချင်စိတ်များ မရှိတော့ပါ။ လုပ်ငန်းခွင်ဝင်ရပြီဖြစ်သောကြောင့် အပြင်လဲ မထွက်ဖြစ်တော့ပါ။

တစ်ရက်တွင်မတော့ ပါလာသမျှ ရိက္ခာ အစို၊ အခြောက်လေးများမှာလည်း ကုန်ခမ်းလာပြီဖြစ်သောကြောင့်တစ်ကြောင်း၊ ရှမ်းမီးလှုံရာမှတစ်ဆင့် မကြာခဏ ဒို ကျခြင်းကြောင့်လည်းကောင်း၊ ငွေစကြေးစလေးများ အတော်အတန်ရွှင်နေသောကြောင့် နီးနီးနားနား Chochukeng ကုန်တိုက်သို့ရောက်ပြီးနောက် လိုအပ်တာများ ၀ယ်ခြမ်းပြီး ထုံးစံအတိုင်း အိမ်သာသွားချင်စိတ်များ ပေါ်လာသဖြင့် ရှာဖွေရာ ၁၀ ပြားပေးရသည့် အိမ်သာသို့ရောက်တော့သည်။ အိမ်သာဟုသာဆိုသည်။ သီချင်းသံငြိမ့်ငြိမ့်လေး၊ နေရာတစ်ကာ ဆင်ဆာဖြင့်အလုပ်လုပ်သည့် အိမ်သာတွင်း ၀င်လိုက်မိသည့်တစ်ခဏ ဒါ စင်္ကာပူပါလားဟု သိလိုက်တော့သည်။ ယခင်က အထင်လွဲခဲ့မိသည်များကို နောင်တရမိလေတော့သည်။ မြန်မာလူမျိုးများ အ၀င်အထွက်နည်းသောကြောင့် ဖြစ်ပေလိမ့်မည်။ မကျေနပ်သဖြင့် MRT ရှိ အလကားအိမ်သာကို သွားသောအခါတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်တော့သည်။

နေရာကား တစ်ချိန်က မဟာရန်ကုန်ဟု ခေါ်တွင်သည့် အရပ်ဒေသတွင် ဖြစ်သည်။

တစ်ချိန်က အိပ်စားပျက်ကားကြီးကို ဂိုဒေါင်သဖွယ်ပြုလုပ်ပြီး မဆန့်မပြဲ လူအပေါင်းကို ဖယောင်းတိုင်စက်ရုံတွင် လုပ်ခဲ့ဖူးသည့်အလားထင်မှတ်ရသော ယာဉ်နောက်လိုက်မှ အတင်းထိုးသိပ်တင်လာသော မှန်အလုံပိတ်၊ လေတစ်စက်မှ မ၀င်သောကားကြီးပေါ်မှ သွန်ချလိုက်သလို ဆင်းလာကြသော လူအများကြားထဲတွင် ကြမ်းပြင်နှင့် ခြေထောက် မထိပါဘဲ မြေကြီးပေါ်သို့ နင်းမိလျက်သားဖြစ်သော ကျွန်တော်သည် ရုပ်ပျက်ဆင်းပျက် ကြေမွနေသော အပေါ်ယံ အကာအကွယ်များကို ပြုပြင်ခြင်းအလို့ငှာ အဆင့်မြင့် သန့်စင်ခန်းဟု အမည်ပေးထားသော ပုံပျက်ပန်းပျက် အများသုံးအိမ်သာတွင်းသို့ ၀င်ရောက်ပြီးသည့်သကာလ ၅၀၀ တန် အတော်လတ်လတ်လေးကို ပေးလိုက်သောအခါ ပလတ်စတစ်ပိုက်ဆံ ၂၀၀ တန်တစ်ရွက်နှင့် ၁၀၀ တန်၊ ၅၀ တန်တစ်ရွက်၊ သကြားလုံးတစ်လုံးတို့ကို ပြန်လည်အပ်နှင်းခြင်းခံရပြီးသည့်နောက် မြောက်ကြွား၊ မြောက်ကြွားဖြင့် ထိုကဲ့သို့ အဆင့်မြင့်လှသော အိမ်သာကြီးအတွင်းသို့ ခြေထောက်နှင့် မြေကြီး တတ်နိုင်သမျှ မထိစေခြင်းအလို့ငှာ ဆောင်တော်တွင်းသို့ အလျင်အမြန် သိုင်းကွက်နင်းကာ ကြွမြန်းရတော့သည်။ သေးခွက်များသည်ကား အပြင်ဘက်သို့ပင် လျှံကျနေတော့သည်။ အပေါ့သွားချင်သည်မှာပင် တွန့်သွားတော့သည်။ သို့ကလိုနှင့် မထင်မရှား ပြဒါးများကွာနေသည့် မှန်ရှိရာအရပ်သို့ သိုင်းကွက် နှစ်ကွက်မျှဖြင့် အရောက်လှမ်း၊ ကပိုကရိုအလှလေးကို တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်အောင်ပြုပြင်ပြီးသည့်နောက် အခြားသိုင်းကွက်တစ်ကွက်ခန့်မျှဖြင့် အပြင်သို့ရောက်အောင် လှမ်းထွက်ပြီးသည့်အခါတွင်မှ ပါးစပ်ဖြင့် အသက်ရှူသွင်း၊ ရှူထုတ်ခြင်း လေ့ကျင့်ခန်းမှာလည်း ဆုံးခန်းသို့ရောက်ခြင်း ဖြစ်တော့လေသတည်း…….။

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..