ရိုးသားပါ

asiamastersDecember 5, 20111min1939

 

၁။         တည်ကြည်ဖြောင့်မတ်တဲ့ လူသားတစ်ဦးဖြစ်လာဖို့၊ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်မှုအတွက် လိုအပ်တဲ့ အခြေခံမူ တွေထဲက ရိုးသားခြင်းဟာ အလွန်အရေးကြီးတယ်။ လူတွေမှာ ရိုးသားသူများနဲ့ ရိုးရှင်းသူများဆိုပြီးနှစ်မျိုးရှိတယ်။

 

၂။         ရိုးရှင်းသူဆိုတာကို အင်္ဂလိပ်လိုအားဖြင့် Simple လို့ခေါ်ပါတယ်။ Simple ရဲ့ အနက်ကတော့ A person who doesn’t want to think and change လို့ဆိုပါတယ်။ ဆိုလိုတဲ့သဘောကတော့ စဉ်းကိုမစဉ်းစားလိုတော့ သူတွေ၊ အပြောင်းအလဲ တစ်ခုလည်းမလုပ်လိုတော့သူတွေကို ခေါ်တာဖြစ်ပါတယ်။ တစ်ချို့ လူသားတွေဟာ စဉ်းစားပြီးလုပ်ရမယ့် ကိစ္စမျိုး ဆိုရင် ဘာမှမလုပ်လိုတော့ပါ။ သူတစ်ပါးပြောတာကိုအကုန်ယုံတယ်။ သူတစ်ပါးခိုင်းတာ အကုန်လုပ်တယ်။ မိမိက ဦးဆောင်ဖို့မစဉ်းစား။ သူများနောက်လိုက်အဖြစ်နဲ့သာ နေလိုသူများဖြစ်ပါတယ်။ တစ်ချို့လူများကတော့ အပြောင်းအလဲ ဆိုလို့ ဘာမျှ မလုပ်လိုတော့ပါ။ အစားအသောက်စားတဲ့နေရာမှာလည်း ဒီနေ့ဒါပဲစားမယ်။ မနက်ဖန်လဲ ဒါပဲစားမယ်၊ တစ်သက်လုံးလည်း ဒီလိုပဲစားတာပါပဲ။ ဘယ်ကိုမှလဲသွားဖို့မစဉ်းစားဘူး၊ ဒီနေရာမှာမွေးတယ်၊ ဒီနေရာမှာပဲသေမယ်။ ဒီလို မစဉ်းစားလိုသူများ နဲ့ မပြောင်းလဲလိုသူများမှာ အဓိကဖြစ်လေ့ရှိတဲ့ လက္ခဏာကတော့ ပြင်းယိခြင်းပဲဖြစ်ပါတယ်။ ပြင်းယိသူများဖြစ်တဲ့အတွက် ဘာကိုမှ စိတ်အားထက်သန်စွာ လုပ်ဆောင်ခြင်းကျိုးပမ်းခြင်းမရှိပါဘူး။ ဒီလိုလူများအတွက် နောက်ဆက်တွဲ လိုက်ပါလာ တာက Poverty လို့ခေါ်တဲ့ ဆင်းရဲမွဲတေခြင်းသာဖြစ်တယ်။ ဆင်းရဲမွဲတေခြင်းဟာ ကူးစက်ရောဂါဖြစ်တယ်။ မိမိဆင်းရဲ သွားပြီဆိုတာနဲ့ မိမိရဲ့ သွေးပါတဲ့ မျိုးဆက်တွေမှာ ခံစားကြရတော့မှာ ပါပဲ။ နောက် ကျန်းမာရေး ထိခိုက်လာ ချိန်မှာတော့ ကုသဖို့နေနေသာသာ ရောဂါရှာဖွေဖို့တောင် ဝင်ငွေကမရှိ၊ စောင့်ရှောက်သူများ ကင်းဝေးစွာနဲ့ နာကျင်မှုဝေဒနာတွေကို အလူးအလဲခံစားကြရပါတော့တယ်။ ဒါဟာ ရှုင်နေရက်နဲ့ ငရဲကျနေတဲ့ Living Hell လို့ တောင်ဆိုနိုင်ပါတယ်။ ပြင်းယိ သူတွေဖြစ်တာနဲ့အညီ ဒီလိုလူမျိုးတွေဟာ အလကားရတာတွေကိုသာ တောင့်တ နေလေ့ ရှိတယ်။ တောင်းစားဖို့ပဲ စဉ်းစားနေပါတယ်။ အခွင့်အရေးကိုသာစောင့်နေတယ်။ ကိုယ်က ဘာတစ်ခုမှ တတ်အောင် မကြိုးစားလိုတော့ပါ။ ဒါကြောင့် အမြဲတစေကြောက်ရွံ့မှု (Fear) တွေနဲ့သာ နေထိုင်ကြရပါတယ်။ ဘဝမှာ ရှင်သန်ရသည့် အကြောင်းပျောက်ဆုံးခြင်း (Purposeless) တွေဖြစ်လာပါတယ်။

 

၃။         ဒါဆိုရင် ရိုးသားခြင်း (Honesty) ဆိုတာကကောဘာပါလဲ။ Honesty ဆိုတာက Always telling the truth, and never stealing or cheating လို့ဆိုပါတယ်။ မြန်မာလိုအနက်ကိုပြောရရင်တော့ အမှန်တရားကို အမြဲပြောခြင်း၊ ဘယ်သောအခါမျှ မခိုးခြင်း၊ ဘယ်တော့မှ မလိမ်လည်ခြင်း၊ မလှည့်စားခြင်းများဖြစ်ပါတယ်။ အမှန်တရားကို ပြောသူတွေ၊ မခိုးသူတွေ၊ မိမိအလုပ်ကိုမှန်တယ်လို့ ပြင်းပြင်းပြပြ ယုံကြည်သူတွေမှာ ဖြစ်ပေါ်လာတာက သတ္တိ (Courage) ဖြစ်ပါတယ်။ ဒီသတ္တိ ပေါ်လာတာနဲ့ ဇွဲကလိုက်လာပါတယ်။ ဒါကြောင့် ရိုးသားသူတွေဟာ အလုပ်ကြိုးစားသူတွေ ဖြစ်လာပါတယ်။ အလုပ် ကြိုးစားသူတွေဖြစ်တဲ့အတွက် အောင်မြင်မှုတွေရတယ်။ အခက်အခဲတွေကို ကျော်လွှားနိုင်ကြတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေတိုးလာတယ်။ ပိုသိလာတယ်၊ ဒါကြောင့် ပိုကောင်းတဲ့အလုပ်တွေကို လုပ်လာနိုင်ကြပါတယ်။ ဒါကြောင့် ပိုမို ကောင်းမွန်တဲ့ဘဝ တွေကိုရရှိလာကြတာဖြစ်ပါတယ်။ ရိုးသားသူတွေဟာ ဘဝမှာ ရှင်သန်ရသည့်အကြောင်း (Purposeful) တိတိကျကျရှိပြီး အဲဒီပန်းတိုင်ကို အရောက်သွားနိုင်ကြပါတယ်။

 

၄။         လူသားတွေဟာ အရောင်း၊အဝယ်လုပ်ငန်းတွေကို အမြဲတစေလုပ်ဆောင်နေရမှာဖြစ်တယ်။ ဝယ်တာလည်း ဝယ်တတ်အောင် ရောင်းတာလည်းရောင်းတတ်အောင် အမြဲလေ့လာသင်ယူနေရမှာဖြစ်တယ်။ အရောင်းအဝယ်တတ် သူများဟာ လူ့ဘဝမှာကောင်းကောင်းမွန်မွန်နေရတယ်။ အရောင်းအဝယ်မတတ်သူများဟာ လူ့ဘဝမှာ ဆင်းဆင်းရဲရဲ နေရတယ်။ အရောင်းအဝယ်တတ်သူများဟာ လူ့အသိုင်းအဝိုင်းနဲ့နီးရာမှနေတဲ့အတွက် လူမှုဆက်ဆံရေးကောင်းသူများ ဖြစ်လာလေ့ရှိတယ်။ အရောင်းအဝယ်မတတ်သူများဟာ လူ့အသိုင်းအဝိုင်းရဲ့ဝေးရာကို စွန့်ခွာလိုသူများဖြစ်တဲ့အတွက် အသိဉာဏ်နဲပါးသူများဖြစ်လာတယ်။ အရောင်းအဝယ်လုပ်ခြင်းဟာ အမြတ်အစွန်းရရှိဖို့လုပ်တာဖြစ်တဲ့အတွက် လူအတော် များများက မရိုးသားတဲ့အလုပ်၊ လိမ်ညာရတဲ့လုပ်ငန်းလို့ ထင်မြင်ယူဆလေ့ရှိတယ်။ ဒီအမြင်ဟာ လုံးဝမှားယွင်းတဲ့ အမြင် ဖြစ်တယ်။ အရောင်းအဝယ်လုပ်သူတွေအတွက် ရိုးသားမှုဟာ အရေးကြီးဆုံးဖြစ်တယ်။  ဝယ်ယူသူ ဖေါက်သည်များဟာ ရိုးသားတဲ့ရောင်းဝယ်သူများထံမှ အမြဲဝယ်ယူလိုလေ့ရှိတယ်။ မရိုးသားတဲ့လုပ်ငန်းများဟာ ရေရှည်မှာပြိုကျပျက်စီး ကုန်တာချည်းပါပဲ။

၅။         လူသားဆိုတဲ့အဓိပ္ပာယ်က ပြောင်းလဲနေခြင်းသဘောဖြစ်တယ်။ ပြောင်းလဲတတ်တဲ့သဘောရှိတဲ့အတွက် လူသား တွေကို လေ့ကျင့်ပေးလို့ရတယ်။ လူအဖွဲ့အစည်းတစ်ခုမှာရှိတဲ့ လူသားတွေ မရိုးသားတော့ဘူးဆိုရင် ဒီလူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေမှားယွင်းနေတာပဲဖြစ်ဖြစ်၊ လူသားတွေကို ပုံသွင်းလေ့ကျင့်ပေးနေတာပဲဖြစ်ဖြစ် မှားယွင်းနေလို့ဖြစ်တယ်။  မှားယွင်းခြင်းဆိုတာ လူသားတွေအတွက်ဖြစ်တယ်။ မှားတာသိရင်ပြန်ပြင်နိုင်ရမယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မိမိကိုယ်တိုင် က အစွမ်းကုန်ရိုးသားရမယ်။

9 comments

  • MaMa

    December 5, 2011 at 8:16 pm

    ကောင်းလိုက်တဲ့ ပိုစ့်လေးပါပဲ။
    ရိုးသားတာနဲ့ ရိုးရှင်းတာကို ကွဲကွဲပြားပြား သိလိုက်ရတယ်။
    အစွမ်းကုန် ရိုးသားပါဆိုတာကိုလည်း သဘောကျတယ်။
    လူ့ဘောင်မှာ ရိုးသားမှုက ဦးဆောင်ရင် နောက်ဆက်တွဲလာမှာတွေက ကောင်းကျိုးတွေချည်း ဖြစ်ဖို့များမယ် ထင်တယ်။ 🙂

  • ကျနော်အမြင်ကတော့ သမ္မာအာဇီဝ ကျတဲ့အလုပ်ဆိုတာ
    မိမိနဲ့ဆက်ဆံရသူတွေကို ထိခိုက်နစ်နာအောင်မလုပ်တဲ့ အလုပ်မှန်သမျှကို သမ္မာအာဇီဝလို့ဆိုချင်ပါတယ်။
    အသားငါးရောင်းတယ် အလေးမခိုးဘူးး မှန်မှန်ကန်ကန်ရောင်းတယ် ကိုယ်တိုင်မသတ်ဘူးသေပြီးတဲ့အသားကိုဝယ်ရောင်းတယ်ဆိုရင် သမ္မာအာဇီဝဘဲ။

    ရောင်းတာကတော့ နိဗ္ဗာန်ကုန်ထားပါတော့ ။
    လာဝယ်တဲ့သူကို မသိရင် မသိသလို့ ဝိုက်လိုက်ရင်တော့ သမ္မာအာဇီဝမဟုတ်တော့ဘူးလို့ ဆိုနိုင်ပါတယ်။

  • kai

    December 6, 2011 at 5:22 am

    လူတွေရိုးသားအောင်.. အစိုးရက.. ဥပဒေနဲ့…လုပ်ယူလို့ရတယ်ထင်မိတယ်..။
    အာလုံးမဟုတ်တောင်… တော်တော်များများကိုပေါ့..။
    မီဒီယာပါထပ်ဆင့်လိုက်ရင်.. အစိုးရပါ.. ရိုးသားမှုရှိသွားရပြီး.. ကောင်းတဲ့လူ့အဖွဲ့အစည်း ဖြစ်သွားတာလို့မြင်မိတယ်..။

    ယူအက်စ်ရဲ့ဥပဒေနဲ့..စံနစ်မှာ အဲဒါကိုတွေ့ရတယ်..။
    မရိုးသားပဲနေတဲ့သူအတွက်.. ဒီလူ့အသိုင်းအဝိုင်းထဲ..ပုံမှန်နေရခက်ခဲသွားတာမို့.. ရိုးသားသူတွေဖြစ်လာတော့တာပါပဲ..။
    အစိုးရက.. လူတွေ(သူ့ပြည်သူတွေ) ဘာလုပ်လုပ်သိနေအောင်.. လုပ်ထားတာကိုး…။
    ၁ဒေါ်လာတန် ဒေါ်လာငွေရဲ့အပေါ်မှာ မျက်လုံးလေးထည့်ပေးထားတာ.. မှော်ပညာနဲ့တကယ်လုပ်ထားသလိုဖြစ်နေတော့တာပဲလေ…။

    http://www.jesus-is-savior.com/Evils%20in%20Government/Federal%20Reserve%20Scam/satan_on_our_dollar.htm

  • aye.kk

    December 6, 2011 at 5:50 am

    ရိုးသားပါဆိုတာလက်ခံပါတယ်..
    ပြောပြချင်တာကကျမတို ့နိုင်ငံမှာက..
    ဝန်ထမ်းလုပ်ကိုင်သူတွေ..
    အများစုကပင်ကိုယ်အရည်အသွေးရှိရင်တောင်..
    ပင်ကိုယ်ဗီဇရိုးသားရင်တောင်..
    အလွန်ညံ့ဖျင်းကာပျင်းရိချင်းဖက်ရောက်ရှိသွားကြပါတယ်..
    အလကားရတာတွေကိုသာမျှော်ကိုးလို့အခွင့်အရွေးကိုတောင့်တနေသူများဖြစ်လာကြပါတယ်..
    အာဏာရှိလေပိုက်ဆံပိုရှိလေဆိုတဲ့အခွင့်အရေးမျိုးပေါ့လေ..အခွင့်အရေးရဘို့ ့အတွက်ဆိုရင်အားလုံးနီးပါးမျှ ရှူးသွပ်နေကြသလိုတောင်တွေ ့မြင်နေရတာဟာစိတ်ပျက်ဘို ့ ့တောင်ကောင်းလှပါတယ်..
    ရိုးသားမှုတွေဆိုတာပျောက်ဆုံးသွားကြပါတယ် နှမြောဘို ့အရမ်းကောင်းပါတယ်..
    ဘွဲ ့ရပညာတတ်ပေမယ့်နိုင်ငံခြားမထွက်နိုင်သူတွေအတွက်ကတော့..
    ဝန်ထမ်းဘဝကိုရွေးချယ်သွားကြတယ်..
    အုပ်ချုပ်တဲ့စနစ်မကောင်းမွန်မှုကြောင့်ရိုးသားမှုတွေပျောက်ဆုံးသွားကြရတယ်..နိုင်ငံအနေနဲ့ ့ကိုယ့်လူမျိုးအတွက်ကြည့်မယ်ဆိုရင် ရိုးသားမှုအတွက် အုပ်ချုပ်မှုစနစ်ကောင်းမွန်မှုရှိဘို ့ကအမှန်တကယ်
    လိုအပ်လှပါကြောင်းအမြင်လေးကိုပြောပြလိုက်ပါရစေ..။

  • moeyan309

    December 6, 2011 at 12:29 pm

    ရိုးသားလွန်းရင်လည်း အ တယ်လို့အထင်ခံရမယ်။ လူအလို့တော့အထင်မခံရစေနဲ့ဗျာ….

  • Yan Shin

    December 6, 2011 at 3:49 pm

    ကျောင်းသားဘဝက ငြင်းခုံကြတယ်။
    လူသာပဓါနလား ငွေသာပဓါနလား……..
    ငြင်းစရာမလိုအောင် ရှင်းနေပြီးသားပါ။
    ဒါပေမဲ့ ခေတ် စနစ် အခြေအနေ ပါတ်ဝန်းကျင်အရ
    ဝမ်းနဲစွာနဲ့ ခေါင်းငုံ့ပြိးလက်ခံရမယ့်ဘဝဖြစ်နေတယ်။

    ခေတ်ကိုက ငွေသာပဓါနဝါဒ

    ဆရာတစ်ယောက်က ပြောဘူးပါတယ်။
    ရနိုင်ရင် ဂုဏ် (စစ်မှန်သော ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော) တစ်ခုလောက်ငွေနဲ့ဝယ်ပေးပါ။

    အဲတုန်းက စိတ်ထဲက (ဆရာကို ပြန်မငြင်းခြင်လို့) ဟုတ်ကဲ့ပါ ဝယ်လို့ရပါတယ်။

    ငွေလှုနိုင်ရင် ဟိုတယ်ပိုင်ရှင်တောင် ရွှေတိဂုံဘဏ္ဍာရေးမှုးလုပ်လို့ရတယ်။
    ငယ်ငယ်တုန်းက ငြင်းခဲ့တာပါ။

  • ba gyi

    December 6, 2011 at 4:29 pm

    တော်တော်ကောင်းသော၊မြန်မာလူမျိုး များအတွက် အံကိုက်ဖြစ်သောပို့စ်တစ်ပုဒ်ဖြစ်ပါကြောင်း၊
    အစဉ်အလာထဲမှ ဖေါက်တွေးထားသော အတွေးကလေးဖြစ်ပါကြောင်း၊လေးစားပါကြောင်း။

  • ဆူး

    December 6, 2011 at 4:40 pm

    ပိုစ်နဲ့တော့ မဆိုင်ဘူး ဦးလေး ရဲ့ ဗိုလ်ချုပ် အကြောင်း ရေးတာ ပြီးသွားပြီလားလို့..
    နောက်ပိုင်း ရေးတာ မတွေ့တော့လို့

  • Reign

    July 12, 2013 at 4:51 pm

    can we define honesty as love of truth?

Leave a Reply