မျောက်နှင့်တူသော သူငယ်ချင်း အပိုင်း (၁)

koyin sithuDecember 5, 20111min32520

တစ်ခါက ကမ္ဘာလောကကြီးအတွက် လွန်စွာမှ အရေးကြီးသော သိပ္ပံဆရာကြီး တစ်ဦး၏ ပစ္စည်းများကို သူ၏ အိမ်တွင်မွေးထားသော မျောက်တစ်ကောင်က ဖျက်ဆီးပစ်ခဲ့ဖူးလေသည်။ ထိုအခါ သိပ္ပံဆရာကြီးသည်… “ဪ..မင်းဟာ မျောက်ကိုး၊ ဘယ်လောက် အရေးကြီးမှန်းမသိတော့ ဖျက်ဆီးပစ်တာပေါ့” ဟု ညည်းတွားလေ၏။ တအောင့်ကြာသော် ထိုသိပ္ပံဆရာကြီးကပင်… “တချို့လူတွေလဲ မင်းလိုပါပဲကွာ” ဟု ထပ်မံပြောဆိုပြန်လေ၏။ ထိုသိပ္ပံဆရာကြီးက သိပ္ပံပညာကို သာမက၊ မျောက်၏သဘာကိုလည်း သိ၏။ မျောက်နှင့် တူသော လူတို့၏ သဘာဝတို့ကိုလည်း သိပေသည်။ ကျွန်ုပ်မှာမူကား သိပ္ပံဆရာကြီးလည်း မဟုတ်၊ မျောက်အကြောင်းကိုလည်း ဂဃနဏ သိသူလည်းမဟုတ်၊သို့ရာတွင် ကျွန်ုပ်၌ကား မျောက်နှင့်တူသော သူငယ်ချင်းတစ်ဦး ရှိခဲ့ဖူးလေသည်။ ထိုသူငယ်ချင်းကို ‘ကိုမျောက်’ ဟူ၍ပင် ခေါ်ကြပါစို့၊ ကိုမျောက်နှင့် ကျွန်ုပ်သည် ကျောင်းနေဘက်သူငယ်ချင်းများ ဖြစ်ကြ၏။ ကျောင်းနေစဉ်ကလည်း ကိုမျောက်သည် စာသင်ခန်းထဲတွင် ဆရာခေါ်ပေးသော စာများကို လိုက်၍မရေး၊ စာမေးပွဲ ဖြေခါနီးမှ ကျွန်ုပ်ထံမှ မှတ်စုစာအုပ်များကို ငှားလေ့ရှိ၏။ ကျွန်ုပ်စာကျက်လိုသော အခါ၌ မရမက ပြန်၍တောင်းရ၏။ ထိုအခါမျိုး၌လည်း ကျွန်ုပ်၏ စာအုပ်သည် အဖုံးတစ်ဘက် ပြုတ်လာခြင်း၊ အတွင်းမှ စာများတွင်လည်း အနီအပြာများ ခြစ်ထားခြင်းစသော ဥစ္စာရှင်တစ်ဦးအနေနှင့် မနှစ်မျို့ဖွယ်ရာများ ပါ၍လာလေတော့၏။ သို့ရာတွင် မည်သည့်ရေစက်ဟု မဆိုနိုင်၊ ကျွန်ုပ်သည် သူငယ်ချင်း ကိုမျောက်ကိုခင်၏။ ကိုမျောက်ကလည်း ကျွန်ုပ်ကိုခင်ပါ၏။ သို့ရာတွင် မကြာခဏဆိုသလို ကိုမျောက်၏ အပြုအမူကြောင့် စိတ်ညစ်ရလေ့ရှိ၏။

ကျွန်ုပ်တို့ နှစ်ဦးလုံးဆယ်တန်း ကျောင်းသား ဘဝသို့ ရောက်သောအခါ၌ ကျွန်ုပ်က လက်ဝဲ စာအုပ်များကိုဖတ်၏။ ကိုမျောက်ကမူ လှန်၍မျှမကြည့်၊ စွန့်စားခန်၊ ဝတ္ထုများကိုဖတ်၏။ ထို့နောက် ကိုမျောက်သည်ဆယ်တန်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုပြီးသည်နှင့် တစ်ပြိုက်နက် တပ်ထဲသို့ ဝင်သွားလေ့တော့၏။ ကိုမျောက် မင်္ဂလာဒုံ စစ်သင်တန်းကျောင်း၌ တက်နေစဉ်အတွင်း ကျွန်ုပ်သည် တစ်ခေါက် သွားရောက် တွေ့ဆုံခဲ့၏။ ကတုံးဆံတောက် ဆံပင်ကလေးနှင့် စစ်အင်္ကျီ၊ စစ်ဘောင်းဘီ ပွရောင်းရောင်းကို ဝတ်ဆင်ကာ စစ်ပညာ သင်ယူနေသော ကိုမျောက်ကိုတွေ့ရလေ၏။ ၎င်းကို ကြည့်ရသည်မှာ အတော်ကလေး ပင်ပင်ပန်းပန်း လုပ်နေရပုံရှိလေ၏။

ကျွန်ုပ်ကိုပင် ၎င်းက.. “အခု သင်တန်းစပြီး တတ်ကတည်းက ရဲဘော်သစ် လစာဆိုပြီး ငါးဆယ့်ငါးကျပ် ရတယ်ကွ၊ ဘာမှလဲ သုံးစရာမရှိလို့ ငွေငါးဆယ်စလုံး ပိုနေတယ်၊ ငါးကျယ်ကတော့ ခါးပတ်တွေ၊ တင်းကလက်ခေါ်တဲ့ ခြေပတ်တွေကို တိုက်ရတဲ့ ဆေးတစ်မျိုး ဝယ်ရတယ်၊ အဲဒိဆေးက ‘ဘလင်ကို’ လို့ ခေါ်တယ်၊ ရေညှိရောင် ဆေးတစ်မျိုးပါပဲကွာ၊ အဲဒါဝယ်လို့ ကုန်သွားပြီ၊ ကျန်တဲ့ငါးဆယ် မင်းယူသွားကွာ” ဟု ဆိုကာ ကျွန်ုပ်အား ၎င်း၏ လစာကို ပေးလိုက်လေ၏။ ကျွန်ုပ်သည် ကိုမျောက်ထံမှရသော ငွေငါးဆယ်နှင့်ပင် ရုပ်ရှင်ဝင်၍ကြည့်၏။ ဆံပင်ဝင်၍ညှပ်၏၊ ခြောက်ကျပ်တန်း သားရေဖိနပ်တစ်ရံဝယ်၍ စီး၏။

ကိုမျောက်မှာမူ မင်္ဂလာဒုံ စစ်လေ့ကျင့်ရေးသင်တန်းကျောင်း၌ ပင်ပင်ပန်းပန်း သင်တန်းဆင်း၍ ကျန်ခဲ့ပြီဖြစ်၏။ အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး နှစ်နှစ်ခန့်ကြာသောအခါ၌ ကိုမျောက်သည် ကျွန်ုပ်ထံသိုံ ရောက်လာလေသည်။ “နယ်ကနေတာဝန်တစ်ခုနဲ့လာတာကွ၊ မင်းငါနဲ့လိုက်ခဲ့ဦး” ဟု ဆိုကာ ကျွန်ုပ်အား ရန်ကုန်မြို့ထဲသို့ခေါ်ဆောင်သွားလေ၏။ ကျွန်ုပ်အား သူက ကာကီရောင် လက်ဆွဲအိတ်ကလေး တစ်လုံးကိုပေးရင်း..“မင်းကိုင်ခဲ့ကွာ” ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ကိုင်ခဲ့ရလေ၏။ ကျွန်ုပ်သည် ထိုအိတ်ကို ဖွင့်ကြည့်ရာ အထဲ၌ ချက်လမ်မှတ်စာအုပ်အချို့နှင့် ငွေအမြောက်အမြားကို တွေ့ရလေ၏။ သူသည် ကျွန်ုပ်အား အရက်ဆိုင်ပေါင်းစုံသို့ ခေါ်၍သွား၏။ အရက်များဝယ်၍ သောက်၏။ ကျွန်ုပ်ကိုလည်း တိုက်၏။ ကျွန်ုပ်မှာ အရက်မသောက်တတ်သဖြင့် သူကျေနပ်အောင် သောက်ဟန်ပြု၍ သွန်ပစ်ခဲ့သည်က များ၏။ ကျွန်ုပ်၏ သူငယ်ချင်း ကိုမျောက်မှာမူ တစ်ခွက်ပြီး တစ်ခွက်သောက်လေတော့၏။ ထိုသို့သောက်ပြီးလျှင် ဆိုက်ကားတစ်စီး ငှားကာ မကောင်းသော အိမ်သို့ ပို့ခိုင်းလေတော့၏။ ကျွန်ုပ်မှာမူ ထိုကိစ္စကို ကြောက်သဖြင့် ကိုမျောက်အတွက် အဖော်လိုက်သွားရသော်လည်း အပြင်ကပင် စောင့်နေရ၏။

ကိုမျောက်သည် ကျွန်ုပ်အား နေ့စဉ်နေ့တိုင်း လာ၍ ခေါ်၏။ အထက်ပါဆိုခဲ့သည့်အတိုင်း အရက်ဆိုင်သို့သာ ခေါ်သွားပြန်၏။ ထို့နောက်တွင်မှ ၎င်းသွားစရာရှိသော ရုံးများ စစ်တပ်များ ဘဏ်တိုက်များဆီသို့ သွား၏။ ကိုမျောက်သည် ရန်ကုန်တွင် တစ်လခန့်နေသွား၏။ ပြန်သွားသောအခါ၌ သူနှင့် အတူ ရောဂါများပါ ပါသွား၏။ ထို့နောက် ပေါ်မလာတော့ပေ။ ကျွန်ုပ်နှင့် ကိုမျောက်သည် နှစ်အတန်ကြာ အဆက်အသွယ် ပြတ်သွားပြန်၏။ တစ်နေ့တွင် ကျွန်ုပ်သည် မြန်မာ့ဂုဏ်ရည် လမ်းထိပ်တွင် လက်ဖက်ရည် သောက်နေစဉ် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် လူတစ်ဦးသည် ကျွန်ုပ်၏ စားပွဲတွင်လာ၍ ထိုင်လေ၏။ ကျွန်ုပ်သည် ထိုလူက ိုကြည့်လိုက်သောအခါ ကျွန်ုပ်၏ မိတ်ဆွေ ကိုမျောက်ဖြစ်နေသည်ကို တွေ့ရလေ၏။

“ဟာ..ကိုမျောက်ပါလား၊ ဘယ်လိုဖြစ်လာတာလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ…“ငါ မျောက်ဖြစ်လာတာကွ” ဟု ကိုမျောက်က ပြောလေ၏။ “နေစမ်းပါဦး၊ ခင်ဗျားတို့တပ် အခုဘယ်မှာလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုမျောက်က နှစ်လိုဖွယ်ရာပြုံးပြီ.. “ငါထပ်ထဲမှာ မဟုတ်တော့ဘူးကွ၊ အပြင်ရောက်နေပြီ”ဟု ပြောလေ၏။ “ဪ.. ခင်ဗျားတပ်က ထွက်လိုက်ပြီကိုး” ဟု ကျွန်ုပ်ကပြောရာ ကိုမျောက်က.. “တပ်ကထွက်လာတာ မဟုတ်ဘူးကွ၊ ငါ့ကို ထုတ်လိုက်တာ၊ တပ်မတော် သားကောင်းဖြစ်ရန် အလားအလာမရှိ ဆိုတဲ့ ပုဒ်မနဲ့ ထုတ်တာကွ၊ ငါတို့မှာ စစ်သည်တော်ကျင့်ဝတ်တွေ ရှိတယ်လေကွာ၊ အဲဒီတော့ ငါဟာ ကျင့်ဝတ်တစ်ခု မဟုတ်တစ်ခုကို ချိုးဖောက်ပြီးသား ဖြစ်နေတယ်၊ ဒီတော့ ငါရဲ့ဆရာသမား တွေကလဲ တပ်ထဲမှာနေရင် မင်းအတွက် ဒုက္ခရောက်မယ်ဆိုပြီး သနားသောအားဖြင့် တပ်က ထုတ်လိုက်တာပဲ၊ အမှန်က သူတို့ဘက်က မလွန်ပါဘူးကွာ၊ ငါ့ဘက်က လွန်တာပါ” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ကိုမျောက်အတွက် လက်ဖက်ရည်တစ် ခွက်မှာလိုက်လေ၏။ ထိုအချိန်၌ ကိုမျောက်သည် သူ၏ ဖိနပ်ခေါင်တွင် လိမ်ထားသော ကြေးနန်းကို ကုန်း၍ လိမ်နေလေ၏။ “ကိုမျောက် ခင်ဗျား တော်တော် အခြေအနေ ဆိုးနေတာပဲ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုမျောက်က… “ဖိနပ်အသစ် မဝယ်နိုင်ဘဲ သွပ်နန်းတဲပြီး စီးနေတာကိုကြည့်ပြီး ပြောတာလား၊ အဲ့ဒါတိုးတက်တာကွ၊ မနေ့ကအထိ ဖိနပ်မရှိဘူး” ဟု ပြောဆိုကာ လက်ဖတ်ရည် ရောက်လာသောအခါ၌ လက်ဖက်ရည်ကို အရသာခံ၍ သောက်ပြီး စီးကရက်တစ်လိပ်ကိုမှာ၍ ဖွာကာ မီးခိုးများကို ကောင်းကင်ဆီသို့ မှုတ်ထုတ်နေလေ၏။

“ဒီမှာ ကိုမျောက်၊ ခင်ဗျားကိုကျွန်တော် ငွေရေးကြေးရေး အကူအညီပေးရင် ရိုင်းရာများကျနေမလား” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုမျောက်က.. “ဒီအချိန်မှာတော့ မင်းလိုလူက မပြောနဲ့ သူတောင်းစားက ပေးရင်တောင် ငါက ကျေကျေနပ်နပ် လက်ခံပြီး သူ့အတွက် ဆုတောင်းပေးရမယ်အခါ ဖြစ်နေပြီ” ဟု ပြောလိုက်လေ၏။ ကျွန်ုပ်သည် ငွေတစ်ဆယ်ကို ထုတ်၍ သူ့အားပေးလိုက်ရာ ကိုမျောက်သည် စီးကရက်တစ်ဘူး ဝယ်လိုက်လေ၏။ ထိုအချိန်၌ပင် ခြေထောက်တစ်ဘက် မရှိသော ဒုကိ္ခတ သူတောင်းစားကြီးတစ်ဥိး ကျွန်ုပ်တို့အနီးသို့ ရောက်ရှိလာရာ ကိုမျောက်က.. “ရော့ ရော့” ဟု ဆိုကာ စီးကရက်ဘူး ဝယ်၍ပိုသော ပိုက်ဆံအားလုံးကို ထိုဒုကိ္ခတကြီးအား ပေးလိုက်လေ၏။

ထို့နောက် ကျွန်ုပ်ဘက်ကို လှည့်ကာ..“ဒီလူက ငါ့ထက်ပိုပြီး ဒုက္ခရောက်တယ်ကွ၊ ငါက ခြေထောက်နှစ်ချောင်းစလုံး ရှိသေးတယ်၊ သူက တစ်ချောင်းပဲ ရှိတော့တယ်” ဟူ၍ ပြောလေ၏။ ထို့နောက် ကျွန်ုပ်နှင့် လမ်းခွဲသွားလေ၏။ လအတန်ကြာသောအခါ၌ ကျွန်ုပ်သည် သမီးကလေးအတွက် နားဆွဲကလေး ဝယ်ရန် မဂိုလမ်းဘက်သို့ သွားရာ ရွှေဆိုင်တန်းရှေ့ ပလက်ဖောင်းပေါ်တွင် ဒူးရင်းသီးများချ၍ ရောင်းနေသော ကိုမျောက်ကို တွေ့ရ၏။ ကိုမျောက်ကိုကြည့်ရသည်မှာ ပျော်ရွှင်နေပုံရ၏။ သူ့အား ဝိုင်းနေသော ဝယ်သူများကိုလည်း ဒူးရင်းသီးကို ဖောက်၍ စားခိုင်းလေ၏။ သူကိုယ်တိုင်လည်း ဒူးရင်းသီးတစ်လုံး ဖောက်၍ တစ်မြွာပြီး တစ်မြွာ စားနေ၏။ အနီးတွင် ဖားတစ်လုံးချထား၏။ ဈေးတည့်၍ ဝယ်သူများထံမှ ပိုက်ဆံကို ရေမျှပင် မရေဘဲ ဖလားထဲသို့ ထည့်ခိုင်းလိုက်၏။ ဝယ်သူများက “ဒီမှာနော် ဆယ့်ငါးကျပ်၊ ဒီမှာနော်နှစ်ကျပ်” ဟု ပြ၍ထည့်၏။ “ပြမနေနဲ့၊ ပြမနေနဲ့ အားလုံးကို ယုံတယ်၊ ထည့်သာထည့်သွား၊ လူဖြစ်ပြီး လူလူချင်း မယုံရင် လူ့လောကကြီးမှာ မနေတာကောင်းတယ်” ဟု ကိုမျောက်က ရယ်မော၍ ပြောဆိုလေ၏။

ထိုအခါ ဝယ်သူထံမှ လျှာရှည်သူတစ်ဦးက… “လူလိမ်နဲ့ တွေ့ရင် ဘယ့်နှယ့်လုပ်မလဲ မိတ်ဆွေကြီး” “တွေ့တော့လဲ တွေ့ပေါ့ဗျာ၊ လိမ်လို့ အရင်းပြုတ်သွားတော့လဲ နောက်တစ်မျိုး ကြံသေးတာပေါ့၊ လူ့ဘဝဆိုတာ ကလေးတွေ ကစားတဲ့ မြွေနဲ့ လှေကားလိုပဲ၊ ခင်ဗျား ကစားဖူးတယ်မဟုတ်လား၊ အံစာတုံးကလေး ပစ်လိုက်လို့ လှေကားနဲ့ တည့်တည့်နံပါတ်ကိုကျရင် အပေါ် တက်သွားရမယ်၊ အဲဒီလို တက်နေရာကနေ မြွေပါးစပ်နဲ့ တည်တည့်တွေ့ရင် ‘ကျွိ’ ဆို အောက်ရောက်သွားပြန်ရော၊ မြွေက မျိုလိုက်တာပေါ့။ နံပါတ်တစ်ရာ ကွက်ကိုရောက်ရင် ဂိန်းတယ်၊ ဒါပေမယ့် နံပါတ်ကိုးဆယ့်ခြောက် ကွက်မျာကို မြွေတစ်ကောင် ပါးစပ်ဟလျက်ရှိတယ်၊ သူ့နံပါတ်များကျရင်တော့ သူကမျိုတာပေါ့။ သူအမြီးက နံပါတ်နှစ်ကို ရောက်တယ်၊ တချိုကလဲ အဲ့ဒီ မြွေကြီးကို လွတ်သွားတယ်၊ တချို့ဆို ဒီမြွေကြီးနဲ့ တွေ့ပြီး အောက်ဆုံးအထိ ဆင်းသွားတော့တာပဲ၊ ပြီးတော့ လှေကားနဲ့တွေ့ပြီး ပြန်တက်ရတော့တာပေါ့။

အဲဒီကစားနည်းမှာ မြွေကိုထုတ်ပြီး လှေကားချည်းပဲထားရင် ဘယ်သူကမှ ကစားမှာမဟုတ်ဘူး၊ တက်ပြီးရင်းတက်ပြီး ကစားပွဲဟာ ပြီးသွားမှာပေါ့။ စိတ်ဝင်စားမှုလဲ မရှိဘူး၊ အဲ့ဒီအတိုင်း ကစားရင် ပွဲဟာ အစောကြီး ရပ်ပစ်ရလိမ့်မယ်၊ ကစားတဲ့လူ အတွက်လဲ အဓိပ္ပါယ်မရှိဘူး၊ အဲဒီလိုပဲဗျ၊ တကယ်လို့ လူ့လောကမှာ အကျမရှိဘဲ အတက်တွေချည်း ဖြစ်နေရင် အဲဒီလူအတွက် အဓိပ္ပါယ်မရှိဘူး၊ ဒီလိုလူမျိုး စောစော သေတတ်တယ်၊ ကစားပွဲ စောစောပြီးသွားတဲ့ သဘောပေါ့ဗျာ၊ အဲဒီလိုပဲဗျ၊ အဲဒီကစားနည်းမှာ မြွေချည်းထားပြီး လှေကားမပါကြေးဆိုရင် ကစားလို့ကောင်းမှာ မဟုတ်ဘူး၊ သူ့ကျတော့ အတက်ကိုမရှိဘဲ မြွေမျိုတာနဲ့ပဲ ပြန်ကျနေမှာပဲ၊ ဒီလိုဆိုလဲ စိတ်ပျက်ပြီး ကစားပွဲကို ရပ်ပစ်မိမှာပဲ၊

လူ့လောကမှာ အတက်မရှိဘဲ အဆင်းချည်းပဲဖြစ်နေရင် ဒီလူစိတ်ဓာတ်ကျတာနဲ့ အဲ အစောကြီး သေလိမ့်မယ်။ အဲဒီတော့ ကစားနည်းမျာ တက်ဖို့လှေကားလဲ ပါရမယ်၊ ဆင်းဖို့မြွေလဲ ပါရမယ်၊ ဒါမှ ပျော်စရာ ကောင်းတာဗျ၊ လှေကားနဲ့ တွေ့တဲ့ခါ တက်သွားလိုက် အဲဒီလို တက်ရတဲ့ အခါမှာလဲ တယ်ဟုတ်တဲ့ ငါပါလားလို့ ဘဝင်မမြင့်နဲ့၊ ရှေ့မှာ မြွေရှိတယ်၊ အဲဒီလိုပဲ မြွေမျိုခံပြီး အောက်ရင်လဲ စိတ်မပျက်နဲ့ မကြာင်ခင် လှေကားတွေ့လိမ့်မယ်၊ မှန်မှန်သာ လူ့ဘဝကို လျှောက်လာခဲ့ မကြာခင် လှေကားတွေ့လိမ့်မယ်၊ ကဲ မိတ်ဆွေလူ့ဘဝဆိုတာ ဒီလိုပဲ မဟုတ်လားဗျာ။ လိမ်တဲ့လူ တွေ့လိမ့်မယ်ဆိုပြီး တွေးပူမနေနဲ့ ပူတဲ့ဒုက္ခ တိုးလာလိမ့်မယ်၊ ဒူးရင်းသီးဝယ်သွား၊ ပိုက်ဆံမပါရင်လဲ ကျုပ်စားတဲ့ထဲက တစ်မြွာနှစ်မြွာစားသွား” ဟု ပြောလိုက်ရာ ထိုသူက ပြုံးလေ၏။

ကျန်သောသူများမှာ ဝါးခနဲ့ ရယ်လေ၏။ ကိုမျောက်သည် ရောင်းစရာရှိသည်ကို ရောင်းနေ၏။ ပြောစရာရှိသည်ကိုလည်း ပြောနေ၏။ ဒူးရင်းသီးကိုလည်း စားနေ၏။ စောစောက အမေးမြန်းထူသူလည်း ကိုမျောက်ထံမှာ ထွက်မသွားသေးဘဲ ဒူးရင်းသီး တစ်လုံးကို မကြည့်ချင်ကြည့်ချင် ကြည့်နေ၏ ထိုသို့ ကြည့်နေရင်း.. “ခင်ဗျားကို ကျုပ်ပြောတာ ဒီလောကမှာ လူလိမ်တွေ ရှိတယ်လို့ ပြောတာ၊ ခင်ဗျား ပြောတာက လောကဓံတရားဗျ၊ ဘာမှမဆိုင်ဘူး” ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုမျောက်က.. “လူလိမ်ရှိတာပေါ့ဗျာ၊ သူတို့ရှိလဲ ကျုပ်တို့က လူကောင်းဖြစ်တာပေါ့၊ သူတို့က လိမ်တယ် ကျုပ်တို့က မလိမ်ဘူး၊ ဒါပဲပေါ့ဗျာ၊ လိမ်တာဟာ မကောင်းဘူး ဆိုပေမယ့် တချို့ကိစ္စတွေမှာ အဲဒီ လိမ်လည်ခြင်းကိုပဲ နာမည်ပြောင်းပြီး အလုပ် လုပ်နေကြတာပဲ။ ဘယ်လို နာမည်ပြောင်းလဲဆိုတော့ ‘ပရိယာယ်’ ဆိုပြီး နာမည်ပြောင်းလိုက်တယ်ဗျ၊ စစ်တိုက်တဲ့အခါမှာ ရန်သူကို လိမ်ပြီး တိုက်ရတဲ့ အကွက်တွေရှိတယ်၊ အဲဒါကို စစ်ပရိယာယ်ခေါ်တာပဲ။ နိုင်ငံရေးမှာလဲ မလွှဲသာ မရှောင်သာ လိမ်ရတဲ့ကွက်တွေ ရှိတယ်ဗျာ။ အဲဒါကိုတော့ နိုင်ငံရေးပရိယာယ် ခေါ်တာပေါ့ဗျာ၊ လိမ်လည်ခြင်းဟာ အကျိုးပြုလုပ်ငန်းအတွက် သုံးပြီဆိုရင် ပရိယာယ်လို့ နာမည်ပြောင်းသွားတယ်ဗျ၊ တစ်ခါတလေ အဲဒီ ပရိယာယ်နဲ့ သုံးတာတောင် တစ်ဘက်က ပရိယာယ် လမ်းကြောင်းအတိုင်း လိုက်မလာဘဲ တင်းခံနေရင် မလာတာကို လာအောင် မကြိုုက်တာကို ကြိုက်အောင် မသွားတာကို သွားအောင်လုပ်တဲ့ အခါမျိုးတွေမှာ ပရိယာယ်ဟာ နာမည်ပြောင်းရပြန်တယ်၊ ဘယ်ပြောင်းရာသလဲဆိုတော့ ‘မာယာ’ ဆိုပြီး ပြောင်းရ ပြန်တယ်။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးပါမည်။

20 comments

  • MaMa

    December 5, 2011 at 8:25 pm

    လိမ်တာရယ်၊ ပရိယာယ်ရယ်၊ မာယာရယ်ဆိုပြီး သရုပ်ခွဲပြထားတာ သမားဂုဏ်ပေါ်ပါပေတယ် ကိုရင် ရယ် 🙂

  • ပေါက်ဖော်

    December 5, 2011 at 8:33 pm

    လိမ်တယ်..ညာတယ်..အာပလာကြီးရယ်..
    မာယာ…မုသား….ပရိယာယ်ကြွယ်..အဟဲဟဲ..

    လိမ်တာကို အမျိုးမျိုးရှင်းထားပါကလားဗျ..

    ကစည်သွပ်..သူငယ်ချင်း ဘာကြောင့် မျောက်နဲ ့တူသလဲဆိုတာတော့..ဆက်ဖတ်မှ ရပေမယ်..ကွယ်..

  • mgmgmying

    December 5, 2011 at 9:35 pm

    r u minn thain kha…2

  • မှော်ဆရာ

    December 5, 2011 at 10:18 pm

    ကောင်းတယ်ဗျာ ရှယ်ပဲ ..
    ခင်ဗျား စာမူတွေ မဂ္ဂဇင်း ကိုပို့လို့ကတော့ အရွေးခံရမှာ အသေအချာပဲ
    လေတင် တုတတ်တာ မဟုတ်ဘူး .. လောကကြီးကိုလဲ မင်းသိင်္ခလို ကြည့်တတ်ပါပေါ၏..။
    ဂွတ် ထ ဂွတ် ထ….

  • မှော်ဆရာ

    December 5, 2011 at 10:19 pm

    ကောင်းတယ်ဗျာ ရှယ်ပဲ ..
    ခင်ဗျား စာမူတွေ မဂ္ဂဇင်း ကိုပို့လို့ကတော့ အရွေးခံရမှာ အသေအချာပဲ
    လေတင် တုတတ်တာ မဟုတ်ဘူး .. လောကကြီးကိုလဲ မင်းသိင်္ခလို ကြည့်တတ်ပါပေ၏..။
    ဂွတ် ထ ဂွတ် ထ….

  • Nishida

    December 5, 2011 at 10:33 pm

    ငါရဲ့ဆရာသမား တွေကလဲ တပ်ထဲမှာနေရင် မင်းအတွက် ဒုက္ခရောက်မယ်ဆိုပြီး သနားသောအားဖြင့် တပ်က ထုတ်လိုက်တာပဲ၊
    ကျုပ် သည်အရေးအသားကို စွဲမက်ခဲ့ပြီး မျက်စိထဲက မထွက်ဖူး ဖြစ်ခဲ့တယ်ဆိုရင် …ပိုရာများ ကျမလားကိုရင်…
    ဒါမှမဟုတ် ..ကျနော် နှစ်သက်တဲ့ အခြားသော စာရေးဆြာများထဲက ဆြာခ ကို သီးခြားခွဲထုတ်ထားတဲ့
    အရေးအသားတခုပါ ဆိုလျင်ရော လွန်ရာကျပါမည်လော…
    ခင်ဗျားကို ကျနော် ခင်တာရော လေးစားတာပါ ရှေးယခင်ကထက် ပို လာပြီလို့ ဆိုပါရစေကိုရင်ရယ်…..

    မာယာ နဲ့ ပါတ်သတ်ပြီးတော့တော့ နည်းနည်းပြောမယ်ဗျို့ …. ကျုပ်က strategy ကို မဖြစ်မနေ ဗမာပြန်ရမယ်ဆို
    မဟာဗျူဟာမြောက် ..ဘာညာသာဒကာ (ဆြာသမားတွေလေသံလိုက်ပြောရရင် ကျုပ်တို့ တိုင်းပြည်ကြီးကို
    စနစ်တကျ ဖျက်ဆီးခဲ့တဲ့ …ပါပါးကြီး ဦးနေဝင်း ခေတ်က လေကျတွေ သိပ်လက်ခံနိုင်တာမဟုတ်ဝူး… )
    ကျနော့် ကိုယ့်ပိုင် ခံစားချက်အနေနဲ့ကတော့ ကျနော် strategy ကို မာယာ လို့ ပြန်ပါသည်ခင်ဗျား …
    (Strategy ရဲ့ ဂုဏ်သတိ္တတွေ သပ်သပ်ရေးပါဦးမည် …… သည်စာလုံးနှင့် သည်စာလုံး မခြုံငုံမိမှန်း
    သိပါသည် ….. ချစ်သဖြင့်ခေါ်ပါသည် …တယောက်တည်း သုံးပါသည်. ….ကြုံကြိုက်လို့ စကားစပ်လို့ပြောသလို
    ပြောပြခြင်းသာဖြစ်ပါသည်ခဗျား…)

    • ကိုရင်စည်သူ

      December 7, 2011 at 11:42 am

      နီရှီဒါ ဆိုလို့ ဘယ်သူများလဲလို့ ကိုရင်အင်ဂီ့ကို…
      ရေးထားတာတွေ အများကြီးရှိနေပြီဗျ…
      တင်ပေးမယ်… ဆက်တိုက်ဖတ်စေရမယ်… အာမခံတယ်..
      နောက်ရက် ပရုတ်ဆီ ပို့စ်တင်ပေးမယ်…
      တကယ့်အနှစ်သာရ ပေးမယ်ဗျာ..
      လောဂျစ်စစ်တွေ ချပြမယ်.. ကွိကွိ… ကောင်းဝူးလား..

      မျောက်စည်

  • hmee

    December 5, 2011 at 11:31 pm

    စာဖတ်ပြီး ဘာမန့်ရမှန်းမသိဖြစ်သွားပါတယ်။ တကယ်ကိုပဲ မင်းသိင်္ခလို သာမာန်နဲ့ မတူတဲ့ အတွေးအရေးတွေကို တကယ်သဘောကျမိပါတယ်။

  • TTNU

    December 5, 2011 at 11:50 pm

    ကိုရင်… စိတ်ဓါတ်ကောင်းတစ်ခုကိုအားကျလာအောင်ရေးတတ်ပေတယ်။
    မြွေမျို လှေကားတက် ဥပမာ သိပ်ကောင်းတယ်။

  • pooch

    December 6, 2011 at 12:44 am

    ပြောရရင်တော့ တကယ့်ကို ဝါရင့်စာရေးဆရာတယောက်က အတွေးပါပါ သရုပ်ပါပါနဲ့ ရေးသွားသလိုမျိုးကို ခံစားမိတယ်.. စိတ်ထဲခံစားမိသလောက်ပြောရရင် သုတကို ရေးရင် အကြောင်းအရာကို သေချာသိရင်ရေးရတာ သိပ်မခက်သလိုပဲ .. အချက်အလက်ရှိရင် ပေါ့

    သို့သော် ရသမြောက် ကိုယ်တိုင်ခံစားရေးဖွဲ့ရတာက ပိုခက်သလိုပါပဲ ဒီလိုမျိုး အဓိပါ္ပယ်ရှိရှိ ကောင်းအောင်ဖွဲ့ဖို့ဆိုရင် ပိုခက်တယ်လို့ ထင်မိပါတယ်

    အလွန်ကောင်းတဲ့ စာစုလေးပါ။ အားပေးပါတယ်။

  • aye.kk

    December 6, 2011 at 6:29 am

    ကိုရင်စည်သူကျေးဇူးနဲ ့..
    လိမ်နည်းဂိုင်းဃဏဝိသေသနဲ ့ညွှန်းဖွဲ ့ပြဆိုသွားတာ အရမ်းကောင်းပါတယ်..
    လိမ်နည်းမျိုးစုံအကြုံးဝင်အောင်ရေးသားနိုင်တဲ့ကိုရင်စည်သူရေ..
    ပရိယာယ် ၊ မာယာ ၊ မုသား ကြွယ်ပုံ ..လုံးစုံကုံကိုစောင့်မျှော်ကာလျှင်ဆက်ဖတ်ချင်ပါသည်..။

  • nikita

    December 6, 2011 at 10:49 am

    ကိုရင်ရယ်
    သင်္ဘောသီး မလုပ်ဘဲ စာရေးဆရာသာ လုပ်စားပါတော့လား
    အရေးအသားက အောင်မြင်နိုင်ပါတယ် 😛 😛

    • Nishida

      December 6, 2011 at 10:58 am

      အင်း …ကိုယ့်ငါးချဉ် ကိုယ်ချင်နေတာ …

      အဲ့ ..မှားလို့ မီကျောလော့ဝူး ….ခုတလော ငါးက
      hot topic ဖြစ်နေတာ …တူများကိုဘာ ဘာမီးဒုတ် ရှို့နေမှဖြင့် …..
      ကြောက်ထှာ

      🙁

      • windtalker

        December 6, 2011 at 8:58 pm

        အဲဒီ ငါးချဉ်ပေါ့
        သိပ်စေးတာ
        ကပ်လိုက်ရင် တော်တော် နဲ ့မကွာဘူး
        🙂

        • ပေါက်ဖော်

          December 7, 2011 at 11:56 am

          မကွာတာတောင်.ကရင်စည့်လက် မော်တာတပ်ထားသလား အောင့်မေ့ရတယ်ဗျ
          ကွာလို ့ကတော့…ဟွင်းဟွင်း

  • nikita

    December 6, 2011 at 10:53 am

    ကျွန်ုပ်ကိုပင် ၎င်းက.. “အခု သင်တန်းစပြီး တတ်ကတည်းက ရဲဘော်သစ် လစာဆိုပြီး ငါးဆယ့်ငါးကျပ် ရတယ်ကွ၊ ဘာမှလဲ သုံးစရာမရှိလို့ ငွေငါးဆယ်စလုံး ပိုနေတယ်၊ ငါးကျယ်ကတော့ ခါးပတ်တွေ၊ တင်းကလက်ခေါ်တဲ့ ခြေပတ်တွေကို တိုက်ရတဲ့ ဆေးတစ်မျိုး ဝယ်ရတယ်၊ အဲဒိဆေးက ‘ဘလင်ကို’ လို့ ခေါ်တယ်၊ ရေညှိရောင် ဆေးတစ်မျိုးပါပဲကွာ၊ အဲဒါဝယ်လို့ ကုန်သွားပြီ၊ ကျန်တဲ့ငါးဆယ် မင်းယူသွားကွာ” ဟု ဆိုကာ ကျွန်ုပ်အား ၎င်း၏ လစာကို ပေးလိုက်လေ၏။ ကျွန်ုပ်သည် ကိုမျောက်ထံမှရသော ငွေငါးဆယ်နှင့်ပင် ရုပ်ရှင်ဝင်၍ကြည့်၏။ ဆံပင်ဝင်၍ညှပ်၏၊ ခြောက်ကျပ်တန်း သားရေဖိနပ်တစ်ရံဝယ်၍ စီး၏။
    >>>>>>>>
    ကောင်းလိုက်တဲ့ သူငယ်ချင်း
    ကြည့်ရတာ ကိုမျောက်က စိ်တ်သဘောထားကောင်းပုံရတယ်နော်
    ဆြာ မင်းသိင်္ခထဲကလိုဆို ဇာတ်လိုက်ပေါ့
    ဟုတ်လား ကိုရင်

  • ကြောင်ကြီး

    December 6, 2011 at 11:27 am

    ဆရာမင်းသိင်္ခ ဘယ်တုန်းက ဘယ်မှာ ရေးခဲ့တာဆိုတာကိုပါ အကိုးအကားထည့်ပြနိုင်ရင် ပိုပြီး မှတ်တမ်းအထောက်အထား ဖြစ်မယ်ဗျ။။။။ ဖတ်လို့သိပ်အရသာ ရှိဒယ်ဗျာ။ အဓမ္မရုပ်ဝါဒီတွေ အကြောင်းကို ဆရာကြီး ထားခဲ့တာ မရှိဘူးလား။။။။။

  • chitlay

    December 6, 2011 at 1:11 pm

    သူ့မှာပိုက်ဆံမရှိတာတောင် ဒုကိ္ခတ သူတောင်းစားကြီးလာတော့ “ဒီလူက ငါ့ထက်ပိုပြီး ဒုက္ခရောက်တယ်ကွ၊ ငါက ခြေထောက်နှစ်ချောင်းစလုံး ရှိသေးတယ်၊ သူက တစ်ချောင်းပဲ ရှိတော့တယ်” လို့ပြောပြီး သူ့သူငယ်ချင်းပေးထားတဲ့ စီးကရက်ဝယ်သောက်လို့ ပိုတဲ့ပိုက်ဆံတွေ အားလုံးပေးလိုက်တဲ့ စိတ်ဓါတ်ကို ချီးကျူးမိတယ် …။ လူ့ဘဝကို အတက်ချည်းပဲမရှိ အတက်နဲ့အကျ နှစ်ခုဒွန်တွဲနေတဲ့ မြွေလှေကား ကစားနည်းနဲ့ ခိုင်းနှိုင်းထားတာကိုလဲ ကြိုက်တယ် … နောက်ဆက်လာမယ့် အပိုင်းများကိုလဲ စောင့်ဖတ်နေပါတယ်။

  • E.T

    December 6, 2011 at 7:55 pm

    ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် အောက်ဆုံးရောက်သွားပြီးမှ ပြန်တက်လာနိုင်တဲ့သူရဲ ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ကြိုက်တယ်။

  • comegyi

    December 6, 2011 at 8:54 pm

    ဖလော်ဆိုဖာဦးမြသာဟုတ်ဝူး
    ဖလော်ဆိုဖာ ကိုရင်စည်သူ

Leave a Reply