၉၄-၉၅ ဧရာဝတီည

black chawDecember 6, 20111min13314

ပြီးခဲ့တဲ့ သောကြာနေ့ညက ဘလက်တစ်ယောက် မန်းမြေသို့ ခရီးယာယီ ထွက်ခွာဖြစ်ပါသည်။ ဘလက်တို့ ၉၄-၉၅ ကျောင်းပြီးကြသူများမှ စီစဉ်သော
ခရီးစဉ် တစ်ခုဖြစ်ပြီး လူနိုင်သူငယ်ချင်းတစ်ယောက် မျက်နှာကြောင့် ရန်ကုန်မှာ ရှိနေသော ကိစ္စအားလုံးအား မျက်နှာလွှဲ ခဲပစ်လုပ်ကာ လိုက်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။
သောကြာနေ့ညနေကတည်းက ရှစ်မိုင်ရွှေဘဲ မှာ စုရပ်လုပ်ထားပြီး အနည်းငယ် စားသောက်ဖြစ်ကြပါသည်။ အားလုံးလေးဆယ်ကျော်များဖြစ်နေကြသော်လည်း ငယ်စိတ်
ကလေးတွေ ပြန်ဝင်နေကြသဖြင့် ငယ်ငယ်တုန်းကအတိုင်း စားလိုက်သောက်လိုက်ပြောလိုက် ရယ်လိုက်နှင့် ပျော်စရာကြီးဖြစ်နေပါသည်။ သူငယ်ချင်းမတချို့(လေးဆယ်ကျော်မိန်းမကြီးများ) က အာဇာနည် ဝမ်းမန်းရှိုးကို မျက်ဝါးထင်ထင် ကြည့်နေကြပါသဖြင့် စောင့်နေရခြင်းလည်းဖြစ်ပါသည်။
ကျွန်တော်ကျောင်းသားဘဝကတည်းက ဒီလိုခရီးစဉ်မျိုးကို လိုက်ပါလေ့မရှိပါ။ ဒီတစ်ခါတော့ ဆရာတွေလည်းပါမည်။ ဟောကြပြောကြ ဆွေးနွေးကြမည်ဟုလည်း
သိထားပါသဖြင့် လိုက်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ခရီးစဉ်အကြောင်းကတော့ အသေးစိတ်မရေးတော့ပါ။ နောက်နေ့ မနက် ဟော်တယ်မန္တလေးတွင် တည်းဖြစ်ကြပါသည်။ နေ့လယ်စာ ကို ကျောင်းမှ သူငယ်ချင်းတစ်ယောက်၏ အပိုင်ဖြစ်သော အမရာ ဇိမ်ခံသင်္ဘောပေါ်တွင် ကျွေးပါသည်။ မင်းကွန်းဘက် ကို ရှုခင်းကြည့်ကြရင်း နေ့လယ်စာထမင်းစားရအောင်
စီစဉ်ပေးသော သူငယ်ချင်းဖြစ်သူကို ကျေးဇူးတင်ရပါသည်။ မင်းကွန်းဘက်ကို သင်္ဘောပေါ်မှ ဓါတ်ပုံရိုက်ဖြစ်ပါသည်။ ကျွန်တော် ရိုက်သောပုံများကို ပြန်ကြည့်တော့ အားမရလှပါ။ ပိုက်ဆံလေးများ နည်းနည်း အဆင်ပြေပါလျှင် ကင်မရာ ကောင်းကောင်း တစ်လုံးတော့ ဝယ်တော့မည်ဟု တွေးမိပါသည်။ နောက်တစ်နေ့ တနင်္ဂနွေ နေ့ ညစာ ကိုလည်း သင်္ဘောပိုင်ရှင် သူငယ်ချင်းမှပင် ဧရာဝတီမြစ်အတွင်းမှ သောင်ပြင်ကြီးတစ်ခုပေါ်တွင် စီစဉ်ပေးသဖြင့် ထပ်ကျေးဇူးတင်ရပါသည်။ အင်မတန် ပျော်ရွှင်စရာ ကောင်းသော ညစာစားပွဲ တစ်ခုဖြစ်ခဲ့ပါသည်။ မန်းမြို့ပေါ်မှ တေးဂီတဝိုင်းတစ်ဝိုင်းမှ ဟော်လိုဂစ်တာသမားများကို ငှားရမ်းထားပေးပါသဖြင့် ဧရာဝတီ သောင်ပြင်ပေါ်မှ မီးပုံပွဲလေးကလည်း ဒီတစ်ခေါက် မန်း ခရီးစဉ်အတွင်း သီချင်းသံများဝေဝေဆာဆာဖြင့် အမှတ်ရစရာ ဖြစ်ခဲ့ရပါသည်။ ဘလက်ကတော့ ဧရာဝတီမြစ်ကြီးကို လှည့်ပတ်ကြည့်ရှု ခံစားရင်း ကဗျာလေးတစ်ပုဒ် ရေးဖြစ်ပါသည်။ ဓါတ်ပုံလေးများနှင့် ခံစားကြည့်ကြပါ။

၉၄-၉၅ ဧရာဝတီည

အဲဒီညက
ဧရာဝတီမြစ်ကြီးက
သူ့ရင်ခွင်ထဲမှာ
ငါတို့ပျော်ဘို့
သောင်ပြင်ကြီးတစ်ခု ဖန်တီးပေးခဲ့….။
လွန်ခဲ့တဲ့ နှစ်လလောက်က
ဒီမြစ်ကြီးဆက်လက်စီးဆင်းနေဘို့
ငါတို့အားလုံး အသံတွေနဲ့
တိုက်ပွဲဝင်ခဲ့ကြ…
အခု
သူမက
ငါတို့ကို သူ့ရင်သွေးတွေလို
ရင်ခွင်ထဲထွေးပိုက်ပြီး
ယာမကာတွေ
ဘူဖေးတွေ
အကင်တွေနဲ့
လေးဆယ်ကျော်သူငယ်ချင်းတွေရဲ့
ပြန်လည်တွေ့ဆုံခြင်းကို
ကြည်နူးပီတိဖြစ်နေသယောင်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ
ငါတို့ ပျော်သလို
ဧရာဝတီလည်း ပျော်နေလိမ့်မယ်
ငါတို့ ဆိုတဲ့ သီချင်းတွေမှာ
ဧရာဝတီလည်း ဟာမိုနီလိုက်နေလိမ့်မယ်
ငါတို့ ဧရာဝတီကို ချစ်သလို
ဧရာဝတီလည်း ငါတို့ကိုချစ်နေလိမ့်မယ်……လို့
ငါယုံကြည်ပါတယ်။
အဲဒီလိုဖြစ်နေဘို့
စာချုပ်စာတမ်းတွေ လိုအပ်ပါသလား…။
အဲဒီလို ဖြစ်နေဘို့
အမိန့်အာဏာတွေ လိုအပ်ပါသလား…။
မည်သို့ပင်ဆိုစေကာမူ
ဧရာဝတီရေ တို့ နှုတ်မဆက်ကြေး
ဧရာဝတီရေ တို့ လက်မပြကြေး
ဧရာဝတီရေ တို့ လမ်းမခွဲကြေး…
………………………………………။
အဲဒီညက
ဧရာဝတီရဲ့ ရင်ခွင်ထဲမှာ
ငါတို့တတွေဟာ
ဆယ်ကျော်သက်လေးတွေပမာ
ပျော်ရွှင်ခဲ့ကြတာပေါ့…..
ဧရာဝတီရေ တို့ လမ်းမခွဲကြေး
ဧရာဝတီရေ တို့ လက်မပြကြေး
ဧရာဝတီရေ တို့ နှုတ်မဆက်ကြေး…။

ညစာစားပွဲကျင်းပတဲ့ ဧရာဝတီ ရင်ခွင်ထဲက သောင်ပြင်ရဲ့ အလှ။

ဧရာဝတီ ညအလှ။

စစ်ကိုင်းတံတားနောက်ခံ စားပွဲတစ်လုံး။

သူကြီး ရယ် နေမလားမသိ။ အဲဒါလေးလည်း မှတ်တမ်းတင်ထားတာပါ။ ဒါ ရိုးရာဆိုတော့ .....။

14 comments

  • inz@ghi

    December 6, 2011 at 1:19 pm

    ဒုတိယမြောက်ပုံလေးက အတော်လေးလှတယ် ဘဘဘလက်ရေ့
    နည်းနည်းလေးပိုလင်းလိုက်ရင် အတော်ဘဲ …:D

    သဂျီးရီရင် ဂျာပွန်ဘုန်းကြီး အဲပဲလ်မှာ ဇန်အစီအရင်ဒွေ
    ဘုန်းရွှေ အစီအရင်တွေ လုပ်ထားတဲ့ ဒါ့ပုံလေးတွေ ရှာတင်ပေးလိုက်မယ်..

  • inz@ghi

    December 6, 2011 at 1:40 pm

    တကယ်တော့ မြစ်ဧရာ ဆိုတာ
    ကွေ့ချင်လည်း ကွေ့မှာပေါ့
    ဝေ့ချင်လည်းဝေ့မှာပေါ့
    အရင်းကို စစ်ပြန်တော့
    မြစ်ဟာမြစ်ပေါ့

    တသွင်သွင်ရယ်နဲ့ ရေစီးလာ
    သာချင်လည်းသာမှာပေါ့ .
    မာချင်းလည်းမာမှာပေါ့
    အနှစ်ကို စစ်ပြန်တော့
    မြစ်ဟာ မြစ်ပေါ့

    မြစ်ကြောင်းရယ်တဲ့ ခရီးစဉ်မှာ
    ကျယ်ချင်ကျယ်မှာပေါ့
    ဖွယ်ချင်ဖွယ်မှာပေါ့.
    အမြစ်ကို စစ်ပြန်တော့
    မြစ်ဟာ မြစ်ပေါ့

    ဒါပေမယ့်
    ညာဖန်တုတ်ပြီး
    သာမာန် မဟုတ်လို့
    သားအမည်ဖော်ပြီး
    ကြွားပြီနော်လို့
    ပြောစရာမလိုလောက်တဲ့
    ကျနော်တို့အားလုံးရဲ့

    သွေးကြောထဲထိ တသွင်သွင်စီးတဲ့
    ရာဇဝင်ထဲက သတို့သမီး

    (ကစ်သို လိုက်ရိုက် သဖြင့် ….
    ဝုန်းဒိုင်းခရီးကို ဒုန်းစိုင်းစီးပြီး
    ထွက်ပြေးတွားဘာဘီ ….
    ဒက်ဂလောက် ဒက်ဂလောက်)

    😛

  • thit min

    December 6, 2011 at 1:44 pm

    ခါးသီးသောအတိတ်
    အားကြီးတဲ့စိတ်ကဆောင်
    “ငါ” အောင်ခဲ့ပြီ သိရဲ့လား?……
    ခါးသီးသောအရိပ်
    အိပ်မရအောင်နှိပ်စက်စမ်း
    ငယ်ထိပ်ခြမ်းအပေါ်ဘက်
    တက်လို့နေတဲ့ ရည်ရွယ်ချက်
    ဘယ်တက်နဲ့လှော်ရမလည်း
    အဖော်မွန်အတူလက်ကိုယှက်
    ဖြည့်စွက်အားအင်နဲ့ပေါင်း
    အကြောင်းမှန်ထောက်
    လက်ဝယ်ရောက်ချိန် ငါတို့အိမ်။။

    (အရှိန်ကမသေဘူး၊ ဒီမှာဆက်ရေးတယ်ဗျာ၊အချင်းချင်းဆိုတော့ရမှန်းသိလို့ဗျာ။
    ဪ အင်နားရှား၊အင်နားရှား)

    ကိုဘလက်ရေ အဲဒီ မန်းဒလေး ဟောပြောပွဲလေးအကြောင်း ရေးစေချင်တယ်ဗျို့။
    ခင်ဗျားအကြောင်း ညီလေး ကိုပေပြောတယ်။ တကူးတက ကျေးဇူးစကားဆိုပေးတဲ့
    ကိုဘလက်ကို အားနာကျေးဇူးတင်တယ်ဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~]
    ကြုံလို့ပြောရအုန်းမယ်နော့။
    ဒေါ်ဟီလာရီ လေယာဉ်ပို့စ် က ကျနော် ခရက်ဒစ်ပေးပြီး ကော်ပီကို တင်ထားတာဗျ။
    အမေစုဓာတ်ပုံတွေလည်း တူတူဘဲ(အဲဒီကစာတွေတော့ ကျနော့စာပေါ့ဗျာ)
    ဆိုတော့ဗျာ ။ ကျနော့ကို တံခါးစောင့် စာညွန်းရေးရင် တမျိုးကြီး ဖြစ်နေမလားလို့ပါ။အဲဒါလေး။
    (^^)

  • blackchaw

    December 6, 2011 at 2:17 pm

    @ ကိုသစ်မင်း
    ရေးမယ် ကိုသစ်ရေ။
    ဒီတစ်ခေါက်ပွဲကတော့
    မေခအဆောင်မှူး (ငြိမ်း) ဦးမောင်မောင်စိုး၊
    အုန်းတောအဆောင်မှူး (ငြိမ်း) ဦးလေးကြည်၊
    ခပေါင်းအဆောင်မှူး (ငြိမ်း) ဦးခင်မောင်ညို (ဘောဂဗေဒ)၊
    မော်ကွန်းထိန်း (ငြိမ်း) ဦးရဲမြင့် တို့ရဲ့ ဟောပြောမှုတွေကို
    ကျွန်တော် တို့ ၉၄-၉၅ ကျောင်းပြီးသူများ (ရန်ကုန်) အဖွဲ့တွေ ရဲ့ စီစဉ်မှုနဲ့
    မန်းလေး၊ တောင်ကြီး၊ မုံရွာ အထက်မြန်မာပြည်က သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြရင်း
    အကျိုးရှိအောင် စီစဉ်ထားတဲ့ အစီအစဉ်လေးတစ်ခုပါ။
    ဆရာတစ်ယောက်ကို ခေါင်းစဉ်တစ်ခုစီနဲ့ ဟောပြောကြပြီး အမေးအဖြေလေးတွေ လုပ်ကြပါတယ်။
    ဆရာရင်း တပည့်ရင်းတွေ ပြန်ဆုံကြတဲ့ပွဲဆိုတော့ နွေးထွေးလွန်းတယ်လို့ တင်စားချင်ပါတယ်ဗျာ။
    @ ဂီဂီ
    အတည်အခန့် ကဗျာတွေဘာတွေ ရေးလို့ အင်း…ဒီလိုကျတော့လည်း
    အင်ဇာဂီက အတည်ပေါက်ကြီးဗျ။ ကျွန်တော့်ပို့စ်မှာ အဲဒီလို အတည်ပေါက်ကြီး
    ကဗျာဝင်ရေးသွားတာလေးကိုပဲ ပီတိဖြစ်နေမိတယ်ဗျာ။
    ထုံးစံအတိုင်း ဒက်ဂလောက်ဒက်ဂလောက် လုပ်သွားတာကြီးတော့ မပါဘူးဗျို့။

    • thit min

      December 6, 2011 at 2:26 pm

      ညီလေး ဂီ ကကျနော့ကို “စ=kidding ” သွားတာ ကိုဘလက်ရေ့။
      (^^)

  • MaMa

    December 6, 2011 at 2:30 pm

    ပိုစ့်လေးက ကဗျာ (ပိုစ့်ပိုင်ရှင်ရော၊ မန့်သူတွေရော) ကြောင့်ပိုပြီး အသက်ဝင်သွားတယ်။
    အားကျထှာ ကိုဘလက်ရေ။ 🙂

  • windtalker

    December 6, 2011 at 7:30 pm

    မောင်ကောင်းထိုက် ရဲ ့ဟာသများထဲမှာ နယူးရပ်ရှန်းတွေ (ဘောစိ) ဆိုပြီး ဖတ်ဖူးတယ်ဗျာ ။
    မောင်ပေ့ ရဲ ့ အတွေ ့အကြုံ အရဆိုရင် အက်ဒျူဂိတ်တက် ဟိုက်ဘော့စ် နယူးဗားမား များဟာ
    ခရီးထွက်သော အခါ အကောင်းဆုံးကားကို စီးသည် ။
    အောက်ထစ်ကြယ်သုံးပွင့် အဆင့်ရှိသော ဟော်တယ်တွင်သာ တည်းသည် ။
    အကောင်းဆုံးနေရာ(ရှူခင်းလှပ) တွင် အကောင်းဆုံးလက်ရာ အစားအသောက်များ ကို သုံးဆောင်သည် ။
    လှပေ့ ချောပေ့……………

    • windtalker

      December 6, 2011 at 7:31 pm

      လှပေ့ ချောပေ့ ဆိုသော ဇနီးများကို ပိုင်ဆိုင်ကြလေသတည်း ။
      ဟီဟိ

  • comegyi

    December 6, 2011 at 9:03 pm

    အဲဒီညက
    ဧရာဝတီရင်ခွင်သောင်မှာ
    မန်းဂေဇက်အဖွဲ့သားများမှာ
    ဆုံခွင့်ရခဲ့ပါက
    ဧရာဝတီ ဘာပြောချေမည်နည်း
    ဧရာဝတီ ဘာပြောချေမည်နည်း.

  • TTNU

    December 7, 2011 at 1:44 am

    မောင်ဘလက်ချော
    ကြီးဒေါ်စိတ်ဆိုးတယ်။ မောင်ပေကိုတွေ့တယ်။ကိုပေါက်ကိုတွေ့တယ်။
    ငါတို့သုံးယောက်(တီချာ+ပုချ်+ဟူး)တို့ကိုတော့ မတူမတန်ထင်လို့လား။
    အညာသူတောသူမတွေထင်လို့လား။
    ငါတို့တွေ သောင်ပြင်ကိုလိုက်မှာစိုးလိုလား။
    ဟွန်း.. (ဧရာဝတီရေ တို့ နှုတ်မဆက်ကြေး)
    (ဧရာဝတီရေ တို့ လက်မပြကြေး)
    (ဧရာဝတီရေ တို့ လမ်းမခွဲကြေး…) တဲ့
    ဧရာဝတီက ငါတို့ကိုပိုချစ်သွားမှာစိုးလို့လား။

    ကြီးဒေါ်တို့ ရန်ကုန်ကိုလာရင် မောင်ချောဆီမလာဘူး မှတ်။ ( ကိုသစ်မဟုတ်)

  • kai

    December 7, 2011 at 7:00 am

    ဧရာဝတီ
    သောင်ပြင်နဲ့စ
    အမှောင်ထဲကထိုးထွက်
    ဖြတ်ကနဲ့လင်း
    အောင်သပြေအုန်းခြင်းနဲ့
    ဗရုံးသုန်းကားဖြစ်သွားတယ်
    ရိုးရာတဲ့ .. ဧရာဝတီရယ်။ ။

  • small cat

    December 7, 2011 at 8:35 am

    ကိုဘလက်ရေ သောင်ပြင်က ဘီယာဗူးခွံနဲ့ အမှိုက်တွေ ကော ရှင်းခဲ့သေးလားဗျ။( နောက်ထှာ)

  • ပေါက်ဖော်

    December 7, 2011 at 10:35 am

    စာတွေ..ကဗျာတွေ..ပုံတွေနဲ ့..ဧရာဝတီပါလားဗျ
    😯

Leave a Reply