လက်ပ်တော့ဈေးကွက် အနည်းငယ် ပြန်လှုပ်ရှားလာ

klnMay 25, 20101min481

သင်္ကြန်ပြီးနောက်ပိုင်းတွင် လက်ပ်တော့နှင့် နက်ဘွတ်ခ် အရောင်းအဝယ်အနည်းငယ်အေးခဲ့သော်လည်း ယခုဈေးကွက် အနည်းငယ်ပြန်လည် လှုပ်ရှားလာကြောင်း၊ ရန်ကုန်မြို့ရှိ ကွန်ပျူတာအရောင်းဆို်င်အချို့က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောကြားသည်။ ဆိပ်ကမ်းသာလမ်းရှိ သပြေပွင့် ကွန်ပျူတာဆို်င်မှ တာဝန်ရှိသူကိုထိုက်က “ သင်္ကြန်မတိုင်မီ အိုင်စီတီပြပွဲအတွင်းမှာ လက်ပ်တော့ ၊ နက်ဘွတ်ခ် ဝယ်ယူတာတွေ ရှိခဲ့ပေမယ့် သင်္ကြန်နောက်ပိုင်းမှာတော့ ဝယ်ယူမှုနိမ့်ကျခဲ့တယ်။ နောက်ပိုင်းမှာတော့ ပြန်တက်လာပါတယ်။ သင်္ကြန်မတိုင်ခင်က ဝယ်အားက တစ်ပတ်ကို သုံး၊ လေးလုံးလောက်ပဲ ရောင်းခဲ့ရတာ။ အခုနောက်ပိုင်းတော့ အချို့ဆိုင်ဆိုရင် တစ်ပတ်ကို ငါးလုံးကနေ ရှစ်လုံးလောက်ရောင်းရတယ် ” ဟု၎င်းကပြောသည်။ ယခုနောက်ပိုင်းတွင် ကွန်ပျူတာဈေးကွက်အတွင်း အသုံးပြုပြီးသားလက်ပ်တော့များနှင့် လက်ပ်တော့အသစ်များအကြားတွင် ဈေးနှုန်းကွာဟမှုမှာ ကျဉ်းမြောင်းလာကြောင်း၊ အသုံးပြုပြီးသား လက်ပ်တော့တစ်လုံးကို ဝယ်ယူမည်ဆိုပါက ကျပ်သုံးသိန်းဝန်းကျင် ကုန်ကျမည်ဖြစ်သော်လည်း အသစ်တစ်လုံးကို ဝယ်ယူမည်ဆိုပါကလည်း ကျပ်လေးသိန်းဝန်းကျင်သာ ကျသင့်မည်ဖြစ်သောကြောင့် သုံးစွဲသူများအနေဖြင့် ပိုက်ဆံအနည်းငယ်ကွာသည်ကို မကြည့်ဘဲ အသုံးခံနိုင်မှုအပေါ်မှာ မူတည်၍သာ ဝယ်ယူကြကြောင်း ၎င်းကဆိုသည်။ ဆိပ်ကမ်းသာလမ်းရှိ အခြားကွန်ပျူတာအရောင်းဆိုင်တစ်ခုဖြစ်သည့် Winner Root မှ တာဝန်ရှိသူတစ်ဦးကလည်း ယခုနောက်ပိုင်းတွင် လက်ပ်တော့များ၏ ရောင်းအားမှာ ပိုမိုကောင်းမွန်လာကြောင်း၊ ယခင်က လက်ပ်တော့နှင့် ဒက်စတော့ပ်ရောင်းအားအချိုးကို နှိုုင်းယှဉ်ပါက ၄၀% နှင့် ၆၀% ရှိသော်လည်း ယခုနောက်ပ်ိုင်းတွင် ရောင်းအားအချိုးမှာ တန်းတူနီးပါးဖြစ်လာကြောင်း၊ ထို့ကြောင့်နောက်ပိုင်းတွင် လက်ပ်တော့ကို ပိုမိုဝယ်ယူလာကြမည်ဟု ခန့်မှန်းကြောင်း ပြောကြားသည်။ “လက်ပ်တော့သုံးတဲ့လူတော်တော်များများက သယ်ဆောင်ရလွယ်တာရယ်၊ ပြီးတော့ မီးပြတ်တဲ့အခါမျိုးမှာ သုံးဖို့အတွက်ရယ်ကို ရည်ရွယ်ပြီးဝယ်ကြတယ်။ သုံးပြီးသား လက်ပ်တော့တွေကိုတော့ ကျောင်းသားတွေနဲ့ နယ်ကဝယ်သူတွေကတော့ ပုံမှန်အတိုင်း ဝယ်နေတုန်းပါပဲ ” ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံဈေးကွက်သို့ လက်ပ်တော့များ စတင်ဝင်ရောက်ချိန်တွင် လက်ပ်တော့အသစ်များမှာ ဈေနှုန်းအားဖြင့် ကျပ် ၁ဝသိန်းအထက် ရှိခဲ့သည့်အတွက် အသုံးပြုပြီးလက်ပ်တော့များမှာလည်း ဈေးကွက်တစ်ခုပေါ်ပေါက်သည်အထိ ရောင်းအားရှိခဲ့ဖူးကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် အင်တာနက် ဂျာနယ်တွင် ဖော်ပြထားပါသည်။