ပြီးခဲ့တဲ့လ အနည်းငယ်အတွင် လိုင်စင်ရအင်တာနက်ဆိုင်(Public Access Centre) အချို့က ၄င်းတို့၏ လုပ်ငန်းလိုင်စင်ပြန်လည်အပ်နှံမှုများနှင့် ပိတ်သိမ်းမှုများ ရှိခဲ့သော်လည်း ထိုအရေအတွက်မှာ လိုင်စင်လျှောက်ထားရယူထားသည့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်သာဖြစ်ကြောင်း အင်တာနက်ဆိုင်များကို လိုင်စင်ထုတ်ပေးသည့် မြန်မာအင်ဖိုတက် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးစိန်ဝင်းက ပြောသည်။ “ ပီအေစီလိုင်စင်ပြန်အပ်တဲ့ဆိုင်က ၁၀ဆိုင်လောက်တော့ ရှိပါတယ်။ အခုဆိုရင် လိုင်စင်ကြေးစပြီး လျှော့ချပေးခဲ့တဲ့ နောက်ပိုင်းခြောက်လအတွင်းမှာ ဆိုင်ပေါင်း ၇၂၀ အထိတိုးလာတယ်။ လိုင်စင်ပြန်အပ်တဲ့ အရေအတွက် ဒါနဲ့နှိုင်းယှဉ်ကြည့်ရင် ရာခိုင်နှုန်းအနည်းငယ်လောက်ပဲ ရှိပါတယ် ” ဟု ၄င်းကပြောသည်။ ထိုကဲ့သို့ လိုင်စင်များပြန်လည်အပ်နှံခြင်းနှင့် ဆိုင်ပိတ်သိမ်းခြင်းများမှာ လျှပ်စစ်မီးရရှိမှုနည်းပါးခြင်း၊ အင်တာနက်ဆိုင်များပိုမို များပြားလာခြင်းနှင့် နေ့စဉ်ကုန်ကျစရိတ်ကို ကာမိမှုနည်းပါးလာခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။ တာမွေမြို့နယ်အတွင်းရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်း “ လျှပ်စစ်မီးက ခုရက်ပိုင်း လာလိုက်ပျက်လိုက်နဲ့ လာရင်လည်း ခဏလောက်ပဲလာတယ်။ တစ်ခါတစ်လေတစ်နေ့ကို သုံးနာရီလောက်ပဲ လာတယ်။ မီးစက်နဲ့ဆိုတော့ သိပ်မကိုက်ဘူး။ အင်တာနက်သုံးတဲ့သူ လေးယောက်လောက်ရှိမှ မီးစက်နှိုးမယ်ဆိုရင်လည်း မိတ်ပျက်နိုင်တယ်လေ။ အဲဒါကြောင့် တစ်ယောက်စ နှစ်ယောက်စလဲ နှိုးပေးရတယ်” ဟု ပြောသည်။ သို့ရာတွင် ယခုအခါ အင်တာနက်ဆိုင်များ အပြိုင်အဆိုင်ပေါ်လာခြင်းကြောင့် မိမိဆိုင်လူဝင်ရန်ဆွဲဆောင်သည့် အနေဖြင့် မီးစက်နှိုးသော်လည်း သုံးစွဲခကို ပိုမိုကောက်ခံလေ့ မရှိကြောင်း ၊ ထို့ပြင် ဝန်ဆောင်မှုအပိုင်းကိုလည်း ပိုမိုလုပ်ဆောင်လာကြကြောင်း ၄င်းကဆိုသည်။ “ ဒါပေမဲ့ တချို့ဆိုင်တွေကျတော့လဲ လုံးဝကိုဝန်ဆောင်မှုက မကောင်းတာ။ သုံးတတ်ပြီးသားသူတွေနဲ့ အခက်အခဲမရှိပေမဲ့ စပြီး သုံးမယ့်သူတွေအနေနဲ့ကြတော့ အဆင်သိပ်မပြေနိုင်ဘူး ” ဟု၎င်းကပြောသည်။ မြန်မာအင်ဖိုတက်က ထုတ်ပြန်သည့် တရားဝင်စာရင်းများအရ လိုင်စင်ရ အင်တာနက်ဆိုင်ပေါင်း ၇၂၀ ရှိပြီး ၊ ၄င်းတို့အနက် ရန်ကုန်မြို့တွင် ၅၁၈ ခု၊ ရန်ကုန်မြို့တော်စည်ပင်နယ်နမိတ် ပြင်ပရှိမြို့နယ်များတွင် ၁၉ ခု၊ မန္တလေးမြို့တွင် ၁၉ ခုနှင့် အခြားနယ်မြို့များတွင် ၁၆၂ ခု ရှိကြောင်း ၂၀၁၀ခုနှစ် မေလ ၂၇ရက်နေ့ထုတ် အင်တာနက် ဂျာနယ်တွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..