ဒို့မြေပေါ်မှထိန်းသိမ်းသင့်သောနေရာတစ်ခု (သို့) ကြောင်ဝတုတ်မစဉ်းမစားလမ်းသလားနေသည် (၁)

၂၀၁၁ ခုနှစ်အကုန်ပိုင်းရောက်တော့ ငြိမ်ကုပ်ပြီး ရုံးကပ်နေသောကျွန်တော့ကို အထက်လူကြီးဆိုသော သူများကတာဝန်ဖြင့်ခရီးထွက်ရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ခြေရှည်ရန်အတွက် အတင်းတွန်း လွှတ်ခဲ့ပါတော့သည်။ မသွားချင်သွားချင်ဖြစ်နေသော ကျွန်တော့်အား အဲယားဇလုံဖြင့် နေ့လည်တစ်နာရီ တိတိ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာပြီး အဲယားဇလုံ၏ကျေးဇူးတော်ဖြင့် ငပလီကမ်းခြေအနီးရှိ သံတွဲမြို့သို့လည်းကောင်း၊ လမ်းကြုံဝင်ထွက်သွားလာရင်း မူလရည်ရွယ်ရာ စစ်တွေမြို့တော်သို့ ညနေ ၃နာရီခန့်တွင် စိုက်ရောက်ခဲ့ပါသည်။

အေးမြမြလေးနုအေးလေးက ဆီးကြိုလိုက်သဖြင့် မြို့ပြမှထွက်ခွာလာသော ကျွန်တော့်စိတ်ဘဝင်တွင် လန်းဆန်းကြည်နူးခြင်းများကို တစ်ပွေ့တစ်ပိုက်ခံစားလိုက်ရတော့သည်။ ထိုမှတစ်ဆင့် တည်းခိုရာယာယီစံ နန်းတော်ကိုဖြင့် ရုံးမှ ကားဒရိုင်ဘာက အတင်းဆွဲခေါ်ပို့ဆောင်လိုက်မှုကြောင့် ကျွန်ုပ်ညပိုင်းအိပ်စက် အနားယူရာ ဟိုတယ်သာယာသို့ရောက်ရှိခဲ့ပါသည်။

Sea Food တွေစားလိုက်၊ ဘီယာတွေသောက်လိုက်၊ ရွာထဲမှာ ဇာကြီး(အင်ဇာဂီ) ရေးသော Anti-Apple ကိုဖတ်ရင်း ကော်မန့်ရေးလိုက်၊ အလုပ်တွေအချိန်မီပြီးအောင် ပြူးပြဲလုပ်လိုက်ဖြင့် မျှော်လင့်သော သောကြာနေ့ညနေပိုင်းကိုရောက်ရှိလာခဲ့ပါသည်။ အဲဒီလို အလုပ်တွေလုပ်ရင်း စားလိုက်သောက်လိုက် လုပ်ရင်းဖြင့် စဉ်းစားမိတာတစ်ခုကတော့ ရခိုင်ပြည်နယ်၊ စစ်တွေကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးပြီးပြီ၊ အသက်ရှင်နေသေးသရွေ့၊ ဒီအလုပ်မှာ မြဲနေသေးသမျှ အကြိမ်ကြိမ်ရောက်ရန်ရှိသေးသည် သို့သော် အခွင့်ကြုံမှ ဖြစ်တော့မည်။ အခုအချိန်သည် ရေကန်လဲအသင့်၊ ဆပ်ပြာလဲအသင့်မို့ ရေချိုးမှဖြစ်တော့မည်ဟု စဉ်းစားကာ ကျောက်တော်မဟာမုနိဘုရားကြီးရှိရာသို့လည်းကောင်း၊ ရခိုင်မြို့ဟောင်းတစ်နေရာ မြောက်ဦးမြို့ သို့လည်းကောင်း အစုံအစမ်း အမေးအမြန်းမရှိပဲ မစဉ်းမစားလမ်းသလားမှုအစပြုရန် ၂၅၀ဝကျပ်ဖြင့် မြောက်ဦး ကားလက်မှတ်ကို စနေနေ့နံနက်အတွက် ဝယ်ယူလိုက်ပါတော့သည်။

စနေနေ့နံနက် စောစောခရီးမထွက်မီ စစ်တွေမြို့အလှ ပွိုင့် (Point) တွင် ဇာကြီးတို့ ကိုဂျီးပေါက်တို့အား အားကျခြင်းသမှုကို ပြုသဖြင့် ကင်မရာလေးတစ်ရမ်းရမ်းဖြင့် လက်တည့်စမ်းခဲ့ပါသည်။ ရှုစားကြပါလော့…

စစ်တွေပွိုင့် နေဝင်ချိန်

စနေနေ့နံနက် (၆)နာရီတွင် စစ်တွေအဝေးပြေကားဂိတ်မှတစ်ဆင့် မြောက်ဦးမြို့သို့ ဦးတည်ထွက်ခွာ မည့် ရွှေပြည်သစ်ဆိုသော Express ဟုခေါ်သောမော်တော်ကားကြီးအား အင်တိုက်အားတိုက်ဝင်လားသော ဖုန်မှုန့်များ၊ ကြက်ဟင်းခါးသီးအားလမ်းခင်းထားသဖြင့် ခုန်ပေါက်နေသော Express ခေါ် မော်တော်ကားကြီး အားခါးနာခံစီးပြီးနောက် ဒါဝင်သီအိုရီအရ မျောက်ပြန်ဖြစ်သွားသော ကျွန်ုပ် ကျောက်တော်မြို့နှင့် မိုင်အနည်းငယ်ခန့်အကွာရှိ မဟာမုနိဘုရားကြီးသို့ စိုက်စိုက်မြိုက်မြိုက်ရောက်ရှိခဲ့ပါသည်။ မန္တလေးမဟာမုနိ ဘုရားကြီး၏ ညီတော် ရခိုင်ပြည်နယ်သမိုင်းအရ တစ်ဆူတည်းကျန်ရစ်ခဲ့ရသော ကျောက်တော်မဟာမုနိ ဘုရားကြီးဆီသို့ ကျွန်ုပ် မိဘ၊ သူငယ်ချင်းအပေါင်းအသင်း၊ မိတ်ဆွေများကို ခေါ်ယူသွားချင်ပေမယ့် ရခိုင်ပြည်နယ်သို့သွားရောက်ဖို့ ခရီးလမ်းပန်းမချောမွေ့ခြင်း၊ စရိတ်စကကြီးမားခြင်းစသော အကျိုးဆက်များကို တွေးမိရင်း လမ်းပန်းဆက်သွယ်ရေးများ ယခုထက်ပိုမိုကောင်းမွန်လာစေရန်အတွက် ဆုတောင်းမိခဲ့ပါသည်။

မဟာမုနိကုန်းတော်ခြေရင်း ထမင်းဆိုင်လေးများ

ယခင်ဖူးမျှော်ခဲ့ဖူးသော မန္တလေးမဟာမုနိဘုရားကြီးနှင့် ဇလွန်ပြည်တော်ပြန်ကဲ့သို့ ကိုယ်တိုင် ရွှေသင်္ကန်း တက်ရောက်ကပ်ခွင့်မရသဖြင့် စိတ်မကောင်းဖြစ်မိပါသည်။

ဘုရားကြီးအဝင်ဆိုင်းဘုတ်
အဝင်ဝမှပန်းဆိုင်

 

စစ်တွေမြို့မှ မိုင်(၆၀)ခန့်သာရှိသောနေရာ (ထိုထက်ပင်နီးဦးမည်ဟုခံစားမိသည်)ကို မော်တော်ကားဖြင့် ၂နာရီနီးနီးသွားရောက်ခဲ့ရသော လမ်းပန်းဆက်သွယ်ရေးမှာ ဘုရားကြီးသို့ လာရောက်လိုသူ တိုင်းအတွက် ကြီးမားသောအဟန့်အတားတစ်ခု ဖြစ်စေပါသည်။ ရန်ကုန်မှ စစ်တွေမြို့သို့ အလွယ်ကူဆုံးနှင့် အချောမွေ့ဆုံးလေကြောင်းလမ်းရှိသော်ညားလဲ စရိတ်စက အလွန်တရာကြီးမားလှသောကြောင့် အလွယ်တကူရောက်ဖြစ်ရန် ခဲယဉ်းပေလိမ့်မည်။ ရန်ကုန်-စစ်တွေ ရထားလမ်းပိုင်းနှင့် ကားလမ်းပိုင်း အမြန်ကောင်းမွန်ပါစေကြောင်း ဆုမွန်ကောင်းတောင်းမိပါသည်။

မဟာမုနိဘုရားကြီးမျက်နှာတော်

မဟာမုနိရုပ်ပွားတော်ကြီးမှာ စစ်တွေမှ မြောက်ဦးသို့သွားသော စစ်တွေ-ရန်ကုန် ကားလမ်းမ နံဘေး ကုန်းမြင့်ပေါ်တွင်တည်ရှိပြီး ပြုပြင်မှုထိန်းသိမ်းမှု နည်းပါးသော ရှေးဟောင်းလက်ရာများ၊ နည်းစနစ်မမှန်သော ပြုပြင်မှုများအောက်တွင် ပျက်စီးသွားသော အဖိုးတန်ရှေးဟောင်းအမွေအနှစ်များကို စိတ်မကောင်းဖွယ်ရာတွေ့ မြင်လိုက်ရပြီးနောက် ဘုရားကြီးကုန်းတော်ပေါ်မှာ ပြန်လည်ဆင်းပြီး မြောက်ဦးမြို့သို့ဆက်လက်ထွက်ခွာရန် အတွက် နည်းလမ်းရှာကြံရပါတော့သည်။ အချိန်မရသည်ကတစ်ကြောင်း မြောက်ဦးသို့ဆက်လက်သွားရန် စိတ်စောနေမိသည်ကတစ်သွယ်ဖြင့် ဓာတ်ပုံမှတ်တမ်းသေချာမတင်လိုက်နိုင်သည်ကိုပင် တောင်းပန်မိပါသည်။

မြောက်ဦးသို့ခရီးနှင်ခဲ့သော စီးတော်ယာဉ် (ယိုးဒယားအခေါ် တုတ်တုတ်၊ ဗမာအခေါ် သုံးဘီး)

မဟာမုနိဘုရားကြီးမှ မြောက်ဦးမြို့သို့ သုံးဘီး (ခေါ်) ယိုးဒယားအခေါ်တုတ်တုတ်အား ၂သောင်းကျပ်ဖြင့် ငှားရမ်းပြီး (၂)နာရီခန့် အသည်းအသန် လမ်းဟုခေါ်သော ဖုန်ချောင်းထဲသို့ (၂)နာရီကျော်ကျော်ခန့် စီးနင်းကာဖြင့် မြောက်ဦးမြို့သို့ နေ့လည် တစ်နာရီခွဲခန့်တွင် စိုက်စိုက်မြိုက်မြိုက်ရောက်ရှိသွားပါတော့သည်။

ဆက်ရန်ရှိသေးသည်…..

 

ချစ်ခင်လေးစားစွာဖြင့်-

ကြောင်ဝတုတ်၊ ရန်ကုန်။

 

 

 

5 comments

  • ကြောင်လတ်

    December 6, 2011 at 6:00 pm

    ကြက်ဟင်းခါးသီးလမ်းကိုသွားရတာ တော်သေးတာပေါ့။
    လကမ္ဘာ လမ်းမျိုးကိုမသွားဖူးသေးလို့။

  • naywoonni

    December 6, 2011 at 8:53 pm

    ကိုသစ်က သူသမဒဖြစ်ရင် ကွန်ကရစ်ခင်းပေးမယ်လို့ လုံခြုံ တဲ့ သတင်းတစ်ရပ်ကပြောသွားပါတယ်ကြောင်ဝတုတ်ရယ်…။ အဲဒိအခါကျမှ သွားတော့…။

  • TTNU

    December 7, 2011 at 1:07 am

    စစ်တွေပွိုင့်နေဝင်ချိန်ပုံ လှတယ်ကိုဖက်ရေ။

  • kai

    December 7, 2011 at 7:07 am

    …ဓါတ်ငွေ့တန်ခိုးနဲ့..နောက်၁ဝနှစ်အတွင်း.. ခုန်တက်မှာပါ..။
    သိပ်စိတ်မပူပါနဲ့လေ…။

    ဆိုတော့… မှတ်တမ်းလေးတွေသာ..များများတင်ထားခဲ့ပေါ့…။ 🙂

  • Shwe Ei

    December 7, 2011 at 4:51 pm

    ကြောင်ဖက်တီးတယောက် ဘုရားသွားဖူးတဲ့ ရည်ရွယ်ချက်က လမ်းကောင်းအောင် ဆုတောင်းချင်လို့ကိုး။ သာဓုဗျာ သာဓု။ 😛 နေဝင်ချိန်ပုံလေးတော့ကြိုက်လို့ ကူးသွားတယ်နော်။

Leave a Reply