အင်းလေးကန်ပြန်လည်စိမ်းလန်းလာစေရန် သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်မည်

klnMay 25, 20101min521

တိုင်းတာချက်များအရ စတုရန်းကီလိုမီတာ ၁၀၀ဝန်းကျင်သာကျန်ရှိတော့သည့် အင်းလေးကန် ပြန်လည်စိမ်းလန်းလာစေရန် သက်ဆိုင်ရာဌာနများနှင့် နိုင်ငံခြားအဖွဲ့အစည်းများပူးပေါင်း၍ FREDA (Forest Resource Environment Development and Conservation Association)မှ စီမံကိန်းလေးရပ်ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းမှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားခဲ့သည်။ စီမံကိန်း ကနဦးလုပ်ငန်းစဉ်အဖြစ် ဇွန်လအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အင်းလေးကန် ပြန်လည်ထူထောင်ရေးအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ “အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားအမွေအနှစ်တစ်ခုဖြစ်သလို ကမာ္ဘလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ အင်းလေးကန်ပျက်ရင် အနီးတစ်ဝိုက်မှာရှိတဲ့ အင်းသားတွေရဲ့ဘဝ ပျက်မယ်။ အင်းလေးကန်ကို အမှီပြုနေတဲ့ လုပ်ငန်းတွေပျက်မယ်။ နောက်ဆုံး ဇီဝမျိုးစုံမျိုးကွဲလို့ခေါ်တဲ့ ငှက်တွေ၊ ငါးတွေ၊ အပင်တွေအကုန်ပျက်မယ်။ အခုချိန် အင်းလေးကန်မှာ ငါးဖိန်းငါးမျိုးတွေလုံးဝမရှိတော့ဘူး။ ပြီးတော့ အင်းလေးကန်က ဘီလူးချောင်းနဲ့ ဆက်စပ်နေလို့ လောပိတရေအားလျှပ်စစ်စက်ရုံ ရေရရှိရေးကလည်း အင်းလေးကန်အပေါ် အများကြီး မူတည်နေပါတယ်။ ဒီအတွက် အင်းလေးကန် ပြန်လည်ထူးထောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ရှေ့လမယ့် ဇွန်လအတွင်းမှာလည်း အင်းလေးကန်နဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲလုပ်မယ်ယ။ ဒီဆွေးနွေးပွဲမှာ သက်ဆိုင်ရာကဆိုရင် သစ်တောပါမယ်။ ဟိုတယ်ခရီးပါမယ်။ စိုက်ပျိုးရေးပါမယ်။ ဆည်မြောင်းပါမယ်စတဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် UNDP အပါအဝင် ပြည်တွင်း NGO အဖွဲ့အစည်း ၄၊ ၅ခုလောက်ကို အနည်းဆုံးဖိတ်ကြားသွားမှာဖြစ်ပါတယ်။ ပြီးရင် ကိုယ့်အပိုင်းနဲ့ကိုယ် လုပ်သင့်တဲ့ကိစ္စတွေကို ဆွေးနွေးပြီး Project တစ်ခု ရေးဆွဲသွားပါမယ်”ဟု ဦးအုန်းက ပြောကြားခဲ့သည်။ အဆိုပါ Project ၌ စီမံကိန်းလေးခုပါဝင်မည်ဖြစ်ပြီး ပထမစီမံကိန်းအနေဖြင့် အင်းလေးကန်အတွင်းရှိ ရောဂါပိုးမွှားများပါဝင်နေသည့် ရေများကို သန့်စင်အောင်ပြုလုပ်မည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် ဟိုတယ်များမှ စွန့်ပစ်ပစ္စည်း ထုတ်လုပ်မှုကို ထိန်းချုပ်မည်ဖြစ်သည်။ တတိယအဆင့်အနေဖြင့် ဓာတုဓာတ်မြေ ဩဇာများကြောင့် အင်းလေးကန်ဝန်းကျင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းသိမ်းသွားမည်ဖြစ်သည်။ စတုတ္ထအဆင့်အနေဖြင့် အင်းလေးကန် ဝန်းကျင် ခုနစ်မြို့နယ်တွင် စိုက်ပျိုးသင့်သည့်သစ်ပင်များကို ကွန်တို၌ စိုက်ပျိုးရေးစသည့်အချက်များပင်ဖြစ်သည်။ “အင်းလေးကန် ပြင်ဆင်ဖို့ အတွက်က အနည်းဆုံး ဒေါ်လာ တစ်သန်းလောက် လိုအပ်မှာဖြစ်ပါတယ်။ ရန်ပုံငွေအတွက်ကိုလည်း အလုပ်ရုံဆွေးနွေးပွဲပြီးရင် ပြည်တွင်းပြည်ပကနေ ရှာဖွေသွားမှာဖြစ်ပါတယ်”ဟု ဦးအုန်းကပြောကြားခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၂၆ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • သတင်းလူသား

    June 12, 2010 at 6:38 pm

    ကြိုဆိုရမယ့် လုပ်ဆောင်မှုတစ်ခုပါပဲ။ ဟုတ်ပါတယ်။ အင်းလေးကန်ဟာ မြန်မာတို့အတွက် အမျိုးသားအမွေအနှစ်တစ်ခုဖြစ်ပါတယ်။ ထို့အတူ အင်းလေးကန်ကဲ့သို့ ထိန်းသိမ်းရမယ့် မြန်မာတို့ရဲ့အမျိုးသားအမွေအနှစ်များစွာတည်ရှိနေပါသေးတယ်။ အဲဒါတွေရော မပျောက်ပျက်၊ မယိုယွင်းအောင် ဝိုင်းဝန်းထိန်းသိမ်းရမှာဖြစ်ပါတယ်။

Leave a Reply