ရန်ကုန်မြို့ရှိ မင်္ဂလာဈေးကြီး မီးလောင်မှုဖြစ်ပွား

klnMay 25, 20101min670

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်သော မြန်မာတစ်နိုင်ငံလုံးအားထားရသည့် မင်္ဂလာဈေးကြီး မေလ ၂၄ရက် နံနက် ၈နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ ဝိုင်ယာရှော့ခ်ဖြစ်ရာမှ စတင်သည်ဟု မီးလောင်မှုမပြင်းထန်မီအဆိုပါဈေးတွင် အထည်ရောင်းသော ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ မီးသတ်ဌာနချုုပ်မှ သတင်းရသောအချိန်မှာ နံနက် ၈နာရီ ၃၈မိနစ်ဖြစ်ပြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူ ပြောပြချက်အရ အရန်မီးသတ်များအပါအဝင် မီးသတ်ယာဉ် ၆၁စီး၊ အုပ်ချုပ်မှုယာဉ် ၁၁စီး၊ ထောက်ကူပြုယာဉ် ရစီးတို့ဖြင့် ငြှိမ်းသတ်နေကြကြောင်း၊ မီးလောင်မှုတွင် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းအချို့ ဒဏ်ရာရရှိသွားကြောင်းနှင့် အဆိုပါဈေးသည် ရန်ကုန်စည်ပင်သာယာရေး ကော်မတီပိုင်ဈေးဖြစ်ပြီး မီးသတ်စနစ်ကို စနစ်တကျထားရှိသောဈေးဖြစ်ကြောင်း သိရသည်။ `မီးလောင်နေတဲ့အထပ်ရဲ့အတွင်းပိုင်းထဲဝင်ပြီး မီးသတ်နေတာတွေရှိတယ်။ ဆေးဝါးပစ္စည်းတွေဆိုတော့ မီးလောင်ဖို့ လောင်စာရနေတယ်။ မြို့တော်စည်ပင်ဘဏ်အနေနဲ့ နီးတဲ့အခြမ်းကတော့ မီးငြိမ်းနေပြီ´ဟု မီးသတ်သမားတစ်ဦးက ပြောကြားသည်။ မီးစတင်လောင်ကျွမ်းရာအခန်းသည် ဝိုင်ယာရှော့ခ်ကြောင့် မီးခိုးများထွက်လာသော်လည်း ဆိုင်ခန်းသည် ပိတ်ထားလျက်ရှိသည့်အတွက် ဝိုင်းဝန်းငြှိမ်းသတ်ရန် အဆင်မပြေခဲ့ကြောင်း၊ မျက်မြင်တွေ့ကြုံသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ ပွင့်လင်းရာသီ ရောက်ရှိလာချိန်မှစ၍ အဆိုပါဈေးအတွင်းရှိ ဆိုင်ခန်းများအားလုံး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီးများ ထွန်းညှိခြင်းမပြုရန်၊ မီးစက်များဖြင့် မီးထွန်းရာတွင်လည်း ဝိုင်ယာရှော့ခ်မဖြစ်စေဖို့ အထူးဂရုပြုကြရန် ညွှန်ကြားထားကြာင်း သိရသည်။ မီးလောင်မှုကြောင့် ညနေ ၆နာရီခွဲခန့်တွင်၊ ဈေးခေါင်မိုးပွင့်ထွက်သွားခဲ့၍ ည ၈နာရီခန့်အထိ မီးညွန့်မကျိုးသေးကြောင်း ၂၀၁ဝခုနှစ် မေလ ၂ရရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။