ကံသုံးပါးတွင် မနောကံဟာ ဘာ့ကြောင့် အပြစ်ကြီးဆုံးဖြစ်ရတာလဲ

မေး။ ။ ဦးဇင်းဘုရား တပည့်တော် အမည်ကသိန်းဇော်ပါ။ ဦးဇင်းဆိုဒ်ကိုဝင်ပြီး ဖတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဘယ်နေရာကနေပြီး မေးခွန်းများ မေးမြန်းရမည်ကို မသိပါသဖြင့် ဂျီမေးမှ ပေးပို့၍ မေးလိုက်ရပါသည်။ တပည့်တော်အနေဖြင့် ကံသုံးပါးထဲတွင် မနောကံသည် အပြစ်အကြီးဆုံးဟု မြတ်စွာဘုရားမှ ဟောကြားထားသည်ကို မရှင်းလင်းပါသဖြင့် ဂရုဏာရှေ့ထား၍ ဖြေကြားပေးစေလိုပါသည်ဘုရား။ တပည့်တော်၏ သာမာန်အမြင်မှာ ကာယကံသည် မနောကံထက် အပြစ်ကြီးသည်ဟု မြင်မိလို့ပါဘုရား။ စိတ်ဖြင့် ပြစ်မှားခြင်းသည် ကိုယ်ထိလက်ရောက် (ကာယကံမြောက်) ပြစ်မှားသည်လောက် အပြစ်မကြီးဟု ယူဆမိသောကြောင့်ပါဘုရား။ တပည့်တော် မေးမြန်းလိုသည်မှာ ကြာမြင့်လှပါပြီဘုရား။

သိန်းဇော်၊ ပဲရစ်၊ ပြင်သစ်နိုင်ငံ။

ဖြေ။ ။ အင်း ဒကာမေးထားတာကို နှစ်မျိုးခွဲပြောရမှ ရှင်းမှာမို့ (၂)မျိုးခွဲ ဖြေပေးပါမယ်။ စောင့်ထိန်းခြင်းလို့ခေါ်တဲ့ ဝါရိတ္တသီလဆိုင်ရာတွင် ရဟန်းသံဃာများအတွက် ဝိနည်းသီလမှာ စိတ်ဆိုတဲ့မနောကံနဲ့ ကျုးလွန်မိရင် အပြစ်မရှိသလို လူတို့စောင့်ထိန်းနေတဲ့ သီလများတွင်လည်း စိတ်နဲ့ကျုးလွန်ခြင်းကြောင့် သီလမပျက်၊ သီလမကျိုးပါ။ တကယ်လို့သာ မနောကံကြောင့် သီလပျက်မယ်ဆို ရဟန်းသံဃာများမှာလည်း မနောကံပြစ်မှားခြင်းတွေ ရှိနေမှာမို့ သီလပျက်သူတွေ များနေနိုင်သလို လူတွေမှာလည်း သီလလုံခြုံတဲ့လူ နည်းနေမှာပါ။ ဒါကြောင့် မြတ်ဗုဒ္ဓက ရဟန်းသံဃာများဆိုင်ရာ ဝိနည်းစည်းကမ်းမှာ မနောဒွါရေ အနာပတ္တိ-မနောကံကြောင့် အာပတ်မသင့်လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒီလိုပါပဲ လူတွေသီလစောင့်ထိန်းတဲ့အခါမှာလည်း စိတ်နဲ့ထမင်းစားခြင်း၊ အရက်သောက်ခြင်းများအတွက် သီလမပျက်ပါ။

ရှင်းအောင်ပြောရရင် စောင့်ထိန်းခြင်း ဝါရိတ္တသီလတွင် မနောကံကြောင့် အပြစ်မဖြစ်ဘဲ၊ ကျင့်သုံးခြင်းစာရိတ္တသီလတွင် မနောကံပါမှ အပြစ်ရှိတာကြောင့် မနောကံဟာ စာရိတ္တသီလအတွက်ဆို အရေးကြီးဆုံး၊ အပြစ်ကြီးဆုံး ဖြစ်ပါတယ်။ ဥပမာ-လမ်းသွားရင်း သတ္တဝါတစ်ကောင်ကောင်ကို တက်နင်းမိလို့ သေသွားတဲ့အခါ စိတ်မပါတဲ့အတွက် အပြစ်မရှိပါ။ သို့သော် သူတစ်ပါးမကောင်းကျိုးဖြစ်အောင် ကျုးလွန်မှုလုပ်တော့မဲ့အရာများတွင် စိတ်ကနေစတင်ကြံစည်ရတဲ့အတွက် မနောကံဟာ အဓိကပထမကျုးလွန်ခြင်းဖြစ်လို့ အပြစ်ကြီးဆုံးနေရာကို ရောက်သွားရပါတယ်။

ဥပမာ-ဓာတ်လိုက်ခြင်းဖြစ်တာဟာ လျှပ်စစ်မီးလာနေလို့ ဓာတ်လိုက်ခြင်းဆိုတာ ဖြစ်နေတာပါ။ တကယ်လို့ မီးခလုတ်ဆိုတဲ့ မိန်းကသာ လျှပ်စစ်မီးပိတ်ထားမယ်ဆိုရင် ဓာတ်မလိုက်နိုင်ပါဘူး။ အဲဒီလိုပါပဲ စာရိတ္တ-ကိုယ်ကျင့်တရား သူခိုး၊ ဓါးမြ၊ မုဒိန်းကောင်၊ အရက်သမားစတာတွေဖြစ်ရတာဟာလည်း စိတ်ဆိုတဲ့မနောကံက အရင်ကြံစည်မှုမှားခဲ့လို့ရယ်၊ အဲဒီစိတ်ကို မတားဆီး မထိန်းချုပ်နိုင်လို့ရယ်။ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတဲ့ အသိဉာဏ်ပညာ ဗဟုသုတခေါင်းပါးမှုတွေရယ်ကြောင့် ဖြစ်ရတာပါ။ အဲဒီတော့ အကုသိုလ်အပြစ်တစ်ခုဖြစ်ပြီဆိုရင် စိတ်ပါမှ အပြစ်ဖြစ်တဲ့အတွက် စိတ်ဟာ အဓိကကျပါတယ်။ စောင့်ထိန်းတဲ့သီလပိုင်းဆိုင်ရာမှာတော့ စိတ်နဲ့ကျုးလွန်ရုံနဲ့ အပြစ်မဖြစ်ပါပေ။

နိဂုံးချုပ်အနေနဲ့ မှတ်ထားရမှာကတော့ မနောကံဟာ ဝါရိတ္တ-သီလစောင့်ထိန်းခြင်းတွင် မနောကံကြောင့် သီလမပျက်ဘူးဆိုတာရယ်။ စာရိတ္တ-ကိုယ်ကျင့်တရားကျုးလွန်းခြင်းဖြစ်တဲ့ သူတစ်ပါးပစ္စည်းခိုးခြင်းစတာတွေမှာ မနောကံက အရင်ကြံစည်မိတာကြောင့် မနောကံဟာ စာရိတ္တသီလအတွက်တော့ အဓိကကျလို့ အပြစ်ကြီးဆုံးဖြစ်နေရတယ်ဆိုတာရယ်၊ စာရိတ္တသီလကျုးလွန်တဲ့အခါမှာလည်း မနောကံပါမှ အပြစ်ဖြစ်တယ်ဆိုတာတွေကို မှတ်ထားဖို့ပါပဲ။

ဒီလောက်ဆိုရင်တော့ ရှင်းမယ်ထင်လို့ ဒီမှာပဲ နိဂုံးချုပ်ရင်း စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး အသိပညာများ တိုးပွားကြပါစေလို့ ဆန္ဒပြုလျက်…..။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

12 comments

  • aye.kk

    December 7, 2011 at 6:38 am

    မသိလျှင်မေး..
    မစင်ရင်ဆေး..
    မသိတာကိုသိအောင်ရှင်းပြပေးတာ..
    ဖတ်ရှု ့ရလို ့ကျေးဇူးတင်ပါတယ်ဘုရာ့..။

    • kokoover

      December 7, 2011 at 8:20 pm

      မသိနားမလည်တာကို ဖတ်ခွင်ရခဲ့လို
      တပည်တော် ရိုသေစွာရှစ်ခိုးဦးခိုက် လိုက်ရပါ၏ ဘုရား၊
      ဦးဇင်းက ပုံထဲမှာ ခန့်တယ်နော်
      စွယ်တော်နဲ့အတူကြွရောက်လာတဲ့
      ရှောင်လင်ဆရာတော်တွေကြနေတာပဲ။

  • small cat

    December 7, 2011 at 7:42 am

    သီလစောင့်ထိမ်းခြင်းမှာ မနောကံ အပစ်မရှိဘူးဆိုတာ အခုမှ သိရပါတယ်ဘုရား၊
    ရှင်းလင်းပေးချက်တွေ အတွက် ကျေးဇူးကြီးလှပါတယ်ဘုရား။

  • Shwe Tike Soe

    December 7, 2011 at 10:29 am

    သာဓု သာဓု သာဓု ပါဘုရား ကျေးဇူးကြီးလှပါတယ်ဘုရား တပည့်တော် နာခံမှတ်သားထားလိုက်ပါတယ်.. အရင်တုန်းက လဲ အဲလိုပဲ စဉ်းစားဘူးပါတယ်. ဆရာတော် ပြောမှပဲ ရှင်းရှင်းလင်းလင်းနားလည်သွားပါပြီးဘုရား
    နောက်လဲ ဆုံးမ ပေးပါအုံးဘုရား..

  • True Answer

    December 7, 2011 at 11:05 am

    သဂျီးမင်းနဲ့ တကွ…ပစ်စုပ်ပန် သမားတွေ မဖြစ်မနေ ဖတ်ဖို့ သင့်တဲ့ပို့စ်လေးပါ။

    အကျိုးတရားကြီးကို အဟုတ်ထင်အဓိကထားပြီး သီလ ပုံစံတွေဖြည့်ခိုင်းနေတဲ့ ဆရာကြီးနဲ့….တောထဲမှာ တရားအားထုတ်တဲ့သူဟာ လူ့တာဝန်တွေ ပျက်ကွက်ပြီး သီလ တဝက် ပျက်ယွင်းနေတယ်ဆိုတဲ့ ဆရာကြီးများ ဖတ်သင့်တဲ့ပို့စ်လေးပါ။

  • True Answer

    December 7, 2011 at 11:11 am

    စိတ်သာလျှင် ရှေ့သွားခေါင်းဆောင်ဖြစ်၏။
    စိတ်သာလျှင် မူလပဓာဏ ဖြစ်၏။
    စိတ်သာလျှင် အကြီးအမှူး ဖြစ်၏။
    စိတ်သည် အရာရာ ပြီးစီးနိုင်၏။
    စိတ်သည် လောကကို ဦးဆောင်၏။
    စိတ်သည် လောကကို ဆွဲငင်၏။
    အလုံးစုံသော တရားတို့သည် စိတ်၏အလိုသို့ အစဉ်လိုက်ရ၏။ (ဗုဒ္ဓ)

  • ကြောင်ကြီး

    December 7, 2011 at 11:19 am

    အခုလို ဝါရိတ္တနဲ့ စာရိတ္တ သီလနှစ်ပါး ခွဲခြားပြသွားတာ ရှင်လင်းလှပါ၏ အရှင်ဘုရား။ 🙂

  • မဟာ ထမိန်ကြီးဝါဒ

    December 7, 2011 at 1:40 pm

    ရိုသေစွာ လျှောက်ထားအပ်ပါတယ် အရှင်ဘုရား..တပည်.တော်သိချင်တာ တခုရှိပါတယ်
    မိဘကိုသတ်တဲ့ကံပါ..မိဘကို ကိုယ်တိုင်မသတ်ဖြစ်သော်လည်း မနောကံမှာ ခဏခဏကြံစီမိရင် မိဘကိုသတ်တဲ့ ကံထိုက်/မထိုက်ပါ။ အရှင်ဘုရား အချိန်ရရင် ဖြေကြားပေးစေလိုပါတယ်…

  • ssa

    December 7, 2011 at 1:54 pm

    မသိသေးတာတွေ.အခုမှသိရလို့ ကျေးဇူးကြီးလှပါတယ်ဘုရား.။

  • ဆန်နီနေမင်း

    December 7, 2011 at 2:30 pm

    အင်း မိဘကို မနောကံနဲ့သတ်ခြင်းမှာ ပါဏာပါတကံအင်္ဂါများအားလုံးနဲ့ မကိုက်ညီလို့ ပါဏာတိပါတကံမထိုက်သဖြင့် ပိတုဃာတကကံလည်း မထိုက်ပါ။ ဒါပေမဲ့ စိတ်ရဲ့ပြစ်မှားခြင်းအကျိုးတော့ ခံစားရပါလိမ့်မယ်။ မိဘဆိုတာ မပြစ်မှားသင့်တဲ့အရာမို့ ပိုမိုဆင်ခြင်သင့်ပါတယ်။

  • ko gyi kyaw1

    December 7, 2011 at 9:17 pm

    ကျေးဇူးတင်ပါတယ် မသိတာတွေကိုရှင်းပြလို့ပါ

  • ko gyi kyaw1

    December 7, 2011 at 9:20 pm

    မန်းတလေဂဇက်မှာ စာတွေကိုဘယ်လိုရေးပို့လို့ရမှာလဲ ပြောပြပေးပါလား ကျေးဇူးတင်ပါတယ်

Leave a Reply