ဒီတစ်လော ကျနော်တော့ အနိုင်ကျင့်ခံနေရတယ်။
ဘယ်သူကအနိုင်ကျင့် တာလဲဆိုတော့ဒီခန္ဓာကြီးကပေါ့။
သူ့ကိုဂရုစိုက်နေရတဲ့ကြားက ကလန်ကဆန် လုပ်နေတယ်လေ။ နေ့စဉ်နေ့တိုင်း ဒီခန္ဓာကြီးကို အဆင်ပြေအောင် ပြုပြင် နေရတာအားလုံးလည်းသိပြီးသားပါနော်။မနက်ထကတည်းက ခန္ဓာရဲ့ အညစ်အကြေးတွေ သုတ်သင်သန့်ရှင်း ပေးရတယ်။ နောက် အစာကျွေးရတယ်။ အဝတ်လဲ ပေးရတယ်။ စားချိန်ကျ အချိန်မှန် ကျွေးမွေးရတယ်။ အချိန်လေးများ နောက်မကျလိုက်နဲ့ ဆန္ဒပြလာပြီ။ ဆာလာပြီ၊ ဂွီဂေါ်နဲ့ အော်လာပြီ။ ဒါကို ဂရုမစိုက်ဘဲ ပစ်ထားကြည့်ပါလား။ လပေါက် ကုရပြီသာ မှတ်တော့။
ကျနော်ဆို သူ့ကို အလိုမလိုက်တော့ အခုဆို ခဏခဏ ဒုက္ခတွေပေးလိုက်တာ။ ကျနော်က ဒီခန္ဓာကြီးကို ခံနိုင်ရည်ရှိဖို့ပဲ အကျင့်လုပ်ပေးချင်တယ်။ ဒီတော့ အားဆေးလည်း နေ့တိုင်းမသောက်ပါဘူး။ ဆရာဝန်က ဘယ်လိုပြောပြော။ ဖြစ်မှပဲ ကုပေးလိုက်တယ်။ မပြောချင်ဘူး။ သူ့ကို အချိန်ပြည့်ကို ပြုပြင်ပေးနေရတာ။ အခုလည်း ကြည့်လေ ဒီရက်ပိုင်းရာသီဥတုက တော်တော့် ကိုအေးလာတယ်။ ခရီးဝေးသွားရမယ့်အလုပ်ကလည်းပေါ်လာတာမို့ သူ့ကို နွေးထွေးအောင် အနွေးထည် ထူထူဝတ်ပေးပြီးမှ သွားလာလိုက်တာ ဖြစ်ပြီလေ။ အအေးပတ်တာပေါ့။ နည်းနည်းမှ သည်းညည်းမခံနိုင်ဘူး။ ဒါကြောင့် ဘာအစွမ်းမှ မရှိတဲ့ ခန္ဓာကြီးပဲလို့သာ မှတ်လိုက်တော့။
အခုဆို ဆေးခန်းတွေ သွားရ၊ ဆေးတွေ သောက်ရနဲ့ ပြုပြင်ရပြန်ပြီ။ ဒီပြုပြင်ရတာကိုက ကြီးလိုက်တဲ့ ဒုက္ခကြီးနော်။ ဘယ်လို ဂရုစိုက်စိုက်၊ ဘယ်လောက်ပြုပြင် ပြုပြင်၊ သူကတော့ ခပ်တည်တည်နဲ့ တမျိုးပြီးတမျိုး မရိုးရအောင် ဖောက်ပြန်ပြ နေတယ်လေ။ တော်တော်လိုချင်စရာ ကောင်းတယ်။ ၂ ရက်လောက် ဘာမှ မကျွေးဘဲထားဖို့ကောင်းတယ်။ ဒီလိုသာ ထားကြည့်လိုက်.. ဘာပြောကောင်း မလဲနော်။
ဒါပေမယ့်လေ…. သူနှိပ်စက်တာခံရတာ မွေးကတည်းက ခုချိန်ထိ ဆိုတော့ ကျနော်လည်း အထာသိနေပါပြီ။ နေမကောင်းဖြစ်ချင်သလား။ ရတယ်၊ ဘာမှမလုပ်ပဲ အိပ်ယာပေါ်မှာ ဇိမ်နဲ့ တရားနာမယ်၊ တရားမှတ်မယ်၊ နင် ဘာတတ်နိုင်သေးလဲလို့သာ စိန်ခေါ်လိုက်တယ်။ သူ နှိပ်စက်တဲ့ အပေါ်မှာ ကိုယ်က အမြတ်ထုတ်နိုင်မှရမယ်။ အမြဲ ကိုယ်ကပဲ ခံနေရတယ်၊ ပြီးတော့ အရှုံးထွက်တယ်ဆိုတာဟာ ငါ့ကျမှ ဖြစ်ရလေတယ်၊ မြန်မြန် ပျောက်ချင် လိုက်တာနော်ဆိုပြီး ကိုယ့်ရောဂါအပေါ်မှာ ဖြစ်ရကောင်းလားဆို ဒေါသတွေ ထွက်မယ်၊ ပျောက်ချင်တာတွေချည်း အော်နေရင် သူက အနိုင်ရသူပီပီ နင်ထပ်ခံဦးဟဲ့ ဆိုပြီး ပိုနှိပ်စက်ပြမှာပေါ့။
ဘယ်ရမလဲ။ ကျနော်ကတော့ ပျောက်ချင် ပျောက်၊ မပျောက်ချင်နေ၊ ငါ့အလုပ် (တရား) လုပ်ဖို့ အချိန်တောင် ပိုရသေးတယ်။ နေကောင်းနေရင် ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ တဏှာခိုင်းတာ လိုက်လုပ်နေရဦးမယ်။ အခုတော့ ကိုယ်နေမကောင်းတော့ ဘယ်သူခိုင်းခိုင်း မလုပ်နိုင်တော့တဲ့အခါကျတော့မှ ကိုယ့်ကိုယ်ပိုင်အချိန်ဖြစ်သွားပြီး နားနား နေနေ တရားတွေ တဝကြီးနာလို့၊ တရားတွေ မှတ်နေရုံပဲပေါ့။ ဒီတော့ မနာဖူးတဲ့ တရားလေးတွေနာခွင့်ရတယ်၊ သိခွင့်ရတယ်၊ ဒါဆိုတော့ သူ့ကိုကျေးဇူးတောင် ပြန်တင်ရမလို ဖြစ်နေပြီ။ ဒီအတိုင်း ဆိုရင်တော့ ဒီခန္ဓာကြီးက မိတ်ဆွေပဲဆိုတာ မှန်သွားပြီ။
ဒါကြောင့် ကျနော်နာဖြစ်တဲ့တရားလေးကို ပြန်လို့ မျှပါဦးမယ်။
တရား ခေါင်းစဉ်က “ တရားဆေးသောက် ရောဂါပျောက် ” တဲ့။
အော်မိတ်ဆွေကြီးရဲ့ ကျေးဇူးကြောင့် ကိုယ့်မှာရှိတဲ့ ရောဂါ ဆိုးတွေအကြောင်း သိလာရပြီပေါ့။ ဘာရောဂါတွေများပါလိမ့်??
ရောဂါ ရောဂါနဲ့ ပြောတဲ့နေရာမှာ ရောဂါမျိုးစုံ ရှိကြပါတယ်။ ကျနော်ကတွေးတာပေါ့။ ရောဂါများ ဆရာဝန်ရှိသားလို့…။ ခုပြောမယ့်ရောဂါကတော့ ဘယ်ဆရာဝန်မှ မကုနိုင်တဲ့ရောဂါအကြောင်းလေးမို့ ပြန်ပြီးဖောက်သည်ချလိုက်ပါဦးမယ်။
သတ္တဝါတိုင်းနဲ့ ဆိုင်တဲ့ ရောဂါက လေးမျိုးတောင်ရှိပါတယ်တဲ့။
အဲဒါတွေကတော့
(၁) အမှန်တရားသစ္စာကို မသိခြင်းသည် သတ္တဝါတွေမှာ ဖြစ်နေတဲ့ ရောဂါ။
(၂) ကာယကံ၊ ဝစီကံ၊ မနောကံ၊ မယဉ်မကျေး၊ မငြိမ်မသက်၊ ကြမ်းကြမ်းတမ်းတမ်း၊ ဖြစ်နေတာသည်လည်း ရောဂါ တစ်မျိုးပါပဲတဲ့။ ဒီရောဂါ ကြောင့် မိမိရော၊ သူတစ်ပါးရော ဒုက္ခတွေ ရောက်နေကြရပါတယ်။
(၃) စိတ်ထဲမှာ ၁၅၀၀ဆိုတဲ့ ပူလောင်စေတဲ့ ကိလေသာတွေနဲ့ ပင်ပန်းနေတာ လည်း ရောဂါပါပဲ။
(၄) နောက် တစ်ခုက သံသရာမှာ ကျင်လည်နေကြရတော့ ကာမဂုဏ်တွေ မှာ နစ်မွန်းကြ၊ ဘဝမှာ နစ်မွန်းကြ၊ ကိုယ့်ကိုကိုယ် စွမ်းရည်ရှိတယ်။ အထင် မှာ နစ်နေကြ၊ အဟုတ်ထင်ခြင်းတွေမှာနစ်ချင်တိုင်းနစ်လို့ဒုက္ခမျိုးစုံတွေ ရောက် နေ ကြရတယ်။ ဒါတွေ အားလုံးဟာ ကိလေသာရောဂါတွေပဲ။
သတ္တဝါတိုင်း ဟာ ဒီရောဂါတွေရဲ့ နှိပ်စက်တာကို လှည့်ခံနေရတာနော်။
ဒါဆိုရင်တော့ ရောဂါ မရှိ ပါဘူး ဆိုတဲ့လူကတော့ ဒါတွေ မသိလို့ပဲဖြစ်မယ်ထင်ပါတယ်။
အင်း…ခုမှပဲ ကိုယ့်မှာနှိပ်စက်နေတဲ့ မမြင်နိုင်တဲ့ရောဂါတွေ မြင်တတ်လာပါပြီ။ အရင်ကတော့ ကျန်းမာတယ်။ ရောဂါကင်း တယ်လို့ထင်နေလိုက်တာ။ ခုတော့ ဘယ်ဟုတ်မလဲ။ အော်..ငါ့မှာ ကြောက်စရာကောင်းတဲ့ ရောဂါဆိုးကြီးလေးမျိုးတောင် ရှိနေပါပေါ့လားလို့။
ဒီတော့ အနာတော့သိသွားပါပြီ်။ အနာသိရင် ဆေးရှိရမှာပေါ့။ ဒါကြောင့် ဒီရောဂါဆိုးတွေကို ပျောက်စေမယ့်ဆေးကောင်း လေးကို စုံစမ်းကြည့်မိတော့ အော…မဂ္ဂင်(၈)ပါး တရားဆေးကသာ ဒီရောဂါဆိုးကြီးကို ပျောက်ကင်းနိုင်တယ်ဆိုတာပါ သိလာရပြီပေါ့။
အင်း…ဒီတစ်ခါ နေမကောင်းဖြစ်တာ အမြတ်ထွက်လိုက်ပါတယ်။ ကိုယ့်မှာမမြင်နိုင်တဲ့ရောဂါဆိုးကြီးအကြောင်း ရယ်၊ ပျောက်ဆေးမယ့် ဆေးကောင်းလေးပါ သိခွင့်ရလာလို့ပါပဲ။ ကျနော့်ရဲ့ ဒီရောဂါဆိုးလေးမျိုးကိုတော့ဖြင့် ဆရာဝန်လည်း ကုနိုင်မှာမဟုတ်တာကြောင့် မဂ္ဂင်ဆေးကောင်းလေးကိုတော့ ကိုယ်တိုင်ပဲ ရှာဖွေလို့ မှီဝဲရပါတော့မယ်။
ဆေးသောက်နည်းကတော့-
(၁) ဘဝနဲ့ ပတ်သက်ပြီး နားလည်ရမှာတွေကို နားလည်အောင်လုပ်ပါ။
(၂) နားလည်ပြီးသားတွေကို သတိရ ရပေးပါ။(ပွားများပေးပါ)
(၃) သတိရပွားများပါများတော့ အသိအား ၊ ဉာဏ်အားတွေ ကောင်းကောင်းလာပြီး မမေ့မလျော့သော သတိလေးနဲ့ နေနိုင် လာမှ ဒီရောဂါဆိုးကြီးကနေ တဖြည်းဖြည်းသက်သာသွားပါလိမ့်မယ်တဲ့နော်။
ဒီဆေးသောက်နည်း သုံးနည်းထဲမှာ ပထမဆုံး နံပါတ်(၁)ကတော့ဖြင့် ဆရာကောင်း၊ သမားကောင်းထံ သင်ယူ နည်းနာခံယူမှ ရမှာပါ။
အဲလို ဆေးသောက်နည်းကောင်းလေးများ လမ်းညွှန်ချက်ကို ဆရာကောင်းထံက သင်ယူလေ့လာပြီးရင်တော့ဖြင့် နံပါတ်(၂)ဖြစ်တဲ့ ဆေးမှန်မှန်သောက်ဖို့ အလုပ်က ကိုယ့်အလုပ်ဖြစ်သွားပါပြီ။
နံပါတ်(၂)ကို တာဝန်ကျေပြီဆိုရင်တော့ နံပါတ်(၃)ဖြစ်တဲ့ အသိအား၊ ဥာဏ်အားကောင်းခြင်းဆိုတာတွေက ဆက် အလုပ်လုပ်ပေးသွားမှာမို့ ဆေးစွမ်းတွေ ပြမယ့်အရေး မျှော်တွေးလို့ ခုပဲ ရောဂါပျောက်ဖို့ ကြိုးစားကြပါစို့လို့ တိုက်တွန်းရင်းနဲ့ နာမကျန်းစဉ် သိလာရတဲ့ ရောဂါကြောင်းလေး ဝေမျှလိုက်ရပါတော့တယ်။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”