သူရဿဝါနှင့် မီဒီယာလှိုင်း

သူရႆဝါDecember 7, 20111min874

“သူရဿဝါနှင့် မီဒီယာလှိုင်း”

သိကြသည့် အတိုင်းပဲ… အခုခေတ်က မီဒီယာများ ဘက်စုံ ဖွံ့ဖြိုး တိုးတက် လာသောခေတ်။ ရုပ်မြင်သံကြား၊ ရေဒီယို FM၊ ဂျာနယ် မဂ္ဂဇင်း၊ အင်တာနက် စသည်ဖြင့် ပေါ့လေ။ ကျွန်တော်တို့ လူသားများ နေ့စဉ်နှင့် အမျှ အဲဒီ မီဒီယာ လှိုင်းတွေ ကြားမှာ ယက်ကန် ယက်ကန် ကူးခပ် မျောပါ နေကြသည်။ ကမ္ဘာပေါ်ရှိ ဘယ်လိုလူ တစ်ဦး တစ်ယောက် မဆို မီဒီယာ လှိုင်း၏ ရိုက်ခတ်မှုနှင့် မလွတ်ကင်းနိုင်။ လူတိုင်း သတင်း၏ သားကောင် ဖြစ်နိုင်ကြသော ခေတ်ဖြစ်၏။ မီဒီယာများ တိုးတက် အားကောင်း လာသည်နှင့် အမျှ ကမ္ဘာက တစ်နေ့တခြား ကျဉ်း၍ ကျဉ်း၍ လာသည်ဟု ခံစားရသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်း ကတော့ မီဒီယာ ဆိုလို့ ဘာသိမှာလဲ။ မသိဆို ဘာမှလည်း သိပ်မရှိ ဘူးလေ။ ကြည့်စရာ ရုပ်မြင်သံကြား ဆိုလို့ MRTV လောက်ရှိတာကိုး၊ နောက်မှ မြဝတီ တစ်လိုင်း ထပ်တိုးတာ။ စာပေ မီဒီယာ ကျတော့လည်း ကျွန်တော်တို့ ငယ်ငယ်က ဂျာနယ်တွေ သိပ်ခေတ်မစားသေး။ သတင်းစာနှင့် လစဉ်ထွက် မဂ္ဂဇင်းတွေ လောက်ပဲ ရှိတာ ဆိုတော့ သတင်းတွေက သိပ်ပြီး Fresh မဖြစ်။

ကျွန်တော် ခြောက်တန်း ခုနစ်တန်း အရွယ်မှာတော့ မီဒီယာလှိုင်းက အရင်ကထက် အနည်းငယ် ကြီးလာပြီ။ ဂျာနယ်များ နည်းနည်းပါးပါး ထွက်၍ ဖတ်ခွင့် ရလာပြီ။ အရင်ကထက် သတင်းက ပိုပြီး Update ဖြစ်လာ၏။ ရုပ်သံလည်း ဒီလိုပဲ မြန်မာ့အသံ အပြင် မြဝတီ တစ်လိုင်း ထပ်တိုး လာသည်။ နောက်ပြီး ဂြိုဟ်တု စလောင်းကနေ အားကစားတွေ၊ သတင်းတွေ ကြည့်၍ ရမှန်း သိလာပြီ။ ဒါပေမယ့် ပါပါရာဇီများကို ရှောင်ရင်း တိမ်းရင်း မတော်တဆ သေဆုံး သွားသည့် ဝေလမင်းသမီး ဒိုင်ယာနာ သတင်းကို ဖတ်ရတော့ စိတ်ထဲ စိုးရိမ်မိသည်။ တို့ဆီမှာများ အဲလိုတွေ ဖြစ်ရင် ဒုက္ခပဲ.. ဟူ၍။ ဒါတွေက မီဒီယာ၏ တိုးတက် လွန်မှုကြောင့် ဖြစ်တာကိုး။ ဒါပေမယ့်လည်း တစ်ဖက်က ကျတော့လည်း မီဒီယာကို ဒီထက် ပို၍ အားကောင်းလာ စေချင်သည်။ ဒါမှ နေ့စဉ်ဖြစ်ပျက် နေတာတွေကို အသေအချာ ချက်ချင်းလက်ငင်း သိခွင့် ရမှာလေ။

သိပ်မကြာလှသော အချိန်တွင် ကျွန်တော့် စိတ်ထဲ ဖြစ်စေချင်သော ဆန္ဒများ ပြည့်ရုံမက လျှံပါကျ သွားသည်။ ယခင်က တစ်ပတ်လျှင် လေး၊ ငါးစောင်သာ ထွက်ရှိသော သတင်းဂျာနယ်၊ အားကစား ဂျာနယ်များမှ သတင်းထူး သတင်းဦး များကို အလုအယက် ဖတ်ရှုကြရသည့် အခြေအနေမှ တစ်ရက်လျှင် အစောင်နှစ်ဆယ်မျှ ထွက်သော သတင်းဂျာနယ်၊ အားကစား ဂျာနယ်များမှ သတင်းများကို မနိုင်မနင်း ဖတ်ရှုခွင့် ရလာကြ၏။ မီဒီယာလှိုင်းက ပို၍ ပို၍ ထန်လာလေပြီ။ နောက်ပိုင်းတွင် အင်တာနက် Online Media ခေတ်စား လာတော့ မီဒီယာ တစ်တပ်တစ်အား တိုးလာသလို ကျွန်တော်တို့လည်း ပို၍ ခေါင်းအရှုပ်ခံ နေရာပေး ကြရပြီ။ ကျွန်တော်တို့နှင့် နီးနီးစပ်စပ် ထိတွေ့မှုရှိသော မီဒီယာများထဲတွင် အွန်လိုင်း မီဒီယာသည် ကျွန်တော်တို့ အတွက် အမြန်ဆန်ဆုံး သတင်း ပေးပို့မှု အပြင် မမှန်ကန်သော သတင်း ရာခိုင်နှုန်း အတော်များများ ကိုလည်း ပေးဝေနိုင်၏။ ကမ္ဘာ့ ဟိုဖက်ခြမ်းတွင် ဖြစ်ပျက်သည့် ကိစ္စတစ်ခုကို မိနစ်ပိုင်းအတွင်း အင်တာနက်မှ တဆင့် ကျွန်တော်တို့ မြင်ခွင့်ရနိုင်ပြီ။ ယခင်က ရုပ်မြင်သံကြား၊ ဂျာနယ် မဂ္ဂဇင်း စသည့် မီဒီယာများကို ကျွန်တော်တို့ ဖတ်ရှုသည့် လုပ်ငန်းစဉ်တွင် ၎င်းတို့က သတင်း ပေးပို့သူ ဖြစ်ပြီး ကျွန်တော်တို့က သတင်းကို လက်ခံရယူသူ သက်သက် ဖြစ်သော်လည်း Online Media တွင်မူ ကျွန်တော် တို့က တစ်ချိန်တည်းတွင် သတင်း ဖတ်ရှု လက်ခံသူ ဖြစ်နိုင်သလို သတင်း တင်ပြသူလည်း ဖြစ်နေနိုင်၏။ Facebook လို Social ဆိုက်များတွင် ဒါက ပိုသိသာသည်။

ကျွန်တော် ပြောခဲ့သလို မီဒီယာလှိုင်း၏ ကြီးမားသော ရိုက်ခတ်မှုနှင့် သတင်းပျံ့လွယ်မှုကို တစ်လောက မျက်ဝါး ထင်ထင် ကြုံလိုက်ရ၏။ ဘယ်ကနေ ဘယ်လို ထွက်လာသော သတင်းမှန်း မသိ။ ကျွန်တော် သတိထားမိချိန်တွင် လူ အတော်များများ လက်ထဲတွင် ရေသန့်ဘူး လေးတွေကို နေရောင်ထဲ ထောင်လျက်သား ဖြစ်နေကြပြီ။ ရေသန့်ဘူး၏ ဘေးဖက် မျက်နှာပြင်နှင့် နေရောင် ပေါင်းစပ်လျှင် ကမ္ဘာအေး မဟာပါသန လှိုဏ်ဂူထဲတွင် စံပယ်လျက် ရှိသော စွယ်တော်မြတ်က ထင်ထင်ရှားရှား ပေါ်လာပါသတဲ့။ ဘယ်က စဖြစ်သလဲ ဆိုတာ စုံစမ်းကြည့်တော့ ရွှေပြည်သာရှိ အိမ်တစ်အိမ်မှ ဘုရားစင်တွင် ကပ်ထားသော သောက်တော်ရေ ဖန်ခွက်ပေါ်တွင် စွယ်တော်က ထင်ထင်ရှားရှား ပေါ်နေသည် ဟူ၏။ လူအထောင် အသောင်းတွင် တစ်ယောက် ကုသိုလ်ထူး၊ တရားထူး ရှိ၍ ဒီလို တန်ခိုးတော် ပြခြင်းကို မြင်ရသည် ဆိုတာက ဖြစ်တန်ချေ ရှိသည်။ လက်ခံနိုင်၏။ ထိုသတင်း ပေါ်လာပြီး နောက်တစ်နေ့ နေရောင်ထဲတွင် ဘယ်သူက စပြီး ရေသန့်ဘူး ထောင်လိုက်သည် မသိ။ မကြာခင် Facebook ပေါ်တွင် ထိုသတင်းက အတော်ကို ပျံ့နှံ့၍ နေပြီ။ ရေသန့်ဘူးတွင် စွယ်တော် ပေါ်ခြင်းကို လူအတော်များများ မြင်ရသည် ဟုလည်း ဆို၏။ ဒီအတိုင်းဆို ဗုဒ္ဓ မြတ်စွယ်တော် စံနေပုံကို Sky Net ရုပ်သံလိုင်းမှ အပင်ပန်းခံ ရိုက်ကူး၍ ၂၄ နာရီ တိုက်ရိုက် ပြသနေသည့် Dhama Channel ကြီး အလကား ဖြစ်ပြီပေါ့။ တကူးတက တီဗီကြီး ဘယ်ဖွင့်ကြည့် နေတော့မလဲ။ သတိရတိုင်း ရေသန့်ဘူးလေး နေရောင်ထဲ ထောင်လိုက်၊ ထိုင်ကန်တော့လိုက် လုပ်လျှင် ပြီးနေသည့် ကိစ္စကြီးကို။ အဲဒီတော့.. လူတိုင်း ကိုင်သည့် ရေသန့်ဘူး တိုင်းတွင် စွယ်တော် တန်ခိုးပြသည် ဆိုတာတော့ မဖြစ်နိုင်ဟု ထင်သည်။

ဒီလိုမျိုး မြင်ရတယ် ဆိုတာ တော်တော်ကုသိုလ်ထူးမှ ဖြစ်နိုင်တာ ဆိုတော့ ကျွန်တော်လည်း အားကျမခံ နေရောင်ထဲ ရေသန့်ဘူးလေး ပြေးထောင်ကြည့်သည်။ ပလပ်စတစ် အကြည် အတွင်းထဲမှ အရေးအကြောင်း အချို့ကို နေရောင်ထိုး၍ အနည်းငယ် တလက်လက် ဖြစ်ခြင်းမှလွဲ၍ ဘာမှ ထူးထူးထွေထွေ မမြင်။ ဟိုက်… လူတိုင်းလိုလို မြင်နေတဲ့ ကိစ္စကို ငါမမြင်ဘူးဆိုတော့ အတော်ပဲ အကုသိုလ်များ၍ ဘုရားကွယ်ပြီလား။ လန့်သွားသည်။ ဒါနဲ့… အခြေအနေ ဆက်စောင့်ကြည့်တော့ ခဏနေ အွန်လိုင်းမှာ အုပ်စုနှစ်စု ကွဲသွားသည်။ အဲဒီလို မြင်ရတာက တကယ်ပဲ စွယ်တော် တန်ခိုးပြတာဟု ယုံကြည်သည့် အဖွဲ့နှင့် ဘယ်လိုမှ မဖြစ်နိုင်ဟု ငြင်းဆန်သည့် အဖွဲ့။ လက်မခံသည့် အုပ်စုမှ အချို့သူ များကလည်း သိပ္ပံနည်းကျ ရေသန့်ဘူးကို နေရောင်မှ အလင်းပြန်တာတွေ၊ အလင်းရိုက်တာတွေ စသည်ဖြင့် ချက်ကျ လက်ကျ ချေပကာ ပြောပြ၏။ မြင်ရသည် ဆိုသည့်သူ တွေကလည်း အို.. သိပ္ပံတွေ သံပိတ်တွေ လာမပြောနဲ့… တို့က တကယ်ကြီး မြင်ရတာ.. အဟုတ်.. ဘုရားစူး မိုးကြိုးပစ် မြွေကိုက် ကျားကိုက် စသည်ဖြင့် ကက်ကက်လန် ပြန်ပြော၏။ သူရဿဝါ ဘယ်အထဲ ဝင်ရ မည်နည်း။

သိပ္ပံ နည်းကျ အဖွဲ့၏ သဘောတရားများကို သဘောတူ လက်ခံ သော်လည်း အတင်းငြင်းဆန်လျှင် ကိုယ့် ဘာသာရေးကို အယုံအကြည် မရှိဘူးလား ဟူသော စွပ်စွဲချက်ဖြင့် မိစ္ဆာဒိဌိ နာမည် အတပ်ခံရမှာလည်း ကြောက်သည်။ ဒါနဲ့ နောက်တစ်နေ့ အိမ်ရှိ ဝရံတာတွင် ရေသန့်ဘူး ပြန်ထောင်၍ နေရောင် တည့်တည့်တွင် ပြန်စမ်းမိသည်။ ဟားဟား.. ဘယ်ရမလဲ၊ ပေါ်ပြီ။ ဘုရားမကွယ်တော့ဘူး… ငါက အကုသိုလ်ကောင် မဟုတ်ဘူး… တွေး၍ ဝမ်းသာသွားသည်။ အံမယ်… ပေါ်မယ့် ပေါ်တော့လည်း ဒီတိုင်းထားရင် စွယ်တော်.. နည်းနည်းလေး ဟိုဖက်လှည့်လျှင် ရွှေတိဂုံ စေတီတော် ပုံစံတူ၊ နည်းနည်း ထပ်လှည့်လျှင် ဆူးလေ စေတီတော်၊ အကုန်ပေါ်လေ၏။ လက်စသပ်တော့ ရေသန့်ဘူးတွင် ဘုရားပုံတော်များ ပေါ်ဖို့အတွက် FM ရေဒီယိုလိုင်း ဖမ်းသလို နည်းနည်းချင်းစီ စိတ်ရှည်ရှည် လှည့်ပေးရတာကိုး။ ဒီထက်သာ စိတ်ရှည်ရှည်ထားလျှင် ပဲခူးမှ ရွှေသာလျောင်းတောင် လှမ်းမြင်ရင် မြင်ရဖို့ ရှိသည်။ ဒီအတိုင်းဆို ဟန်ကျပြီ… အိုးမကွာ အိမ်မကွာ ဘုရားစုံ ဖူး၍ရပြီ။ အိမ်က ဘုရားစင်လေး နေရောင်ထဲ ရွှေ့၍ ရေသန့်ဘူးကို ဘုရားစင်ပေါ် တင်ထားလိုက်ရင် ကောင်းမလား။ တွေးရင်း ညနေစောင်းသွား၏။ သတိရ၍ ရေသန့်ဘူး လှမ်းကြည့်တော့ စွယ်တော်လည်း မပေါ်တော့၊ နေဝင်သွားပြီ… နေရောင်လည်း မရှိတော့။ သူရဿဝါလည်း ဒါက ဘယ်လို ဖြစ်တာလဲ။ သိပ္ပံနည်းကျလား၊ တကယ် ထူးထူးခြားခြား ဖြစ်တာလား.. မတွေးတတ်တော့။

သေချာတာ တစ်ခုကတော့ အခု ဤစာစုရေးနေချိန် အထိ အွန်လိုင်းပေါ်တွင် ဒီကိစ္စ အငြင်းအခုံများက မတိတ်သေး။ ယခုကိစ္စသည် တကယ့်ကို ထူးထူးခြားခြား စွယ်တော် ရေသန့်ဘူးပေါ် တန်ခိုးတော် ပြတာဖြစ်ဖြစ်၊ သိပ္ပံနည်းကျ အလင်းပြန် အရိပ်ထိုးတာ ဖြစ်ဖြစ် အွန်လိုင်း မီဒီယာ ပေါ်တွင်တော့ သတင်းတွေ ချက်ခြင်းတက်၊ ချက်ခြင်း လက်ခံ၊ ချက်ခြင်း ငြင်းဆန် စသည်ဖြင့် လှုပ်ရှားသွားတာ သေချာ၏။ နောက်နောင်လည်း ဘယ်လို ထူးခြားသော ကိစ္စမျိုးတွေ ပေါ်လာသည် ဖြစ်စေ.. ယခုလိုပင် ခေတ်မီ မီဒီယာများ၏ သတင်းပေးပို့မှု၊ ကျွန်တော်တို့၏ ဖြန့်ဝေမှု၊ ၎င်းကိစ္စ အပေါ်တွင် လက်ခံမှု၊ ငြင်းဆန်မှု စသည်ဖြင့် မီဒီယာလှိုင်းလုံးကြီးများကြား လူးလိမ့်ကူးခတ် နေကြရဦးမည် ဖြစ်လေသည်။
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 12 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)
သူရဿဝါ

ဒီဇင်ဘာ ရ ရက် ၊ ၂၀၁၁ ခုနှစ်

www.thurathawah.net

www.facebook.com/ThuraThawah

www.facebook.com/LiteraryArtBlog

www.twitter.com/Thurathawah

 

4 comments

  • small cat

    December 8, 2011 at 7:25 am

    ရေသန့်ဗူးရောင်းကောင်းအောင်တယောက် က ဖန်တီးလိုက်တာနေမှာ

  • mummymoon

    December 9, 2011 at 2:19 pm

    ဒီတစ်ပတ် 7day ဂျာနယ်မှာ ကာတွန်းတောင်ဆွဲထားသေးတယ်– အိမ်ထဲမှာသားငယ်ရေဘုံဘိုင်ထဲက ရေသန့်ဘူးနဲ့ရေတွေထည့်နေပီးတော့ သူအမေက အပြင်မှာ ရောင်းနေတဲ့ပုံ– လာဝယ်တဲ့အမျိုးသမီးက ရေသန့်ဘူးကိုနေရောင်မှာ ထောင်ကြည့်နေပုံ– သားငယ်က ကောလဟလဆိုတာ တစ်ခါတစ်လေတော့လဲ အကျိုးရှိသားပဲလို့ ပြောနေပုံ–တကယ်ရီစရာကောင်းပါတယ်–ဆွဲထားတာ

  • ဆင်ခြင်ပါ သူများပြောတိုင်းမယုံပါနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ဆင်ခြင်ပြီးမှယုံပါလို့
    ဘုရားက အတန်တန်ဟောထားတာတောင် လူတွေက………………………………

  • Yin Nyine Nway

    December 9, 2011 at 6:35 pm

    အမှန်က alpine ကလုပ်စားသွားတာလေ…… ဟီး
    သူတို့တော်တေ်ာမြတ်သွားမှာ

Leave a Reply