ပရုတ်ဆီနှင့်တူသော မိန်းမ (စ/ဆုံး)

koyin sithuDecember 7, 20111min1269

တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ ညွန့်ပြမှုကြောင့် တရားထိုင်ရန်အလို့ငှာ လွန်ချမ်းအေးသော တောင်ကုန်းမြို့ကလေး တစ်မြို့သို့ မီးရထားဖြင့် ခရီးထွက်ခဲ့၏။ ကျွန်ုပ်၏ နံဘေးထိုင်ခုံ၌မူ အဘိုးကြီးတစ်ဦး လာရောက်ထိုင်လေ၏။ သူ၌ ပစ္စည်းပစ္စယဟူ၍ မယ်မယ်ရရမ ပါရှိပေ။ လွန်စွာကြီးမားသော လွယ်အိတ်ကြီး တစ်လုံးနှင့် လွန်စွာကြီးမားသော တောင်ဝှေးတစ်ချောင်းသာ ပါလေ၏။ ထိုအဘိုးကြီးသည် အသားအလွန်ဖြူ၏။ ထို့အပြင် လွန်စွာရှည်လျား၍ ဖြူဖွေးလျက်ရှိကုန်သော မုတ်ဆိတ်တို့သည်လည်း ရှိ၏။ တိုက်ပုံအင်္ကျီနှင့် တူသော အင်္ကျီပွကြီး၊ ရှမ်းဘောင်းဘီကဲ့သို့သော ဘောင်းဘီပွကြီးကိုလည်း ဝတ်ဆင်ထား၏။ ထိုအဝတ်အစားတို့ကြောင့် မြန်မာအဘိုးအိုတစ်ဦး မဟုတ်ကြောင်း သိသာနိုင်၏။

ကျွန်ု်ပ်သည် ထိုင်ခုံ၌ ထိုင်မိသည်နှင့် တစ်ပြိုက်နက် လွယ်အိတ်တွင်းမှ တရားထိုင်နည်း စာအုပ်ကို ထုတ်၍ ဖတ်ရှုနေလေ၏။ မုတ်ဆိတ်ဖြူအဘိုးကြီးမှာမူ ကျွန်ုပ်၏နံဘေး၌ လာ၍ထိုင်နေသည့် အချိန်မှစ၍ အိတ်တွင်းမှ ပစ္စည်းများကို ထုတ်ခြင်း၊ ပြီးလျှင်ပြန်ထည့်ခြင်းစသော သက်ကြီးရွယ်အိုတို့၏ အငြိမ်မနေတတ်သော အကျင့်ကို ပြလေတော့၏။ ထို့နောက် မုတ်ဆိတ်ဖြူအဘိုးကြီးသည် သူ၏ လွယ်အိတ်အတွင်းမှ မုန့်ထုပ်ကိုထုတ်၍ မုန့်တစ်ခုကို နှိုက်ယူစားသောက်လေ၏။ ကျွန်ုပ်သည် စာဖတ်နေရာမှ ၎င်း၏မုန့်ကိုလှမ်း၍ ကြည့်လိုက်လေ၏။ မုန့်မှာ ဓားလှီးမုန့်ဖြစ်၏။ မုတ်ဆိတ်ဖြူကြီးသည် ဓားလှီးမုန့်ကို စားပြီးနောက် ရေဘူးကို ထုတ်၍ ရေသောက်ပြန်၏။ ရေသောက်ပြီးသောအခါ၌ ဆေးတံကလေးကိုထုတ်၍ ဆေးအိုး၌ ဆေးဖြည့်ကာ ဆေးတံဖွာရင် ငြိမ်၍သွားလေတော့၏။ ထိုအချိန်ထိရထားမှာ တုတ်တုတ်မျှ မလှုပ်သေး။ ခရီးသည်များမှာမူ တက်လိုက်ဆင်းလိုက် ပစ္စည်းများကို ခုံအောက်ထိုးသူထိုး၊ တန်းပေါ်တင်သူတင် နှုတ်ဆက်သူနှုတ်ဆက် စသည်ဖြင့်ပွက်လောရိုက်လျက် ရှိလေတော့၏။

ထို့နောက်တွင်ကား ခရီးသည်အားလုံးလိုလို နေသားတကျဖြစ်သွားသောေ ကြာင့် ငြိမ်၍ သွားလေတော့၏။ လိုက်ပို့သူ အချို့နှင့်ခရီးသည်အချို့သည် ဟိုတစ်စု သည်တစ်စုဆိုသလို စင်္ကြလမ်းပေါ်၌ စကားပြောလျက် ရှိကြ၏။ ကျွန်ုပ်တို့၏ ပြတင်းပေါက်၌မူ တစ်ဘက်ခုံမှခရီးသည် လာရောက်၍ ကို်ယ်တစ်ပိုင်းကို ပြတင်းပေါက် အပြင်ဘက်သို့ ထုတ်ကာ ကုန်းတိကုန်းကွ အနေအထားဖြင့် ၎င်းအားလိုက်ပို့သော ပလက်ဖောင်းပေါ်မှလူအား မှာတမ်းရှည်ကြီး တစ်ခုကို မှာကြားနေလေ၏။ ထိုမှာတမ်းထဲတွင် အမ်ဒီအိမ်သို့ ပို့ရန ်ပစ္စည်းများအကြောင်းလည်း ပါ၏။ ထိုပစ္စည်းများနှင့်အတူ သာကေတမှ အနှိပ်သည်ကြီး တစ်ဦးလည်းပါ၏။ အမ်ဒီကြီး၏ ကတော်မှာသော သစ်ခွပန်းအကြောင်းလည်းပါ၏။ အောက်မှလိုက်ပို့သူက ဟုတ်ကဲ့၊ ဟုတ်ကဲ့ဟုသာ ပြန်၍ ပြောနေသံကိုလည်း ကြားရ၏။

နိုင်ငံခြားသို့ထွက်မည့် သူ၏သားအတွက် ပါတ်စ်ပို့ကိစ္စ မည်သူ့ထံသို့ပြောထားကြောင်း၊ ထိုကိစ္စအတွက် အဆင်ပြေမပြေ သွားရောက်မေးမြန်းရန်လည်းပါ၏။ အောက်မှလူက ဟုတ်ကဲ၊ ဟုတ်ကဲ့ဟု ပြန်၍ ဖြေသံကိုလည်း ကျွန်ုပ်ကြားရလေ၏။ ထို့နောက် အိမ်၌ တပ်ဆင်ထားသော လေအေးစက်မှာ ကောင်းစွာမအေးတော့ဘဲ ရေများ ယိုကျနေခြင်းသာလျှင် အဖတ်တင်ကြောင်းလည်း ပါ၏။ ထို့ကြောင့် ရုံးမှလေအေးစက်များက ိုပြင်လေ့ရှိသူအားခေါ်၍ လက်ဖက်ရည်လေး ဘာလေးတိုက်ကာ ပြင်ခိုင်းထားဖို့လည်းပါ၏။ အောက်မှလူကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ဟု ပြန်၍ ဖြေနေလေ၏။

ထို့အပြင် ၎င်း၏ ရုံးခန်းအတွင်းရှိ ဗီရိုအတွင်းမှ နှစ်သစ်ကူးတွင် သုံးရန်ရောက်ရှိနေပြီဖြစ်သော ဒိုင်ယာရီစာအုပ်များနှင့် ပြက္ခဒိန် များကိုပို့ရမည့် စာရင်းများလည်းပါ၏။ ထိုစာရင်းများထဲတွင် ရုံးက လူတွေတောင်းမည် မပေးနဲ့ဟုလည်းပါ၏။ အောက်ကလူကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ ဟု ပြန်၍ဖြေလေ၏။ ထို့နောက်မှ ကားကို ယူသွားပြီး ရေဆေးခြင်း ဆီထိုးခြင်းများ ပြုလုပ်ပြီး ဂိုထောင်အတွင်း၌ ထည့်သိမ်းထားရန် မှာကြားလိုက်လေ၏။ ထိုအခါ အောက်မှလူကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ဟု ခေါင်းတညိတ်ညိတ်ဖြင့် ပြောကာ ပြန်သွားလေတော့၏။

ထိုအခါ၌ ထိုခရီးသည်သည် နောက်သို့ဆုတ်လိုက်ရာ ကျွန်ုပ်၏ ခြေထောက်ကို နင်းမိလေတော့၏။ ခြေထောက်အဖျားကို နင်းမိသောကြောင့် ကျွန်ုပ်မှာ အတော်ကလေး နာကျင်သွားသည်ဖြစ်ရာ “အား” ဟု အော်လိုက်မိလေ၏။ ထိုအခါထိုသူက “ဆောရီး၊ ဆောရီး” ဟု ပြောပြီး ၎င်း၏ ထိုင်ခုံဆီသို့ ပြန်သွားလေ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏ နံဘေးမှ မုတ်ဆိတ်ဖြူကြီးကို လှမ်းကြည့်လိုက်၏။ မုတ်ဆိတ်ဖြူကြီးသည် ၎င်း၏ခြေထောက် နှစ်ခုစလုံးကို ခုံပေါ်သို့တင်၍ ထားကြောင်းတွေ့ရလေ၏။ မုတ်ဆိတ်ဖြူကြီးသည် ကျွန်ုပ်အား ပြုံးပြလိုက်လေ၏။ “ဒီလူမျိုးတွေက ဘာမှမမြင်တော့ဘူး၊ ဒါကြောင့် ကျုပ်က ခြေထောက်ကို နဂိုကတည်းက ခုံပေါ်တင်ထားတာ၊ ကိုယ့်လူက သဘောမပေါက်တော့ အနင်းခံရတာပေါ့လေ။ ကိုယ့်လူဖတ်တဲ့ စာအုပ်ထဲမှာ ခြေထောက်ကို နင်းမိရင် ဘာလုပ်ရမယ်ဆိုတဲ့ နည်းများပါသေးသလား” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေတော့၏။

ထို့ကြောင့် ကျွန်ုပ်က…“ကျုပ်ဖတ်နေတာ ရှေးဦးသူနာပြုစာအုပ် မဟုတ်ဘူး၊ ဒါတွေဘယ်ပါမလဲ” ဟု ပြန်၍ပြောလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက သူ၏ လွယ်အိတ်အတွင်းမှ ပရုပ်ဆီပုလင်းကို ထုတ်ကာ ကျွန်ုပ်အား လှမ်းပေးရင်း… “နည်းနည်း ပွတ်ထားလိုက်” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း အနင်းခံရသော ခြေထောက်ကို ပရုပ်ဆီပွတ်မည်ဟု ခုံပေါ်သို့ တင်လိုက်ပြီး ကြည့်လိုက်ရာ သွေးခြည်များ ဥသွားကြောင်း တွေ့ရလေတော့၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက… “သွေးခြည်ဥသွားပြီ ထင်တယ်၊ အရိုးအက် မသွားတာဘဲ ကံကောင်းတယ်မှတ်၊ ဒီလူက တော်တော်စားတဲ့လူနဲ့ တူတယ်၊ သူ့ခန္ဓာကိုယ်ကြီးက နည်းတာမဟုတ်ဘူး၊ အနင်းခံရတာချင်း တူပေမယ့် သိပ်ပြီးမစားတဲ့ လူနင်းတာနဲ့ စားတဲ့လူနင်းတာ ကွာတယ်ငါ့လူ၊ သိပ်ပြီးစားတဲ့သူနင်းရင် ပိုပြီးအီတယ်ကွယ့်” ဟု ပြောလိုက်လေ၏။

ကျွန်ုပ်သည် ပရုပ်ဆိပုလင်းကိုဖွင့်၍ ပရုပ်ဆီအနည်းငယ်ကို ကော်ကာနင်းမိသော နေရာသို့ ပွတ်လိုက်လေ၏ ပရုပ်ဆီမှာ အတော်ကလေးကောင်း၏။ ထို့ကြောင့်ပွတ်လိက်သည်နှင့် ပွတ်လိုက်သောနေရာမှာ ပူနွေး၍သွားသောကြောင့် အနာသည် သက်သာသွားလေ၏။ “အတော်ကောင်းတဲ့ ပရုပ်ဆီပဲ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ “ဘယ်လောက်ပဲ ကောင်းကောင်း ရောဂါပျောက်တဲ့ ပရုပ်ဆီဆိုတာ ဒီကမ္ဘာမှာ မပေါ်သေးဘူးကွ၊ ပရုပ်ဆီဆိုတာ နည်းနည်းပါးပါး ထိမိခိုက်မိရင်ပွတ်လိုက်၊ လိမ်းလိုက်တာနဲ့ ပူခနဲနွေးခနဲ့ဖြစ်ပြီး သက်သာသလိုရှိပေမယ့် ဘယ်ရောဂါကိုမှ ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ဘူး၊ ရောဂါလဲမပျောက်ဘူး၊ လူတွေလဲသုံးနေတဲ့ ဆေးတစ်မျိုးကို ပြောပါဆို၍ ပရုပ်ဆီကိုပဲပြောရမယ်၊

ဒါကြောင့် ငါတို့ ရှေးဟောင်း အဘိ်ုး အဘွား တရုတ်လူမျိုးတွေက ခဏပဲ ကောင်းပြီး ရေရှည်မကောင်းတဲ့လူကို စိတ်ဆိုးလို့ဆဲရင် “ပရုပ်ဆီ” လို့ဆဲလေ့ရှိတယ်၊ အဆဲခံရတဲ့လူက သိပ်ပြီးနာတယ်၊ ဘာပဲဖြစ်ဖြစ် ပရုပ်ဆီကလဲ မရှိရင် မဖြစ်ဘူးကွ။ နှာလေးဘာလေးမွှန်ရင် နှာခေါင်းမှာ ပွတ်ရတယ်၊ ခေါင်းလေးဘာလေး ကိုက်တဲ့အခါ နားထင်မှာ ပွတ်ရတယ်၊ ချောင်းလေးဘာလေးဆိုးရင် လည်ပင်းမှာ ပွတ်ရတယ်၊ အသက်ရှူ ကျပ်ချင်သလိုလိုဖြစ်ရင် လက်ထဲမှာပွတ်ပြီး ရှူရတယ်၊ ချွေးငုပ်နေရင် ရေနွေးပူပူထဲခတ်ပြီး သောက်ရတဲ့အခါမျိုးလဲ ရှိသေးတယ်၊ အခု ကိုယ့်လူလက်ထဲမှာ ရောက်နေတဲ့ ပရုပ်ဆီက ရှေးခေတ်က ပေါ်ဖူးတဲ့ ကျားဘမ်းပရုပ်ဆီကွယ့်” ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ပုလင်းကို သေချာစွာကြည့်လိုက်လေ၏။ ပုလင်းမှာ မတ်စေ့ပုံသဏ္ဌာန် ထောင့်ကလေးများပါ၏။ အရောင်မှာ နီညိုရောင်ဖြစ်၏။ နဖာချေး၏ အရောင်နှင့်တူ၏။ ရှေးတုန်းကတော့ ကျားကြီးတစ်ကောင် အဝတ်ကြီးပတ်ပြီး ခေါင်းကိုက်နေတဲ့ပုံနဲ့ “ ကိုက်လိုက်တဲ့ခေါင်း၊ ကောင်းလိုက်တဲ့ဘမ်း” ဆိုပြီး ကြော်ညာခဲ့တဲ့ ကျားဘမ်းပရုပ်ဆီပေါ့ ဘယ်လိုလူမျိုးတွေက ဘယ်လို သိမ်းထားတယ် မဆိုနိုင်ပါဘူး၊ အခါအခါမှာ နှစ်ပေါင်းငါးဆယ်လောက် ပျောက်သွားတဲ့ ပရုတ်ဆီ၊ ဟိုနားဒီနားမှာ တစ်ပုလင်းစ နှစ်ပုလင်းစ ဝယ်လို့ရနေပြီ။ ပုလင်းကြီးနဲ့ တစ်မျိုးထုတ်တယ်၊ ပုလင်းသေးနဲ့ တစ်မျိုးထုတ်တယ်၊ သံဘူးကလေးနဲ့လဲ တစ်မျိုးထုတ်တယ်” ဟု မုတ်ဆိတ်ဖြူကြီးက ပြောပြလေ၏။

“အတော်ကောင်းပါတယ်၊ အခု မပူတော့ဘူး၊ အေးသလိုဖြစ်ပြန်ပြီ” ဟု ကျွန်ုပ်က ကျွန်ုပ်၏ ခြေထောက်ကို ညွန်ပြရင်း ပြောလိုက်လေ၏။ “ဟုတ်တယ်၊ ပူတစ်ခါ၊ အေးတစ်လှည့်ပဲ ကိုယ့်လူရေ။ ဒါကြောင့် ကျုပ်တို့ အဘိုးအဘွားတွေက ခုတစ်မျိုး၊ တော်တော်ကြာတစ်မျိုး လုပ်တတ်သူတွေကို “ပရုပ်ဆီ” လို့ ဆဲလေ့ရှိတယ်၊ အဆဲခံရတဲ့လူက သိပ်ပြီး နာတာကွ၊ ဒါပေမယ့် ငါကတော့ ပရုဆီကို သဘောကျတယ်၊ ပရုပ်ဆီက မိတ်ဆွေ တိုးစေတယ်ကွယ့် ကျိုက်ထီးရိုး တောင်တက်တုန်းက ပရုပ်ဆီကို အကြောင်းပြုပြီး မိတ်ဆွေကောင်းတစ်ယောက် ရခဲ့တယ် ရွှေစက်တော်ကို သွားတုန်းကလဲ ပရုပ်ဆီကိုအကြောင်းပြုပြီး မိန်းမကြီးတစ်ယောက်နဲ့ ငါနဲ့ မိတ်ဆွေဖြစ်ရတယ်။ ဟော.. ကြည့်စမ်း၊ မင်းနဲ့ ငါနဲ့ မိတ်ဆွေ ဖြစ်ရပြန်ပြီ၊ မင်းဘာအလုပ် လုပ်စားတဲ့လူဆိုတာတော့ ငါ အတတ်မပြောနိုင်ဘူး၊ အသည်းငယ်တဲ့လူဆိုတာတော့ ငါပြောနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခြေထောက်ကို နင်းမိတုန်းက အော်လိုက်တဲ့ အသံဟာ အသည်းကောင်းတဲ့လူ ဆိုရင် အမြောက်မှန်မှ အဲဒီလောက် အော်မှာကွ” ဟု ပြောလိုက်ရာ ကျွန်ုပ်သည် ၎င်း၏ စကားကို သဘောကျသောကြောင့် ပြုံးလိုက်လေ၏။

ထို့နောက်မှ ကျွန်ုပ်က.. “အော်တာ တစ်ခုတည်းကို ကြည့်ပြီး ကျုပ်ကို အသည်းငယ်တယ်လို့ အတတ်ပြောတာတော့ နည်းနည်းလွန်တယ်ထင်တယ်” ဟု ပြန်၍ ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက.. “အော်တာတစ်ခုတည်းနဲ့ ပြောတာမဟုတ်ဘူး နာရင် အော်တာဟာ သဘာဝပါပဲ၊ ဒါပေမယ့် ကိုယ ်ဒီလောက်နာနေပြီပဲ၊ နင်းတဲ့လူကို ဆောင့်ပြီး တွန်းလိုက်ပါလား၊ ကိုယ့်လူ ဒီလိုလဲ မတွန်းခဲ့ဘူး၊ ဘာကြောင့် မတွန်းလဲဆိုတော့ ဟိုလူပြောတဲ့ စကားတွေကို ကိုယ့်လူကြားလိုက်တာကိုး၊ ဒီတော့ ကိုယ့်လူရဲ့ မသိစိတ်မှာ ဟိုလူကို အတော်ကြီးကျယ်တဲ့ လူကြီးအဖြစ် အမှတ်ပေးထားလိမ့်မယ်၊ အဲဒါကြောင့် မတွန်းဝံ့တာ၊ စုတ်စုတ်ပြတ်ပြတ် လူတစ်ယောက်သာ ကိုယ့်လူကို နင်းမိစမ်း၊ ကိုယ့်လူ ဒီလိုအော်ရုံအော်မှ မဟုတ်ဘူး၊ အခုတော့ ဟိုလူက ဆောရီး၊ ဆောရီးဆိုတာနဲ့ ကိုယ့်လူ ကျေနပ်လိုက်တယ်” ဟု ပြောပြန်လေ၏။

ကျွန်ုပ်မှာ တစ်စုံတစ်ရာ ပြန်၍ပြောဆိုခြင်း မပြုဘဲ ပြုံးလိုက်လေ၏။ ထို့နောက် ကျွန်ုပ်က.. “ဘာပဲဖြစ်ဖြစ် ခင်ဗျားပရုပ်ဆီကို အကြောင်းပြုပြီး ခင်ဗျားကိုတော့ ကျေးဇူးတင်ရမှာပဲ” ဟု ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက.. “ဟိုတုန်းက မိန်းမပျိုလေး တစ်ယောက်နဲ့ သူ့အမေဟာ ကျိုက်ထီးရိုး တတ်လာတယ်၊ ရွှေရင်ဆို့ အတက်လဲရောက်ရော အမေလုပ်တဲ့လူဟာ ခြေသလုံးကြွက်သားတွေ တက်ပါလေရော။ အဲဒီတော့ မိန်းမပျိုလေးလဲ အခက်ကြုံနေတယ်၊ အဲဒီအခါမှာ ဘုရားဖူးလမ်းကြုံ လူငယ်တစ်ဦးက ပရုပ်ဆ ီပုလင်းထုတ်ပေးလိုက်တယ်၊ အဘွားကြီးက အဲဒီပရုပ်ဆီလဲလိမ်းရော ဝေဒနာကသက်သာခွင့် ရသွားတယ်၊ အဲဒါကနေ အကြောင်းပြုပြီး မိန်းမပျိုကလေးနဲ့ လူငယ်ကလေးဟာ ရင်းနှီးသွားတယ်၊ နောက်ဆုံးမှာ ချစ်ကြိုက်ပြီး ညားသွားကြတယ် ဆိုပါတော့ကွယ်၊

အဲဒီလို ဝတ္ထုသွားမျိုးတွေ ရှေ့တုန်းကထုတ်တဲ့ ဒီဇူဇာသက်စောင့် မဂ္ဂဇင်းမှာ အများကြီးပါဖူးတယ်၊ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး၊ ပရုပ်ဆီတစ်ပုလင်းကို အကြောင်းပြုပြီး မိန်းမရချင်လဲ ရသွားနိုင်တယ်၊ တကယ်လို့ ကိုယ့်လူဟာ ဒီအရွယ်ထိအောင် အမြီးမပေါက်သေးဘူးဆိုရင်တော့ ပရုပ်ဆီကောင်းကောင်း တစ်ပုလင်းလောက် ဝယ်ပြီးဆောင်ထားသင့်တယ်” ဟု ပြောလိုက်လေ၏။ ကျွန်ုပ်သည် ပြန်၍မပြောဘဲ ပြုံးလိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၌ အိမ်ထောင်ရှိ၏။ ကျွန်ုပ်ရရှိထားသော မိန်းမသည်ပင်လျှင် ပရုပ်ဆီကို အကြောင်းပြု၍ ရရှိထားသောကြောင့် ဖြစ်၏။

ကျွန်ုပ်၏ မိန်းမသည် ပရုပ်ဆီကိုအလွန်ကြိုက်၏။ မည်သို့ဖြစ်သည် မသိ၊ ကျွန်ုပ်၏ မိန်းမသည် အိပ်ရာဝင်သည်နှင့် တစ်ပြိုက်နက် ပရုပ်ဆီပုလင်းကိုဖွင့်ကာ သူ၏ကိုယ်ခန္ဓာ နေရာအနှံ့အပြားသို့ ပွတ်လေတော့၏။ ကျွန်ုပ်မှာ ခြင်ထောင်တွင်းသို့ ဝင်သည့်အခါတိုင်း၌ ပရုပ်ဆီဂိုဒေါင်းတွင်းသို့ ဝင်သကဲ့သို့ ခံစားရမိလေ၏။ ဤကိစ္စကို အကြောင်းပြု၍ အိမ်ထောင်ကျခါစက မကြာခဏ ရန်ဖြစ်ရလေ၏။ သို့ရာတွင် မည်သို့ဖြစ်လေသည်မသိ၊ နောင်အခါများ၌ ပရုပ်ဆီနံ့မရလျှင်ပင် ကျွန်ုပ်သည် တစ်ခုခုလိုနေသကဲ့သို့ ခံစားရပြီးလျှင် မပျော်သကဲ့သို့ ရှိလေတော့၏။ ထို့အပြင် ကျွန်ုပ်၏ ဇနီးသည် လွန်စွာနားပူးနားဆာနိုင်၏။ ပြဿနာမရှီလျှင် ပြဿနာရှာ၏။

ထို့ကြောင့် မကြာခဏဆိုသလို.. “နင်ဟာ ပရုပ်ဆီလိုပဲ၊ အလွန်ကို ပူစပ်ပူလောင်နိုင်တဲ့ မိန်းမပဲ” ဟု ပြောရလေ၏။ ထိုအခါမျိုး၌လည်း ကျွန်ုပ်၏မိ်န်းမသည် ငြိမ်၍ မနေတတ်၊ “ပရုပ်ဆီနဲ့တူတဲ့ မိန်းမနဲ့ မပေါင်းချင်ရင် မပေါင်းနဲ့ ရေခဲတုံးလို မိန်းမရှာပြီး ပေါင်းပေတော့ ရှင့်လိုလူမျိုးကို ဘယ်မိန်းမမှ ကျွန်မလို သည်းညည်းခံပြီး ပေါင်းမှာ မဟုတ်ဘူး” ဟု ပြန်၍ရန်တွေ့တတ်လေ၏။ ထို့ပြင် ကျွန်ုပ်၏ မိန်းမမှာ နတ်ကို လွန်စွာ ယုံသူဖြစ်၏။ ၎င်းယုံသော နတ်များမှာလည် ဝက်သားကြောက်သော နတ်များဖြစ်၏၊ တစ်နေ့တွင် ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးသည် ကျွန်ုပ်ထံသို့ လာရောက်၍ ယနေ့ခေတ် အသုံးပြုနေသော ပရုပ်ဆီတော်တော်များများနှင့် ဆပ်ပြာတို့မှာ ဝက်ဆီကို သုံးကြောင်း ပြောဖူးလေ၏။ ကျွန်ုပ်သည် ထိုသူ၏ စကားကို အယုံအကြည်မရှိ၊ သို့သော် ကျွန်ုပ်၏ ဇနီးကို ထိုအကြောင်းကို ပြောပြလေ၏ ထိုအခါ ကျွန်ုပ်၏ ဇနီးသည် ပရုပ်ဆီနှင့် နတ်အကြားတွင် ဝေခွဲမရ ဖြစ်ရလေတော့၏။ ငယ်စဉ်ကပင် ပေါင်းခဲ့သော ပရုပ်ဆီကို ပေါင်းရမည်လော၊ ကြီးမှ ပေါင်းရသောနတ်ကို ပေါင်းရမည်လောဟု ဗျာများရလေတော့၏။ သို့ရာတွင် ခေါင်းကိုက်သောအခါ နတ်သည် မည်သို့မျှ မတတ်နိုင်၊ ပရုပ်ဆီကသာ တတ်နိုင်၏။ ထိုအခါ နတ်သည် တန်ခိုးမရှိ၊ ပရုပ်ဆီကသာ တန်ခိုးရှိ၏။ ကိုယ်လက်ကိုက်ခဲသေ ာအခါ၌လည်း သူ၏ နတ်များသည် ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ကြ၊ ပရုပ်ဆီးကသာ စွမ်းဆောင်နိုင်၏။

စေ့စေ့ပေါက်ပေါက် တွေးကြည့်သောအခါ၌ သူကိုးကွယ်သော နတ်များသည် သူအသုံးပြုသော ပရုပ်ဆီလောက်ပင် တန်ခိုးမကြီးကြောင်း သဘောပေါက်လာလေတော့၏။ မည်သို့ သဘောပေါက်သော်လည်း အစွဲအလမ်းဟူသည်ကာ စွန့်လွှတ်ရန် ခက်ခဲ၏။ အစွဲအလမ်းတစ်ခု ရှိပြီဆိုလျှင် စွန့်လွှတ်ရန်အတွက် ပတ်ဝန်းကျင်လို၏။ သတ္တိလို၏။ အရည်အချင်းများစွာလို၏။ ထို့ကြောင့် ကျွန်ုပ်၏ ဇနီးသည် နံပြားကိုလည်း မစွန့်ရဲ၊ ပရုပ်ဆီကိုလည်း မသုံးဘဲ မနေနိုင်၊ ထို့ကြောင့် ပရုပ်ဆီသုံးခါနီး၌.. “ကိုယ်တော်တို့ ပရုပ်ဆီထဲမှာ အမဲဆီတွေပါရင် ခွင့်လွှတ်ပါ” ဟု တောင်းပန်တိုးလျှိုးသော အလေ့တစ်ခု ပေါ်ပေါက်လေတော့၏။

နောင်တွင် တောင်းပန်တိုးလျှိုးသော စကားမပြောဘဲ ပရုပ်ဆီပုလင်းကို ဖွင့်ခါ အပေါ်သို့ မြှောက်လေတော့၏။ ထိုအပြုအမူကို မြင်သောတောမှ အဒေါ်ကြီးတစ်ဦးက.. “စားစရာသောက်စရာဆိုရင်တော့ အဘိုးကို အဒေါ်တို့ဆီမှာလဲ မြှောက်တဲ့အလေ့အထ ရှိပါတယ်၊ ပရုပ်ဆီကိုတော့ မမြှောက်ပါဘူး၊ မိန်းကလေးရယ်” ဟု ပြောဖူးလေ၏။

ထိုအချိန်မှာပင် ရထားထွက်ရန် ဥဩဆွဲလေ၏။ ထိုဥဩဆွဲသံ၏ မရှေးမနှောင်း၌ပင် မျက်နှာချင်းဆိုင်ထိုင်ခုံသို့ မိန်းမတစ်ဦးရောက်လာပြီး ထိုင်လေ၏။ ထိုမိန်းမမှာ အသက်(၃၀) ကျော်အရွယ်ခန့် ရှိ၏။ ထိုမိန်းမအား အဒေါ်ကြီးတစ်ဦးက လိုက်ပို့၏။ ထိုမိန်းမသည် ပြတင်းပေါက်မှ နေ၍ လိုက်ပို့သော အဒေါ်ကြီးအား “ဒေါ်သိန်းရယ်၊ ကမန်းကတန်းထွက်လာခဲ့တာ ပရုပ်ဆီတောင်ပါမလာဘူး၊ ကျွန်မက ခရီးသွားရင် ခေါင်းကိုက်တတ်တယ်။ အခုလဲ မနက်အစောကြီး ရေချိုးတာ ခေါင်းထဲမှာ အုံတုန်တုန်နဲ့” ဟုပြောစဉ်၌ပင် ရထားသည် ဘီးလိမ့်စ ပြု၏။ ထိုမိန်းမလည်း လိုက်ပို့သော အဒေါ်ကြီးအား လက်ပြပြီး ကိုယ်ကိုမတ်ကာ ဣန္ဒြေရရထိုင်နေ၏။ ထိုသို့ ထိုင်လိုက်စဉ်တွင် ကျွန်ုပ်၏လက်ထဲမှာ ပရုတ်ဆီပုလင်းကို မြင်တွေ့သွားလေ၏။

ထိုအခါ ကျွန်ုပ်က ၎င်းအား လှမ်း၍ပေးရင်း… “ခေါင်းကိုက်ရင် နဲနဲပွတ်ထားလိုက်ပါလား ကျားဘမ်းပရုပ်ဆီအစစ်ကလေး” ဟုပြောပြီးပေးလိုက်ရာ ထိုမိန်းမလည်း အငန်းမရလှမ်းယူရင်.. “ကျေးဇူးတင်လိုက်တာရှင်” ဟု ပြောရင်း ပရုပ်ဆီကို အားရပါးရ ကော်ကာ နားထင်ကို ပွတ်၏။ ဇက်ကို ပွတ်၏။ ထို့ပြင် လက်ထဲတွင် ပွတ်၍လည်း အားရပါရ ရှူလေ၏။ ထိုသို့ ရှူလိုက်ပြီး.. “ကျေးဇူးတင်လိုက်တာရှင်” ဟု ပြောကာ ပရုပ်ဆီပုလင်းကိုပြန်၍ မပေးဘဲ ကိုင်မြဲကိုင်ထားလေ၏။ ထို့နောက် အိမ်သာဘက်သို့ ထသွားလေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက ကျွန်ုပ်အား… “ကိုယ့်လူက ကိုယ့်ပစ္စည်းလဲ မဟုတ်ဘဲနဲ့ ဟိုကတောင်းမတောင်းသေးဘူး၊ ဘာဖြစ်လို့ လောကွတ်သွားလုပ်နေရတာတုန်း” ဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က… “သူ့ခများ၊ ခေါင်းကိုက်နေရှာတယ်ဗျာ” ပြောလိုက်လေ၏။

“သူ ခေါင်းကိုက်နေကြောင်း ကိုယ့်လူက ဘယ့်နှယ်လုပ်သိသတုန်း” ဟု မေးလေ၏။ “စောစောက ဟိုမိန်းမကြီးကို ပြောလိုက်တာ ကြားတယ်လေ” ဟု ကျွန်ုပ်က ပြန်၍ပြောလျှင် မုတ်ဆိတ်ဖြူကြီးက.. “အဲဒီလိုကြားတာနဲ့ဘဲ သူခေါင်းကိုက်တယ်ဆိုတာ တကယ် ယုံလိုက်ရောလား ကိုယ့်လူရဲ့ မိန်းမတွေဆိုတာ သူတို့ပြောတာနဲ့ သူတို့ဖြစ်တာ တခြားစီ ဖြစ်နေတတ်တယ်၊ အဲဒါကြောင့် သူတို့ စကားကို မယုံရင် အကောင်းဆုံးပဲ ကိုယ့်လူ၊ ဘာပဲဖြစ်ဖြစ်လေ ကျုပ်ရဲ့ပရုပ်ဆီဘူးလေး မဆုံးရင် တော်ပါပြီ” ဟုပြောလေတော့၏။ ထို့ကြောင့် ထိုမိန်းမထံမှ ပရုပ်ဆီ ပုလင်းပြန်ရရှိရေးမှာ ကျွန်ုပ်အတွက် တာဝန်တစ်ခု ဖြစ်နေလေတော့၏။ ထို့နောက် ကျွန်ုပ်အား ပရုပ်ဆီ ပုလင်းကို ပြန်၍ပေး၏။

ကျွန်ုပ်လည်း မုတ်ဆိတ်ဖြူကြီးထံသို့ ထိုပရုပ်ဆီပုလင်းကိုပြန်၍ ပေးလိုက်တော့၏။ ထိုအခါ ထိုမိန်းမက.. “အစ်ကိုကြီး ပရုပ်ဆီပုလင်းကလဲ ရထားတစ်စင်းလုံး လိုက်ပြီး ငှားနေတာ့တာပဲလား” ဟု မေးလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက ကျွန်ုပ်ဘက်သို့ လှည့်၍ မျက်လုံးပြူးပြလိုက်လေ၏။ ဤသို့နှင့်ပင် ကျွန်ုပ်သည် မျက်နှာချင်းဆိုင်မှ မိန်းမနှင့်ပါစတင် ခင်မင်သွားလေတော့၏။ မုတ်ဆိတ်ဖြူကြီးသည် ပရုပ်ဆီအနည်းငယ်ကို ဇက်ပိုး၌ အနည်းငယ်ပွတ်၍ ပုလင်းကို လွယ်အိတ်ထဲသို့ ထည့်ကာ အိမ်သာဘက်သို့ ထွက်သွားလေတော့၏။ ထိုအခါ၌ မျက်နှာချင်းဆိုင်မှ မိန်းမက ကျွန်ုပ်အား…“မုတ်ဆိတ်ဖြူကြီးနဲ့ အဘိုးကြီးက ရှင့်ပရုပ်ဆီဘူးကို သူ့လွယ်အိတ်ထဲ ထည့်လိုက်ပြီ နောက်တော့ မေ့ပြီး သူနဲ့ပါသွားလိမ့်မယ်” ဟု သတိပေးလေ၏။

ထိုအခါ ကျွန်ုပ်က.. “အဲဒီပရုပ်ဆီဟာ မုတ်ဆိတ်ဖြူကြီးဟာ” ဟု ပြောလိုက်မှပင် မိန်းကလေးလည်း သဘောကျ၍ တခစ်ခစ် ရယ်လေ၏။ ထိုသို့ ရယ်ပြီးနောက်… “ကျွန်မကလဲ မဆီမဆိုင် အကုသိုလ်တွေ များနေလိုက်တာ” ဟု ပြောလေ၏။ မုတ်ဆိတ်ဖြူကြီးလည်း ပြန်လည်ရောက် ရှိလာပြီးနေရာ၌ ထိုင်လေ၏။ ထို့နောက် မုတ်ဆိတ်ဖြူကြီးနှင့် ကျွန်ုပ်တို့ စကားစမြည် ပြောကြလေ၏။ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ ညွန်ပြမူကြောင့် တရားထိုင်ရန် အလိုငှာ တောင်ပေါ်မြို့လေးတစ်မြို့ဆီသို့ သွားခြင်းကြောင်း ပြောလေ၏။ ထိုအချိန်၌ပင် ရထားသည် ဘူတာတစ်ခု၌ ရပ်ရန် စက်ရှိန်ကို လျှော့လိုက်လေ၏။ မိန်းကလေးက.. “ဘာဘူတာလဲ” ဟု ကျွန်ုပ်အား မေးလေ၏။ ကျွန်ုပ်ကလည်း မသိသောကြောင့် မုတ်ဆိတ်ဖြူကြီးအား.. “ဘာ ဘူတာလဲ” ဟု ထပ်၍ မေးလေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက.. “ကိုယ့်လူဖတ်နေတဲ့ စာအုပ်ထဲမှာ ကြည့်လိုမရဘူးလား” ဟု ပြန်၍ မေးလေ၏။ “ကျုပ်ဖတ်နေတဲ့ စာအုပ်က ဘူတာခရီးစဉ် စာအုပ်မှ မဟုတ်ဘဲဗျ” ဟု ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက…“အခုရပ်တာ ပဲခူးဘူတာ” ဟု ပြောလေ၏။

ထိုအခါကျမှပင် ကျွန်ုပ်လည်း ရထားအနိးသို့ လာရောက်ရောင်းချသော ဈေးသည်များထံမှ တစ်စုံတစ်ခုသော စားစရာ သောက်စရာများကို ဝယ်ရန်အတွက် ကြည့်ရှုလေ၏။ ထိုနောက် ကြက်ဥနှင့် ကြော်ထားသော ပေါင်မုန့်တစ်ခုကို ဝယ်လိုက်လေ၏။ ကျွန်ုပ်၏ ရှေ့မှ မိန်းမကလည်း ပုဇွန်ကြော်တစ်ခုကို ဝယ်လိုက်လေ၏။ ရထားထွက်သောအခါ ကျွန်ုပ်သည် ပေါင်မုန့်ကြော်ကို စားကြည့်၏။ ပေါင်မုန့်ကြော်မှာ အကျန်ကို နွေးထားသောကြောင့် စား၍ မကောင်းဘဲ ရှိလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ပေါင်မုန့်ကြောကို လွှင့်ပစ်လိုက်၏။ မိန်းကလေး၏ ပုစွန်ကြော်မှလည်း အကျန်ပင်ဖြစ်၏။ မိန်းကလေးသည် ကျိတ်မှိတ်၍ စားသောလည်း နောက်ဆုံး၌ လွင့်ပစ်လိုက်ရလေ၏။

မုတ်ဆိတ်ဖြူကြီးမှာမူ ဌက်ပျောသီးတစ်လုံးကို အခွံနွာကာ စားနေပြီ ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်က.. “ဘယ်လိုလဲ ကောင်းရဲ့လား” ဟု မေးလိုက်ရာ မုတ်ဆိတ်ဖြူကြီးက.. “ကောင်းပါ့ဗျာ” ဟု ပြန်၍ ပြောလေ၏။ “ကျုပ်ဝယ်တဲ့ ပေါင်မုန့်ကြော် ကြီးက အကျန်ကို ပြန်နွေးထားတာဗျာ၊ ဒါကြောင့် လုံးဝကို စားလို့မရဘူး” ဟု ပြောလိုက်လေ၏။ “လူလုပ်တဲ့ပစ္စည်းနဲ့ သဘာဝပစ္စည်း ကွာ တယ်၊ တကယ်လို့လိမ်စရာရှိရင် လူလုပ်တဲ့ပစ္စည်းမှ လိမ်လို့ လွယ်တယ်၊ သဘာဝပစ္စည်းများမှာ မလွယ်ဘူး၊ အဲဒါကြောင့် မသေချာတဲ့နေရာမှာ ဝယ်ပြုစားသောက်မယ်ဆိုရင် သဘာဝ အစားအသောက်ကို ဝယ်ပြီးစားကျုပ်ဟာ အမြဲလိုလို ခရီးသွားနေသူတစ်ဦးပဲ၊ ဒါပေမယ့် ထမင်သုပ်အသိုးတို့ ဘာလီရည်အတုတို့ သေးသကြားဖျော်ထားတဲ့ လက်ဖက်ရည်တို့ တစ်ခါမှ မဝယ်မိဖူးဘူး၊ ကျွန်ုပ် ဝယ်စားရင် ဌက်ပျောသီးတို့ သဘောင်္သီးတို့ အဲဒါမျိုးဝယ်စားတာ၊ ဒါနဲ့ နေစမ်းပါဦး၊ ကိုယ့်လူဖတ်နေတဲ့ စာအုပ်ထဲမှာ ဒီအချိန်မျိုး ပေါင်မုန့်ကြော်ဝယ်စားရင် အကျန်နဲ့ မိနေမယ်ဆိုတာ မပါဘူးလား” ဟု မုတ်ဆိတ်ဖြူကြီးက မေးလိုက်လေ၏။

ထိုအခါ ကျွန်ုပ်.. “တောက်တီးတောက်တဲ့ ဗျာ၊ ကျုပ် ဖတ်နေတဲ့ စာအုပ်က မုန့်ဝယ်စားနည်း စာအုပ်မှ မဟုတ်ဘဲ” ဟု ပြန်ပြောလိုက်လေ၏။ ဤသို့နှင့်ပင် ကျွန်ုပ်တို သုံးဦးသားသည်း ရင်နှီးသိကျွမ်းကြပြီးနောက် တောင်ပေါ်မြို့ကလေးဆီသို့ ရောက်လာကြလေတော့၏။ မျက်နှာချင်းဆိုင်မှ မိန်းကလေးမှာမူ တောင်ပေါ်မြို့ကလေးမှ ၎င်း၏ အစ်မထံသို့ သွားရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရလေ၏။ ကျွန်ုပ် တရားထိုင်မည်ဖြစ်ကြောင်း သိရသောကြောင့် ပဲငပိကြော်များ၊ မုန့်ညှင်းချဉ်များ လှူဒါန်းပါရစေဟု ခွင့်တောင်းကာ ကျွန်ုပ်ထံ လာရောက်၍ လှူဒါန်းလေ၏။ ကျွန်ုပ်သည် မိတ်ဆွေညွန်ပြသော ဆရာနှင့် တွေ့ဆုံကာ (၄၅) ရက်တိုင်တိုင် တရားထိုင်လေတော့၏။ (၄၅) ရက်ပြည့်သော အခါ၌ ပြန်ခဲ့လေတော့၏။ ကျွန်ုပ်ပြန်မည့်နေ့တွင် မျက်နှာချင်းဆိုင်ထိုင်ခုံမှ မိန်းကလေးသည် ထိုမြို့မှ ဆုံနေခဲ့လေ၏။ ဘူတာတွင် တွေ့သဖြင့် လက်မှတ်ကို အတူယူကြရာ ထိုင်ခုံချင်း အတူကျလေတော့၏။

လမ်းတွင် ကျွန်ုပ်က ခေါင်းကိုက်သည်ဆိုသောကြောင့် သူက ပရုပ်ဆီပုလင်းကလေးကို ထုတ်ပေး၏။ ဘူတာ တစ်ခုသို့ ရောက်၍ မုန့်ဝယ်ခါနီး၌ သူကပင် ကျွန်ုပ်အား.. “ဒီတစ်ခါဝယ်ရင် သဘာဝပဲဝယ်နော်” ဟု သတိပေးသဖြင့် ကျွန်ုပ်လည်း ဌက်ပျောသီး၊ သဘောင်္သီး၊ လိမ္မော်သီးတို့ကို ဝယ်ယူလေ၏။ ထို့နောက်နှစ်ယောက်သား ပျော်ရွှင်စွာ စားသောက်ကြလေတော့ ၏။ ဤသို့နှင့်ပင် သူနှင့် ကျွန်ုပ်သည် ရင်းနှီးသွားကြလေတော့၏။ ရင်းနှီးသည်ဆိုခြင်းထက် နီးစပ်သွားကြသည်ဆိုလျှင် ပို၍မှန်ပေလိမ့်မည်။ ရန်ကုန်သို့ ရောက်သော အခါ၌လည်း ကျွန်ုပ်၏ရုံးသို့ မကြာခဏ သူကလာ၏။ ကျွန်ုပ်ကလည်း သူ၏ရုံးသို့ မကြာခဏ သွား၏။ ထို့နောက်တွင်ကား သူက ကျွန်ုပ်အားမောင်ဟုခေါ်လာ၏။ ကျွန်ုပ်ကလည်း သူ့အား ခင်ဟု ခေါ်ဖြစ်လာလေတော့၏။

ကျွန်ုပ်၏ မိန်းမကြီး မသိအောင် ကျွန်ုပ်သည် ခင်ထံသို့ ရောက်ရှိခဲ့လေ၏။ ကျွန်ုပ်မှာ လူပျိုမဟုတ်၊ အိမ်ထောင်နှင့် ဖြစ်၏၊ ထို့အတူ ခင့်မှာလည်း မပျိုမဟုတ်၊ တစ်ခုလပ်မကလေးဖြစ်၏။ ကျွန်ုပ်တို့နှစ်ဦး၏ အချစ်ရေးသည် ကြာလေလေ ခိုင်မြဲလေလေ ဖြစ်လာလေတော့၏။ တစ်ဦးကိုတစ်ဦး မမြင်ရလျှင် မနေနိုင်အောင် ဖြစ်လာကြ၏။ ထိုအဖြစ်မှာ ပရုပ်ဆီဖူးစာဟုပင် ဆိုနိုင်လေ၏။ တစ်ညတွင် ကျွနုပ်သည် ခင့်ထံသို့ သွားလေ၏။ ထိုနောက် ခင်၏ အခန်းတံခါးကို ခေါက်လိုက်လေ၏။ အတွင်းမှ ခင်က…“ဘယ်သူလဲ” ဟု မေးလေ၏။ ကျွန်ုပ်က..“မောင်ပါ” ဟု ပြန်၍ ဖြေ သော်လည်း ခင်သည် တံခါးဖွင်မပေးပေ။ ထို့ကြောင့် ကျွန်ုပ်က..“မောင်လေကွာ တံခါးဖွင့်လေကွာ” ဟု ဆိုသော်လည်း တံခါးမဖွင့်ပေးပေ၊ ကျွန်ုပ်သည် နှစ်နာရီနီးပါး တံခါးအပြင်ဘက်၌ရပ်နေရ၏။ နောက်ဆုံးတွေက် လက်လျှော့၍ ပြန်ခဲ့ရလေ၏။ လမ်းထိပ်သို့ရောက်သောအခါ၌ အတွေးတစ်ခု ပေါ်လာ၏။ ထို့ကြောင့် ခင့်ထံသို့ ပြန်လာပြီး တံခါးကိုခေါက်ပြန်၏။ အတွင်းမှ ခင်က.. “ဘယ်သူလဲ” ဟုမေးပြန်၏။ ကျွန်ုပ် မောင်ဟု မဖြေေတော့ဘဲ.. “ခင်ပါ” ဟု ဖြေလိုက်လေ၏။ ထိုအခါ အတွင်းမှ ခင်သည် တံခါးဆီသို့ အူလျားဖားလျာ းပြေးလာပြီးလျှင် တံခါးကို ကပျာကယာဖွင့်လေ၏။ ထို့နောက် ကျွန်ုပ်၏ လည်တိုက်ကို သိုင်းဖက်လိုက်လေတော့၏။

ပြီးလျှင်…“ မောင်က သိပ်ပြီး သဘောပေါက် လွယ်တာပဲ၊ ခင်လေတစ်ခု စဉ်းစားနေတာ၊ မောင်ရယ်၊ ခင်ရယ်ဆိုပြီး နှစ်မျိုးနှစ်စားရှိနေသမျှ တစ်ဦးနဲ့တစ်ဦး သပ်သပ်စီ ဖြစ်နေမယ်၊ တစ်ပေါင်းတည်းတစ်စည်းတည်း မဖြစ်နိုင်းဘူးလို့ စဉ်းစားနေတာ၊ ဒါကြောင့် ခင့် အဖို့တော့ မောင်ဆိုတာ မရှိဘူး၊ ခင်ပဲရှိရမယ်၊ ခင်ဟာလဲ ခင်ပဲ၊ မောင်ဟာလဲ ခင်ပဲ ဖြစ်နေရမယ်၊ အဲဒါကို မောင် သဘောပေါက်တယ်နော်” ဟု ပြောလိုက်ရာ ကျွန်ုပ်ကလဲ.. “ဒီလောကကြီးမှာ မောင်မရှိတော့ဘူးလေ၊ ခင်ပဲရှိတော့တယ်” ဟု ပြောလိုက်ရာ ခင်သည် သဘောကျလွန်း၍ တခစ်ခစ်ရယ်ကာ ကျွန်ုပ်အား အကြိမ်ပေါင်းများစွာ နမ်းရှုံ့လေ၏။

အထက်ပါ အဖြစ်အပျက်များသည် နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်၏။ ကျွန်ုပ်လည်း အိမ်မှဇနီးနှင့် ခင်တို့၏ အကြားတွင် ကောင်းစွာ နေတတ်လာပြီဖြစ်၏။ အိမ်က ဇနီးလည်း ပြောမရသည့်အဆုံး၌ ကျွန်ုပ်အား လက်လျှော့လိုက်ရပြီ ဖြစ်၏။ ကျွန်ုပ်သည် ခင့်ထံသို့ ဗြောင်သွားခွင့် ရလာပြီ ဖြစ်၏။ တစ်နေ့တွင် ကျွန်ုပ်သည် ခင့်ထံသို့ သွားခဲ့၏။ တံခါးကို ခေါက်လိုက်၏။ အတွင်းမှ ခင်က.. “ဘယ်သူလဲ” ဟု မေးလိုက်၏။ ကျွန်ုပ်က.. “ခင်ပါ” ဟု ဖြေလိုက်၏၊ သို့ရာတွင် တံခါးမဖွင့်ဘဲ ရှိပြန်လေတော့၏။ ထိုအခါ၌ ကျွန်ုပ်သည် တံခါး အပြင်ဘက်တွင် တစ်နာရီခွဲခန့် ရပ်စောင်နေပြီးနောက် ပြန်ထွက်ခဲ့လေ၏ သို့ရာတွင် ရိုးရိုးမထွက်ခဲ့ဘဲ အပြင်မှ ကလန့်ထိုးခဲ့လေ၏။

ထို့နောက် မျက်စောင်းထိုးရှိ လက်ဖက်ရည်ဆိုင်သို့ဝင်ကာ အိမ်ခန်းကို မမှိတ်သော မျက်စိနှင့် ကြည့်နေခဲ့လေ၏။ အတော်အတန်ကြာသော အခါ၌ ခင်၏ အခန်း၌ကပ်လျက်အခန်းမှ မိန်းမကြီးသည် ကျွန်ုပ်ထိုးခဲ့သော ကလန့်ကို ဖြုတ်ပေးနေကြာင်း တွေ့ရလေ၏။ ကျွန်ုပ်သည် စိတ်ဝင်စားစွာဖြင့် လက်ဖက်ရည်ဆိုင်တွင်းမှ မုန့်ထည့်ထားသော မုန့်ဘီရိုကို ကွယ်ကာ ကြည့်နေလေ၏။ အချိန်မှာည (၉) နာရီထိုးနေပြီ ဖြစ်၏။ ဤညမှာ တနင်္လလာနေ့ည ဖြစ်သောကြောင့် ခင့်ထံသို့ လာလေ့မရှိဘဲ ဘုရားသို့တက်ကာ ဘုရားပေါ်တွင် အိပ်လေ့ရှိသော ညမျိုးဖြစ်၏။ များမကြာမီ၌ပင် တံခါးကလန့်ကို ဖြုတ်ပေးသော မိန်းမကြီးသည် သူ၏အခန်းသို့ ပြန်သွားကာ တံခါးကို ပိတ်လိုက်လေ၏။ ထိုအခါ၌ ကျွန်ုပ်၏ ခင်သည် ဝဲယာသို့ စေ့စေ့စပ်စပ် ကြည့် ရှုလိုက်၏။ ထိုသို့ ကြည့်ရှုပြီး များမကြာမီ၌ပင် သူ၏ အခန်းတွင်းမှ ယောက်ျားတစ်ဦး ထွက်လာလေ၏။

ထိုသူမှာ ကိုယ်ခန္ဓာ အလွန်ကြီးများကြောင်းလည်း ကျွန်ုပ် သတိပြုမိ၏။ ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင်အတွင်းမှ ပြေးထွက်ကာ ထိုသူ၏ ဂုတ်ကို ဖမ်းဆွဲလိုက်လေ၏။ ထိုသူကို ကျွန်ုပ် ကောင်းစွာ မှတ်မိ၏။ ထိုသူသည် တစ်ခါက ရထားပေါ်တွင် ကျွန်ုပ်၏ခြေထောက်ကို နင်းသွားဖူးသောသူ ဖြစ်၏။ ထိုသူသည် ကြောက်လန့်တကြားနှင့် ရုန်းကာ ကျွန်ပ်၏ ခြေထောက်ကို နင်းကာ ထွက်ပြေးလေတော့၏။ ကျွန်ုပ်က ခင့်အား…“နင့် မိန်းမယုတ်ပဲ၊ ဟိုကောင်ကြီးဟာ နင့်လင်ငယ်မဟုတ်လား” ဟု ကျွန်ုပ်ကပြောရာ ခင်သည် ကျွန်ုပ်၏စကားကို အလေးအနက်မထားဘဲ မြေကြီးပေါ်တွင် တစ်စုံတစ်ခုကို ရှာဖွေနေ၏။ ထို့နောက်တွင် တွေ့ရှိသွားကာ ကောက်ယူလိုက်လေ၏။ ကောက်လိုက်သော အရာမှာ ပရုပ်ဆီ ပုလင်းကလေးပင် ဖြစ်တော့၏။ “နင်ဟာ ပရုပ်ဆီလို မိန်းမမျိုးပဲ” ဟု ပြောလိုက်ရာ ခင်က.. “အဲဒီတော့ ရှင်က မပေါင်းချင်ဘူးပေါ့ မပေါင်းချင်ရင် ဂျောင်းပေတော့” ဟု ပြောလေ၏။

ကျွန်ုပ်သည် သူ၏ပါးကို လှမ်း၍ရိုက်လိုက်၏။ ထို့နောက် ထွက်လာခဲ့လေတော့၏။ ထိုအချိန်ကစ၍ ကျွန်ုပ်၏ စိတ်များဂနာမငြိမ် ဖြစ်လာ၏။ ထိုအခါ ကျွန်ုပ်၏ မိတ်ဆွေကောင်းတစ်ဦးက တောင်ပေါ်မြို့တွင် တရားပြသော ဆရာတစ်ဦးရှိကြောင်း တရားသွား၍ ထိုင်သင့်ကြောင်း ပြောပြန်လေ၏။ ထို့နောက် ထိုတောင်ပေါ်မှ ဆရာထုတ်ထားသော တရားစာအုပ်ကလေး တစ်အုပ်ကိုလည်း လက်ဆောင် ပေးလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်သည် တောင်ပေါ်မြို့ကလေးသို့ သွားရန်အတွက် ဘူတာရုံသို့ ထွက်ခဲ့လေ၏။ ထို့နောက် ရထားပေါ်သို့ တက်ကာ ကျွန်ုပ်၏ ထိုင်ခံ၌ ထိုင်လိုက်လေ၏။ ခရီးသည်များသည် တက်သူ တက်၊ ဆင်းသူဆင်းပြုနေကြလေ၏။ ခရီးသည်အချို့နှင့် လိုက်ပို့သူအချို့သည် စင်္ကြလမ်းပေါ်တွင် စကားပြောနေကြလေ၏။

ကျွန်ုပ်သည် လက်ဆောင်ရထားသော တရားစာအုပ်ကို ထုတ်၍ ဖက်ရှုနေလေ၏။ ထိုအချိန်မှာပင် ကျွန်ုပ်၏ နံဘေးသို့ တစ်စုံတစ်ယောက် လာ၍ထိုင်၏။ ကျွန်ုပ်သည် ထိုသူ့ကို လှည့်၍ ကြည့်လိုက်လေ၏။ ထိုသူမှာ နှစ်ပေါင်းများစွာက ဤအတိုင်း ဆုံခဲ့ဖူးသော မုတ်ဆိတ်ဖြူ အဘိုးကြီး ဖြစ်၏။ မုတ်ဆိတ်ဖြူကြီးလည်း ကျွန်ုပ်ကို ကောင်းစွာ မှတ်မိသွားလေ၏။ ထိုအခိုက်မှာပင် အခြားသောခုံမှ တစ်စုံတစ်ယောက်သည် ကျွန်ုပ်တို့ ပြတင်းပေါက်သို့ လာရောက်ကာ ၎င်းကို လိုက်ပို့သူနှင့် စကားပြောလေတာ့၏။ ၎င်းပြောသော စကားထဲတွင် အမ်ဒီကြီးထံ သို့ ပို့ရန်ပစ္စည်းများ စာရင်းလည့်းပါ၏။

ထိုစာရင်းထဲတွင် ဗွီဒီယိုအခွေများ၏ အမည်များလည်းပါ၏။ အမ်ဒီ ကတော်ကြီးမှာထားသော ခွေးမျိုးကောင်း တစ်ကောင်၏ အကြောင်းလည်းပါ၏။ ၎င်း၏ အိမ်မှ ရေခဲသေတ္တာ ပျက်နေသည်ကို ရုံးမှ ခိုင်းနေကျလူကို ခေါ်၍ ပြင်ခိုင်းရန်လည်း ပါ၏။ ထို့နောက် ဓါတ်ဆီကို နေ့စဉ်မှန်မှန် ထုတ်၍ ထားရန်လည်း ပါ၏။ ထိုသူသည် အလုံးစုံမှာပြီးသောအခါ၌ လိုက်ပို့သူ ပြန်သွား၏။ထိုသူက နောက်သို့ ဆုတ်လိုက်ရာ ကျွန်ုပ်၏ ခြေထောက် ကိုနင်းမိလေ၏။ ထိုအခါ ကျွန်ုပ်သည် ထိုသူအား ဆောင့်၍ တွန်းလိုက်၏။ ထိုသူက “ဆောရီး၊ ဆောရီး” ဟု ပြော၏ သို့ရာတွင် ကျွန်ုပ်က.. “ဒီမှာ ကိုယ့်လူ၊ ကိုယ့်လူခြေထောက်ကို ဆောင့်နင်းပြီး ဆောရီး ဆောရီးလို့ (၁၅) ခါ ပြောမယ်၊ ကျေနပ်မလား” ဟု ပြောလိုက်ရာ ထိုသူသည် ကျွန်ုပ်၏ ခြေထောက်ကို ကိုင်ကာ အနူးအညွတ် တောင်းပန်သွားလေ၏။

ကျွန်ုပ်သည် နင်းမိသောခြေထောက်ကို ခုံပေါ်သို့တင်၍ ကြည့်လိုက်ရာ ခြေဖျားကလေးများ သွေးခြည်ဥသွားကြော်း တွေ့ရလေ၏။ ထိုအခါမုတ်ဆိတ်ဖြူအဘိုးကြီးက သူ၏ လွယ်အိတ်အတွင်းမှ ပရုပ်ဆီပုလင်းလေးကို ထုတ်ကာ ကျွန်ုပ်အား ပေးလိုက်လေ၏။ ကျွန်ုပ်သည် မယူဝံမယူရဲဖြစနေလေ၏။ သို့ရာတွင် ခြေထောက်က နာလွန်းသဖြင့် ပရုပ်ဆီပုလင်းကို ယူကာ ဒဏ်ရာပေါ်တွင် ပရုပ်ဆီကို သုတ်လိမ်းလိုက်လေ၏။ ထို့နောက် မုတ်ဆိတ်ဖြူကြီးအား ယခင်က ဤနေရာ၌ ဤသို့တွေ့ကြုံရပုံမှ အစ နောက်ဆုံးဖြစ်ပျက်ခဲ့သည့် အတွေ့အကြုံအထိ ပြောပြလိုကလေတော့၏။

ထိုအချိန်၌ မျက်နှာချင်းဆိုင်ခုံသို့ မိန်းမတစ်ဦး ရောက်လာလေ၏။ ထိုမိန်းမသည် သူ့အား လိုက်ပို့သော မိန်းမကြီးအား အိမ်၌ ပရုပ်ဆီပုလင်း ကျန်ခဲ့ကြောင်းကို ပြောပြလေ၏။ ထို့ပြင် ခေါင်းကိုက်နေကြာင်းကိုလည်း ပြောလေ၏။ ထိုအချိန်မှာပင် ရထားသည် ဥဩဆွဲ၍ စတင်ထွက်ခွာနေပြီ ဖြစ်၏။ မျက်နှာချင်းဆိုင်မှ မိန်းမသည် ကျွန်ုပ်၏ လက်ထဲမှ ပရုပ်ဆီပုလင်းကို လှမ်း၍ ကြည့်လိုက်လေ၏။ ကျွန်ုပ်သည် ပရုပ်ဆီပုလင်းကို အဖုံးပိတ်လိုက်ပြီးနောက် မုတ်ဆိတ်ဖြူကြီး၏ လက်သို့ ပြန်၍ပေးလိုက်လေ၏။

ထိုသို့ ပေးလိုက်ရင်း.. “ပရုပ်ဆီကောင်းသိပ် ရှားတယ်၊ လူတွေ့တိုင်း လျှောက်ပြီးဝေမနေနဲ့” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက.. “ကိုယ့်လူ တရားထိုင်ဖို့ သွားဦးမှာ မဟုတ်လား၊ မသွားနဲ့ ကိုယ့်လူ အပိုပဲ၊ ကိုယ့်လူတရားရမှာ မဟုတ်ဘူး၊ ကိုယ့်လူရင်ထဲမှာ အတေးအမှတ်တွေ ရှိနေတယ်၊ ကိုယ့်လူရဲ့ စိတ်ဟာ အတေးအမှတ်တွေရဲ့ လှောင်အိမ်ထဲမှာ မိနေတယ်၊ စိတ်ဆိုတာက တိမ်ကလေးလို လွင့်ပြီး စမ်းရေကလေးကို စီးနေမှ ကောင်းတာ၊ အဲဒီလို လွတ်လွတ်လပ်လပ်ကလေး ရှိနေမှ လွတ်မြောက်မှုနဲ့ပိုပြီး နီးစပ် လိမ့်မယ် ထင်တယ်၊ အခုအခါမှာတော့ ကိုယ့်လူဟာ ဒီလိုမဟုတ်ဘူး၊ ပရုပ်ဆီကို မုန်းနေပြီ၊ ပြီးတော့ ပရုပ်ဆီနဲ့တူတဲ့ မိန်းမကိုလည်း မုန်းနေပြီ၊။

အမှန်က လောကကြီးဆိုတာ အကြောင်းမဲ့ မောက်မာသူတွေ၊ လောဘအတွက် ယောက်ယက်ခတ်နေတဲ့သူတွေ၊ ရမ္မက်ထူပြောတဲ့ သူတွေ၊ လျှပ်ပေါ်လောလီတဲ့သူတွေ၊ ပရုပ်ဆီနဲ့တူတဲ့ မိန်းမတွေလည်းရှိမှ ပြည့်စုံမှာပေါ့ကွာ၊ ပြီးတော့ မောက်မာသူတွေ၊ လောဘတွေ ရမ္မက်တွေ၊ လောလီဖောက်ပြားမှုတွေ ဂုဏ်ယူဝင့်ကြွားဝါမှုတွေကြောင့် အသက်ဝင် လှုပ်ရှားနေတာ မဟုတ်လား၊ အဲဒီအရာတွေကို ဖယ်လိုက်ရင် လောကကြီးဟာ ဆိတ်ဆိတ်ငြိမ်နေတဲ့ တုံဏှိဘောကြီး အဖြစ်ကိုရောက်သွားမှာပေါ့” ဟု ပြောလိုက်လေ၏။

ကျွန်ုပ်သည် မည်သို့ဖြစ်သည် မသိ၊ မုတ်ဆိတ်ဖြူကြီး၏ စကားကို ကောင်းစွာ နားလည်သွား၏။ ထို့ကြောင့် ရင်ထဲတွင် ပေါ့သွား၏။ “ကျုပ် ပဲခူးဘူတာမှာ ဆင်းပြီး ပြန်တော့မယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးက သူ၏ ပရုပ်ဆီပုလင်းလေးအား ကျွန်ုပ်ကို လက်ဆောင်အဖြစ် ပေးလိုက်လေ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏အိမ်သို့ ပြန်လာခဲ့လေတော့၏။ ခင် (သို့မဟုတ်) ပရုပ်ဆီနှင့်တူသော မိန်းမထံသို့ လည်း မည်သည့် အခါမျှ မသွားတော့ပေ၊ သို့ရာတွင် ကျွန်ုပ်သည် ထိုမိန်းမအား မုန်းတီးခြင်း မရှိပါ၊ ထို့အတူ ချစ်ခြင်းလည်း မရှိပါ၊ ကျွန်ုပ်သည် ချစ်ခြင်း၊ မုန်းခြင်းမှ လွတ်မြောက်သွားသည်ဟု ဆိုနိုင်၏။ ထိုမိန်းမအပေါ်၌သာ မဟုတ်၊ အရာရာတိုင်း၌ ချစ်ခြင်း၊ မုန်းခြင်း၏ မျဉ်းကြောင်းများကို ကျော်ဖြတ်လာနိုင်ပြီး ဖြစ်၏။ ထို့ကြောင့် မုတ်ဆိတ်ဖြူကြီးထံမှ ရခဲ့သော ပရုပ်ဆီပုလင်းလေးအား ဘုရားစင်ပေါ်သို့ အမြတ်တနိုး တင်ထားလိုက်လေတော့ သတည်း။

မှတ်ချက်။ ။ ဤဝတ္ထု၌ပါသော ကျွန်ုပ်ဆိုသည်မှာ စာရေးသူ မဟုတ်၊ ထို့အတူ မည်သူ တစ်စုံတစ်ယောက်မျှလည်း မဟုတ်ပါ။ တစ်ဖန် ထိုကျွန်ုပ်သည်… စာရေးသူကိုယ်တိုင်လည်း ဖြစ်နေ၏။ အခြားသော တစ်စုံတစ်ယောက်လည်း ဖြစ်နေပြန်၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်နှင့် အခြားသောသူ ဟူသော စည်းကြောင်းသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ထိုစည်းကြောင်းသည်လည်း မှိန်သည်ထက် မှိန်၍ သွားသောကြောင့် ဖြစ်၏။ စာရေးသူ

9 comments

  • parlayar46

    December 8, 2011 at 12:07 am

    ကျုပ်ကိုတွက်ပေးဘူးတဲ့ သူ့ဗေဒင်ကလဲ တော်တော်မှန်ပါတယ်။
    သူ နာမည်ပေးဘူးတဲ့ ကျုပ်လုပ်ငန်းကလဲ မဆိုးလှပါဘူး။

    ဒါပေမယ့် ကျုပ်သူ့ကိုအကြိုက်ဆုံးက

    သူ့ ဒဿန တွေပါပဲ။

  • inz@ghi

    December 8, 2011 at 1:59 am

    သည်စာစုကို ဖတ်ဖူးတယ်ဗျ …
    ဝတ္ထုတိုပေါင်းချုပ် တခုခုမှာ ပါဘူးတယ်…
    ဥပမာ အလင်္ကာ တွေနဲ့ သူများမတွေးမိတဲ့
    ထပ်တူပြု နှိုင်းယှဉ်ရေးသားထားတဲ့ အသုံးအနှုန်း တွေ ခိုက်တယ်ဗျာ..

    အဘ …က ပညာရှိတယောက်ဆိုတော့
    လောကကို သူများ မြင်တာထက် ပိုပြီး ထိုးထွင်းသိမြင်
    ခံစား သုံးသပ်နိုင်ခဲ့တယ်ဆိုတာ အသေအချာပါဗျာ…

  • mg wine

    December 8, 2011 at 9:47 am

    ဆရာကြီးမင်းသိင်္ခ လားလို့ နာမည် ပြန်ကြည့်တာ ကိုရင်စည်သူတဲ့
    လုံးချင်းထုတ်ပါ အောင်မြင်မယ် ။တော်တယ်ဗျာ ကောင်းတယ်ဗျာ

  • windtalker

    December 8, 2011 at 12:31 pm

    ကိုရင် စူသီ အိပ်ရာဝင်ရင် ဘာအနံ ့ရသတုန်း
    မှန်မှန်ဖြေနော်

  • char too lan

    December 8, 2011 at 12:34 pm

    ရှည်လွန်းတော့ မက်စေ့ဒွေဂိုမူးတွားဒါဘဲ
    ဘာဘဲဖစ်ဖစ် ” ပရုတ်ဆီ ” လို့ ဆဲလို့ရတယ်ဆိုဒါ မှတ်တွားဒယ် 😀

  • thit min

    December 8, 2011 at 3:09 pm

    အန်တီအေး ပရုတ်ဆီ ကြိုက်တဲ့အကြောင်းလားဗျ။

    အန်တီအေးအကြောင်းတွေချည်းသီးသန့် ရေးရင်ကောင်းမလားဘဲနော်။အမည်လွဲနဲ့ပေါ့ဗျာ။

    ကျနော်က အဲဒီ စာအုပ်ထဲကဘဲ “မသာနဲ့ အချဉ်” ကို ပိုကြိုက်တယ် ဗျ။

  • xman

    December 8, 2011 at 11:08 pm

    “ကျွန်ုပ်နှင့် အခြားသောသူ ဟူသော စည်းကြောင်းသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ထိုစည်းကြောင်းသည်လည်း မှိန်သည်ထက် မှိန်၍ သွားသောကြောင့် ဖြစ်၏”

    ဆရာကြီးရဲ့ တချို့စာသားတွေက အသက်ကလေးရလာမှပဲ အသက်နဲ့အတူ တဖြေးဖြေး ပိုနားလည်လာတယ်။

  • “ဘီလူးကြီး”ogre

    December 9, 2011 at 8:56 am

    ကိုရင် ပလုတ်စီ…အဲမှားလို့
    ကိုရင်စည် ဘီလိုဖစ်ရို့ ဒဿကိုရင် ဖစ်ရဒါတုန်းဂျ 🙂 😛

  • E.T

    December 10, 2011 at 1:24 pm

    ခုချိန်ကစပြီး ပရုတ်ဆီ ဆောင်ထားမှ အပေါင်းအသင်း များများရအောင်။ ပရုတ်ဆီနဲ ့တူတဲ့ စကီလေးတော့ လိုချင်ဘူး။

Leave a Reply