ကဲ ဂဇက်တံခါးကို သံယောဇဉ်မကုန်ပါသော ဘလက် ပြန်လာပြန်ပါပြီခင်ဗျာ။ ဒီတစ်ခါတော့ ဒီဇင်ဘာတစ်ရက်နေ့ကစလို့ ပို့စ်တစ်ခုချင်းရေးသွားမှာ ဖြစ်ပါတယ်။ အားလုံးကိုပျော်စေချင်သူ ဘလက်က စုပြုံပြီးဖတ်ပေးပါ့မယ်နော။ ကိုလင်းဝေကျော်က ဘလက်ကိုပြောပါသည်။ ကောင်းတာတွေပဲ မရေးပါနဲ့တဲ့။ မကောင်းတာတွေလည်း ရေးပါဟု မြှောက်ပေးပါသည်။ ဘလက်က ရေးချင်ပါသည်။ အမုန်းမခံနိုင်လို့ပါ ဆရာတို့ရေ။ ခွင့်လွှတ်ပါဗျာ။

လူညိုချောလေး nigimi77 ရဲ့ အများနဲ့ဆိုင်သော (၃) နဲ့ စလိုက်ရအောင်ဗျာ နော။ အကျင့်ပျက်ပြည်သူများ အကျင့်ပျက်စံနစ်များနှင့် အကျင့်ပျက် ကားသမားများအကြောင်း ရေးထားသော အကျင့်ပျက်စာရေးသူ အဲအဲ ဟုတ်ပါဘူး အကျင့်ပျက်တွေကို ပြုပြင်ချင်သော စာရေးသူ ဆရာလေး ကိုနီဂိမိ ၏ ပို့စ်လေးကတော့ အပြောအဆိုလေးတွေက ယဉ်ကျေးပါတယ်ခင်ဗျာ။ ကျွန်တော်တို့  ပြည်သူပြည်သားတွေ ဆက်လက်ပြီး အကျင့်ပျက်နေလျင် နိုင်ငံ အနာဂါတ် ကောင်းလာစရာ အကြောင်း မရှိနိုင်ပါ တဲ့။ အဲဒီလို ယဉ်ကျေးသော ပုဂ္ဂိုလ်လေး နီဂိမိရဲ့ ပို့စ်ကို ပြုပြင်ချင်စိတ်ရှိသူများ ဖတ်ကြဘို့ပါ။

Htet way ရဲ့ စိတ် ဆိုတာလေးကတော့ စိတ်အကြောင်းရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ True Answer နဲ့ whowho တို့ရဲ့ ကွန်းမန့်လေးများကလည်း ပို့စ်နဲ့ အပြိုင် ဖတ်လို့ကောင်းပါကြောင်း။

ကြောင်ကြီးရဲ့ လောင်းရဲလားဟေ့ မောင်တို့ရေ ဆိုတဲ့ ပို့စ်လေးအကြောင်းပြောရအောင်ပါ။ ကိုကြောင်ကြီးက အမေရိကန်ဘွားတော်နဲ့ မြန်မာဘွားတော်တို့ တွေ့ဆုံကြတဲ့အခါ ဘယ်သူဘာအရောင် ၀တ်ကြမလဲ ဆိုတာ ရွာသူားတွေကို ခန့်မှန်းခိုင်းထားတာပါ။ ကွန်းမန့်တွေ အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် (၃၁ခု) နဲ့ ပျော်စရာကောင်း တဲ့ ပို့စ်လေး ဖြစ်ခဲ့ပါကြောင်း။ ဘကြီးပြောတဲ့ ဒေါ်စု ခေါင်းမှာပန်းတော့ပန်လိမ့်မယ်ဆိုတာလေးက မှန်တာတွေ့ရပါကြောင်း။

ကြောင်လတ် ရဲ့ တော် မတတ် ဆိုတဲ့ ပို့စ်ကောင်းကောင်းလေး တစ်ခုအကြောင်းပြောချင်ပါတယ်။ ကွန်းမန့်က ၁၀ ခုပဲ ပေးထားတဲ့အတွက် ဒီအကြောင်းအရာကို စိတ်မ၀င်စားကြပါလားဆိုပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဒီနေ့ခေတ် အခြေခံပညာ ကျောင်းတွေရဲ့ သင်ကြားရေးနည်းစံနစ်တွေအကြောင်းကို သူ့သားလေးနဲ့ သမီးလေးတို့ ရဲ့ ကိုယ်တွေ့တွေနဲ့ ယှဉ်ပြီး ပြောပြသွားခဲ့တာပါ။ တော်တော် ကောင်းတဲ့အကြောင်းအရာလေးပါ ဗျာ။ ဒီအကြောင်းကိုပဲ ဆရာမောင်သာချိုက အောင်လံစာပေဟောပြောပွဲမှာ ပြောခဲ့ပါသေးတယ်။ ဥပမာလေးတွေ တော့ မတူဘူးပေါ့ဗျာ။ ရွာသူားတွေ စိတ်ဝင်တစား ဖတ်ကြပြီး ၀ိုင်းဆွေးနွေးသင့်တဲ့ ပို့စ်လေးတစ်ခုပါ။ ကွန်းမန့် နည်းနည်းလေးထဲက King ရဲ့ ဆရာအောင်သင်းနဲ့ အင်တာဗျူးကွန်းမန့်ရှည်ကြီးက ဒီပို့စ်ရဲ့ တန်ဘိုးကို မြင့်တက်စေခဲ့ပါတယ်ဗျာ။ ဖတ်ကို ဖတ်ရမယ့် ပို့စ်နဲ့ ကွန်းမန့်လေးတွေပါခင်ဗျာ။

Chitlay ရဲ့ မျှော်လင့်ချက် ဆိုတာလေးကတော့ ကရုဏာရသကိုပေးတဲ့ ပို့စ်လေးတစ်ခုပါ။ အထီးကျန် အဘွားအို အဘွားတင်ရဲ့ ခံစားချက်လေးကို ရေးဖွဲ့ထားတာပါ။ ဖတ်ရင်းနဲ့ ကျွန်တော့် အမေနဲ့ အဖေကိုတောင် ချက်ခြင်းပြေးတွေ့ချင်စိတ်ပေါက်လာတဲ့အထိ ပါပဲ။ နမူနာလေးဖတ်ကြည့်ဗျာ။
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်လေးများဆို သား၊ သမီး၊ မြေးတွေများလာမလားလို့ မျှော်မျှော်မိနေတာကြီးက အကျင့်ကိုပါလို့…ဪ.. ငါ့မိဘတွေတုန်းကလဲ အဲ့လိုပဲ မျှော်ခဲ့ရမှာပဲလေ … ကျွန်မသားသမီးတွေက အမေ့ဆီကို မလာသာမလာနိုင်တာ လစဉ်လတိုင်းတော့ ငွေကြေးဆေးဝါးကအစ ထောက်ပံ့ကြပါတယ်..။ ဒါပေမယ့်ကျွန်မလိုချင်တာကငွေကြေးတွေမဟုတ်ဘူးလေ…သူတို့ဆီကပေးလာမယ့်မေတ္တာပါ…သူတို့ကငွေကြေး ထောက်ပံ့တာနဲ့ သားသမီးတာဝန်ကျေနေပြီထင်နေကြတာ…အမေ ငွေတွေမလိုပါဘူး သားတို့သမီးတို့ရယ် မင်းတို့အဖေရှာခဲ့တာတွေက အမေမသေခင်အထိစားလို့သောက်လို့ရပါသေးတယ်…အမေလိုချင်တာက မင်းတို့ဆီကနွေးထွေးမှု၊စကားပြောဖော်ပါ…။ ပြီးတော့ မြေးလေးတွေက ပြောတဲ့ တီတီတာတာစကားလေးတွေလဲ ကြားချင်သေးတယ်လေ…မြေးလေးတွေခြံထဲမှာပြေးလွှားကစားတာကိုလဲမြင်ချင်သေးတာ…သောကြာနေ့ညနေ
ဖုန်းဆက်တိုင်းဒီတပတ်တော့မအားလို့မလာဖြစ်နိုင်သေးဘူးအမေရေဆိုတဲ့စကားသံကိုလဲမကြားချင်တော့ဘူး
ကြာတော့သောကြာနေ့ရောက်မှာကိုတောင်အမေကြောက်မိနေပြီ။
ကျေးဇူးတင်ပါတယ် ချစ်လေးရေ။ ဘာလိုပဲဖြစ်ဖြစ် သိနေပေမယ့် မေ့နေတဲ့အကြောင်းလေးကို သတိပေးနိုင်ခဲ့တာ အတွက် ဒီပို့စ်လေးကို ကျေးဇူးတင်ပါတယ်နော။ အမေနဲ့ အဖေဆီကို မသွားဖြစ်ကြသေးသူများ ဒီပို့စ်လေးကို ဖတ်ကြဘို့ပါဗျာ။

သံလွင်ဦးရဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိဆိုတဲ့ပို့စ်ကတော့ ဓါတ်ပုံလေးတွေနဲ့ ဖေါ်ပြထားတဲ့ အားလုံးသိပြီးသားသတင်းပဲဖြစ်ပါတယ်။ သူကြီးနဲ့ ကိုအောင်ပုတို့ ရဲ့ ကွန်းမန့်လေးတွေနဲ့ ဖတ်ကြည့်ရမယ့် ပို့စ်ပါဗျာ။
ကိုစိန်သော့ ရဲ့ မလေးရှားသို့ တစ်ခါတစ်ခေါက် ၃ ကတော့ အညတရ မြန်မာတစ်ယောက်ရဲ့ မလေးရှားရောက် အတွေ့အကြုံများကို ခွင့်ပြုချက်တောင်းပြီး ပြန်ရေးထားတာပါ။ ၁ နဲ့ ၂ ရဲ့ အဆက်ပါ။ စီးရီးလိုက်ဖတ်လာ ကြသူများ အတွက်ပါဗျာ။

Asiamasters ရဲ့ ခွန်အားရှိမှ ရှင်သန်မယ် ပို့စ်လေးအကြောင်းပြောချင်ပါတယ်။ စာပိုဒ်ငယ် ရှစ်ပိုဒ်နဲ့ တင်ပြထားတဲ့ ပို့စ်ကောင်းကောင်းလေးတစ်ခုပါ။ ဒေါင်းလုဒ်ဆွဲ သိမ်းထားရမယ့် ပို့စ်လေးတစ်ခုပါလို့ ညွှန်းချင်ပါတယ်ဗျာ။ ၈ ခုမြောက်စာပိုဒ်ငယ်ကို နမူနာ ထုတ်ပြပါရစေ။

၈။ ပြင်းပြတဲ့ယုံကြည်မှုကို (Passion) လို့ခေါ်ပါတယ်။ ပြင်းပြတဲ့ ယုံကြည်မှုရှိတဲလူတွေဟာ ဗဟုသုတ (Knowledge) ကိုရကြတာဖြစ်တယ်။ ဗဟုသုတရှိလာသူတွေဟာ ပိုပြီးတော့ ဇွဲ (Perseverance) ရှိလာကြပါတယ်။ ဇွဲရှိသူများဟာ ကတိတည်သူများဖြစ်လာကြပါတယ်။ ကတိတည်သူများကို လူအများက ချစ်ခင်ကြပါတယ်။ ဒါမှ တဆင့် ညီရင်းအကို ချစ်ကြည်မှု (Brotherly Love) ကိုဖြစ်စေပါတယ်။ ညီရင်းအကို ချစ်ခင်မှုတွေများလာရာက မေတ္တာတရား(Love)ကို ဖြစ်စေပါတယ်။ မေတ္တာတရားဆိုတာက သူတစ်ပါးရဲ့ကောင်းကျိုးကိုလိုလားခြင်းဖြစ်ပါတယ်။ မေတ္တာတရားများများရှိသူတွေဟာ ပိုပြီးတော့ ပြင်းပြတဲ့ယုံကြည်မှုတွေရပြန်တာဖြစ်တယ်။ ဒါကြောင့် လူသားတွေရဲ့ စိတ်ဓါတ်ခွန်အားကို တိုးပွားစေတာဟာ မေတ္တာတရားသာလျှင်ဖြစ်တယ်။
ရှားရှားပါးပါး ကွန်းမန့်လေး သုံးခုထဲက သူကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြချင်ပါတယ်။
လူလူချင်းဆက်ဆံရေးမှာ…သနားရင်.. တဒေါ်လာ..၂ဒေါ်လာ ပေးမယ်..။ (သူတောင်းစားကိုကြည့်)
ကြောက်ရင်.. ရှိတာလေးတွေ(ဖွက်ထားတာလေးတွေမပါ) အကုန်ထုတ်ပေးမယ်..။ (ဓါးမြကိုကြည့်)
မေတ္တာရှိရင်တော့… (ဖွက်ထားတာလေးတွေသာမက)ရနိုင်တာလေးတွေပါရှာကြံပေးမယ်..။ (Love! love!) ဆိုတော့..အများဆုံးလိုချင်၇င်… သနားရအောင်..ကြောက်ရအောင်ထက်… မေတ္တာတရားများများ ထားကြ/ရအောင်လုပ်ကြနော…။
ရွာသူားတွေ သိတ်မဖတ်ဖြစ်ကြသေးဘူးလို့ ယူဆတဲ့အတွက် ပြန်ဖတ်စေချင်ပါကြောင်း စေတနာနဲ့ ညွှန်းပါရစေခင်ဗျာ။

ကိုရင်စည်သူရဲ့ သင်္ဘောသားရဲ့ ရှန်ဟိုင်းမြို့မှ ချစ်ဇာတ်လမ်းလေး အပိုင်း (၁) ကတော့ ကိုယ်တွေ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါတဲ့ခင်ဗျာ။
ကျွန်တော် အလုပ်သင်အရာရှိဘ၀ လွန်ခဲ့သော (၂၅)နှစ်ဝန်ကျင်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကြုံတွေ့ခဲ့ရသော သဲထိပ်ရင်ဖို အတွေ့အကြုံလေးဖြစ်ပါသည်။
ဆိုတဲ့ အရေးအသားကို ကြည့်ခြင်းအားဖြင့် ကိုရင်စည်သူဟာ အသက် ၄၀ အထက်ကို ကျော်တာ တော်တော်ကြာ နေလောက်ပါပြီ။ မှားများရေးမိလေသလား ကိုရင်ရေ။ အမှန်သာဆိုရင် ကိုရင့် ရုပ်က အရွယ်တင် နုပျိုလွန်းပါတယ်လို့ပြောချင်ပါတယ်ဗျာ။ အပိုင်း ၁ ဆိုတော့ စီးရီးလိုက်မှ ကြိုက်ကြတဲ့ ရွာသူရွာသားတွေအတွက် အဆင်ပြေမှာပါနော…။

မှော်ဆရာ ရဲ့ မုဆိုးစိုင်သင် ဓါတ်ပုံပညာများ (မှန်ဘီလူး – Lens ) ဆိုတဲ့ ပို့စ်လေးကတော့ ဓါတ်ပုံပညာရပ်တွေကို ဝေမျှပေးထားတဲ့ပို့စ်လေးပါဗျာ။ ရွာထဲက ဓါတ်ပုံပညာရှင်များနဲ့ မှော်ဆရာတို့ ရဲ့ အပြန်အလှန် ကွန်းမန့်လေးများနဲ့ ပျင်းစရာမကောင်းပဲ ပညာရစေမယ့် ပို့စ်ပါဗျာ။ အသေးစိတ်ကတော့ ပို့စ်မှာပဲ ဖတ်ကြပါတော့လို့။
ကိုလင်းဝေ ရဲ့ ရန်ကုန်မှာ မိုးပျံလမ်းဘယ်လိုဆောက်သင့်သလဲ ဆိုတဲ့ ပို့စ်လေးအကြောင်းပြောကြရအောင်ပါ။ ၄ လအတွင်း ဂုံးကျော်တံတား ၄ ခုကို အပြီးတည်ဆောက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင်တစ်ယောက် ရဲ့ တွက်ချက်သုံးသပ်ပြမှုလေးတွေပါ။ ကိုလင်းဝေ ရဲ့ အကြံဥာဏ်လေးတစ်ခုကို တင်ပြချင်ပါတယ်ဗျာ။
အခုလို ဆိုတော့ ကျနော်တို့ ရန်ကုန်သားများ မြို့တွင်းမှာ သွားလာတာအတွက် ဘီးခွန်အပြင် ဂုံးကျော်တံတားဖြတ်ခတွေပေးရတော့မှာပေါ့နော်။ pre paid card ငွေကုန်နေရင် ဘယ်လိုဖြတ်ရမလဲ။ ကားတွေရပ်ပြီး ပေးနေရင် ပိုပိတ်ကုန်မလား။ အမှန်တော့ အစိုးရက စိုက်ထုတ်ပြီး မဆောက်နိုင်တဲ့ အတွက် ပုဂ္ဂလိက ကို ထိုးအပ်ရတော့ သူတို့အတွက် စီးပွားရေးအခွင့်အလန်းဖြစ်သွားတာပါ။ ဘယ်သူမဆို စီးပွားရေးလုပ်ငန်းတွေကတော့ အခွင့်အလမ်းကို အခွင့်အလမ်းလို့ပဲ မြင်ပါတယ်။ စေတနာထားပြီး အကောင်းဆုံးလုပ်ပါ့မယ် ဆိုတဲ့ စီးပွားရေးသမားတွေ ကတော့ အကုန်လုံးပဲ။ လူတိုင်း ဒီလောက်တော့ပြောတတ်ပါတယ်။
ဆိုလိုချင်တာကတော့ ဒီမိုးပျံလမ်း၊ဂုံးကျော်တံတားတွေ ဆောက်ဖို့ အခုလို နိုင်ငံတကာနဲ့ အဆင်ပြေတော့မယ့်အချိန်လေးမှာ ခဏလေးစောင့်။ ဂျပန်က အိုဒီအေ တွေလာတော့မယ်။ အဲဒီအချိန်မှာ ရေးတင်ပြီး ရအောင်လုပ်စမ်းပါ။ မရရင်လာပြော ရအောင်တကယ်လုပ်ပေးမယ်။ အဲဒါဆိုရင် အကောင်းစားလည်းရမယ်၊ လူတွေလည်း ပိုက်ဆံပေးစရာမလိုတော့ဘူး။ ဘယ်လောက်ကောင်းသလဲ။
ဒါက ခဏလေး စောင့်ထားခိုင်းတာပါ။ နောက်တစ်မျိုးက
နောက်တစ်ခုက ပုဂ္ဂလိက ကို ငွေမထုတ်ခိုင်းပဲ အစိုးရ ငွေလုံးငွေရင်းကနေ ချီးတာဖြစ်ဖြစ် ဘွန်းထုတ်ရောင်းတာက ဖြစ်ဖြစ် ပိုက်ဆံစိုက်ပြီးဆောက်။ ရန်ကုန်မှတ်ပုံတင် ကားတွေကို ဘီးခွန် တိုးကောက်။အဲဒီက ပိုက်ဆံနဲ့ ပြည်ထောင်စု အစိုးရဆီက ချေးငွေကို ပြန်ဆပ်။
ဒီလိုတွေ စဉ်းစားဖို့လိုပါတယ်။ BOT ဆိုတာ တကယ်တော့ လူထုအတွက် နစ်နာတဲ့ကိစ္စဖြစ်ပြီး ကုမ္ပဏီတွေကို အမြတ်ငွေရှာပေးတဲ့ စနစ်ပါ။
ကိုလင်းဝေ ထောက်ပြအကြံပေးထားတာလေးတွေက ထည့်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ ကတော့ ပြည်သူလူထု မနစ်နာတဲ့နည်းလမ်းမျိုးကိုပဲ ရွေးခြယ်စေချင်ပါတယ်ဗျာ။
ကိုသစ်မင်း ရဲ့ ကွန်းမန့်လေးကလည်း ကောင်းတယ်ထင်လို့ ထည့်ပေးပါရစေခင်ဗျာ။
မှန်ကန်တဲ့ လမ်းစဉ်တခုကို ကျကျနန ဘာလို့မရွေးနိုင်သေးတာလဲလို့စဉ်းစားရင်
အများနဲ့တိုင်ပင်ဆွေးနွေးပြီး ချမှတ်တဲ့ စီမံကိန်းတွေမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။
ရသုံးငွေစာရင်းမှာတော့အမြဲလိုလို လိုငွေကပြနေတာဆိုတာကလဲ သယံဇာတတွေရောင်းရ
ငွေတွေရှိနေပါရက်နဲ့ ဖြစ်နေရတာပါ။
ဝမ်းနဲ စရာကောင်းသောဖြစ်ရပ်များပါ။
သာမန်ပြည်သူပြည်သားတွေကို ဝန်ထုတ်ဝန်ပိုးမဖြစ်အောင်စဉ်းစား ဖို့လိုအပ်ပါတယ်။
သူကြီးကလည်း ကွန်းမန့် တစ်ခုချီးမြှင့်ပေးထားပါသော ပို့စ်ဖြစ်ပါတယ်။ ကြုံလို့ တစ်ခုပြောပါရစေဗျာ။ အခုတလော အနီတွေလိုက်ပြနေကြတာကို တွေ့နေမိလို့ပါ။ အနီပြလို့ ဘာရေးထားလဲဆိုတာလေး ဖတ်ကြည့် တော့လည်း မဟုတ်တာတွေရေးထားကြတာမဟုတ်ပါဘူး။ ဘာလို့ Negative တွေပဲ လိုက်လုပ်နေရပါသလဲ။ ဆွေးနွေးစရာရှိရင် ၀င်ဆွေးနွေး ညင်းခုန်လို့ ရနေပါလျက်နဲ့ ရုပ်ပျက်အောင်လိုက်လုပ်နေတာကိုတော့ ကျွန်တော် သဘောမကျပါ။ အခု ဒီပို့စ်ကိုပဲ ကြည့်ပါ။ အပေါ်ဆုံးမှာ လက်မတစ်ချောင်းက အောက်ကိုစိုက်လို့ပါ။ ဘာတွေများ မဟုတ်တာတွေ လျှောက်ရေးထားလို့ လဲ။ မည်သို့ပင် ဆိုစေကာမူ ဒါ ခင်ဗျားတို့ ရဲ့ ရပိုင်ခွင့်ပါ။ နီချင်နီ လက်မအောက်စိုက်ချင်စိုက်။ ဘာကိုလိုချင်တယ်။ ဘယ်ဟာကအမှန်ဆိုတာလေးတော့ ၀င်ရောက်ဆွေးနွေးဘို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီအတိုင်း နီနေရုံနဲ့ တော့ အမှန်တရားက ဖြစ်မလာနိုင်ပါဘူးလို့ အကြံပေးပါရစေဗျာ။ မှားရင်လည်း အနီနဲ့သာ ဆဲကြပါတော့ဗျာ။

ကိုပေါက် ရဲ့ ထန်းရိပ်ညိုညို ကတော့ ထန်းပင်လေးတွေရဲ့ အလှကို ကိုပေါက် ရိုက်ထားသမျှ ဓါတ်ပုံလေးတွေပါဗျာ။ အညာအလှလို့တောင် ပြောလို့ရပါတယ်။ ထန်းရည်တောင်သောက်ချင်လာတယ်ဗျို့။

ကိုရင်စည်သူရဲ့ ဖယောင်းတိုင်နှင့်တူသော ယောင်္ကျားများ အပိုင်း (၁) နှင့် (၂) အကြောင်းလေး ပြောပါရစေဗျာ။ ကိုရင်စည်သူ ဆိုတဲ့ ပုဂ္ဂိုလ်လေးနဲ့ ဆရာကြီးမင်းသိင်္ခ တို့ရဲ့ ပတ်သက်မှုက စိတ်ဝင်စားစရာကောင်းနေပါပြီ။ ဆရာကြီးရဲ့ စာမူတွေ ကိုရင်စည်သူလက်ထဲမှာ ရှိနေသေးတယ်ဆိုကတည်းက ကိုရင်စည်သူ ဟာ နှယ်နှယ်ရရ မဟုတ်ပါဘူး။ ဒီပို့စ်ကလည်း ဆရာကြီးရဲ့ စာမူတစ်ပုဒ်ပါလို့ ထင်ရပါတယ်။ ကျေးဇူးလည်းတင်ပါတယ် ကိုရင်ရေ။ တကယ်လို့များ အချိန်ရခဲ့ရင် ကျွန်ုပ်နှင့် အဘမင်းသိင်္ခ ဆိုတဲ့ ပို့စ်လေးတွေ ဖတ်ချင်ပါတယ်ဗျာ။ စတွေ့တာကနေ ဆရာကြီး ဆုံးသွားတဲ့အထိပေါ့။ အင်မတန် တန်ဘိုးရှိတဲ့ ပို့စ်လေးတွေ ဖြစ်လာမယ်လို့ ကျွန်တော့် အကြံပေးပါတယ်ခင်ဗျာ။ မင်းသိင်္ခ ပရိသတ်များ ဖတ်ကြရမယ့် ပို့စ် ပါခင်ဗျာ။

မောင်သန်းထွဋ်ဦး ရဲ့ (….) ရေးတဲ့ကဗျာ ဆိုတဲ့ ပို့စ်လေးကတော့ ကဗျာလေးရေးပြထားပြီး ရေးတဲ့လူကို ပဟေဌိဖွက်ထားတဲ့ပို့စ်လေးပါ။ ကိုယ်တိုင်ဖတ်ပြီးကိုယ်တိုင်ဖြေကြည့်ကြဘို့ပါ။ ကွန်းမန့်များထဲက ကိုသစ်မင်းရဲ့ကွန်းမန့်လေးကို ဖေါ်ပြချင်ပါတယ်။
မ မှန်းတတ်တော့ပါဘူးဗျာ။
ကိုသန်းထွတ်ဦး ဘဲ နောက်ဆုံးကျပြောပြပေးပေါ့နော်။
စကားမစပ်ဗျာ။ ရီရတာလေးတွေ့လို့ပြောရအုန်းမယ်။
ခုတလော ရွာထဲမှာ ကောင်းရာကောင်းကျိုးရေးသူတွေကို
အနှုတ်လိုက်ပေးနေတဲ့ သူ(တွေ)ရှိပုံပဲဗျ။။
သနားပါတယ်ဗျာ။ ရှေ့ထွက်မပြောရဲရှာဘူး၊ကိုယ်မကြိုက်တာကို။
ကွယ်ရာကဘဲ လိုက်ပြီး အနှုတ်တွေပေးရရှာတယ်။မမ တို့ကိုတောင်ပေးတာနော်။
ဘယ်သူမှတော့ ဘာမှ မဖြစ်ဘူးဗျ။အားလုံးကအဲဒီ လူထက် စိတ်အဆင့်အတန်းမြင်မားလို့ဘဲ။
အိပ်ရေးဝအောင်အိပ်တယ်ပေါ့ဗျာ။(^^)
အခုတလော ခေတ်စားနေပါတဲ့ အနီ ကိစ္စလေးကို ပြောသွားတာပါ။ အနီလိုက်ပြနေကြသူများ ဖတ်ကြဘို့ပါဗျာ။

Nigimi77 ရဲ့ အများနှင့် ဆိုင်သော Revised (1) ပို့စ်လေးကတော့ သူ ဆင်နွှဲခဲ့ဘူးတဲ့ မင်္ဂလာပါ campaign လေးအကြောင်းရေးထားတာပါ။ အဲဒါလေးကျတော့ ကျွန်တော်လည်းကြုံခဲ့ဘူးလို့ နည်းနည်းလောက် ၀င်ပွားချင် ပေမယ့် ပို့စ်တစ်ခုစာလောက်ရှိလို့ နောက်မှ ပို့စ်တင်လိုက်ပါတော့မယ် နီဂိမိရေ။ သူကြီး ဦးဆောင်တဲ့ ကွန်းမန့်လေးများနဲ့ ဖတ်သင့်တဲ့ ပို့စ်လေးပါဗျာ။

နေ၀န်းနီ ရဲ့ မဆုံးတဲ့သီချင်း စီးရီး က အပိုင်း ၄၀ ကိုတောင် ရောက်လာပါပြီခင်ဗျာ။ စီးရီးလိုက် အခန်းဆက် ဖတ်လာကြသူများ ဖတ်ကြဘို့ပါ။

ခုတလော ခေတ်စားနေပြန်ပါတဲ့ VIP ကိစ္စလေးကို ဘဘ ရဲ့ အခွင့်ထူးခံ>သာမန် ဆိုတဲ့ပို့စ်လေးမှာ ဖတ်နိုင်ပါတယ်ဗျာ။ VIP ကိစ္စက ကိုစိန်သော့ကြီးက စလိုက်တယ်ထင်တာပဲ၊ နောက်တစ်ခါ ကိုပေါက်က ထပ်ရေးပါတယ်။ ဘဘကလည်း VIP အကြောင်းကို ဗားရှင်းတစ်မျိုးနဲ့ ရေးပြထားပါတယ်။ သူကြီးကလည်း VIP ဆိုရင် အားပေးနေကြဆိုတော့ ကွန်းမန့်လေးချီးမြှင့်ထားပါတယ်။ လက်လှမ်းမှီသလောက် VIP ပို့စ်လေးတွေ စုပေးလိုက်ပါတယ်ဗျာ။
http://myanmargazette.net/78897/creative-writing (ကိုစိန်သော့ ရဲ့ VIP)
http://myanmargazette.net/79952/creative-writing/my-dear-diary (ကိုပေါက် ရဲ့ VIP)
http://myanmargazette.net/77301/creative-writing/my-dear-diary (ကိုနိုဇိုမိ ရဲ့ VIP)

kotun-mdy ရဲ့ ၀ါရိတ္တသီလ (ရှောင်သီလ) နှင့် စာရိတ္တ သီလ ပို့စ်လေးကတော့ သူကြီးတို့ ကြောင်ကြီးတို့ရဲ့ ကွန်းမန့်လေးများအပြင် kool နဲ့ ပို့စ်တင်သူကိုထွန်းတို့ ရဲ့ အပြန်အလှန်ကွန်းမန့်လေးများက စိတ်ဝင်စားဘို့ကောင်းပါတယ်။ ဘယ်သူကအမှန် ဘယ်သူကအမှားလဲဆိုတာ ရွာသူားတွေ အဲဒီကွန်းမန့်တွေကို ဖတ်ကြည့်ပြီး ဆုံးဖြတ်ပေးသင့်ပါကြောင်း။

ရင်ငြိမ်းနွေ ရဲ့ မပြောမပြီး ပြောပြန်လဲ လွန်တယ်ထင်မယ် ပို့စ်လေးကတော့ ဒီနေ့ခေတ် ကျောင်းသားငယ်လေးတွေရဲ့ ကြုံတွေ့နေရတာလေးကို ပြန်ရေးပြထားတာပါ။ ဖတ်ပြီး စိတ်ညစ်စရာကြီးပါကွာလို့ ပြောမိမယ့် ပို့စ်မျိုးပါ။ မယုံရင် ဖတ်ကြည့်ကြပေါ့နော့။

Nigimi77 ရဲ့ အများနှင့်ဆိုင်သော Revised 2 ကတော့ အများ နှင့် ဆိုင်သော နေရာ အားလုံးဟာ မိမိ နှင့်လည်း သက်ဆိုင်ပါတယ် ဆိုတာလေးကို ပြောပြသွားတဲ့ အပျော်လက်ရာလေး တစ်ခုပါ။ ဘလက်ကိုတောင် ထောက်လှမ်းရေးလုပ်ထားလိုက်ပါသေးသဗျ။ အသာလုပ်ကြပါ ဆရာတို့ရယ်။ ဥပမာတွေကတော့ ကြမ်းလွန်းပါတယ်လို့ ထင်မိကြောင်းပါ။ နည်းနည်းမြည်းကြည့်ပါဗျာ။
ကျွန်တော်တို့ တွေဟာ မိန်းကလေး တစ်ယောက်လောက်က အောက်စလွတ်ရင် အားရပါးရ ရှုစားတတ်ပေမဲ့အဲဒီ မိန်းကလေး ကို တစုံ တစ်ယောက်သော ယောကျာင်္းက ဖင်နှိုက်လိုက်တဲ့ အခါမှာတော့ အလွန် လက်သွက်စွာဝိုင်းပြီး ဆွမ်းကြီးလောင်းဖို့  ၀န်မလေးပါဘူး
ဘယ်လို ဥပမာ ကြီးပါလိမ့် နီဂိမိရေ။ ကျွန်တော်ကတော့ ဒီလိုဥပမာကြီးတွေ မသုံးစေချင်ဘူးဗျာ။ ခင်ဗျားရေးနေတဲ့ စေတနာပါတဲ့ ပို့စ် ရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်လို့ ထင်မိပါကြောင်း။ နီဂိမိ ပရိသတ်တွေ ဖတ်ကြည့်ကြဘို့ပါ။

ကြောင်လေးရဲ့ သူ့နေရာနဲ့ သူ ဆိုတဲ့ပို့စ်ကတော့ ပထမပိုင်းနဲ့ ဒုတိယပိုင်း နှစ်ပိုင်းပါ။ ဖခင်ကြီးရဲ့ လုပ်ချင်ရာလုပ် ခိုင်းချင်ရာခိုင်းလို့ အိမ်စီးပွားရေးပျက်တာလေးကို ဇာတ်လမ်းလေးရေးထားတာပါ။ ကိုသစ်မင်းရဲ့ အကြံပေးကွန်းမန့်လေးက ကြောင်လေးအတွက် တန်ဘိုးရှိမှာပါ။ ဖတ်ကြည့်ကြဘို့ပါဗျာ။
ကျွန်တော် တို့ရဲ့ သူကြီး kai က IC ရေ.. သေပြီဆရာ ဆိုတဲ့ ပို့စ်လေး တင်ပါတယ်ခင်ဗျာ။ သူအဓိကပြောချင်တာလေးကို မူရင်းအတိုင်းလေးဖတ်ကြည့်ပါဗျာ။
ဒေါ်ကလင်တန် မြန်မာပြည်လည်လည် ၀င်သွားလိုက်တာ…
အမေရိကားနဲ့..မြန်မာ.. စီးပွားရေးအခွင့်အလန်းတွေ ပွင့်မပွင့်တော့မသိ…။
ကြည့်ရတာ.. ရှေ့နေ… ဥပဒေသမားတွေတော့.. ဆော်ဖို့..ရိတ်ဖို့.. အဆင်သင့်ဖြစ်သွားပြီထင်မိကြောင်း…သီချင်းမှမဟုတ်…မက်ခ်ဒါနယ်အတု..။ ကိုကာကိုလာအတု.. အတုဆရာတွေ.. ကော်ပီဆရာတွေ.. ဒီနှစ်ပိုင်း ထိမ်းထိမ်းလေး…လုပ်သင့်ကြောင်း..။
ကွန်းမန့်ပေါင်း ၆၀ နီးပါးနဲ့ ပျော်ပျော်ကြီးဖတ်ကြရမယ့် ပို့စ်ပါဗျာ။ အေးလေ သူကြီးကို ချစ်ကြတော့ ကွန်းမန့်တွေ နင်းကန်ပေးနေကြတော့တာပေါ့ဗျာ။

ကိုပေါက်ရဲ့ နေရာအနှန့်က ထန်းရိပ်ညိုကို ပြန်လည်ဖေါ်ထုတ်ခြင်း ဆိုတဲ့ ပို့စ်လေးကတော့ နေရာအနှန့်က ထန်းပင်လေးတွေရဲ့ အလှကို ဓါတ်ပုံရိုက်ပြီးတင်ပေးထားတာပါ။ ရွှေတိဂုံဘုရားပေါ်က ထန်းပင်ပါ ပါအောင် ရိုက်ထားတဲ့ ပို့စ်လေးပါဗျာ။

Wow ရဲ့ ဒယ်အိုးဆရာတော်ရဲ့ တရားပွဲ ပိတ်ပင်ခံရဆိုတဲ့ သတင်းလေးကို စိတ်မကောင်းစွာ ဖတ်ရပါတယ်ဗျာ။ ကြောင်ကြီးနဲ့ သူကြီးတို့ရဲ့ ကွန်းမန့်လေးများနဲ့ တရားမျှတလွတ်လပ်ခြင်း မရှိသေးဟုယူဆရပါသော သတင်းတစ်ပုဒ်ကို မအအောင်ဖတ်ထားကြဘို့ လိုပါတယ်ဗျာ။ မူရင်းသတင်းတင်ပေးသောလင့်ကိုလည်း ကျေးဇူးတင်ပါကြောင်း။

Wow ရဲ့ နောက်ပို့စ်တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဟီလာရီကလင်တန်တို့ တွေ့နေကြပြီ ဆိုတဲ့သတင်းကို ဓါတ်ပုံလေးများနဲ့ Eleven Media Group မှ ကူးယူဖေါ်ပြထားတာလေးပါ။ အဲဒီအတွက် Eleven Media Group ကို ကျွန်တော်တို့ရွာသူားတွေကလည်း ကျေးဇူးတင်ကြောင်း လေးလေးစားစား ပြောခွင့်ပြုပါခင်ဗျာ။ ကွန်းမန့်ပေါင်း ၃၄ ခုနဲ့ ပိတိဖြစ်စရာ၊ ကြည်နူးစရာ ဓါတ်ပုံလေးတွေကိုတော့ တကူးတက တိုက်တွန်းနေဘို့ လိုမယ်မထင်ပါဘူးဗျာ။ အားလုံး ကြည့်ပြီးလောက်ကြပြီဖြစ်မှာပါ။ မကြည့်ရသေးရင်လည်း ပြေးပေတော့ဗျို့။

ကျွန်ုပ်တို့၏ တပ်ချုပ်ကြောင်ကြီးက မစ္စကလင်တန် နှင့် သမဒဂျီး ဦးကြောင်စိန်တွေ့ဆုံပွဲ Meeting အမည်နှင့် သရော်စာ ပို့စ်တစ်ပုဒ် တင်လာပါတယ်ဗျာ။ ဖတ်ပြီးပြုံးချင်ကြသူများအတွက် ကိုယ်တိုင် ဖတ်ကြည့်ကြဘို့ပါ။ ဓါတ်ပုံလေးတွေလည်း ပါပါတယ်ခင်ဗျာ။

ကျွန်ုပ်တို့၏ ကိုလင်းဝေ (ကျော်) က ဂျပန် အိုဒီအေ အကူအညီတွေ တကယ်လာတော့မယ် ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု တင်ပြန်ပါတယ်ခင်ဗျာ။ ဘီအိုတီ စံနစ်နဲ့ မိုးပျံတံတားတွေ ဆောက်မှာကို မလိုလားတဲ့ ကိုလင်းဝေက တခြားနိုင်ငံတွေမှာ ဖြတ်သန်းခမပေးရတာကို သက်သေပြုပြီး သူ့ဆန္ဒကို တင်ပြလာပါတယ်။ အဲဒီ ဘီအိုတီ စံနစ်အစား ဂျပန်ကလာမယ့် အိုဒီအေ အကူအညီတွေနဲ့ ဆောက်သင့်တယ်လို့ ရဲရဲတင်းတင်း တင်ပြလာပါတယ်။ အမြင်ရှိတဲ့ လူတစ်ယောက်က တင်ပြတာကို ကျွန်တော်တို့က ကြိုဆိုရမှာပါ။ ခက်တာက ဂျပန်က ပေးမယ့် အိုဒီအေ အကူအညီဆိုတာ ဘာမှန်းကို ဘလက်က မသိတာပါ။ မသိလို့ မသိဘူးပြောတာ မရှက်ပါဘူးခင်ဗျာ။ ကိုလင်းဝေ (ကျော်) ကိုမေးမလို့ ကြံကာရှိသေး ကိုသစ်မင်း ရဲ့ ကွန်းမန့်ကြောင့် မေးစရာမလိုတော့ပဲ သိသွားရတဲ့ အတွက် ကိုသစ်မင်းရဲ့ကွန်းမန့်လေးကို ဗဟုသုတ အလို့ငှာ ဖေါ်ပြလိုက်ပါတယ်ဗျာ။
အိုဒီအေအကြောင်းရေးလိုက်ရင် ကောင်းမလားလို့စဉ်းစားသေးတယ်။ကိုလင်းဝေကျော်
စာကိုဖတ် ပြီးတော့ပေါ့နော်။ နောက်တော့မရေးတော့ပါဘူး။ ကော်မန့်နဲ့ဘဲ တော်ပါပြီလို့။
အိုဒီအေ (ODA-Official Development Assistance )ဆိုတာ ချမ်းသာတဲ့နိုင်ငံကနေ
ဆင်းရဲတဲ့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်မှုထောက်ပံ့ကြေးပေးတာကိုခေါ်တာပါ။ ဆေးရုံ၊ကျောင်း၊ရေရရှိရေး၊မီးရရှိရေး၊လမ်းပန်းဆက်သွယ်ရေး၊ကျန်းမာရေး၊လူမှု
ဖွံ့ဖြိုးရေးတွေမှာသုံးပါတယ်။ ဂရန့်လို့ခေါ်တဲ့ တလုံးထည်း အိုဒီအေ၊နှစ်စဉ်ပေးတဲ့ အရစ်ကျအိုဒီအေ၊နှစ်တိုနှစ်ရှည်အိုဒီအေ၊ အတိုးသက်သာချေးငွေအိုဒီအေ နဲ့ ချေးငွေလျှော်ပေးအိုဒီအေများရယ်လို့အမျိုးမျိုးရှိပါတယ်။
ဂျပန်ဟာ လူသားချင်းစာနာထောက်ထားတယ်ဆိုပြီး ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ
(တခြားနိုင်ငံတွေအားလုံး ရပ်သွားပေမဲ့ဆက်ပြီး)လူသားချင်းစာနာတဲ့(အိုဒီအေမဟုတ်တဲ့)
မြန်မာကိုထောက်ပံ့ကြေးပေးခဲ့တဲ့ တခုတည်းသောနိုင်ငံပါဘဲ။
အဲ ဒါပေမဲ့ အိုဒီအေပုံစံနဲ့ ၁၉၉၈ခုနှစ်မှာ (၁၉၉၆ ကမိဆုအီကဘိုခင်ညွန့်နဲ့လုပ်ထားတဲ့
Mitsui Industrial Park-အင်ဒတ်စတီရယ်ပါတ်)စီမံကိန်းရဲ့အဆက်လို့ပြောလို့ရတဲ့
(Yangon Airport Renovation ရန်ကုန်လေဆိပ်ပြုပြင်ရေး အိုဒီအေရခဲ့ပါတယ်။
နောက်တော့ ၂၀၀၀ ခုနှစ်မှာသဘောတူခဲ့တဲ့ အိုဒီအေကတော့ ဘီလူးချောင်းရေအားလျှပ်စစ်
စက်ရုံပြုပြင်ရေးအိုဒီအေပါ။အဲဒီ ၂၀၀၀ ရဲ့ ဧပြီလမှာ ရဇာလီလာပါတယ်။
နောက်တော့ ၂၀၀၀ ရဲ့ စက်တင်ဘာလထဲမှာ အန်အယ်ဒီ အဖွဲ့ဝင်တချို့လွှတ်ပေးပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး က မြန်မာပြည်က ဒုနိုင်ငံခြားရေးဝန်ကြီး ကိုခေါ်ပြီး သဘောတူလိုက်ပါတယ်။
အဲဒီ လောပိတ ဘီးလူးချောင်းရေအားပါဝါစက်ရုံဆိုတာက ၁၉၆၀မှာဂျပန်က အိုဒီအေနဲ့
ဆောက်ပေးခဲ့တဲ့စက်ရုံပါဘဲ။ သူ့စက်ရုံသူပြန်ကြည့်ပေးတဲ့ အိုဒီအေပေါ့ဗျာ။
နောက်ပိုင်း အိုဒီအေတွေကိုပေးမယ်လို့ ၁၉၉၉ မနီလာ အာဆီယမ်ဆမ်းမစ်
မှာကတိပေးပြီးသားလို့ဆိုပါတယ်။
အဲနိုင်ငံရေး ပြောင်းလဲမှု၊တည်ညိမ်မှုတွေ ပြသဖို့ဆိုတဲ့ စကားကိုတော့ဂျပန်ဝန်ကြီးချုပ်ကသေသေချာချာ
ပြောခဲ့တယ်လို့ဆိုပါတယ်။မဟုတ်ရင် မပေးဘူးဆိုတဲ့သဘောပါ။
အဲ နောက်လဲကျရော ထုံးစံအတိုင်း နိုင်ငံခြားကလာရင် ဘိုခင်ညွန့်နဲ့ တွေ့နေကျမဟုတ်လား။
အဲဒီ အိုဒီအေ ကိုယ်စားလှယ်(မူတိုလို့ခေါ်ပါတယ်သူ့နာမည်က၊ ကိုယ်စားလှယ်လို့ဘဲလွယ်လွယ်ပြော
ပါရစေ၊သေသေချာချာပြောရရင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအကြောင်းတွေရှင်းရအုန်းမှာမို့ပါ)
နဲ့ ဘိုခင်ညွန့်တွေ့ပါတယ်။ဂျပန်အစိုးရရဲ့ အိုဒီအေရှေ့ပြေး ပလဲန်တွေ ဆွေးနွေးခဲ့ပါတယ်။
၂၀၀၄ ၂၀၀၅ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ် စုစုပေါင်း ဂျပန်ယန်း ၃ ဘီလီယမ် ပေးဖို့ပါ။
အိုဒီအေ ဆိုတာပိုက်ဆံပေးရုံမကပါဘူး။ ချေးငွေဆိုတာကိုပါ “လျှော်” ပေးတတ်ပါတယ်။
အရင်တုန်းက ချေးငွေရဲ့ 75% ကိုလျှော်ပေးဘူးပါသတဲ့။
၂၀၀၆ ခုနှစ်အထိ ဂျပန်ကိုပေးစရာအကြွေး ၂၇၃.၅ဘီလီယံရှိတာပါ။ခုထိရှိနေအုန်းမယ်ထင်ရဲ့။
နောက်ပိုင်းလဲကျရော အမေစုကိုလည်းမလွှတ် ၊ ဘိုခင်ညွန့်ကိုပါ စိ လိုက်တော့
၂၀၀၃ ခုနှစ်မှာ ရပ်သွားပါတယ်တဲ့။ (ကိန်းဂဏန်းများက ဂျပန်ရဲ့အိုဒီအေ စက္ကူဖြူအစီရင်ခံစာအရပါ။)
ကဲ အဲဒီ အိုဒီအေတွေ အခုပြန်ပေးမယ်ပေါ့ဗျာ။
ကွန်းမန့်ပေါင်း ၃၇ ခုနဲ့ ဗဟုသုတရမယ့် ပို့စ်လေးတစ်ခုအဖြစ် ညွှန်းချင်တယ်ဗျာ။

မနောဖြူလေး ရဲ့ ဒီဇင်ဘာနဲ့အတူ ဆိုတဲ့ပို့စ်လေးကတော့ အချစ်ကဗျာလေးတစ်ပုဒ်ပါဗျာ။ ကဗျာကြိုက်သူတွေ ခံစားနိုင်ဘို့ပါ။

အရေးအသားပြေပြစ်ညက်ညောသော သော်ဇင် (လွိုင်ကော်) ရဲ့ ချဉ်းကပ်လေ့လာခြင်း၏ သက်ရောက်မှုဆိုတာလေးကတော့ လင်ကောင်းတစ်ယောက် ကို တွေ့ရမလားလို့ အရက်ဆိုင် ကောင်တာထိုင်ရင်း စောင့်မျှော်ရှာဖွေနေသော ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပဲ ဖြစ်ပါသည်။ ၀တ္ထုတို ကြိုက်သူများ ဖတ်ကြည့်ကြဘို့ပါ။

မောင်သန်းထွဋ်ဦးရဲ့ ကွဲလွဲနိုင်တယ် ဆိုတဲ့ ပို့စ်လေးကတော့ ဆရာဝန်ဆိုတာ စာအတော်ဆုံးမဟုတ်တဲ့အကြောင်းလေးကို ရေးထားတာပါ။ ဖတ်ပြီး ငြင်းချင်သူများ ငြင်းနိုင်ကြပါကြောင်း။

ဘီလူးကြီး ရဲ့ ဘီလူးကြံစည်ခန်း/မောင်ပေမြို့ရောက်ခန်း (ပြဇာတ်) အပိုင်း ၁ ကတော့ မန်းသားမောင်ပေတစ်ယောက် ရန်ကုန်ရွှေမြို့တော်ကို ရောက်လာတာကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ ပြဇာတ်တစ်ပုဒ်ပါဗျာ။ အပိုင်း ၁ ဆိုတော့ ဆက်ရန်ရှိသေးသည်ပေါ့။ မောင်ပေမောင်ပေ ရန်ကုန်လာလိုက်တာ ပြဇာတ်မင်းသားတောင် ဖြစ်သွားတယ် ရွာသူားတို့ရေ။

Htet way ရဲ့ သမာဓိ ၌ ပြိုလဲခြင်းကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။

Asiamasters ရဲ့ တာဝန်သိတတ်ခြင်း အခြေအမြစ်နှင့် လွတ်လပ်စွာပျံသန်းနိုင်မည့် တောင်ပံတစ်စုံ ဆိုတာလေးကတော့ ဖတ်သင့်တဲ့ပို့စ်ကောင်းလေး တစ်ခုအဖြစ် ညွှန်းချင်ပါတယ်ဗျာ။ စာမြည်းလေးတစ်ခုလောက် ပေးချင်ပါတယ်။
မိမိကိုယ် မိမိအားကိုး တတ်အောင်မသင်ပေးခဲ့တဲ့မိဘများဟာ သားသမီးများရဲ့ ဒုက္ခပေးမှုတွေကို ခံရတာချည်းပါပဲ။ ရွှေလိုဥခံထားရတဲ့ သားသမီးများဟာ ပြင်ပလောကနဲ့ အဆက်ပြတ်ပြီး အသိဥာဏ်နဲပါးသွားလေ့ရှိတယ်။ လူငယ်တွေကို များများသင်ယူ လိုစိတ်ရှိလာအောင် လုပ်ဆောင်ပေးဖို့လိုတယ်။ ကိုယ့်ကိုယ်ကို အားကိုးတတ်အောင်လေ့ကျင့်ပေးရတယ်။ ပထမပိုင်းမှာ လုံခြုံတဲ့လေ့လာရေးခရီးများကို သွားခိုင်းရတယ်။ မိတ်ဆွေများများပေါင်းတတ်အောင်လုပ်ပေးရတယ်။ တာဝန် သိတတ် သူများဖြစ်လာအောင်လေ့ကျင့်ပေးရမယ်။ တဖြည်း ဖြည်း အသိဥာဏ်ရင့်ကျက်လာပြီဆိုရင်တော့ လွတ်လွတ် လပ်လပ် ပျံသန်းခွင့်ပေးဖို့လိုတယ်။ ဒါမှသူဟာ ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံးသူတွေဖြစ်လာမှာဖြစ်တယ်။ တာဝန်မဲ့သူများကို လွတ်လွတ်လပ်လပ်ပျံသန်းခွင့်ပေးလိုက်တာဟာ သူတို့ကို အန္တရာယ်တွင်းထဲ သက်ဆင်းခိုင်းလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် လူသားတို့ရဲ့ ကောင်းခြင်းကို လိုလားသူများဟာ တာဝန်သိတတ်ခြင်းအခြေအမြစ်ကို ပုံသွင်းလေ့ကျင့်ပေးပြီးမှ လွတ်လပ်စွာ ပျံသန်းနိုင်မဲ့ တောင်ပံတစ်စုံ ကိုပေးအပ်ရန် လိုတယ်။
ဖတ်ကြည့်ကြဘို့ပါ။

Windtalker ရဲ့ ရန်ကုန်သွားမယ့် မောင်ပေ ၂ ကတော့ အဝေးပြေးကားကြီးစီးလာတာတွေ၊ ကားဂိတ်ရောက်တော့ ကားငှားပြီး ဟော်တယ်သွားတာတွေ၊ ကားသမား စကားများတာတွေ၊ ဟော်တယ်ထဲခဏအ၀င် ကားသမား စာအုပ်တွေ မသွားတာမှာ ရပ်သွားပါတယ်ခင်ဗျာ။ ဆက်ရန်ပေါ့။ ကွန်းမန့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ကြရမယ့်ပို့စ်လေးပါ။

Padonmar ရဲ့ ရွာသူရွာသားတို့ အတွက် ပိတောက်လက်ဆောင်ပေးပါရစေ ဆိုတာလေးကတော့ ဒီဇင်ဘာ ၂ ရက်နေ့မနက် အိမ်ရှေ့မှာရှိတဲ့ ပိတောက်ပင်ကြီးက အချိန်အခါမဟုတ် ပိတောက်ပန်းတွေပွင့်နေတာတွေ့လို့ ဓါတ်ပုံရိုက်ပြီး ရွာသူရွာသားတွေအတွက် လက်ဆောင်ပေးထားတဲ့ ပို့စ်လေးပါ။ သူကြီး အပါအ၀င် ရွာသူရွာသားတွေကလည်း ကွန်းမန့်လေးတွေနဲ့ ၀ိုင်းပြောကြဆိုကြနဲ့ ကြည်နူးစရာပို့စ်လေးတစ်ခုဖြစ်ခဲ့ပါကြောင်း နှင့် လက်ဆောင်ပေးသူ မပဒုမ္မာ ကို ရွာသူားများကိုယ်စား ကျေးဇူးတင်ပါကြောင်း ပြောချင်ပါတယ်ခင်ဗျာ။ ကျေးဇူးပါ။

ကျွန်တော်တို့ သူကြီး က မြန်မာပေါ်က sanctions တွေ Lift ပေးမှာလား ပို့စ်နဲ့ လက်ရှိနိုင်ငံရေးကျားကွက်ရွှေ့နေကြတာတွေကို တွက်ချက်ပြထားပါတယ်။ နားလည်တာ မလည်တာ အပထား မအအောင်တော့ ဖတ်ထားသင့်ပါတယ်ဗျာ။ ကိုသစ်မင်း ဦးဆောင်တဲ့ကွန်းမန့်ပေးသူတွေနဲ့ သူကြီးရဲ့ကွန်းမန့်လေးများနဲ့ မအအောင် ဖတ်ကြည့်ထားသင့်သော ပို့စ်လေးပါဗျို့။ ဟဲဟဲ နားမလည်ရင် ဘလက်က အဲဒီလိုပဲ ရေးနေကြဗျို့။

ကိုသစ်မင်း ရဲ့ တကယ်ကိုမေတ္တာယူ၍ မေတ္တာပေးနေတာပါ ဆိုတဲ့ အင်မတန်ကြည်နူးစရာဓါတ်ပုံလေးတွေပါတဲ့ ပို့စ်လေးအကြောင်းပြောချင်ပါတယ်ဗျာ။
Special Credit to http://www.demowaiyan.co.cc/2011/12/hillary-clinton_03.html
and… (ဓာတ်ပုံ AP) လို့ ဆရာသစ်က ခရက်ဒစ်သေသေချာချာ ပေးထားတဲ့ ဓါတ်ပုံလေးများပါ။ ကွန်းမန့် ၂၁ ခုနဲ့ ကြည်နူးပီတိဖြစ်ကြသံလေးများကို ဖတ်ရှုရင်း ကိုယ်တိုင်လည်း ဓါတ်ပုံတွေက ပေးတဲ့ အရသာတစ်ခုကို ခံစားကြည့်ကြပါလို့။ ဟဲဟဲ ကိုသစ်ရေ မလျှော့သေးဘူးဗျို့။ အမေ ဟီလာရီကြီးက တစ်ပြားမှ မလျှော့ချင်ဘူးဗျာ။ အဲဒါလေးတော့ ခွင့်ပြုပါ။

ကိုသစ်မင်း ရဲ့ နောက်ပို့စ်တစ်ခုကတော့ ဘယ်လိုသဘောရလဲတဲ့ ။ သက်ဆိုင်သူမူရင်းသတင်းနေရာများ ကိုလည်း အထူးခရက်ဒစ်ပေးထားပါတယ်တဲ့။ ဟီလာရီ ရဲ့ ဂျက်လေယဉ်ဘယ်လိုအစွမ်းထက်သလဲဆိုတဲ့ အကြောင်း၊ သမ္မတအိုဘားမား အတွက် လုံခြုံရေးဘယ်လိုယူကြတယ်ဆိုတဲ့အကြောင်းတွေကို ဓါတ်ပုံတွေနဲ့ တင်ပြရှင်းလင်းပေးထားတာပါ။ တစ်ခါမှ မကြားဘူး မမြင်ဘူးတာတွေ မြင်ရလို့ အထူးအံ့သြမိရပါတယ်။ မူရင်း သတင်းလင့်နေရာတွေကိုလည်း ကျွန်တော်တို့က ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ရှာဖွေဖတ်ရှုပြီး ပြန်လည်မျှဝေပေးသော ကိုသစ်မင်းကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။

သူရသာဝါ ရေးတဲ့ သူရသာဝါနဲ့ တိုးရစ်စစ်တမ်း ပို့စ်လေးကတော့ မြန်မာနိုင်ငံသည် နိုင်ငံခြားခရီးသွားများလာ ရောက်လည်ပတ်ချင်သည့် ထိပ်တန်းနိုင်ငံများထဲတွင် ပါဝင်နေတာနှင့် ပတ်သက်၍ သူ့အမြင်ကို ရေးထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ Net Guide ဂျာနယ်တွင် ဖေါ်ပြပြီး ဆောင်းပါးဟုဆိုပါသည်။ ဖတ်ကြည့်နိုင်ကြဘို့ ပါဗျာ။

ကျွန်ုပ်တို့၏ သတင်းထောက်မလေး Etone က သပြေရွက်တစ်ရွက်တည်းမှ ထူးဆန်းစွာရေစိမ့်ထွက်ခြင်း ဆိုတဲ့ပို့စ်လေး တင်လာပါတယ်ဗျာ။ ခုတလော ထူးဆန်းတာတွေဘက် ကို ဓါတ်ကျနေသလားမပြောတတ်ပါ။ ဓါတ်ပုံလေးပါ တွဲတင်ထားတာပါ ခင်ဗျာ။ ကျွန်ုပ်ဘလက်ကတော့ မှတ်ချက်ပေးဘို့ရန် အဟုတ်ခက်နေပါ တော့သည်။ ထို့ကြောင့် ကွန်းမန့်လေးများနှင့် တွဲဖတ်ကြည့်မှ ဇာတ်ရည်လည်လိမ့်မယ် ဖြစ်ပါကြောင်း။

ဝေးလွင့်တိမ် ရဲ့ ဟေမန္တ ဆိုတာကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။
ကျွန်ုပ်တို့၏ ဓါတ်ပုံဆရာ ကိုပေါက်ကတော့ ကနော်လည်းတစ်နေ့ဒီလိုဘဲ ဆိုတဲ့ သံဝေဂရစရာ ပို့စ်လေး တင်လာပါတယ်။ သူတို့ အလုပ်က ကလေးမလေးရဲ့ဖခင်နာရေးကို လိုက်ပို့ရင်း ဆရာတော်တစ်ပါးကို မီးသဂြိဟ်တဲ့ ပုံလေးတွေ ရိုက်တင်ထားတာပါ။ ကွန်းမန့်လေးများနဲ့ တရားသံဝေဂရစရာပို့စ်လေးပါဗျာ။

ကိုပေါက်ရဲ့ စွယ်တော်အတွက်ဆင်တော် ဆိုတဲ့ပို့စ်ကတော့ မဒမ်ပေါက်ကို ကျောက်တော်ကြီးဘုရားလိုက်ပို့ရင်း စွယ်တော်ပင့်မယ့် ဆင်တော်တွေကို တွေ့လို့ ဓါတ်ပုံရိုက်တင်ပေးထားတာပါ။

ရင်ငြိမ်းနွေ ရဲ့ ယှဉ်တွဲပြီးတွေးလိုက်မိတဲ့အတွေးတစ်ခု ဆိုတဲ့ပို့စ်လေးက တော်တော် ကောင်းတဲ့ပို့စ်လေးပါ။ ခြေထောက်မရှိပေမယ့် ဘ၀ကို အရှုံးမပေးတဲ့ လူငယ်တစ်ယောက် အကြောင်းကို ခြေလက်သန်စွမ်းပေမယ့် တောင်းရမ်းစားသောက်နေကြတဲ့ လူတွေနဲ့ ယှဉ်ပြီးတွေးလိုက်မိတာလေးကို ရေးထားတာပါ။ ကွန်းမန့်ပေးသူ တွေက ဓါတ်ပုံရိုက်ပြီးတင်ပေးဘို့ တောင်းဆိုကြပေမယ့် ကျွန်တော်ကတော့ ဓါတ်ပုံ ရိုက်ပြီးတင်တာကို သဘော မတူချင်ပါဘူးဗျာ။ သူလည်း မသန်စွမ်းပေမယ့် သာမာန်လူတစ်ယောက်လို သူ့အစွမ်းအစနဲ့ သူရပ်တည်နေတာပါ။ ကိုယ်ကသွားပြီး ကူညီပါတယ်လုပ်မှ ဟန်ချက်ညီနေတဲ့ သူ့ ဘ၀လေး ဟန်ချက်ပျက်သွား မှာ စိုးပါတယ်။ ဆိုင်မဆိုင်တော့ မသိပါဘူး။ အဲဒီလိုတွေးမိလို့ပါ။ နေရာလေးသိနေပြီပဲ။ သွားအားပေးချင်လည်း အလွယ်တကူသွားလို့ရမှာပါ။ တစ်ခါတစ်လေ ကိုယ်က စေတနာနဲ့လုပ်လိုက်တာက သူ့ကိုနှိမ်ချသလိုဖြစ်မှာ စိုးရပါတယ်။ စေတနာနဲ့ ပြောတာပါ။ ရင်ငြိမ်းနွေ ပို့စ်တင်ကတည်းကိုက ဒီလူငယ်လေးကို ကူညီကြပါလို့ အကူအညီ မတောင်းထားပါဘူး။ သန်စွမ်းပါလျက်နဲ့ တောင်းရမ်းစားသောက်နေသူတွေကို ဒီမသန်ပေမယ့် ကိုယ့်ဘ၀ကို ကိုယ် အရှုံးမပေးပဲ ရပ်တည်နေတဲ့ လူငယ်လေးနဲ့ နှိုင်းယှဉ်ပြချင်တာလို့ ထင်ပါတယ်။ အဲဒီတော့ ဒီလူငယ်လေး ဟာ ခင်ဗျားတို့ ကျွန်တော် တို့ ရဲ့အကူအညီပေးဘို့ မလိုအပ်ပါသော လူငယ်လေးပါ။ သူရောင်းတာကို ၀ယ်ယူအားပေးစားသောက်ချင်ကြတယ်ဆိုရင်တော့ ဆရာမ ရင်ငြိမ်းနွေရေ ခုချက်ခြင်းသာ အရောက်ပို့ပါဗျို့။

Don Juan Ronald ရဲ့ မန်းတက္ကသိုလ်မှာ တစ်နှစ်တာ ဆိုတဲ့ ပို့စ်လေးအကြောင်းပြောချင်ပါသည်။ ကျွန်တော် ခရီးသွားနေသဖြင့် ဖျက်လိုက်သည့် ဒုတိယပိုင်းဆိုသော ပို့စ်ကိုတော့ မဖတ်လိုက်ရပါ။ အခုပို့စ်မှာတော့ အရမ်းကြီးရိုင်းတာမျိုးတွေ မပါဘူးဟု ထင်ပါသည်။ မန်းတက္ကသိုလ် ကိုစိတ်ဝင်စားသူများ ဖတ်ကြဘို့ပါခင်ဗျာ။

Windtalker ရဲ့ ရန်ကုန်သွားမယ့် မောင်ပေ ၃ အခန်းဆက် လာပါပြီခင်ဗျာ။ ဒီပို့စ်မှာတော့ ရန်ကုန်ရောက်မောင်ပေက ဘလက်ကို အရောက်ပို့ထားပါသည်။ အသာလုပ်ပါ ကိုပေရေ။ ဒီပို့စ်မှာတော့ သူ့စာအုပ်တွေ ဘတ်သွားသော ငတိကို တွေ့ရပြီဖြစ်ပါသည်။ အခန်းဆက်မို့ စောင့်ဖတ်ကြရန်သာ ရှိပါသည်ခင်ဗျား။

နေ၀န်းနီ ၏ အဲဒါဆန်းသလားဆိုတဲ့ ပို့စ်ကတော့ ထုံးစံအတိုင်း ကဗျာလေးတစ်ပုဒ်ပါခင်ဗျား။ ကိုနေ၀န်းနီပရိသတ်များ ဖတ်နိုင်ကြပါပြီလို့။

black chaw

About black chaw

black chaw has written 332 post in this Website..